← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) - "နောင်ဘဝဆိုတာ ရှိခဲ့ရင်... ကျွန်မတို့ ထပ်မဆုံတော့ဘူး"

ရွှယ်နင်သည် စုကျန်းအပေါ် ဘယ်လိုသက်ရောက်မှုမရှိတာကို သိလိုက်ရသဖြင့် မျက်နှာဖုံးစွတ်လူသည် ဒေါသထွက်သွား၏။

"ယွီမိသားစုအမှုရဲ့ သက်သေအထောက်အထား! မင်း ချန်ကျိုးကနေ ယူလာတဲ့ဟာလေ!"

စုကျန်းက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီး၊ သူ၏ အကြည့်များက ထူးဆန်းအံ့သြဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေဆဲပင်။

"အဲဒါ ငါ့လက်ထဲမှာ မရှိဘူး။"

မျက်နှာဖုံးစွတ်လူသည် အရှက်ရမှုနှင့် ဒေါသတို့ကြောင့် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"မဖြစ်နိုင်တာ!"

စုကျန်းက သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ... အဲဒါ ဒီမှာ မရှိတာတော့ အမှန်ပဲ"

ဒေါသအလိပ်လိပ် တက်လာသော မျက်နှာဖုံးစွတ်လူသည် သူ့ဓားမြှောင်ကို မြှောက်ကာ ရွှယ်နင်၏ လည်ပင်းတွင် ဖိကပ်လိုက်၏။

"မင်း အဲဒါကို မအပ်ရင်တော့... မင်းရဲ့ ငယ်သူငယ်ချင်း၊ မင်းရဲ့ ညီမအရင်းလို ဖြစ်ခဲ့တဲ့ မိန်းမကို ငါ သတ်ပစ်မယ်!"

စုကျန်းသည် သူ၏ နက်မှောင်သော မျက်ဝန်းများကို ပင့်ကြည့်လိုက်ရာ၊ သူ့အသံမှာ ဘာခံစားချက်မှမရှိဘဲ အေးစက်လွန်းသည်။

"သူ(မ)က ငါ့ရဲ့ ညီမတစ်ယောက်သာသာပဲ။ အကယ်၍ မင်းက သူ(မ)ကို သုံးပြီး ငါ့ကို ခြိမ်းခြောက်လို့ရမယ်လို့ တွေးနေတယ်ဆိုရင်တော့... သူ(မ)က အဲဒီလောက်အထိ တန်ဖိုးမရှိဘူး။"

ရွှယ်နင်၏ ဆံပင်များ ရုတ်တရက် ပြင်းထန်စွာ ဆွဲဖယ်ခြင်း ခံလိုက်ရသည်။ သူမ၏ မျက်နှာလေးသည် ဖြူဖျော့နေပြီး၊ ထက်မြက်သော ဓားသွားက သူမ၏ နုနယ်သော အရေပြားကို အနည်းငယ် ရှထွက်သွားစေခဲ့သည်။ ထူထပ်သော နှင်းပွင့်များ လွင့်ပျံကျဆင်းနေစဉ် သူမ၏ ထူထဲသော မျက်တောင်လေးများက အနည်းငယ် တုန်ယင်သွား၏။ သူမသည် သက်မဲ့ရုပ်သေးရုပ်လေးတစ်ရုပ်ကဲ့သို့ ထိုနေရာတွင်ပင် လုံးဝ ငြိမ်သက်စွာ မတ်တပ်ရပ်နေမိသည်။

ရွှယ်ယန်ရန်ပင်လျှင် ဤမြင်ကွင်းကို ဆက်၍ ကြည့်မနေနိုင်တော့ချေ။ သူမက တောင်းပန်လိုက်သည်။

"သခင်စု... အစ်မကြီးရွှယ်နင်ကို ကယ်ပေးပါဦးနော် ဟုတ်ပြီလား? သူတို့ သူ(မ)ကို တကယ် သတ်ပစ်ကြလိမ့်မယ်... အဲဒီအခန်းထဲတုန်းကလည်း သူတို့က အစ်မကြီးရွှယ်နင်ကို သေလုမတတ် ရိုက်နှက်ခဲ့ကြတာ။ သူ(မ) ဒဏ်ရာတွေရပြီး သွေးတွေအများကြီး အန်ခဲ့ရတယ်..."

စုကျန်း၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူကတော့ လှုပ်ခတ်ခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

"မင်းတို့အတွက် ဘာက ကောင်းမလဲဆိုတာ သိတယ်ဆိုရင်တော့ သူ(မ)ကို အခုချက်ချင်း လွှတ်လိုက်စမ်း။ ဒါဆိုရင် ငါ မင်းတို့ကို သက်ညှာပြီး တုန်းကျင်းကနေ ဘေးကင်းကင်းနဲ့ ထွက်သွားခွင့်ပေးမယ်။"

"စုကျန်း..... မင်းလို ကောက်ကျစ်စဉ်းလဲတဲ့ကောင်! ငါတို့က မင်းကို ဘယ်လိုလုပ်ပြီး ထပ်ယုံရမှာလဲ?"

စုကျန်း၏ အကြည့်များက ရွှယ်နင်၏ အားနည်းနေသော ပုံရိပ်ထံသို့သာ စူးစိုက်နေဆဲပင်။

"ဒါမှမဟုတ်လည်း... ရွှယ်နင်၊မင်း ငါ့ကို တောင်းပန်ကြည့်ပါလား။ မင်းကို ငါ နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။"

ရွှယ်နင်က ဘာမှမပြောဘဲ နှုတ်ခမ်းကိုသာ အနည်းငယ် တင်းတင်းစေ့ထားသည်။ သူမ သူ့ကို လှမ်းကြည့်လိုက်ချိန်တွင် သူမ၏ မျက်ဝန်းထဲ၌ သရော်ရိပ် အနည်းငယ် ထင်ဟပ်သွားသည်။

မျက်နှာဖုံးစွတ်လူက "ပြောစမ်း!" ဟု အတင်းတိုက်တွန်းသည်။

ရွှယ်နင်က ခေါင်းခါယမ်းလိုက်၏။

"ကျွန်မမှာ ပြောစရာ ဘာမှမရှိဘူး"

မျက်နှာဖုံးစွတ်လူက ဒေါသတကြီး အော်ဟစ်သည်။

"မင်း အသက်မရှင်ချင်တော့ဘူးလား?!"

ရွှယ်နင်က သူမကိုယ်သူမ လှောင်ပြောင်သရော်သည့်အပြုံးဖြင့် မေးလိုက်သည်။

"ကျွန်မ ပြောလိုက်ရင်ရော... တကယ်ပဲ အသက်ရှင်ခွင့်ရမှာမို့လို့လား?"

ဓားပြများသည် ဒေါသထွက်နေကြသော်လည်း စုကျန်း၏ ရက်စက်သော နည်းလမ်းများကို ကောင်းစွာ သိရှိထားကြသဖြင့် ဇွတ်တရွတ် မလုပ်ရဲကြပေ။

ယခုအချိန်တွင် သက်သေအထောက်အထားကို လဲလှယ်ရန် မဖြစ်နိုင်တော့သော်လည်း၊ တုန်းကျင်းမှ ဘေးကင်းစွာ လွတ်မြောက်နိုင်ရန်အတွက် ၎င်းတို့၌ အစီအစဉ်တစ်ခု ရှိရန် လိုအပ်နေသေး၏။

ဓားပြအချို့သည် နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာကို တိုင်ပင်ရန်အတွက် စုဝေးလိုက်ကြပြီး၊ သူတို့၏ ခေါင်းဆောင်ကတော့ မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်ထားသည်။

"မင်းလို အသုံးမကျတဲ့ မိန်းမ အစုတ်အပလုတ်! မင်းက ဒီလောက်အထိ အသုံးမဝင်ဘူးဆိုတာ ကြိုသိခဲ့ရင်... မင်းကို အစောကြီးကတည်းက သတ်ပစ်ခဲ့ရမှာ!"

ရွှယ်နင်က ခါးသီးစွာ ရယ်မောလိုက်ပြီး၊ လောင်စစ်၏ ဒေါသတကြီး စိုက်ကြည့်နေသော အကြည့်ကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

"မှန်တယ်... ရှင်တို့ ကျွန်မကို စောစောစီးစီး သတ်ပစ်ခဲ့သင့်တာ။ ကျွန်မက သူ့လက်ထဲက သက်သေအထောက်အထားနဲ့ လဲလှယ်ဖို့အတွက် အဆင့်မမီဘူး"

သူမရဲ့အသက်က သူကိုင်ဆောင်ထားသော သက်သေလောက်ပင် အရေးမပါပေ။

ယွီရှီနှင့်သမီးအပေါ် သူ့ရဲ့ဂရုစိုက်မှုက သူမအပေါ်ထားရှိတဲ့ ဂရုစိုက်မှုထက် အမြဲတမ်း ပိုကြီးမားနေခဲ့တာ။

"အစ်ကိုကြီး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ? သူ(မ)ကို သတ်ပစ်လိုက်ရမလား?"

"သတ်ပစ်ရမယ်? သူ(မ)ကို သတ်လိုက်ရင် ငါတို့ တုန်းကျင်းကနေ ဘေးကင်းကင်း ထွက်သွားနိုင်ပါ့မလား? သူ(မ)ကို ငါတို့နဲ့အတူ ခေါ်သွားမယ်!"

"ကောင်းတဲ့ အကြံပဲ။ သူ(မ) ပါလာရင် စုကျန်းလည်း အနည်းနဲ့အများတော့ လက်တွန့်သွားလိမ့်မယ်။ ငါတို့ တုန်းကျင်းကနေ ထွက်သွားနိုင်တာနဲ့ သူ(မ)ကို ပြည့်တန်ဆာအိမ်မှာ ဈေးကောင်းကောင်းနဲ့ ရောင်းစားလို့ရတယ်။"

ကမ်းပါးယံပေါ်တွင် လေပြင်းများက ဓားသွားတစ်လက်ပမာ အေးစက်စွာဖြင့် ဝူးဝူးဝါးဝါး တိုက်ခတ်နေသည်။ ရွှယ်နင်၏ လည်ကုပ်ဆီသို့ ရေခဲတမျှ အေးစက်မှုက စူးဝင်သွားသည်။

သူမ ပြည့်တန်ဆာအိမ်ကို အရောင်းစားမခံချင်သလို၊ ဒီဓားပြများနောက်လည်း မလိုက်သွားချင်ဘူး။ သူမရဲ့ ဂုဏ်သိက္ခာများ ပျက်စီးနေခဲ့ပြီဖြစ်ပေမယ့် အကယ်၍ သူမသာ ပါသွားခဲ့လျှင် ကြောက်မက်ဖွယ်ကောင်းတဲ့ ငရဲခန်းက သူမကို စောင့်ကြိုနေမှာ။

စုကျန်းက သူတို့ကို သက်သေအထောက်အထား မပေးချင်မှတော့ သူတို့ကလည်း သူမကို အလွတ်ပေးမှာ မဟုတ်ပေ။ သူမကို စောင့်ကြိုနေမည့် အရှက်ရမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို သူမ ကြိုတင် မြင်ယောင်နေမိသည်...

သူမ မျက်နှာ ပြာနှမ်းသွားသည်။ မှောင်မိုက်ကာ အောက်ခြေမမြင်ရသော ချောက်ကမ်းပါးကြီးကို နောက်ပြန်လှည့်ကြည့်လိုက်ရင်း သူမ အနည်းငယ် တုန်ယင်သွား၏။

ဖြူစင်သော နှင်းပွင့်လေးများက သူမ၏ ပါးပြင်ပေါ်သို့ ကျဆင်းလာပြီး ချက်ချင်းပင် အရည်ပျော်ကျသွားခဲ့သည်။

စုကျန်း သူမကို ကယ်တင်မှာ မဟုတ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့ပြီဖြစ်လို့ ခဏတာမျှတော့ သူမ ကံကြမ္မာကို လက်ခံလိုက်မိသည်။

ဒါပေမဲ့လည်း သူမ အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခု တောင်းဆိုချင်သေးတယ်။ ထိုအခွင့်အရေးက ယခု အလွန်အမင်း နည်းပါးနေခဲ့လျှင်တောင်မှပေါ့။

မထွက်ခွာမီ သူမ စုကျန်းကို စကားတစ်ခွန်းလောက်တော့ ပြောသွားချင်သေးတယ်။ သူမ၏ အရင်ဘဝက နောင်တများကို အစားထိုးနိုင်ရန်အတွက်။

"စုကျန်း"

ကျယ်ပြောလှသော နှင်းမုန်တိုင်းကြီးကို ဖြတ်သန်းလျက်။

ရွှယ်နင်က နောက်ဆုံးတွင် တိုးညင်းစွာ စကားဆိုလိုက်သည်။

သူမ၏ အသံသည် သာယာငြိမ့်ညောင်းပြီး နားထောင်လို့ အလွန်ကောင်းကာ၊ နတ်မိမယ်တစ်ပါးကဲ့သို့ ပေါ့ပါးလွင့်မျောနေသည့် အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

ဓားပြများ ငြိမ်ကျသွားကြပြီး သူမ နောက်ဆုံးတော့ စုကျန်းကို အကူအညီတောင်းတော့မည်ဟု ထင်မှတ်လိုက်ကြ၏။

သူ၏ ကျယ်ဝန်းသော လက်စွပ်အတွင်း ဖုံးကွယ်ထားသည့် စုကျန်း၏ လက်များ အနည်းငယ် တင်းကျပ်စွာ ဆုပ်ထားလိုက်မိသည်။ သူမ နောက်ဆုံးတော့ အရှုံးပေးဖို့ ဆန္ဒရှိသွားပြီလို့ သူပါ ထင်မှတ်လိုက်မိသဖြင့် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ကွေးညွတ်သွားသည်။

"ပြောစမ်းပါ"

ရွှယ်နင်၏ အားနည်းနေသော ခန္ဓာကိုယ်လေးသည် လေထဲက သစ်ရွက်တစ်ရွက်ကဲ့သို့ ယိမ်းယိုင်နေပြီး အချိန်မရွေး လဲကျသွားတော့မည့်ပုံစံဖြင့် ထိုနေရာတွင်ပင် ရပ်နေခဲ့သည်။

သူမ ပြုံးလိုက်၏။ ဆယ်နှစ်တိုင်တိုင် လင်မယားအဖြစ် နေထိုင်ခဲ့ရပြီးနောက်... အခု နောက်ဆုံးတော့ သံယောဇဉ်နှင့် ခံစားချက်များအားလုံး ကုန်ခမ်းသွားခဲ့ပြီ၏။

"နောင်ဘဝဆိုတာ ရှိခဲ့ရင်... ကျွန်မတို့ ထပ်မဆုံတော့ဘူး"

ထိုသို့ပြောပြီးနောက် သူမသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ကာ၊ သူမ၏ ခန္ဓာကိုယ်သည် အနောက်ဘက်သို့ တည့်မတ်စွာ လဲကျသွားပြီး ကမ်းပါးယံအစွန်းမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ရွှယ်နင်၏ အရိုးထဲထိ စွဲမြဲနေသော ဤမျှလောက် ခေါင်းမာမှုကို ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။

အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ကမ်းပါးပေါ်မှ ခုန်ချရဲလောက်အောင် ပြတ်သားသည့် ခေါင်းမာမှုမျိုးပင်။

ထိုအချိန်တွင် ညဉ့်ထုက အုံ့မှိုင်းနေပြီး နှင်းများက တိတ်ဆိတ်စွာ ကျဆင်းနေသည်။

စုကျန်း၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ သူ့နှလုံးသားမှာ ပြင်းထန်စွာ တင်းကျပ်သွားကာ အသက်ရှူသံများပါ တစ်ခဏချင်း ရပ်တန့်သွားခဲ့၏။

ထိုမိန်းကလေး ဘာလုပ်လိုက်သလဲဆိုတာကို သူ သဘောပေါက်နားလည်နိုင်ရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သူမ တကယ်ပဲ ကမ်းပါးပေါ်ကနေ ခုန်ချရဲခဲ့တယ်!

သူမ ဘယ်လိုတောင် ရဲတင်းရတာလဲ!

"ရွှယ်နင်!"

ကမ်းပါးယံအစွန်းဆီသို့ ပြေးသွားစဉ် သူ၏ နှုတ်ခမ်းများမှာ တုန်ယင်နေသည်။ သို့သော်လည်း သူ့ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုအရေးတကြီး လှုပ်ရှားနေသည့် အနက်ရောင် ပုံရိပ်တစ်ခုကိုသာ သူ မြင်လိုက်ရ၏။

ထိုပုံရိပ်သည် ကမ်းပါးယံအစွန်းသို့ ရောက်ရှိသွားပြီး၊ ဘာတစ်ခုမှ တွန့်ဆုတ်မနေဘဲ အောက်သို့ တည့်မတ်စွာ ခုန်ချသွားခဲ့သည်။

စုကျန်းသည် ကျောက်ရုပ်ပမာ တောင့်တင်းသွားပြီး၊ သူ့လက်ဖဝါးမှာ ကမ်းပါးယံထက် လေထဲတွင်ပင် ရပ်တန့်နေခဲ့ကာ စူးရှအေးစက်သော လေပြင်းများသာ သူ၏လက်ချောင်းများအကြား ဖြတ်သန်းတိုက်ခတ်သွားသည်— အခြားမည်သည့်အရာမျှ ကျန်ရစ်မနေခဲ့ချေ။

အောက်ခြေမမြင်ရသော ချောက်ကမ်းပါးကြီး၏ အောက်တွင်မူ မှောင်မိုက်နေသော လော့မြစ်ကြီး စီးဆင်းနေသည်။

အသက်ရှိသော လူတစ်ယောက် ထိုအထဲသို့ ပြုတ်ကျသွားခြင်းမှာ မည်သည့်အသံမျှပင် ထွက်ပေါ်မလာခဲ့ပေ။

သူက သူမကို သင်ခန်းစာတစ်ခု ပေးချင်ရုံသာ ဖြစ်ပြီး၊ အမှန်တကယ် သေစေချင်ခဲ့တာ မဟုတ်ဘူး။

သူမက... ဘယ်လိုလုပ်ပြီး ဒီအတိုင်း ခုန်ချသွားနိုင်ရတာလဲ?

စုကျန်းသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိပြီး၊ နှလုံးသားကို ဓားဖြင့်မွှန်းသကဲ့သို့ နာကျင်မှုများက အရပ်မျက်နှာအားလုံးမှ သူ့ကို ဝါးမြိုသွားသလို ခံစားလိုက်ရသည်။

သူ့ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် ခံစားရပြီး ပြင်းထန်တဲ့ နာကျင်မှုကြောင့် မျက်စိရှေ့တွင် မှောင်မိုက်သွားခဲ့သည်။

"လူတွေ... အခုချက်ချင်း အောက်ကိုဆင်းပြီး သူ(မ)ကို ရှာကြစမ်း!"

သူ့မျက်ဝန်းများက သွေးရဲရဲနီနေပြီး အသိစိတ်များ လွတ်ထွက်နေသည့်အလား၊ ချောမောသော မျက်နှာမှာ သွေးဆုတ်ဖြူဖျော့ကာ အသံများပါ နက်ရှိူင်းနေသည်။

"အမြန်လုပ်ကြစမ်း!"

...

ရွှယ်နင်သည် သူမကိုယ်သူမ အသက်ရှင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သူမလို အမုန်းခံရသူတစ်ဦးက သေဆုံးပြီးတဲ့နောက် ဆယ့်ရှစ်ထပ်မြောက် ငရဲပြည်ကို သေချာပေါက် ရောက်ရှိသွားလိမ့်မယ်လို့ ထင်မှတ်ထားခဲ့၏။

သို့သော် သူမ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် စိုစွတ်ကာ အေးစက်သော ဂူတစ်ခုအတွင်း လဲလျောင်းနေရတာကို တွေ့လိုက်ရသည်။

သူမ၏ အောက်တွင် နူးညံ့သော မြက်ခြောက်ပုံ ရှိနေပြီး၊ ကိုယ်ပေါ်တွင်မူ အနည်းငယ် ရင်းနှီးနေသော ပန်းထိုးလက်ရာပါသည့် အနက်ရောင်ဝတ်ရုံရှည်ကြီး ခြုံထားပေးသည်။

ဂူအတွင်း၌ မီးပုံတစ်ခု တောက်လောင်နေပြီး ဆိတ်ငြိမ်သော ညဉ့်ဦးယံတွင် မီးတောက်သံများ တဖျောက်ဖျောက် ထွက်ပေါ်နေသည်။

သူမ လှုပ်ရှားရန် ကြိုးစားလိုက်ရာ ချက်ချင်းပင် ချွေးစေးများ ပြန်လာသည်။

ဒီလောက် နာကျင်လိမ့်မည်ဟု မထင်ထားခဲ့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ ကြေမွသွားသည့်အတိုင်း ခံစားရတာကြောင့် လှဲနေရာမှ ထိုင်ရန်ပင် မနည်းကြိုးစားနေရသည်။

ခဏတော့ သူမ မရဏနိုင်ငံတော်သို့ ရောက်ရှိနေပြီလို့ ထင်မှတ်မိသော်လည်း၊ စူးရှသော နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိပြီး မျက်နှာလေးက နှင်းကဲ့သို့ ဖြူဖျော့သွားသည်။ သို့သော် သူမသည် အမြဲတမ်း သည်းခံတတ်သူပီပီ သွားကို တင်းတင်းကြိတ်ကာ နာကျင်မှုလှိုင်းလုံးများကို အောင့်အီးထားလိုက်၏။

"မလှုပ်နဲ့။"

ဂူဝမှ လူတစ်ယောက် ဝင်ရောက်လာသည်။

"ပြန်လှဲနေလိုက်"

ရွှယ်နင်သည် သွေးမရှိသလို ဖြူဖျော့နေသော မျက်နှာလေးကို ပင့်ကာ ဝင်လာသူအား ထိတ်လန့်တကြားနှင့် သံသယစိတ်များဖြင့် စိုက်ကြည့်လိုက်မိသည်။

ထိုအမျိုးသားသည် မြင့်မားသော မျက်ခုံးတန်း၊ နက်ရှိုင်းသော မျက်ဝန်း၊ စင်းဖြောင့်သော နှာတံနှင့် နှုတ်ခမ်းပါးတို့ ရှိပြီး၊ အကြည့်များမှာ အတိုင်းအဆမဲ့သော ညဉ့်ထုကြီးပမာ နက်ရှိုင်းသည်။

သူ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ရွှယ်နင်၏ ရင်ခုန်သံ တစ်ချက်မျှ ရပ်တန့်သွားခဲ့သည်။

"သခင်လေးလီ... ဘာလို့ ရှင်ဖြစ်နေရတာလဲ?"

လီချန်ချဲ့သည် ရိုးရှင်းသော ဝတ်ရုံပါးတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ရင်ဘတ်ကော်လာမှာ ဟောင်းလောင်းပွင့်နေကာ သူ၏ ကြွက်သားများကို အထင်သား မြင်တွေ့နေရသည်။ သူက သယ်ဆောင်လာတဲ့ ထင်းများကို မီးပုံထဲသို့ ပစ်ထည့်လိုက်တဲ့အခါ မီးတောက်များက ပိုမိုတောက်ပစွာ လင်းထိန်သွားသည်။

"ကိုယ် မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ?"

ရွှယ်နင် ဆွံ့အသွားပြီး သူမကိုယ်သူမ အိပ်မက်မက်နေတယ်လို့ပဲ အသေအချာ ယုံကြည်လိုက်တယ်။

မဟုတ်ရင်... ဒီလောက် မြင့်မားတဲ့ ကမ်းပါးပေါ်က ခုန်ချခဲ့ပါလျက် ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်ဦးမှာလဲ?

ကံကြမ္မာက သူမကို ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့တယ်ဆိုရင်တောင် ဆက်တိုက်ကြီး နှစ်ခါဆက်တိုက်တော့ ပေးမှာမဟုတ်ဘူးလေ။

ဒါပေမယ့် သခင်လေးလီကရော ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ?

သူပါ သူမနဲ့အတူ သေဆုံးသွားခဲ့တာလား?

ဒါဆိုရင် သူ့ကိုရော ဘယ်သူက အောက်ကို တွန်းချလိုက်တာလဲ?

All Chapters