← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း (၁၁၄) - "အေးချမ်းပါစေကြောင်း ဆုတောင်းပေးသည်"

ထို့နောက်တွင် သူမ၏သားဖြစ်သူက ဆက်လက်ပြောဆိုတာကို သူမ ကြားလိုက်ရသည်။

"အမေ သဘောမတူရင်လည်း ကျွန်တော် ရွှယ်နင်ကို လက်ထပ်မှာပဲ။ အမေ့ရဲ့သားနဲ့ အမေ... အလိုရှိတဲ့အရာအားလုံးကိုတော့ ကျွန်တော် ပေးမှာမဟုတ်ဘူး။ ကျွန်တော့်ဘက်က အမေနဲ့ စည်းကမ်းချက်တွေ ဆွေးနွေးဖို့ စိတ်ရှည်လက်ရှည် ရှိနေတုန်းမှာပဲ အမေ့ဘက်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့အားလုံး ကိုယ်လိုချင်တာကို ကိုယ်စီရနိုင်ကြလိမ့်မယ်။"

"လီချန်ချဲ့!"

ဝမ်ရှန်းသည် ဒေါသအလိပ်လိပ် ထွက်လာကာ သူမ၏လက်ကို ရုတ်တရက်မြှောက်၍ ရိုက်နှက်ရန် ပြင်လိုက်သည်။

လီချန်ချဲ့က သူမ၏လက်ကောက်ဝတ်ကို ချက်ချင်း ဖမ်းဆုပ်လိုက်ပြီး သူ့မျက်ဝန်းများတွင် မည်သည့်ခံစားချက်မျှမရှိဘဲ အေးစက်ကာ ထိတ်လန့်စရာကောင်းလောက်အောင် ငြိမ်သက်နေသည်။

ဝမ်ရှန်း၏ ရင်ဘတ်မှာ ဒေါသကြောင့် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း ဒီသားက ဘယ်လောက်အထိ စွမ်းဆောင်နိုင်ရည်ရှိလဲဆိုတာကို သူမ ကောင်းကောင်းနားလည်တယ်။

သူမ၏ လင်အာထက် အဆပေါင်းရာချီ ပိုမိုထူးချွန်ပြောင်မြောက်နေတဲ့အတွက် သူ့ကို ခါးခါးသီးသီး မုန်းတီးနေမိပေမယ့် သူမမှာ တတ်နိုင်သည့်နည်းလမ်း မရှိချေ။

"နင်..."

သူမသည် စကားလုံးများ ဆွံ့အကာ အချိန်အတော်ကြာအောင် ဘာတစ်ခွန်းမျှ ထပ်မပြောနိုင်တော့ပေ။

လီချန်ချဲ့သည် သူ့ရင်ဘတ်မှ နာကျင်မှုကို အောင့်အည်းထားရင်း သူမ၏လက်ကို ဖယ်ထုတ်လိုက်သည်။

"ဒါဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ။"

"နေဦး..."

ဝမ်ရှန်းက သူ့ကို လှမ်းခေါ်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"နင် အဲ့ဒီရွှယ်နင်ကို လက်ထပ်ချင်တယ်ဆိုရင် နင် နောက်ထပ်လုပ်ရမယ့် ကိစ္စတစ်ခု ရှိသေးတယ်။"

လီချန်ချဲ့က လှည့်ကြည့်လိုက်၏။

"ဟမ်?"

ဝမ်ရှန်းက ပြောလိုက်သည်။

"မနက်ဖြန်ကျရင် နင်နဲ့သူ(မ)ကြားမှာ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိဘူးဆိုတာကို ယန်ရန် သိအောင် နင်ကိုယ်တိုင် သွားပြီး ရှင်းရှင်းလင်းလင်း ပြောရမယ်။ သူ(မ)က အနာဂတ်မှာ ငါ့ရဲ့လင်အာနဲ့ လက်ထပ်ရမယ့်သူ။"

လီချန်လင် နေရခက်သွားသည်။

"အမေ... ထပ်မပြောပါနဲ့တော့။ သခင်မလေးယန်ရန်က သားကို စိတ်ဝင်စားတာမှ မဟုတ်တာ။"

ဝမ်ရှန်းက ခါးခါးသီးသီး ပြောလိုက်သည်။

"သူသာ သူ(မ)ကို မမြှူဆွယ်ခဲ့ရင် သခင်မလေးယန်ရန်က သူ့ကို ဘာလို့ သဘောကျရမှာလဲ? သားနဲ့ သခင်မလေးယန်ရန်ကို ပေးစားဖို့ မင်းသမီးကြီးနဲ့ အမေ သဘောတူထားပြီးသား။ သူက မင်းသမီးကြီးအိမ်တော်ကို ပစ္စည်းတချို့ သွားပို့ရုံလေးတင် ရှိသေးတယ်၊ သခင်မလေးက သူ့အပေါ် စိတ်ကူးယဉ် ရူးသွပ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ? လင်အာ... သူက သားရသင့်ရထိုက်တဲ့ အရာတွေကို လုယူနေတာ။"

လီချန်လင်သည် နောက်ထပ် အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်ပြန်ရာ သူ၏ချောမောသော မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။

သူက ရှက်ရွံ့စွာဖြင့် လီချန်ချဲ့ကို လှမ်းကြည့်လိုက်မိပြီး၊ အကူအညီမဲ့လှသော အရှက်ရမှု ခံစားချက်က မြောက်ဘက်မှ တိုက်ခတ်လာသည့် အေးစက်သောဆောင်းလေကဲ့သို့ သူ့ကို ရစ်ပတ်ထားလေသည်။

သူက ဒီလိုမျိုး ချုပ်ကိုင်ခံရတဲ့ ခံစားချက်ကို အလွန်မုန်းတီးသော်လည်း ရုန်းထွက်နိုင်သည့် စွမ်းရည် မရှိပေ။

လီချန်ချဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူနှင့် သခင်မလေးယန်ရန်ကြားမှာ ဘယ်တုန်းကမှ ဖြစ်နိုင်ခြေမရှိခဲ့ဖူးပေ။ သို့သော်လည်း သူမ (ဝမ်ရှန်း) တုန်းကျင်းသို့ မရောက်လာခင်က သခင်မလေးယန်ရန်အတွက် ဟယ်ကျန့်မြို့မှ ဒေသထွက်လက်ဆောင်အချို့ကို မင်းသမီးကြီးအိမ်တော်သို့ ပို့ပေးရန် စာရေး၍ အကူအညီတောင်းခဲ့ဖူးသည်။ တစ်ကြိမ်စီတိုင်းတွင် သူက လီချန်လင်၏ နာမည်ဖြင့်သာ သွားရောက်ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

မင်းသမီးကြီးနှင့် ခမည်းခမက် တော်စပ်ချင်သည့် သူမ၏ ဆန္ဒကိုတော့ သူ ဘယ်တုန်းကမှ စိတ်ထဲမထားခဲ့ပေ။

ဘာပဲဖြစ်ဖြစ် မင်းသမီးကြီးက သူမ၏ ရင်နှီးသောမိတ်ဆွေဖြစ်ပြီး၊ မင်းသမီးကြီး၏ သမီးဖြစ်သူကလည်း သူမ အချစ်ဆုံးသားဖြစ်သည့် လီချန်လင်နှင့်သာ လက်ထပ်ရမည် ဖြစ်သည်။

အစမှအဆုံးတိုင်အောင် သူမက လီချန်လင်အတွက်ပဲ စိတ်ရောကိုယ်ပါ အရာရာကို စီစဉ်ပေးခဲ့ပြီး၊ သူမ၏သားဖြစ်တဲ့ သူ့ကိုတော့ သူမရဲ့ ဘဝတစ်လျှောက်လုံး အရှက်ရစရာတစ်ခုအဖြစ်သာ သဘောထားခဲ့သည်။

"ဘာလဲ... နင် သဘောမတူဘူးလား?"

"မဟုတ်ပါဘူး။"

လီချန်ချဲ့က အသိပြန်ဝင်လာပြီး ခပ်အေးအေး လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် သဘောတူပါတယ်။"

ထိုအမျိုးသမီးက သူ့ကို ရွံရှာမုန်းတီးစွာ စိုက်ကြည့်ရင်း စကားလုံးနှစ်လုံးကို ပြောလိုက်သည်။

"ထွက်သွား။"

လီချန်ချဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ့ရင်ထဲတွင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရ၏။

ဝမ်ရှန်းက သူ့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် အကြည့်ကို လွှဲပစ်လိုက်ကာ လီချန်ချဲ့၏ ဒဏ်ရာများကိုတော့ အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိခဲ့ပေ။

သူ ငယ်ငယ်ကတည်းကပင် သူမက သူ့ကို ဒီလိုမျိုး ခဏခဏ ရိုက်နှက်လေ့ရှိသည်။

အစတုန်းကတော့ သူက မိခင်ဖြစ်သူ သူ့အပေါ် သနားဂရုဏာသက်လာမယ်ထင်ပြီး အသံကုန်ခြစ်၍ ငိုယိုခဲ့ဖူးသည်။

နောက်ပိုင်းတွင် ဝမ်းနည်းကြေကွဲမှုနှင့် သနားစဖွယ် အမူအရာများဖြင့် မျက်ရည်များဝဲလျက် ရှိုက်ကြီးတငင်သာ ငိုတော့သည်။

နောက်ဆုံးတွင်မူ သူ၏မျက်ဝန်းများ၌ ခေါင်းမာသော မျက်ရည်စများသာ ကျန်ရစ်တော့၏။

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ သူ ဘယ်တော့မှ ထပ်မငိုတော့ပေ။

အရိုက်ခံရပြီးတိုင်း သူသည် သူ့ဒဏ်ရာများကို တိတ်တဆိတ်သာ ဆေးထည့်လေ့ရှိပြီး၊ သူ့မျက်နှာအမူအရာက လှုပ်ခတ်မှုမရှိတဲ့ ရေအိုင်သေတစ်ခုကဲ့သို့ တည်ငြိမ်အေးစက်နေတတ်သည်။

လီချန်လင်သည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားပြောရန် ပြင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချနိုင်သည်။

လီချန်ချဲ့က ခပ်ဖျော့ဖျော့ "အင်း" တစ်ချက်သာ ဆိုကာ မင်ဟွားဆောင်၏ ခန်းမဆောင်ကြီးထဲမှ ထွက်ခွာလာခဲ့သည်။

ဖူရှန်းက အနောက်မှ အပြေးအလွှား လိုက်ပါလာခဲ့၏။ မင်ဟွားဆောင်၏ အပြင်ဘက်သို့ ခြေလှမ်းလှမ်းမိခါမှသာ လီချန်ချဲ့သည် တိုင်နီကြီးတစ်တိုင်ကို မှီလိုက်ပြီး သွေးတစ်လုပ် အန်ချလိုက်သည်။

ဖူရှန်း စိုးရိမ်တကြီး မေးလိုက်သည်။

"သခင်လေး... အဆင်ပြေရဲ့လား?"

လီချန်ချဲ့က သူ၏ဝတ်ရုံစကို မြှောက်ကာ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်သည်။

"ငါ အဆင်ပြေပါတယ်။ ကြာပွတ်ပေါ်က အဆိပ်က နည်းနည်းပြင်းလို့ပါ"

ထိုအခါမှသာ ဖူရှန်းသည် သူ့သခင်လေး၏ ချောမောသော မျက်နှာတစ်ခုလုံး အနည်းငယ် ဖြူလျော့သွားတာကို သတိပြုမိတော့သည်။ သူ့စိတ်ထဲမှာ သခင်မဝမ်ကို အကြိမ်ပေါင်းရာချီ ဆဲရေးတိုင်းထွာရင်း လီချန်ချဲ့ကို တွဲထူကာ ကျိုယင်းဆောင်သို့ အမြန်ပြန်လာခဲ့ကြသည်။

ကျန်းကော်နယ်စားမင်းအိမ်တော်ရှိ မည်သည့်ခြံဝင်းမဆို အဆင့်အတန်းမနိမ့်ကြသော်လည်း ကျိုယင်းခြံဝင်းမှာမူ အမြဲတမ်း ရိုးရှင်းခြောက်ကပ်လေ့ရှိသည်။

မကြာသေးမီက နှစ်သစ်ကူးနီးကပ်လာခြင်းနှင့် မင်္ဂလာပွဲကျင်းပတော့မည်ဖြစ်ခြင်းတို့ကြောင့် လီချန်ချဲ့က ဤအိမ်တော်ကို ပြန်လည်မွမ်းမံရန် အမိန့်ပေးခဲ့၏။

ထို့ကြောင့် ယခုအခါတွင် ပိုမိုစည်ကားသက်ဝင်သော ပုံစံရှိနေပြီဖြစ်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် နှင်းမှုန်များက မပြတ်တမ်း ကျဆင်းနေပြီး၊ ခါးသက်သော မြောက်ပြန်လေက ပြတင်းပေါက်ကွက်များကြားမှ တိုးဝှေ့ဝင်ရောက်လာကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ အေးစိမ့်သွားစေသည်။

သခင်လေး၏အနားတွင် အနီးကပ်ခစားမည့် အစေခံမိန်းကလေးများမရှိဘဲ၊ သန့်ရှင်းရေးလုပ်သည့် မိန်းမကြီးများကလည်း အနားယူရန် ပြန်သွားကြပြီဖြစ်သည်။ ဖူရှန်းသည် မီးဖိုချောင်သို့ ကိုယ်တိုင်သွားကာ မီးသွေးများယူဆောင်၍ မီးမွှေးလိုက်တဲ့အခါ မီးတောက်များက တဖျတ်ဖျတ်ဖြင့် တောက်ပစွာ လောင်ကျွမ်းလာသည်။

ကျယ်ဝန်းသော အဓိကအခန်းဆောင်ထဲတွင် စပျစ်နွယ်ပင်များ ထုဆစ်ထားသည့် နှင်းဆီသစ်သား လိုဟန်ခုတင်အသစ်တစ်ခုကို ဆင်ယင်ထားသည်။

လီချန်ချဲ့သည် ဒဏ်ရာများကို ဆေးထည့်ကာ၊ အဝတ်အစားလဲလှယ်ပြီးနောက် အဆိပ်ဖြေဆေးတစ်လုံးကို ထပ်မံသောက်သုံးလိုက်၏။

လိုဟန်ခုတင်ပေါ်တွင် ထိုင်လိုက်ပြီးခါမှသာ သူ၏တောင့်တင်းနေသော ခန္ဓာကိုယ်က နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။

ဤအချိန်တွင် အခန်းထဲ၌ နွေးထွေးမှုများ လွှမ်းခြုံလာခဲ့ပြီ။

သူက မျက်လုံးကိုပင့်ကာ မှောင်မည်းနေသော ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး၊ အတော်ကြာမှ မေးလိုက်၏။

"နင်နင်က ဘာပြောလိုက်သေးလဲ?"

ဖူရှန်းက သခင်လေးထံသို့ ရွှယ်နင်၏ အကြောင်းပြန်စာကို ကမ်းပေးလိုက်သည်။

"သခင်မလေးရွှယ်က သူ(မ)အနေနဲ့ များများစားစား မတောင်းဆိုပါဘူးတဲ့၊ ပြီးတော့ သခင်လေးအနေနဲ့ ကိုယ်တိုင် သိပ်ပြီး အပင်ပန်းမခံဖို့ မျှော်လင့်ပါတယ်တဲ့။"

လီချန်ချဲ့၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း ရွှယ်နင်၏စာကို လက်ခံရရှိလိုက်ချိန်တွင် သူ၏နက်မှောင်သော သူငယ်အိမ်များထဲ၌ မသိမသာ နူးညံ့မှုအရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူသည် သွယ်လျသော လက်ချောင်းများဖြင့် ရွှယ်နင်၏စာကို ဖွင့်လိုက်တဲ့အခါ ဇန့်ဟွာ ရှောင်ခိုင် (နုနယ်လှပသော လက်ရေး) ဖြင့် ရေးသားထားသော စာကြောင်းအချို့ ပေါ်လာသည်။

သူမက အများကြီး မရေးထားဘဲ သူ့ကို စိတ်အေးစေမည့် စကားလုံးများသာ အဓိက ရေးသားထားသည်။

သူမ၏ မင်္ဂလာဝတ်စုံကို ကိုယ်တိုင် ပန်းထိုးချင်သော်လည်း အချိန်မမှီမှာကို စိုးရိမ်မိကြောင်းလည်း ထည့်သွင်းပြောကြားထား၏။ သို့သော် သူမက စုမန်နှင့် ဝေ့ကျန့်ယန်တို့ကို ကူညီပေးရန် တိုင်ပင်ထားပြီးဖြစ်ရာ၊ သုံးလပိုင်း ဆယ့်ငါးရက်နေ့တွင် လီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်မည့်အချိန်၌ ဝတ်ဆင်နိုင်ရန်အတွက် မင်္ဂလာဝတ်စုံအသစ်ကို အချိန်မှီ ပြီးစီးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ရေးသားထားလေသည်။

စာအောက်ခြေတွင်မူ ရွှယ်နင်ဟူသော နာမည်နှင့်အတူ ရိုးရှင်းလှသည့် " အေးချမ်းပါစေကြောင်း ဆုတောင်းပေးသည်" ဆိုသည့် စကားစုလေးဖြင့် နိဂုံးချုပ်ထား၏။

စကားလုံးများက ရိုးရှင်းသော်လည်း ရင်ကို နွေးထွေးစေသည်။

ဝမ်ရှန်း၏ ကြာပွတ်ချက်များကြောင့် သူသည် တစ်ကိုယ်လုံး အင်အားမရှိဖြစ်ကာ ရုန်းကန်ရန်ပင် အင်အားကင်းမဲ့နေသည့်အလား အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ရသည်။

သို့သော် ယခု ရွှယ်နင်၏စာကို မြင်လိုက်ရသဖြင့် ကြာမြင့်စွာကတည်းက အေးစက်ခြောက်ကပ်နေခဲ့သော သူ့နှလုံးသားသည် တစ်ဖန်ပြန်လည်၍ တည်ငြိမ် အားကောင်းစွာ ခုန်လှုပ်လာခဲ့ပြီ ဖြစ်သည်။

သူမကို အမြန်ဆုံး လက်ထပ်ပြီး အိမ်ခေါ်လာချင်စိတ်များ ပိုမိုပြင်းပြလာသည်။

"ဘာလို့ သုံးလပိုင်း ဆယ့်ငါးရက်နေ့ကို ရွေးရတာလဲ?"

"ကျွန်တော် သတိထားမိသလောက်တော့ သခင်မလေးရွှယ်က အမြန်ဆုံး လက်ထပ်ချင်နေပုံရတယ်၊ ဒါပေမယ့် ဘာဖြစ်လို့ သုံးလပိုင်း တစ်ဆယ်ရက်နေ့ကို မရွေးတာလဲတော့ မသိဘူး"

လီချန်ချဲ့၏ ရင်ထဲတွင် ခါးသက်မှုတစ်ခု ဖြတ်သန်းသွားသည်။ စုကျန်း၏ မင်္ဂလာပွဲကို သုံးလပိုင်း တစ်ဆယ်ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားကြောင်း သူ ကြားသိထား၏။ သူမက စုကျန်းနှင့် တစ်ရက်တည်း မင်္ဂလာမဆောင်ချင်လို့ ဖြစ်လိမ့်မယ်။

သူမ ရင်ထဲမှာ..... စုကျန်းတွက် နေရာတစ်ခု ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ထားလိုက်ပါတော့လေ... လူတစ်ယောက်ကို မေ့ပစ်ဖို့ဆိုတာ တစ်ရက်၊ နှစ်ရက်နှင့် ဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး။

သူမ သူ့အပေါ် နှလုံးသားအကြွင်းမဲ့ ဖွင့်ဟလာမယ့်အချိန်အထိ စောင့်ဆိုင်းဖို့အတွက် သူ့မှာ စိတ်ရှည်မှုများစွာ ရှိတယ်။

သူက ရှည်လျားသော မျက်တောင်များကို ပင့်ကာ စာကို သေသပ်စွာ ပြန်ခေါက်ပြီး သေတ္တာထဲသို့ ထည့်လိုက်သည်။

"သွားပြီး နားတော့။"

ဖူရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

"သခင်လေးရဲ့ ဒဏ်ရာတွေက..."

လီချန်ချဲ့က ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

"ငါ ကျင့်သားရနေပါပြီ"

ဖူရှန်း၏ မျက်ဝန်းများထဲတွင် ရင်ကွဲမတတ် ခံစားချက်များဖြင့် ပြည့်နှက်သွားတော့သည်။

"..."

နောက်တစ်နေ့ မနက်တွင် မိုးလင်းပြီးနောက် အတန်ကြာခဲ့ပြီ ဖြစ်သည်။

ယနေ့သည် နှစ်သစ်ကူးအကြိုည ဖြစ်တာကြောင့် ရွှမ်းယီနယ်စားမင်းအိမ်တော်ကြီးသည် နံနက်စောစောကတည်းကပင် ပျော်ရွှင်စည်ကားသော အငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။

နယ်စားမင်းစုနှင့် စုကျန်းသည် ညနေပိုင်းတွင် နန်းတွင်းပွဲတော်သို့ တက်ရောက်ကြရမှာဖြစ်ပြီး၊ မင်းသမီးရှို့နင်းလည်း သူတို့နှင့်အတူ လိုက်သွားမှာ ဖြစ်၏။

အိမ်တော်ထဲရှိ လူအများက အတင်းအဖျင်း ပြောနေကြသည်။

"မင်းသမီးရှို့နင်းက တကယ်ကို ဘုန်းကံကြီးမားတာပဲ။ ငါတို့ရှီဇီက သူ(မ)အပေါ် သိပ်ကောင်းတာ။ နင်တို့ မမြင်ဖူးလို့ပါ... မင်းသမီးရဲ့ မင်္ဂလာဝတ်စုံကို ပန်းထိုးဖို့ တုန်းကျင်းမြို့ရဲ့ အတော်ဆုံး ပန်းထိုးဆရာမ အယောက်နှစ်ဆယ်ကို ငှားထားတာလေ။"

"သူတို့ မင်္ဂလာတောင် မဆောင်ရသေးဘူး၊ ရှီဇီက ကျွင်းကျူ (မင်းသမီး) ကို နန်းတွင်းပွဲတော်ဆီ ခေါ်သွားနေပြီ။ လူတိုင်းနဲ့ မိတ်ဆက်ပေးချင်လို့ အလောတကြီး ဖြစ်နေပုံပဲ။"

"ဘာပဲဖြစ်ဖြစ် ကျွင်းကျူက ငါတို့အိမ်တော်ထဲက တစ်ယောက်ထက်တော့ အဆပေါင်းများစွာ သာတာပေါ့၊ မဟုတ်ဘူးလား?"

"ဟုတ်ပ၊ ဟုတ်ပ။ အဲ့ဒီတစ်ယောက်က အထက်တန်းလွှာထဲ တက်လှမ်းနိုင်ဖို့ အိပ်မက်တွေမက်ပြီး အကွက်တွေချခဲ့တာ၊ နောက်ဆုံးတော့ ဆင်းရဲတဲ့စာသင်သားနဲ့ပဲ လက်ထပ်လိုက်ရတယ်။"

"နင်တို့ မသိသေးဘူးမလား... လီမိသားစုဘက်က ပို့လာတဲ့ စေ့စပ်လက်ဖွဲ့စာရင်းက ပါးပါးလေး တစ်မျက်နှာတည်းရယ်။ သခင်မကြီးရှဲ့က သိပ်ဒေါသထွက်သွားလို့ ဒီမင်္ဂလာပွဲအကြောင်းကို အရိပ်အမြွက်တောင် အပြောမခံဘူး။ ဟားဟားဟား... စံအိမ်တော်က အစေခံမလေးဖြစ်တဲ့ ငါတောင် လက်ထပ်မယ်ဆိုရင် ယောက်ျားအိမ်တော်ဘက်က ဒီလောက်အောက်တန်းကျတဲ့ လက်ဖွဲ့မျိုးနဲ့ လာတောင်းရဲမှာမဟုတ်ဘူး။"

"ငါတို့ရှီဇီ ပြောသလိုပဲ... ရွှယ်နင် နောင်တရမယ့်နေ့ တစ်နေ့ကျရင် ရောက်လာမှာပါ။"

"ရှီဇီရဲ့ ဂုဏ်သရေရှိ ကိုယ်လုပ်တော်ဖြစ်ရတာ ဘာမကောင်းလို့လဲ? သူ(မ)ကတော့ ထောင်လွှားတဲ့ မာနကို အတင်းဆုပ်ကိုင်ထားချင်သေးတယ်။"

"မာန ရှိချင်ရှိပေါ့၊ ဒါပေမယ့် သူ(မ)ရဲ့ အနာဂတ်နေ့ရက်တွေကတော့ ဆင်းရဲဒုက္ခရောက်ရတော့မှာ သေချာတယ်။"

"သူ(မ)က လော်မိသားစုသခင်လေးဆီကနေ တစ်ကြိမ် စွန့်ပစ်ခံရပြီးသားလေ။ သူ(မ)မှာ ဘာရွေးချယ်စရာ ရှိဦးမှာလဲ? စွန့်ပစ်ခံ မိန်းမတစ်ယောက်အနေနဲ့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် လက်ထပ်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမှာ။”

All Chapters