အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း (၁၁၅)
နှစ်သစ်ကူးအကြိုတွင် အစေခံမိန်းကလေးများသည် မီးအိမ်များချိတ်ဆွဲရန် စုဝေးနေကြရင်း အချင်းချင်း အတင်းအဖျင်းများ စတင်ပြောဆိုနေကြတော့သည်။
ရွှယ်နင်သည် မကြာသေးမီက ထိုကဲ့သို့သော ခါးသီးသည့် စကားများကို ခဏခဏ ကြားနေခဲ့ရ၏။ အရင်ကတော့ သူမက သူတို့ကို အကြိမ်အနည်းငယ်မျှ ဆူပူကြိမ်းမောင်းခဲ့ဖူးပေမယ့် အခုတော့ မကြားချင်ယောင်ဆောင်၍သာ နေလိုက်သည်။
တစ်ခါတစ်ရံ ချိုးရွှေခြံဝင်းထဲတွင် စုကျန်းနှင့် တိုက်ဆိုင်စွာ ဆုံမိသည့်အခါမျိုး၌ သူမသည် မျက်လွှာချထားလျက် သူ ထွက်ခွာသွားမည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေတတ်သည်။
ရွှယ်နင်က စုကျန်းအပေါ် အဲ့လိုစိတ်ကူးမျိုး လုံးဝမရှိတော့ကြောင်း သခင်မကျန်းပင် မြင်နိုင်ပေမယ့် အစေခံများက သူမ၏ကွယ်ရာတွင် တီးတိုးအတင်းပြောနေကြဆဲပင်။
ရွှယ်နင်သည် မတတ်သာသလို ခံစားရသော်လည်း သူတို့ကို လိုက်လံတားဆီးရန် အင်အားမရှိတော့ပေ။
ကံကောင်းတာ မနက်ဖြန်ဆိုလျှင် နှစ်သစ်ကူးနေ့ ရောက်ပြီ။
နှစ်သစ်ကူးပြီးသည်နှင့် နွေဦး တော်ဝင်စာမေးပွဲများ စတင်တော့မည် ဖြစ်၏။
ယခုနှစ် နွေဦးအစောပိုင်းတွင် ဓလေ့ထုံးတမ်းဝန်ကြီးဌာနက စာမေးပွဲများကို သုံးလပိုင်းအစောပိုင်း၌ ကျင်းပရန် သတ်မှတ်ထားသည်။ သခင်လေးလီနှင့် သူမ၏ မင်္ဂလာပွဲကျင်းပမည့်နေ့ရက်မှာလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။
ပေါင်ချန်သည် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုဖြင့် ရေနွေးကန်တစ်ကန်ကို သယ်ဆောင်ကာ ချီယွင်ဆောင်၏ အတွင်းခန်းထဲသို့ ဝင်လာသည်။
"သခင်မလေး... ပြီးခဲ့တဲ့တစ်ခေါက်က မင်းသမီးယန်ရန်နဲ့ မိတ်ဆွေဖွဲ့ချင်တယ်လို့ ပြောခဲ့တယ်မှတ်လား? ကျွန်မ လူလွှတ်ပြီး စုံစမ်းကြည့်တော့ မင်းသမီးယန်ရန်က ဒီနေ့ ပန်းပွင့်တွေကြည့်ဖို့နဲ့ မြင်းစီးဖို့အတွက် သူ(မ)ရဲ့ စံအိမ်တော်ခွဲဆီ သွားမယ်လို့ သိရတယ်။ သခင်မလေး သွားပြီး စမ်းကြည့်ချင်လားဟင်?"
ရွှယ်နင်သည် သူမ၏ မင်္ဂလာဝတ်စုံကို ပန်းထိုးရန်အတွက် လဝက်ကျော်မျှ အလုပ်များနေခဲ့ပြီး တစ်ခဏလေးမျှပင် အချိန်မဖြုန်းရဲခဲ့ပေ။
ဤစကားကို ကြားလိုက်ရတဲ့အခါမှသာ သူမက နောက်ဆုံးတွင် ခေါင်းမော့ကြည့်လာသည်။
"ဘယ်စံအိမ်တော်ခွဲလဲ?"
ပေါင်ချန်က ပြန်ဖြေသည်။
"ကျန့်ကော်ဘုရားကျောင်းဘေးက ထျန်းယွင်စံအိမ်တော်ပါ။ အဲဒါက မင်းသမီးကြီးက မင်းသမီးယန်ရန်အတွက် အထူးဆောက်လုပ်ပေးထားတဲ့ မြင်းကွင်းနဲ့ ပန်းခြံတဲ့၊ အရမ်း ခမ်းနားထည်ဝါတယ်လို့ ပြောကြတယ်။"
ရွှယ်နင်က ဝေခွဲမရ ဖြစ်သွားသည်။
"နှစ်သစ်ကူးအကြိုည ရောက်တော့မှာလေ။ မင်းသမီးက နန်းတွင်းပွဲတော်ကို မတက်ဘဲ ပန်းကြည့်ဖို့နဲ့ မြင်းစီးဖို့ စံအိမ်တော်ခွဲဆီ တစ်ယောက်တည်း သွားတာလား?"
ပေါင်ချန်လည်း သေသေချာချာ မသိပေ။
"မင်းသမီးယန်ရန်က အေးအေးလူလူ နေတတ်တဲ့ စရိုက်ရှိပြီး လူစည်ကားတဲ့နေရာတွေကို မနှစ်သက်ဘူးလို့ ပြောကြတာပဲ။ အရင်နှစ်တွေကလည်း သူ(မ)ရဲ့ ကိုယ်ပိုင်စံအိမ်တော်ခွဲမှာပဲ အချိန်ကုန်လွန်စေခဲ့တာတဲ့။"
ရွှယ်နင်သည် သူမ၏ ပန်းထိုးလက်စအလုပ်ကို ချထားလိုက်ပြီး၊ ညောင်းညာနေသော လည်ပင်းကို နှိပ်နယ်ကာ ပေါင်ချန် ယူဆောင်လာသည့် ခါးသက်သော ဆေးရည်ကို သောက်လိုက်သည်။
"ကဲ... အဝတ်အစားလဲပြီး သွားကြည့်ကြစို့။"
မကြာသေးမီက သူမသည် မင်္ဂလာပွဲအတွက် အလွန်အလုပ်များနေခဲ့သဖြင့် ဤနုနယ်ပြီး မကြာခဏ ဖျားနာတတ်သော မင်းသမီးလေး၏အကြောင်းကို မေ့လုနီးပါး ဖြစ်နေခဲ့သည်။
မနှစ်က ဒီအချိန်ဝန်းကျင်လောက်တွင် တစ်ခုခု ဖြစ်ပွားခဲ့ပုံရ၏.. နန်းတွင်းပွဲတော်ကြီးက လမ်းခုလတ်မှာတင် ရုတ်တရက် ရပ်ဆိုင်းသွားခဲ့ဖူးသည်။
နာရီဝက် မပြည့်ခင်မှာပင် နန်းတွင်းအရာရှိများက နန်းတော်ထဲမှ လူစုခွဲထွက်ခွာသွားခဲ့ကြသည်။
မင်းသမီးကြီးသည် ကိုယ်ရံတော်တပ်ဖွဲ့များနှင့်အတူ ညတွင်းချင်းပင် နန်းတော်မှ ထွက်ခွာကာ မြို့ပြင်သို့ ဦးတည်သွားခဲ့သည်။
စုကျန်းသည် ထိုညဉ့်နက်ပိုင်းမှသာ နှင်းပွင့်များဖြင့် ရွှဲစိုလျက် စံအိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ သူက ထျန်းယွင်တောင်အနီးရှိ မြို့ပြင်ပတ်ဝန်းကျင်တွင် လူတစ်ယောက်ကို ရှာဖွေရန် ညဉ့်နက်သန်းခေါင်တိုင်အောင် အချိန်ကုန်လွန်ခဲ့ရတယ်လို့ ဆိုခဲ့ဖူးသည်။
အရင်ဘဝတုန်းကမူ သူမက ထပ်မံမေးမြန်းချင်ခဲ့သော်လည်း၊ သူ အလွန်မောပန်းနွမ်းနယ်နေတာကို မြင်ရခြင်းနှင့် သူ၏အေးစက်သော အကြည့်များကို ကြောက်ရွံ့ခြင်းတို့ကြောင့် ထပ်ပြီး မမေးရဲခဲ့ပေ။ သူ ရေချိုးသန့်စင်ပြီး အဝတ်အစားလဲနိုင်ရန်အတွက် ရေနွေးပူပူကိုသာ အဆင်သင့် ပြင်ဆင်ပေးခဲ့၏။
ထိုအချိန်က သူမသည် သူနှင့် လက်မထပ်ရသေးပေ။ သခင်မကျန်း၏ ကျန်းမာရေးက တဖြည်းဖြည်း ဆိုးရွားလာနေသဖြင့် ရွှယ်နင်သည် စံအိမ်တော်ရှိ အိမ်တွင်းရေးကိစ္စရပ်များကို မကြာခဏ ကူညီဆောင်ရွက်ပေးခဲ့ရသည်။
ထို့အပြင် သူမနှင့် စုကျန်းသည် ကိုယ်ထိလက်ရောက် ပတ်သက်ခဲ့ပြီးဖြစ်၍ မင်ယွဲ့ဆောင်တွင် သူ့အား မကြာခဏ သွားရောက်ပြုစုပေးလေ့ရှိ၏။
ထိုနှစ်၏ နှစ်သစ်ကူးအကြိုညတွင် စုကျန်း၏ မျက်နှာအမူအရာက ကြီးကျယ်တဲ့ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့သည့်အတိုင်း အလွန်ပင် ခက်ထန်ကာ အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်နေခဲ့သည်။
ထိုအချိန်က သူမ ဂရုမစိုက်ခဲ့မိသလို လိုက်လံစုံစမ်းခြင်းလည်း မပြုခဲ့ပေ။ အခု ပြန်လည်တွေးတောကြည့်မှသာ ၎င်းမှာ မင်းသမီးယန်ရန်နှင့် ပတ်သက်နေရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
"သခင်မလေး... ဒီနေ့ ဘယ်လက်ဝတ်ရတနာကို ဝတ်မလဲဟင်?"
ပေါင်ချန်၏ အသံကြောင့် ရွှယ်နင် အတွေးထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ အကြောင်းရင်းမရှိဘဲ သူမ၏ရင်ထဲတွင် ရုတ်တရက် ဂဏာမငြိမ် ဖြစ်လာသည်။
သူမပိုင်ဆိုင်သည့် လက်ဝတ်ရတနာ အနည်းငယ်ကို အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ လီချန်ချဲ့က ခရမ်းရောင်ကို နှစ်သက်ကြောင်း သိထားသဖြင့် သူမက ခရမ်းရောင်ဝတ်စုံကို ရည်ရွယ်ချက်ရှိရှိ ရှောင်ကြဉ်လိုက်သည်။
"ဒီ ပန်းဆီရောင်ခပ်ဖျော့ဖျော့အစုံပဲ ဝတ်ရအောင်"
အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သည့် ပေါင်ချန်က နှင်းပန်းဆံထိုးလေးကို ရွှယ်နင်၏ ဆံထုံးထဲသို့ ထိုးစိုက်ပေးရင်း ပြောလိုက်၏။
"သခင်မလေးက အသက်အရွယ် အနုပျိုဆုံးအချိန်မလို့ ဒီအရောင်ဝတ်စုံက သခင်မလေးနဲ့ သိပ်လိုက်ဖက်တာပဲ"
ရွှယ်နင်က တစ်ချက်တုံ့ဆိုင်းသွားပြီးမှ ပြုံးလိုက်သည်။
"မြန်မြန်လုပ်ကြစို့။ ဒီနေ့က နှစ်သစ်ကူးအကြိုညမလို့ အပြင်မှာ လူတွေ အများကြီးရှိနေမှာကို စိုးရိမ်မိတယ်။ မြို့ပြင်ကို အချိန်မှီ မထွက်နိုင်ဘဲ နေလိမ့်မယ်။"
ဘာကြောင့်မှန်း မသိပေမယ့် ဒီနေ့ တစ်ခုခု မငြိမ်မသက် ဖြစ်လိမ့်မယ်လို့ သူမ ခပ်ရေးရေး ခံစားနေရတယ်။
ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် မင်းသမီးယန်ရန်က သခင်လေးလီ၏ ချစ်ရသူဖြစ်တာကြောင့် သူမ မင်းသမီးယန်ရန်ကို ဘာအန္တရာယ်မှ အဖြစ်မခံနိုင်ဘူး။
ပြင်ဆင်ခြယ်သပြီးနောက် ရွှယ်နင်သည် သခင်မကျန်းအား ဂါရဝပြုရန် ချိုးရွှေခြံဝင်းသို့ သွားရန် ပြင်လိုက်၏။
မမျှော်လင့်ဘဲ စုကျန်းသည် သခင်မကျန်း၏ အခန်းထဲတွင် ကိစ္စရပ်များကို ဆွေးနွေးနေဆဲ ဖြစ်သည်။
သူမက စင်္ကြံလမ်းသို့ လျှောက်လာပြီး ဝတ်ရုံခြုံထည်ကို ချွတ်လိုက်ခါရှိသေး၊ စုကျန်းနှင့် သခင်မကျန်းတို့၏ စကားပြောသံကို ကြားလိုက်ရသည်။
"မင်းကလည်း လက်ထပ်တော့မှာဆိုတော့ စိတ်ကို စောစောစီးစီး အတည်တကျထားပြီး မင်းသမီးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်ပါ။"
"အင်း။"
"ရွှယ်နင်နဲ့ ပတ်သက်ရင်တော့... မင်းဘက်က စိတ်မဝင်စားပါနဲ့တော့။ ငါက သူ(မ)ကို သမီးအရင်းလို သဘောထားတာမလို့ သူ(မ)အတွက် သေသေချာချာ အစစအရာရာ စီစဉ်ပေးမှာ။"
"အမေ... စိတ်ချပါ။ သူ(မ)ဘက်ကနေ အရှက်မရှိဘဲ ကျွန်တော့်ကို လာမတွယ်ကပ်သရွေ့တော့ ကျွန်တော့်ဘက်ကလည်း သူ(မ)ကို သဘာဝကျကျပဲ ဂရုစိုက်နေမှာ မဟုတ်ဘူး။"
ရွှယ်နင်သည် ခြေလှမ်းများ ရပ်တန့်သွား၏။
"အရှက်မရှိဘဲ လာတွယ်ကပ်" ဟူသော စကားလုံးများကို ကြားလိုက်ရချိန်တွင် သူမက ဝတ်ရုံခေါင်းစွပ်ကို ပြန်ဆောင်းလိုက်ပြီး၊ ပေါင်ချန်၏ လက်ကိုဆွဲကာ ထွက်လာခဲ့တော့သည်။
သူမက မြင်းဇောင်းတွင် ရထားလုံးတစ်စီး ပြင်ဆင်ခိုင်းလိုက်ပြီးနောက် ခရီးစတင်ခဲ့သည်။
ယနေ့သည် နှစ်သစ်ကူးအကြိုညဖြစ်ရာ တုန်းကျင်းမြို့တွင် ညမထွက်ရအမိန့် မရှိပေ။
လမ်းမကြီး၏ ဝဲယာနှစ်ဖက်စလုံးတွင် လှပဆန်းပြားသော ပွဲတော်မီးအိမ်များကို ချိတ်ဆွဲထားပြီး၊ နေရာတိုင်းတွင် လူများဖြင့် ပြည့်နှက်ကာ စည်ကားဝပြောသော အသွင်ကို ဆောင်နေသည်။
ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ရထားလုံးသည် တိုးဝှေ့နေသော လူအုပ်ကြီးကြားမှ ဖြတ်သန်းသွားရသဖြင့် အချိန်အတော်ကြာခဲ့ရ၏။ သူတို့ မြို့ပြင်သို့ အမှန်တကယ် ရောက်ရှိချိန်တွင်မူ မွန်းလွဲပိုင်းနီးပါး ရှိနေပြီ။
တုန်းကျင်းမြို့၏ နှစ်သစ်ကူးအကြိုညတိုင်းတွင် နှင်းကျလေ့ရှိပြီး ကောင်းကင်ယံက စောစောစီးစီး မှောင်မိုက်သွားတတ်သည်။ ဝေ့ဝဲကျဆင်းနေသော နှင်းပွင့်များက လူတို့၏ခေါင်းပေါ်သို့ ကျရောက်နေပြီး၊ လူတိုင်း၏ မျက်နှာထက်တွင်မူ တောက်ပသော အပြုံးများဖြင့် ပြည့်နှက်နေကြသည်။
ပျန့်မြစ်တစ်လျှောက် မီးရှူးမီးပန်းများကို မနက်ခင်းကတည်းကစ၍ ညဉ့်နက်သည်အထိ ဖောက်နေကြခြင်း ဖြစ်သည်။ ညအချိန် ရောက်ရှိလာခါမှသာ တုန်းကျင်း၏ နှစ်သစ်ကူးအကြိုညက အစစ်အမှန် စတင်တော့မည်။
ရွှယ်နင်သည် လမ်းခရီးတစ်လျှောက်လုံး စိတ်လှုပ်ရှားနေခဲ့ပြီး၊ သူမ၏ အရည်လဲ့နေသော မျက်ဝန်းများဖြင့် အပြင်ဘက်သို့ မကြာခဏ လှမ်းကြည့်နေသည်။
အရင်ဘဝတုန်းက သူမဟာ နယ်စားမင်းအိမ်တော်ကြီးအတွင်း၌သာ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားခဲ့ရပြီး၊ နောက်ပိုင်းတွင်လည်း ယုံကျိုးရှိ စုမိသားစု အိမ်တော်ဟောင်း၌ နေအိမ်အကျယ်ချုပ်သဖွယ် ထားရှိခြင်းခံခဲ့ရသဖြင့် ဒီလိုမျိုး စည်ကားတဲ့ ပွဲတော်များတွင် ပါဝင်တာရှားပါးသည်။
သူမရဲ့ဘဝမှာ စုကျန်းမှလွဲပြီးတော့ သူမ၏ စိတ်အာရုံကို လှုပ်ခတ်နိုင်သည့်အရာ ဘာတစ်ခုမှ မရှိခဲ့သလိုပင် ဖြစ်ခဲ့သည်။
ယခုမူ ရှည်လျားသော လမ်းမကြီးတစ်လျှောက်ရှိ မီးအိမ်ပေါင်းစုံ၏ တောက်ပမှုကပင် သူမ၏ မျက်ဝန်းများကို နွေးထွေးလာစေ၏။
"နောက်နှစ်ကျရင်..."
သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
အပြင်ဘက်တွင် လူအုပ်ကြီး၏ ဆူညံသံများက နားကွဲမတတ် ပြင်းထန်နေသဖြင့် ပေါင်ချန်က သေသေချာချာ မကြားလိုက်ရပေ။
"သခင်မလေး ဘာပြောလိုက်တာလဲဟင်?"
ရွှယ်နင်၏ မျက်ဝန်းများက အနည်းငယ် နီမြန်းနေသော်လည်း နှုတ်ခမ်းထောင့်များကို ပင့်တင်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ငါပြောတာက... နောက်နှစ် နှစ်သစ်ကူးကျရင် နင့်ကိုခေါ်ပြီး ပျန့်မြစ်ဘေးမှာ မီးရှူးမီးပန်းတွေ သွားကြည့်မယ်လို့။"
ပေါင်ချန်က အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
"တကယ်လားဟင်?"
ရွှယ်နင်က ပြုံးလိုက်သည်။
"တကယ်ပေါ့"
ပေါင်ချန်၏ မျက်လုံးလေးများက ကွေးညွတ်သွား၏။
"သိပ်ကောင်းတာပဲ! သခင်မလေးရယ်... တုန်းကျင်းမြို့ရဲ့ မီးရှူးမီးပန်းတွေက ဘယ်လောက်တောင် စည်ကားလဲဆိုတာ သခင်မလေး မသိသေးဘူး!"
သို့သော် အရင်က သခင်မလေးသည် ဒီလိုအရာများကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့ပေ။ သူမက ချီယွင်ဆောင်၌ တစ်ဦးတည်း အမြဲတမ်း အထီးကျန်စွာ နေထိုင်ရင်း၊ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ရှီဇီ အိမ်တော်သို့ ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတတ်၏။
သို့သော် ရှီဇီကမူ ချီယွင်ဆောင်သို့ လာရတာကို မနှစ်သက်ခဲ့ချေ။ သခင်မလေး အကြိမ်ကြိမ် စောင့်ဆိုင်းခဲ့ရသမျှအရာအားလုံးက ပါးပြင်ပေါ်သို့ စီးကျလာသည့် မျက်ရည်စများသာ ဖြစ်ခဲ့သည်။
ယခု ရွှယ်နင်သည် လှုပ်ခတ်မှုမရှိသော ရေအိုင်သေတစ်ခုကဲ့သို့ ငြိမ်သက်မနေတော့ဘဲ သူမ၏မျက်နှာထက်ရှိ အပြုံးများက တက်ကြွလန်းဆန်းလာခဲ့ပြီ။
လမ်းခရီးတစ်လျှောက်တွင် သခင်မနှင့်အစေခံနှစ်ဦးသည် တုန်းကျင်းမြို့၏ နာမည်ကြီး မုန့်မျိုးစုံကို အများအပြား ဝယ်ယူစားသောက်ရင်း ထျန်းရွှေယွင် စံအိမ်တော်ခွဲဆီသို့ အလျင်အစလို ခရီးနှင်ခဲ့ကြသည်။
သူတို့ ထျန်းရွှေယွင်၏ အဓိကတံခါးမကြီးရှေ့သို့ ရောက်ရှိချိန်တွင်မူ နေဝင်ရိုးရီ အချိန်သို့ ရောက်လုနီးပါး ရှိနေပြီဖြစ်သည်။
ခန့်ညားထည်ဝါသော ဆိုင်းဘုတ်ထက်တွင် ဧကရာဇ်မင်း၏ လက်ရေးဖြင့် "ထျန်းရွှေယွင်" ဟူသော စာလုံးသုံးလုံးကို ထုဆစ်ထားသည်။ စံအိမ်တော်ခွဲတစ်ခုမျှသာ ဖြစ်သော်လည်း မြင့်မားဆန်းပြားသော ပြာသာဒ်ဆောင်များနှင့် နက်ရှိုင်းသော ခြံဝင်းကြီးများ ရှိနေသည်။ တံခါးမကြီးတစ်ခုတည်းကိုပင် တန်ဖိုးကြီးမားသော နှစ်ပေါင်းထောင်ချီသက်တမ်းရှိ သစ်သားဖြင့် တည်ဆောက်ထားရာ... စံအိမ်တော်အတွင်းပိုင်းက ဘယ်လောက်အထိ ခမ်းနားထည်ဝါပြီး ခိုင်ခံ့လှပနေမလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ။
ရွှယ်နင်သည် ကျန့်ကော်ဘုရားကျောင်းမှ ဘုရားဖူးပြီး ပြန်လာသည့် ခရီးသည်ပုံစံ ဖန်တီးကာ ပေါင်ချန်အား တံခါးသွားခေါက်ခိုင်းလိုက်သည်။
စံအိမ်တော်ခွဲမှ အစေခံအိုကြီးသည် တံခါးဖွင့်၍ သူတို့အား သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။
"အိမ်တော်ထိန်းကြီး.. ကျွန်မတို့က ရွှမ်းယီနယ်စားမင်းအိမ်တော်က သခင်မလေးတွေပါ။ ဒီနေ့ ကျန့်ကော် ဘုရားကျောင်းမှာ အမွှေးတိုင် သွားထွန်းပူဇော်ဖို့ မြို့ပြင်ကို ထွက်လာခဲ့တာ၊ မမျှော်လင့်ဘဲ လမ်းမှာ နှင်းတွေ သည်းထန်စွာ ကျလာလို့ တောင်ပေါ်ကနေ ပြန်မဆင်းနိုင်တော့လို့ပါ။ ကျွန်မတို့ကို တစ်ညလောက် တည်းခိုခွင့်ပြုဖို့ ဒုက္ခပေးပါရစေ။"
အစေခံအိုကြီးသည် ရွှယ်နင်၏ နောက်ကွယ်ရှိ ရထားလုံးကို လှမ်းကြည့်လိုက်သည်။
၎င်းပေါ်တွင် ရွှမ်းယီနယ်စားမင်းအိမ်တော်၏ အမှတ်တံဆိပ် အမှန်တကယ် ပါရှိနေ၏။
ထို့အပြင် ယနေ့ညနေပိုင်းတွင် နှင်းကျဆင်းမှုမှာ မမျှော်လင့်ဘဲ အမှန်တကယ် ပိုမိုပြင်းထန်လာခဲ့ရာ၊ ကျန့်ကော်ဘုရားကျောင်းမှ မြို့ထဲသို့ ပြန်မည့် မြင့်မြတ်သော မိသားစုအသီးသီးမှ ရထားလုံးအများအပြားလည်း လမ်းခုလတ်တွင် ပိတ်မိနေကြသည်။
သူသည် သံသယစိတ်များကို ဘေးဖယ်ထားလိုက်ပြီး ရိုသေစွာဖြင့် ပြောလိုက်သည်။
"သခင်မလေး ခဏလောက် စောင့်ပေးပါဦး။ ဒီအဘိုးကြီး အထဲဝင်ပြီး သခင်ကို သတင်းပို့လိုက်ပါဦးမယ်။”