အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း (၁၁၃) - သခင်မဝမ် ကျန်းကော်နယ်စားမင်းအိမ်တော်သို့ ပြန်လာခြင်း
ဖူရှန်းသည် အိမ်တော်ဝင်းအတွင်း ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ကျိုယင်းဆောင်ထဲသို့ ဝင်လာခဲ့သည်။
မနေ့က သခင်မဝမ်သည် တုန်းကျင်းသို့ ရောက်ရှိလာခဲ့ပြီး နယ်စားမင်းအိမ်တော်၏ အဓိကခြံဝင်းကြီးတွင် အခြေချနေထိုင်နေပြီဖြစ်သည်။
သို့သော် သခင်မဝမ် လာရောက်စဉ်က အကြီးဆုံးသခင်လေးကိုပါ တစ်ပါးတည်း ခေါ်ဆောင်လာခဲ့သည်။
မိခင်နှင့်သား နှစ်ဦးစလုံး နေထိုင်သည့် မင်ဟွားဆောင်မှာ အိမ်တော်တစ်ခုလုံးတွင် အကြီးဆုံးနှင့် အခမ်းနားဆုံးသော ခြံဝင်းကြီး ဖြစ်၏။
သခင်လေး၏ ကျိုယင်းခြံဝင်းကတော့ သခင်မဝမ်နှင့် အဝေးဆုံးဖြစ်သော ထောင့်အကျဆုံးနေရာတွင် တည်ရှိသည်။
ဤခြံဝင်းသည် သခင်မဝမ်က သခင်လေးအတွက် ကိုယ်တိုင် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
အိမ်တော်သခင်က ကန့်ကွက်ခဲ့သော်လည်း လုံးဝ အရာမထင်ခဲ့ပေ။
အရင်ကတော့ မိခင်အရင်းက ကိုယ့်ရင်သွေးအပေါ် ဒီလောက်အထိ ရက်စက်နိုင်ရတာကို ဖူရှန်း နားမလည်နိုင်ခဲ့သော်လည်း ယခုတော့ သူ ကျင့်သားရနေပြီ။
သခင်မဝမ်သည် သခင်လေးကို အလွန်အမင်း မုန်းတီးပြီး တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့်ပင် ရွံရှာမုန်းတီးမှုများဖြင့် ပြည့်နှက်သွားတတ်သည်။
ကျိုယင်းဆောင်ထဲတွင် လူရိပ်လူခြေ မတွေ့သဖြင့် သခင်လေးသည် မင်ဟွားဆောင်သို့ သွားနေလောက်ပြီဟု သူ ခန့်မှန်းမိလိုက်၏။
ရုတ်တရက် စိုးရိမ်စိတ်များ တလိပ်လိပ် တက်လာခဲ့ပြီး သူက ခြေလှမ်းပြင်ကာ မင်ဟွားဆောင်ဆီသို့ ဦးတည်လိုက်တော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် မင်ဟွားဆောင်ထဲသို့ ဝင်လိုက်သည်နှင့် နှင်းပွင့်များ ဝေ့ဝဲကျနေသည့် ခြံဝင်းအလယ်တွင် မတ်တပ်ရပ်နေသော သခင်လေးကို တွေ့လိုက်ရပြီး ခက်ထန်အေးစက်သော မျက်နှာထားနှင့် သခင်မဝမ်က သူ့အား ကြာပွတ်ဖြင့် နှစ်ချက်ဆင့်၍ ရိုက်နှက်နေလေသည်။
"နင် လက်ထပ်ချင်တယ်ဆိုရင် ငါ မတားဘူး၊ ဒါပေမယ့် နင့်အစ်ကိုကြီးထက် အရာရာကို အရင်ဦးမသွားသင့်ဘူး!"
လီချန်ချဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ့ကိုယ်ခန္ဓာ အနည်းငယ် ယိမ်းထိုးသွားခဲ့သော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။ သို့သော် သူ၏ဝတ်ရုံထက်တွင် ဆူးပါသော ကြာပွတ်ကြောင့် နီရဲသော အမှတ်အသားများစွာ ထင်ကျန်ရစ်ခဲ့သည်။
ကျန်းကော်နယ်စားမင်းအိမ်တော်၏ ကြာပွတ်များတွင် သံမဏိဆူးငယ်များ တပ်ဆင်ထားရာ အလွန်ပင် ရက်စက်ကြမ်းကြုတ်၏။
သခင်မဝမ်မှလွဲ၍ ဘယ်သူကမှ သူ့အပေါ် ဒီလိုမျိုး။ပြုမူရဲခြင်း မရှိပေ။
ဤမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ဖူရှန်းက အပြေးအလွှား သွားရောက်ကာ သူ့သခင်လေးရှေ့တွင် ပိတ်ရပ်လိုက်သည်။
လီချန်ချဲ့က သူ့ကို ခပ်အေးအေး တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ဖဝါးကြီးကို ဖူရှန်း၏ ပခုံးပေါ်သို့ တင်ကာ ဖယ်ပေးရန် အမိန့်ပေးလိုက်သည်။
ကြာပွတ်ကို ဆားရည်စိမ်ထားရမှာကို သိနေသဖြင့် ဖူရှန်းက အလွန်ပင် ရင်ကွဲမတတ် ခံစားနေရသည်။
"သခင်လေး..."
လီချန်ချဲ့က ပြောသည်။
"မင်းကို ဖယ်ခိုင်းနေတယ်လေ"
ဖူရှန်းသည် မတတ်သာဘဲ ဘေးသို့ ဖယ်ပေးလိုက်ရပြီး အမိုးအောက်တွင် ရပ်နေသည့် မြင့်မြတ်ပြီး အတုမရှိ လှပသော အမျိုးသမီးကြီးကို လှမ်းကြည့်လိုက်သည်။
သခင်မဝမ်က ဒေါသမပြေနိုင်သေးဘဲ သွားကို ကြိတ်ထားရင်း ကြာပွတ်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။
သူမ၏ဘေးတွင် ရပ်နေသော အားနည်းသည့် အမျိုးသားက ဆက်မကြည့်ရက်တော့သဖြင့် အမြန်ပင် တားဆီးလိုက်သည်။
"အမေ... အဟွတ် အဟွတ်... ညီလေးက သူသဘောကျတဲ့ အမျိုးသမီးနဲ့ တွေ့ရဖို့ ခဲယဉ်းလှပါတယ်။ အမေ... သူ့ကို ဖြည့်ဆည်းပေးလို့ မရဘူးလား?"
"လင်အာ... နင်က ဘာလို့ သူ့ဘက်ကနေ ဝင်ပြောနေရတာလဲ? သူက နင့်ဆီက အရာအားလုံးကို လုယူသွားတဲ့သူလေ!"
လီချန်လင်သည် သူ၏ ဖြူလျော့နေသော နှုတ်ခမ်းများကို အုပ်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး မတ်တပ်ပင် မရပ်နိုင်တော့သည်အထိ ပြင်းထန်စွာ ချောင်းဆိုးတော့သည်။
သူသည် မိခင်ဝမ်းထဲကတည်းကပင် အမြဲတမ်း အားနည်းသူဖြစ်ပြီး လမစေ့ဘဲ မွေးဖွားလာခဲ့သဖြင့် မွေးကင်းစအရွယ်တွင် နို့တစ်ငုံပင် ဝဝလင်လင် မသောက်ခဲ့ရဘဲ ခန္ဓာကိုယ်က ပိုမိုအားနည်းလာခဲ့သည်။ လီချန်ချဲ့ထက် နှစ်နှစ်ကြီးသော်လည်း သူက ပို၍ပိန်လှီကာ အားနည်းပုံပေါ်၏။
အထူးသဖြင့် ဆောင်းရာသီတွင် သူက မပြတ်တမ်း ချောင်းဆိုးတတ်ပြီး ဆေးဝါးများကလည်း သက်သာစေရန် သိပ်မကူညီနိုင်ပေ။
ထို့ကြောင့် နှစ်ပေါင်းများစွာအတွင်း သူသည် ရာသီဥတုနွေးထွေးသော ဟယ်ကျန့်မှာ ဝမ်ရှန်းနှင့်အတူသာ အနေများခဲ့ပြီး အတွင်းခြံဝင်းများ၏ အပြင်ဘက်သို့ ထွက်တာ ရှားပါးသည်။
လီချန်ချဲ့လည်း ငယ်ငယ်တုန်းက ဝမ်ရှန်းနှင့်အတူ နေထိုင်ခဲ့ဖူးသော်လည်း သူမ၏ စိတ်နေသဘောထားက မှန်းဆရခက်ပြီး ဒီသားဖြစ်သူကို အမုန်းဆုံးပင်။ ဖခင်ဖြစ်သူက လီချန်ချဲ့ကို သူ့လက်အောက်သို့ မခေါ်ယူခင်အထိ သူမ၏လက်ချက်ဖြင့် အကြိမ်ပေါင်းများစွာ သေလုနီးပါး ဖြစ်ခဲ့ရသည်။
လီချန်လင်၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေတာကြောင့် ဝမ်ရှန်းသည် အခြားအရာများကို မတွေးနိုင်တော့ပေ။ သူမက သူ့ကို နွေးထွေးတဲ့ အခန်းထဲသို့ ကိုယ်တိုင်တွဲခေါ်သွားခဲ့ပြီး မျက်နှာထက်တွင် ရင်ကွဲမတတ် ခံစားချက်များဖြင့် ပြည့်နှက်နေကာ မျက်ရည်များ ချက်ချင်း ဝဲတက်လာသည်။
"လင်အာ... စိတ်မဆိုးပါနဲ့... အမေ သားစကားကို နားထောင်ပါ့မယ်... သားရဲ့ ကျန်းမာရေးက အရာအားလုံးထက် ပိုအရေးကြီးတယ်။"
"ကျေးဇူးတင်ပါတယ် အမေ... အဟွတ်..."
"အမေနဲ့သားကြားမှာ ဘာကျေးဇူးတင်စရာ လိုလို့လဲ?"
သူတို့နှစ်ဦးက ထိုကဲ့သို့ ရင်းနှီးနွေးထွေးနေကြသဖြင့် လီချန်ချဲ့တစ်ယောက်တည်းသာ အေးစက်သော နှင်းပွင့်များကြားတွင် မတ်တပ်ရပ် ကျန်ရစ်ခဲ့သည်။
နှင်းမြူများက ဝေဝါးနေပြီး အိမ်တော်ဝင်းအတွင်းရှိ ပြာသာဒ်ဆောင်များနှင့် မျှော်စင်များကို မှုန်ဝါးသွားစေသည်။
လီချန်ချဲ့က အခန်းထဲရှိ သဟဇာတဖြစ်နေသော မိခင်နှင့်သားကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပြီးနောက် အကြည့်ကို နှိမ့်ချလိုက်၏။
သူ၏ရင်ဘတ်ထက်တွင် ကြာပွတ်ဒဏ်ရာ လေးငါးချက်ခန့် အစင်းလိုက် ထင်ကျန်နေခဲ့သော်လည်း ၎င်းတို့မှာ သူ့ရင်ထဲက ဖုံးကွယ်ထားသော နာကျင်မှုနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ချေ။
သူ ငယ်ငယ်တုန်းက မိခင်၏ခြေထောက်ကို ဖက်တွယ်ကာ ငိုယိုပြီး သူ့အပေါ် နည်းနည်းလောက် ပိုကောင်းပေးရန် တောင်းပန်ခဲ့ဖူးသည်။
သို့သော် နောက်ပိုင်းတွင် ဝမ်ရှန်း၏ အပြုအမူများက သူ့ကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့သည်။
ယခုအခါ သူမအပေါ် ဘယ်လိုခံစားချက်မျိုး ထားရှိလဲဆိုတာကို သူကိုယ်တိုင်ပင် အတိအကျ မသိတော့ပေ။
သို့သော်လည်း သူ့လက်ထပ်ပွဲကိစ္စက သူမ၏ သဘောတူညီချက်ကို သေချာပေါက် ဖြတ်သန်းရမှာဖြစ်၏။
ထို့ကြောင့် သူ ထွက်မသွားခဲ့ပေ။ အဲ့ဒီအစား သူက မျက်လုံးများကို ခဏမျှ မှိတ်လိုက်ပြီးနောက် မင်ဟွားဆောင်၏ အဓိကခန်းမဆောင်ထဲသို့ ခြေလှမ်းလှမ်း ဝင်ခဲ့သည်။
သူမ၏ နယ်မြေထဲသို့ သူ ခြေချလာတာကို မြင်လိုက်ရသဖြင့် ဝမ်ရှန်းသည် ဗီဇအတိုင်း ဒေါသတကြီး ပေါက်ကွဲတော့သည်။
သူမ ဒေါသမထုတ်နိုင်ခင်မှာပင် လီချန်ချဲ့က သူ့ဝတ်ရုံထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ခံစားချက်မရှိသော မျက်နှာထားဖြင့် လီချန်လင်ထံသို့ ကမ်းပေးလိုက်သည်။
"ဒါကို သူ့ကို တိုက်လိုက်။"
ဝမ်ရှန်း၏ စူးရှသော အကြည့်က သူမ၏ မူလက နူးညံ့ပြီး လှပသော မျက်နှာကို အတန်ငယ် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင် ဖြစ်သွားစေသည်။
"ဒါက အဆိပ်မဟုတ်ဘူးလို့ ငါက ဘယ်လိုသိရမှာလဲ?"
လီချန်ချဲ့က တည်ငြိမ်စွာ ပြန်ဖြေသည်။
"မယုံရင်လည်း ထားလိုက်ပေါ့။ သူ့ဘာသာ တုန်းကျင်းမှာပဲ ချောင်းဆိုးပြီး သေပါစေ။"
ဝမ်ရှန်း၏ ဒေါသက ပိုမို အရှိန်မြင့်တက်လာသည်။
"လီချန်ချဲ့... နင်..."
"ငါ သောက်ပါ့မယ်..."
လီချန်လင်၏ ဖြူလျော့နေသော ချောမောသည့် မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။ သူ၏နူးညံ့သော မျက်ဝန်းများက လီချန်ချဲ့ထံသို့ လှည့်လာပြီးနောက် လက်ဖဝါးထဲမှ ဆေးလုံးကို ယူကာ မြိုချလိုက်သည်။
"အားချဲ့ ပေးတဲ့ဆေးက သေချာပေါက် အစွမ်းထက်မှာပါ။ အစ်ကိုကြီးက သောက်ဖို့ လိုလိုလားလား ရှိပါတယ်။"
ဝမ်ရှန်းသည် အလွန်အမင်း စိုးရိမ်ပူပန်သွားသော်လည်း တားဆီးရန် အချိန်မမှီလိုက်ပေ။ သူမက ရင်ကွဲမတတ် ခံစားချက်ဖြင့် ပြောလိုက်သည်။
"လင်အာ... နင်က သူ့ကို ဘယ်လိုဖြစ်ပြီး ယုံကြည်ရတာလဲ?"
လီချန်လင်သည် ဆေးလုံးကို မြိုချလိုက်ပြီးနောက် ခဏမျှ ငြိမ်သက်သွားပြီး သူ၏လည်ချောင်း ယားယံခြင်းက အမှန်တကယ်ပင် သက်သာသွားကြောင်း သိလိုက်ရသည်။ သူက မိခင်ဖြစ်သူဘက်သို့ လှည့်ကာ ညင်သာစွာ ပြောလိုက်၏။
"အမေ... သူက သားရဲ့ ညီအရင်းပဲလေ။ သားက သူ့ကို ဘာလို့မယုံရမှာလဲ?"
ဝမ်ရှန်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"သူက နင့်အတွက် ဘယ်လိုညီမျိုးမလို့လဲ?"
လီချန်လင်က မတတ်သာသည့်အလား သက်ပြင်းချလိုက်သည်။
"အမေ..."
ဝမ်ရှန်း၏ မျက်နှာအမူအရာ အရုပ်ဆိုးသွားပြီး မှုံမှိုင်းကာ လေးလံနေသဖြင့် သူမကို ကြည့်ရတာ အနည်းငယ် အကျည်းတန်နေစေသည်။
အမှန်စင်စစ် သူမသည် အလွန်လှပသူဖြစ်ပြီး တုန်းကျင်းမြို့၏ ထိပ်တန်းအလှများထဲတွင်ပင် ပါဝင်သည်။
သို့သော် လီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာကတည်းက သူမသည် စစ်မှန်တဲ့ ပျော်ရွှင်မှုဟူ၍ တစ်ရက်မှ မသိခဲ့ရပေ။
ယခုအခါ ကျန်းကော်နယ်စားမင်းက တုန်းကျင်းမှာ မရှိသဖြင့် သူမက တစ်နေ့လုံး မျက်နှာဆူပုပ်နေတတ်ပြီး ထိုသားအဖနှစ်ဦးအပေါ် ဘယ်တုန်းကမှ ကြင်နာတဲ့ အရိပ်အယောင် မပြသခဲ့ပေ။
လီချန်ချဲ့၏ လည်ချောင်းမှာ အနည်းငယ် တင်းကျပ်သွားသည်။ ဝမ်ရှန်းက သူ့အပေါ် ရွံရှာမုန်းတီးနေတာကို သိထားသဖြင့် သူက ဒီပြဿနာကို အမြန်ဆုံး ဖြတ်တောက်ပစ်ချင်ရုံသာ ရှိတော့၏။
သူ၏ နက်မှောင်သော သူငယ်အိမ်များက ဝမ်ရှန်းကို စိုက်ကြည့်လိုက်သည်။
"သူ့ရဲ့ရောဂါကို ကုသဖို့ အကောင်းဆုံးဆေးကို ကျွန်တော် ရှာပေးမယ်။ ပြီးတော့ အမေ အလိုရှိတဲ့အတိုင်း ကျွန်တော် နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်တာနဲ့ သူ အရာရှိလမ်းကြောင်းပေါ် တက်လှမ်းနိုင်ဖို့ လမ်းခင်းပေးမယ်။ ဒါပေမယ့်... နင်နင်က လီမိသားစုထဲကို ချောချောမွေ့မွေ့ လက်ထပ်ဝင်လာနိုင်ဖို့ အမေ သဘောတူရမယ်။"
ဝမ်ရှန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နင်က ငါ့ကို ခြိမ်းခြောက်နေတာလား?"
အရင်တုန်းက လီချန်ချဲ့သည် အမြဲတမ်း အလျှော့ပေးခဲ့သည်။ သို့သော် အခုတော့ သူက ရွှယ်နင်ကို သူ့မိခင်ရှေ့မှာ သူ့လိုမျိုး မတရားမှုကို ခံစားရစေရန် ခွင့်မပြုနိုင်တော့ပေ။
သူက ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ဖြေသည်။
"အမေ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... ကျွန်တော် သူ(မ)ကို လက်ထပ်မှာပဲ။"
ဝမ်ရှန်းက ဒေါသတကြီး ပေါက်ကွဲတော့၏။
"လီချန်ချဲ့... နင်က သတ္တိတွေ ကောင်းနေပြီး ငါ့ကိုတောင် ပုန်ကန်ရဲနေပြီပေါ့။ အကယ်၍ ငါက အဲ့ဒီရွှယ်နင်ကို အိမ်ပေါ်ပေးမတက်ဘူးလို့ ငြင်းရင်ရော ဘာဖြစ်မလဲ?"
လီချန်ချဲ့က သူ၏ အေးစက်သော မက်မွန်ပွင့်မျက်ဝန်းများကို မှေးစိုက်ကာ ဝမ်ရှန်း၏ အကြည့်ကို စိုက်ကြည့်လိုက်သည်။
ဝမ်ရှန်းသည် သူ၏ ခံစားချက်ကင်းမဲ့သော စူးစိုက်ကြည့်မှုအောက်တွင် ရင်တုန်သွား၏။ ဒီသားဖြစ်သူက သူမအပေါ် ဒီလောက်အထိ အေးစက်တာမျိုး မရှိခဲ့ပေ။
သူမကို ကြောက်ရွံ့ထိတ်လန့်စေတဲ့ သူ့ရဲ့ သွေးအေးတဲ့ ဖခင်နှင့် ကွက်တိပင် တူသည်။
ဒါပေမဲ့ သူမက သူ့ကို ကိုးလလွယ် ဆယ်လဖွားပြီး မွေးထုတ်ပေးခဲ့တဲ့ မိခင်ပဲ။ ဘာပဲဖြစ်ဖြစ် သူက သူမအပေါ် ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။
ထိုသို့တွေးရင်း သူမက မေးစေ့ကို မော့လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
လီချန်ချဲ့က ပြောလိုက်၏။
"စမ်းကြည့်ချင်ရင်လည်း ကြည့်လိုက်လေ။"
တံခါးဘောင်အပြင်ဘက်တွင် ရပ်နေသော ဖူရှန်းသည် ဤစကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။
၎င်းမှာ သူ့သခင်လေးက သခင်မဝမ်အပေါ် မကျေနပ်မှုကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်းပင်။
သူ့မျက်လုံးများက ချက်ချင်းပင် တောက်ပသွားတော့သည်။
(T/N-မေ့နေမှာစိုးလို့ လီချန်လင်က တရားမဝင်သားပါ။သခင်မဝမ် မွေးထားတာ မဟုတ်ဘူး)