အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) - စုကျန်း ရောက်လာပြီ
"အဆင်ပြေသွားမှာပါ... ကျွန်မ မင်းသမီးကို ကာကွယ်ပေးပါ့မယ်... မင်းသမီးရဲ့ အစ်ကိုအားချဲ့လည်း မကြာခင် ရောက်လာတော့မှာပါ။ ပြီးတော့ သခင်စုလေ... မင်းသမီး သခင်စုကို သိတယ်မလား? သူက အမှုပေါင်းများစွာကို ဖော်ထုတ်ပေးခဲ့ပြီး ပျောက်ဆုံးနေတဲ့ မိန်းကလေး အများကြီးကိုလည်း ရှာဖွေပေးခဲ့တာ။ သူ မင်းသမီးကိုလည်း သေချာပေါက် ရှာတွေ့မှာမလို့ မကြောက်ပါနဲ့တော့ မင်းသမီးရယ်။"
ရွှယ်နင်၏ နှုတ်ခမ်းများလည်း ဖြူဖျော့ကာ တုန်ယင်နေပြီး၊ တစ်ကိုယ်လုံးရှိ အရိုးများ အစိပ်စိပ်အမွှာမွှာ ကြေမွတော့မည့်အလား နာကျင်ကိုက်ခဲနေသည်။
သို့သော် သူမ ပျာယာခတ်သွား၍ မဖြစ်ပေ။ ရွှယ်ယန်ရန်၏ စိတ်ကို တည်ငြိမ်အောင် အရင်လုပ်ရမယ်။ အကယ်၍ သူမသာ စိတ်ဓာတ်ကျဆင်းသွားပါက အမှန်တကယ်ပင် မျှော်လင့်ချက် ရှိတော့မည်မဟုတ်ချေ။
သူမ မျက်လုံးများကို မှိတ်လိုက်စဉ် တဲအိမ်အပြင်ဘက်မှ လေပြင်းများက တောင်ကမ်းပါးယံများကို ရိုက်ခတ်နေသံကို ကြားလိုက်ရပြီး ဤနေရာရှိ လေထုမှာ အခြားနေရာများထက် ပိုမိုပြင်းထန်နေသည်။
အသေအချာ စဉ်းစားကြည့်ပြီးနောက် သူတို့နှစ်ယောက်က လောလောဆယ် တောင်ပေါ်တဲအိမ်တစ်ခု၌ ပိတ်မိနေခြင်းဖြစ်မည်ဟုသာ သူမ ခန့်မှန်းနိုင်တော့သည်။
ထျန်းရွှေယွမ် စံအိမ်တော်ခွဲနှင့် အနီးဆုံးတောင်မှာ ထျန်းယွမ်တောင် ဖြစ်၏။
အရင်ဘဝတုန်းကလည်း စုကျန်းသည် လူများကို ဦးဆောင်ကာ ညဉ့်နက်သန်းခေါင်တိုင်အောင် ထျန်းယွမ်တောင်တွင် ရှာဖွေခဲ့ဖူးကြောင်း ပြောခဲ့ဖူးသည်။
ထို့ကြောင့် ဒီဘဝတွင်လည်း ထူးခြားတဲ့ မတော်တဆမှုမျိုး မရှိခဲ့လျှင် သူ သေချာပေါက် ရောက်လာလိမ့်မည်။
သူမ၏ လက်များကို အနောက်တွင် တုပ်နှောင်ထားဆဲဖြစ်ရာ နံရံထောင့်ကို မှီထားရင်း ဝေဝါးအိပ်ချင်မူးတူး ဖြစ်နေမိပြီး စိတ်ထဲတွင်လည်း အကြောင်းရင်းရှာမရဘဲ ဂနာမငြိမ် ဖြစ်နေမိသည်။
အတိတ်ဘဝတစ်ခုကို ဖြတ်သန်းဖူးတယ် ဆိုစေဦးတော့၊ သူမက အကာအကွယ်အောက်မှာသာ နေခဲ့ရတဲ့ နုနယ်သော အိမ်တွင်းပုန်း အမျိုးသမီးငယ်တစ်ဦးမျှသာ ဖြစ်နေဆဲပင်။
ယခုကဲ့သို့ အခြေအနေမျိုးကို သူမ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးတာကြောင့် မကြောက်ပါဘူးလို့ ပြောလျှင် အလိမ်အညာသာ ဖြစ်လိမ့်မယ်။
ထိုဓားပြများသည် ဗလတောင့်တောင့်နှင့် ရက်စက်ကြမ်းကြုတ်သော ရုပ်သွင်ရှိကြပြီး၊ အသက်ကို ပဓာနမထားသည့် လူမိုက်များ ဖြစ်ကြတာ ထင်ရှားသည်။
သူတို့က ငွေအတွက်ကြောင့် လက်ရှိမင်းသမီးလေးကိုပင် ပြန်ပေးဆွဲရဲသည်အထိ အသက်ဘေးကို စွန့်စားခဲ့ကြ၏။
မင်းသမီးလေးမှာ သူမကို ကယ်တင်ပေးမယ့် အာဏာစက်ပြင်းထန်တဲ့ မင်းသမီးကြီး ရှိတယ်။ရွှယ်နင်အတွက် ဘယ်သူရှိလဲ။
သူမအတွက် ငွေပေးပြီး လာရောက်ကယ်တင်မယ့်သူ ရှိပါ့မလား?
စုကျန်းမှာ စွမ်းရည်နှင့် နည်းလမ်းများ ရှိတာကြောင့် မင်းသမီးလေးကို သေချာပေါက် ကယ်တင်နိုင်လိမ့်မယ်... ဒါပေမဲ့ သူမကိုရော သူ ကယ်တင်ပါ့မလား?
အရင်ဘဝတုန်းက ဆယ်နှစ်တာ အိမ်ထောင်သည်ဘဝမှာ သူက သူမအပေါ် တစ်ခါမှ စစ်မှန်စွာ ဂရုမစိုက်ခဲ့ဖူးချေ။
ယုံကျိုးရှိ အိမ်တော်ဟောင်းတွင် ကုန်ဆုံးခဲ့ရသည့် ငါးနှစ်တာ ကာလအတွင်း၌လည်း သူက သူမကို လုံးဝ လျစ်လျူရှုထားခဲ့၏။
သူမ ပြင်းထန်စွာ ဖျားနာပြီး သေလုမြောပါး ဖြစ်နေချိန်တွင်ပင် အိမ်သို့ သူမ ပေးပို့ခဲ့သော စာတစ်စောင်ကိုမျှ သူ ပြန်မရေးခဲ့ပေ... နောက်ဆုံးတွင်တော့ စောင့်ဆိုင်းရတာ အချိန်မရတော့သဖြင့် တုန်းကျင်းမှ အထိန်းတော်ကြီးအချို့ကို စေလွှတ်ကာ မီးရှို့၍ သူမကို အသေသတ်ခဲ့ခြင်း ဖြစ်သည်။
ရွှယ်နင်၏ ရင်ထဲတွင် ပြင်းထန်စွာ နာကျင်လာပြီး မျက်ရည်များကြောင့် အမြင်အာရုံများ ဝေဝါးလာခဲ့သည်။
သူမ နှာခေါင်းလေး ရှုံ့လိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းမိတာက၊ ငယ်သူငယ်ချင်းများအဖြစ် နှစ်ပေါင်းများစွာ အတူတူ ကြီးပြင်းလာခဲ့တဲ့ သံယောဇဉ်ကို ငဲ့ညှာသောအားဖြင့် ထိုဓားပြများလက်မှ သူမကိုပါ တစ်ပါတည်း ကယ်ထုတ်ပေးရန်သာ ဖြစ်သည်။ မဟုတ်ပါက ဤအခြေအနေမျိုးဖြင့် သူတို့လက်ထဲတွင် ဆက်ရှိနေလျှင် သူမထံ ဘယ်လိုဆိုးရွားသည့် ကံကြမ္မာမျိုး ကျရောက်လာမလဲဆိုတာကို တွေးဝံ့စရာပင် မရှိပေ။
သူမ ထိတ်လန့်တုန်လှုပ်စွာဖြင့် စောင့်ဆိုင်းနေမိသည်။ တစ်ကိုယ်လုံး အားအင်ချိနဲ့ပြီး မျက်လုံးများ ညောင်းညာနေသော်လည်း မျက်စိမပိတ်ရဲပါ။
...
အတန်ကြာသော် အပြင်ဘက်မှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် လှမ်းပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ခေါင်းဆောင်! သူတို့ ရောက်လာကြပြီ! မင်းသမီးကြီးရဲ့လူတွေ ငွေတွေ ယူလာကြပြီ! ပြီးတော့ တရားရေးဝန်ကြီးဌာနက စုကျန်းဆိုတဲ့ကောင်လည်း မြင်းစီးပြီး ဒီဘက်ကို လာနေပြီ!"
အေးစက်ပြီး အုံ့မှိုင်းသော အသံတစ်ခုက ပြန်လည်တုံ့ပြန်သည်။
"ငါ တောင်းဆိုထားတဲ့အရာကိုရော သူ ယူလာရဲ့လား မသိဘူး။"
"သူ လူကယ်ချင်တယ်ဆိုရင်တော့ သေချာပေါက် ယူလာမှာပေါ့။ ဒါတင်မကသေးဘူး... အထဲက မိန်းမတစ်ယောက်က သူ့ရဲ့ အချစ်ဟောင်းတဲ့!"
"အချစ်ဟောင်း ဟုတ်လား?"
"အဲဒီ ရွှယ်နင်ဆိုတဲ့ မိန်းကလေးလေ။ လောင်လျူက စံအိမ်တော်ခွဲကို သွားပြီး အစေခံတွေကို မေးခဲ့တာ။ အဲဒီမိန်းကလေးက ရွှမ်းယီနယ်စားမင်းအိမ်တော်က ရွှယ်နင် ဖြစ်နေတာပဲ။ သူ(မ)က အရင်တုန်းက သူ့နောက်ကို အရိပ်လိုမျိုး တကောက်ကောက် လိုက်နေခဲ့တာတဲ့။ စုကျန်းက သူ(မ)ကို လုံးဝ မကြိုက်ပါဘူးလို့ ပြောရင်တော့ ငါကတော့ လုံးဝ မယုံဘူး။"
ထိုသူ၏ အသံက ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
"ရွှမ်းယီနယ်စားမင်းအိမ်တော်က အဲဒီမွေးစားသမီးလား? ဟားဟားဟား... ကောင်းကင်ကြီးက ငါ့ကို တကယ် ကူညီနေတာပဲ!"
စုကျန်း၏ နာမည်ကို ကြားလိုက်ရသဖြင့် ရွှယ်နင်သည် အားနည်းနေသော ရွှယ်ယန်ရန်အား အလျင်အမြန်ပင် တွန်းလိုက်သည်။
တစ်စုံတစ်ယောက်က သူမကို လာရောက်ကယ်တင်နေပြီဖြစ်ကြောင်း ကြားလိုက်ရတဲ့အခါ ရွှယ်ယန်ရန် ချက်ချင်း နိုးလာခဲ့ပြီး၊ သူမ၏ တောက်ပကာ အရည်လဲ့နေသော မျက်ဝန်းလေးများကို ပုတ်ခတ်ရင်း အပြင်ဘက်သို့ ခေါင်းထောင်၍ လှမ်းကြည့်လိုက်သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ညဥ့်နက်လွန်းလှသဖြင့် အပြင်ဘက်တွင် အရိပ်များသာ လှုပ်ရှားနေပြီး မည်သည့်အရာကိုမျှ သေသေချာချာ မမြင်ရချေ။
မကြာမီမှာပင် တစ်စုံတစ်ယောက်က အခန်းထဲသို့ ဝင်ရောက်လာပြီး သူတို့၏ ခေါင်းများကို အနက်ရောင် အဝတ်စများဖြင့် အုပ်လိုက်ကာ၊ ကျိန်ဆဲရင်း အပြင်ဘက်သို့ အတင်းအဓမ္မ ဆွဲခေါ်သွားတော့သည်။
အပြင်ဘက်တွင် လေပြင်းများက ပိုမိုပြင်းထန်ကာ အေးစက်လှသဖြင့် ရွှယ်နင်၏ နှလုံးခုန်သံမှာ ပို၍ပို၍ မြန်ဆန်လာခဲ့သည်။
ဒီဘဝမှာ သူမနှင့် စုကျန်းအကြား လင်မယားသံယောဇဉ် မရှိတော့ဘူးဆိုပေမယ့် သူက သူမရဲ့ အစ်ကိုတစ်ဦးဖြစ်ကြောင်း ပြောခဲ့သည်။ နယ်စားမင်းအိမ်တော်၏ မွေးစားသမီးတစ်ဦးအနေဖြင့်၊ သခင်မကျန်း၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ပြီး နယ်စားမင်းအိမ်တော်၏ သမီးအရင်းကဲ့သို့ ရာထူးနေရာကို ရယူထားခဲ့သူဖြစ်တာကြောင့် အကယ်၍ သူမသာ ဓားပြများလက်ထဲ ကျရောက်သွားပါက နယ်စားမင်းအိမ်တော်အတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ သူက နယ်စားမင်းအိမ်တော်ရဲ့ ရှီဇီ ဖြစ်သဖြင့်... ဒီတစ်ကြိမ်တော့ သူမကို သေချာပေါက် ကယ်တင်လိမ့်မယ်။
"အစ်မကြီးရွှယ်နင်... ကျွန်မ သိပ်ကြောက်တာပဲ..."
ကမ်းပါးယံလမ်းမှာ အလွန်အန္တရာယ်များပြီး သူတို့ခြေထောက်အောက်ရှိ ကျဉ်းမြောင်းသော လမ်းကလေးမှာ ထူထပ်သော နှင်းများအောက်တွင် နစ်မြုပ်နေသည်။
ရွှယ်ယန်ရန်သည် အကြိမ်ကြိမ် ချော်လဲလုနီးပါးဖြစ်ရင်း ရှိုက်ငိုသံကို အောင့်အီးထားသည့် တုန်ရီသော အသံလေးဖြင့် ပြောသည်။
ရွှယ်နင်ကိုယ်တိုင်လည်း ခက်ခက်ခဲခဲ လျှောက်လှမ်းနေရသော်လည်း သူမကို နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်ပါနဲ့။ တရားရေးဝန်ကြီးဌာနက သခင်စု ရောက်နေပါပြီ။ သူ ကျွန်မတို့ကို ကယ်တင်ဖို့ နည်းလမ်းရှာပါလိမ့်မယ်။"
ရွှယ်ယန်ရန်၏ အသံလေးက အားနည်းစွာ တုန်ယင်နေသည်။
"တကယ်လားဟင်?"
"ဟုတ်တယ်။"
ရွှယ်နင်သည် သူမကိုယ်သူမ ခိုင်မာသော အသံဖြင့် ပြန်ပြောလိုက်သည်။
ဓားပြများသည် သူတို့အား အဝေးကြီး ခေါ်မသွားခဲ့ချေ။
သူတို့ ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှယ်နင်သည် သူမ၏ နုနယ်သော ကျောပြင်ကို လေပြင်းများ တိုးဝှေ့ရိုက်ခတ်နေတာကို ခံစားလိုက်ရ၏။
သူမနှင့် ရွှယ်ယန်ရန်၏ ဘေးတွင် ဓားရှည်ကြီးများကို ကိုယ်စီကိုင်ထားကြသည့် ရက်စက်ကြမ်းကြုတ်သော ဓားပြအချို့ မတ်တပ်ရပ်နေကြသည်။
သူမ နားကို စွင့်ထားလိုက်ရာ မလှမ်းမကမ်းမှ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။
ခြေသံများအရ လူအတော်များများ လာနေပုံရသည်။ သူမနှင့် မင်းသမီးလေးတို့ မကြာခင် ကယ်တင်ခြင်း ခံရတော့မည့်ပုံပင်။
"မင်းသမီးယန်ရန်ကို ပြန်ပေးဆွဲတာ မင်းတို့လား?"
ထိုအသံမှာ အဝေးမှ ထွက်ပေါ်လာသော စုကျန်း၏ နက်ရှိုင်းပြီး သြဇာညောင်းသော အသံပင် ဖြစ်သည်။
သူမ၏ ရင်ထဲတွင် အနည်းငယ် တည်ငြိမ်သွားခဲ့သော်လည်း၊ ဘေးမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
"ငါတို့ဖြစ်တော့ရော ဘာဖြစ်လဲ? ငါတို့ တောင်းဆိုထားတဲ့အရာကို ယူလာခဲ့ရဲ့လား သခင်စု?"
စုကျန်းသည် ကမ်းပါးယံအစွန်းတွင် မတ်တပ်ရပ်နေသော ပုံရိပ်များကို လှမ်းကြည့်လိုက်ရာ၊ သူ၏ အကြည့်များက အနက်ရောင်အဝတ်စများ အုပ်ထားသည့် မိန်းကလေးနှစ်ဦးထံသို့ ရောက်ရှိသွားသည်။
သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ငွေပမာဏက များလွန်းတယ်။ လောလောဆယ်တော့ ငွေစက္ကူတွေပဲ ပေးနိုင်မယ်"
မျက်နှာဖုံးစွတ်ထားသော အမျိုးသားက ပြောသည်။
"ငွေစက္ကူဆိုလည်း ရတယ်။ ကမ်းပေးလိုက်"
စုကျန်းသည် ကျိုးရွှင်၏ လက်ထဲမှ အနုစိတ်ထုဆစ်ထားသော ကတ္တီပါသေတ္တာကို ယူလိုက်ပြီး၊ အထဲရှိ ထူထပ်သော ငွေစက္ကူထပ်များကို ပြသရန် အဖုံးကို ဖွင့်ကာ ပြန်ပိတ်လိုက်သည်။ သူက မျက်နှာဖုံးစွတ်ထားသော အမျိုးသားအား စူးရှပြီး အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်းတို့လက်ထဲက လူက တကယ်ပဲ မင်းသမီး ဟုတ်မဟုတ် ငါ ဘယ်လိုသိနိုင်မလဲ?"
မျက်နှာဖုံးစွတ်ထားသော အမျိုးသားက ပြန်ပြောသည်။
"ဒါဆိုရင် သခင်စုကို ပြလိုက်စမ်း"
ထိုသို့ပြောပြီးနောက် သူက ရွှယ်ယန်ရန်၏ မျက်နှာပေါ်မှ အနက်ရောင် အဝတ်စကို ဖယ်ရှားလိုက်လေသည်။
ရွှယ်ယန်ရန်၏ မျက်ရည်များဖြင့် စွန်းထင်းနေသော မျက်နှာလေးကို မြင်လိုက်ရတဲ့အခါ စုကျန်းသည် သူ့မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်၏။
စုကျန်း၏ အကြည့်က ခေါင်းတွင် အဝတ်စအုပ်ထားဆဲဖြစ်သည့် အခြားအမျိုးသမီးငယ်၏ သွယ်လျသော ပုံရိပ်ထံသို့ ကျရောက်သွားခဲ့သည်။
ထိုအခြားမိန်းကလေးမှာ ရွှယ်နင် ဖြစ်ကြောင်း သူ သိနေသည်။
"ကဲ... ဘယ်လိုလဲ? သူ(မ)က မင်းသမီး ဟုတ်မဟုတ် အတည်ပြုလို့ ရပြီမလား?"
ရွှယ်ယန်ရန်က ထိတ်လန့်တကြား ရှိုက်ငိုရင်း လှမ်းအော်လိုက်သည်။
"သခင်စု... ကျွန်မကို အမြန်ဆုံး ကယ်ပါဦး!"
မင်းသမီးအား သူ့လက်ခုပ်ထဲတွင် ဖမ်းဆုပ်ထားနိုင်ပြီဖြစ်ရာ မျက်နှာဖုံးစွတ်လူမှာ ပို၍ပင် မောက်မာရဲတင်းလာသည်။
"အကယ်၍ သခင်စုက သူ(မ)ကို ကယ်ချင်တယ်ဆိုရင်တော့ မင်းရဲ့အနောက်က နန်းတွင်းကိုယ်ရံတော်တွေ အားလုံးကို နောက်ဆုတ်ပေးဖို့ အမိန့်ပေးလိုက်စမ်း။ မဟုတ်ရင်တော့—"
သူက ရွှယ်ယန်ရန်၏ နုနယ်သော လည်ပင်းလေးကို သူ၏ လက်ဝါးကြီးဖြင့် တင်းကျပ်စွာ ညှစ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူတော့... မင်းသမီးကြီး အမြတ်နိုးဆုံး သမီးတော်လေးကို ငါနဲ့အတူ တစ်ပါတည်း ခေါ်သွားရတာပေါ့။ သခင်စုဘက်က တောင်းဆိုချက်ကို မလိုက်လျောနိုင်မှတော့ ငါလည်း ဘာမှမတတ်နိုင်ဘူးလေ။ ဟားဟားဟား..."
စုကျန်းသည် မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်၏။
"ကောင်းပြီ... ငါ သဘောတူတယ်"
သူက လက်ကို မြှောက်လိုက်ရင်း အမိန့်ပေးလိုက်သည်။
"အားလုံး... နောက်ဆုတ်ကြ"
ကျိုးရွှင်က တုံ့ဆိုင်းနေသည်။
"သခင်စု... ဒါက... သင့်တော်ပါ့မလား?"
စုကျန်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း-
"အကယ်၍ မင်းသမီးသာ တစ်စုံတစ်ရာ ထိခိုက်သွားရင် ဘယ်သူက တာဝန်ယူမှာလဲ— မင်းလား၊ ငါလား?"
ကျိုးရွှင် ဆွံ့အသွားတော့သည်။ ထျန်းယွမ်တောင်သည် သုံးဖက်သုံးတန်တွင် ရေထုဖြင့် ဝန်းရံထားပြီး အောက်ခြေ၌ ကျယ်ပြောသော လော့မြစ်ကြီး စီးဆင်းနေသည်။ ဤဓားပြများသည် ထျန်းယွမ်တောင်၏ မြေမျက်နှာသွင်ပြင်ကို ကောင်းစွာ ကျွမ်းကျင်ကြပြီး ၎င်းတို့ လွတ်မြောက်ရန် လမ်းကြောင်းကိုပါ ကြိုတင်စီစဉ်ထားပြီး ဖြစ်ပုံရသည်။ အကယ်၍ သူတို့ကို ယခု လွှတ်ပေးလိုက်ပါက နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆီးရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
သို့သော်လည်း... သူသည် ကမ်းပါးယံအစွန်းတွင် မတ်တပ်ရပ်နေသော နုနယ်သည့် မြင့်မြတ်သောအမျိုးသမီးငယ်လေးကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူမ၏ မျက်နှာလေးမှာ သွေးဆုတ်ဖြူဖျော့နေပြီး ညစ်ပေနေသော ပါးပြင်ထက်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသည်။ ငယ်စဉ်ကတည်းက မင်းသမီးကြီးနှင့် ဧကရာဇ်မင်းမြတ်တို့၏ အလိုလိုက် ယုယမှုကိုသာ ခံခဲ့ရသည့် ဤမိန်းကလေးသာ ယခုနေရာ၌ အသက်ဆုံးရှုံးသွားခဲ့လျှင် သူတို့အားလုံး သေချာပေါက် အပြစ်ပေးခံရလိမ့်မည်။ ထို့အပြင် ဓားပြများ ဖမ်းဆီးထားသည့် အခြားမိန်းကလေးတစ်ဦးမှာလည်း ရွှမ်းယီနယ်စားမင်းအိမ်တော်၏ မွေးစားသမီး ရွှယ်နင် ဖြစ်နေပြီး၊ သူမက ရှီဇီ စုကျန်းနှင့် ငယ်သူငယ်ချင်း သံယောဇဉ် ရှိခဲ့ဖူးသူ မဟုတ်လား။
အတန်ကြာ စဉ်းစားပြီးနောက်တွင်တော့ သူသည် နောက်ဆုံး၌ စုကျန်း၏ အမိန့်ကိုသာ နာခံလိုက်ပြီး၊ သူ၏ အနောက်ရှိ နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ဝင်အားလုံးကို ထျန်းယွမ်တောင်ပေါ်မှ နောက်ဆုတ်ပေးရန် အမိန့်ထုတ်ပြန်လိုက်သည်။