အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) - ကံကောင်းတယ်
လီချန်ချဲ့သည် သူမ၏ လှုပ်ရှားနေသော နက်မှောင်သည့် မျက်ဝန်းများကို အမိအရ မြင်တွေ့လိုက်ပြီး မီးပုံကို ပိုမိုတောက်လောင်အောင် လုပ်လိုက်သည်။
"ဘာကြည့်နေတာလဲ?"
ရွှယ်နင်က အားနည်းစွာ ပြုံးလိုက်၏။
"ကျွန်မ သေသွားပြီလို့ ထင်နေတာ"
လီချန်ချဲ့က သူမကို တစ်ချက်ကြည့်လိုက်သည်။
"မင်း အသက်ရှင်သေးတယ်"
ရွှယ်နင်က တိုးညင်းစွာ "အော်" ဟု ဆိုသည်။
လီချန်ချဲ့က ထပ်ဖြည့်ပြောသည်။
"ဒါပေမယ့် သေဖို့ သိပ်မလိုတော့ဘူး"
"ရပါတယ်"
ရွှယ်နင်က ကံကြမ္မာကို အရှုံးပေးထားသည့်ဟန်ဖြင့် ဆိုလိုက်သည်။
ဘယ်သူမှ အစွန့်ပစ်ခံရချိန်တွင် နာကျင်မှုမရှိဘဲ မနေနိုင်ပေ။ သူမလည်း လူသားတစ်ဦးဖြစ်ပြီး၊ တစ်ကြိမ် သေဆုံးဖူးပြီးသားဖြစ်တာကြောင့် ယခု သူမ၏နှလုံးသားက ပြာကဲ့သို့ အေးစက်နေခဲ့ပြီဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံသေဆုံးရလည်း ဘာမှမထူးခြားတော့ဟု တွေးမိနေသည်။
ဂူအပြင်ဘက်တွင် လေပြင်းများ ဝူးဝူးဝါးဝါး တိုက်ခတ်နေပြီး နှင်းပွင့်များ တဖျောက်ဖျောက် ကျဆင်းနေသော်လည်း၊ ဂူအတွင်း၌မူ တိတ်ဆိတ်ကာ နွေးထွေးနေသည်။
သေခြင်းတရားကို မကြောက်မရွံ့ လက်ခံနေသည့် သူမကို ကြည့်ရင်း လီချန်ချဲက သက်ပြင်းချလိုက်သည်။သူ သူမ၏ "အိပ်ရာ" နားသို့ လျှောက်သွားပြီး ထိုင်လိုက်ကာ သူ့လက်ဝါးကြီးကို သူမ၏ ဖြူဖျော့နေသော နဖူးပြင်ထက်သို့ တင်လိုက်သည်။
ဖျားမနေပေ— အမှန်တကယ်ပင် ကံကောင်းတယ်။
ရွှယ်နင်က မျက်တောင်ခတ်လိုက်ရာ သူမ၏ ရှည်လျားထူထဲသော မျက်တောင်လေးများက လီချန်ချဲ့၏ လက်ဖဝါးကို ပွတ်တိုက်သွားသည်။
လီချန်ချဲ့သည် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်စဉ် သူ၏အကြည့်များက အနည်းငယ် လှုပ်ခတ်သွားသော်လည်း၊ သူ၏မျက်နှာအမူအရာကမူ အမြဲတမ်းကဲ့သို့ပင် အေးစက်စက်နှင့် ဝေးကွာနေဆဲပင်။
ရွှယ်နင်သည် သူ စိတ်အခြေအနေ မကောင်းတာကို ခံစားမိ၏။ သူ၏ ကျောက်စိမ်းလိုမျိုး ချောမောသော မျက်နှာထက်တွင် မပြယ်ပျောက်သေးသော ဒေါသရိပ်များ အနည်းငယ် ထင်ဟပ်နေသည်။
သူမက တိုးညင်းစွာ မေးလိုက်သည်။
"သခင်လေးလီ... ဘာဖြစ်လို့လဲ?"
လီချန်ချဲ့က မျက်နှာကို အနည်းငယ် လွှဲလိုက်သည်။
"ဘာမှမဖြစ်ပါဘူး"
ထိုအချိန်မှသာ ရွှယ်နင်သည် သူ့ရင်ဘတ်ပေါ်ရှိ ကြွက်သားများကို နောက်ကျပြီးမှ သတိပြုမိတော့သည်။
ထင်ရှားပြတ်သားသော ထိုကြွက်သားအဖုအထစ်များက အလွန်ပင် စွဲမက်ဖွယ်ကောင်းသဖြင့် သူမ တည့်တည့်မကြည့်ဝံ့ချေ။
သူမ၏ ပါးပြင်လေးများက ပူနွေးကာ နီရဲသွားပြီး၊ ဆက်မကြည့်ရဲတော့တာကြောင့် မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်သည်။
"ဘာလို့ အဝတ်အစားကို ဒီလောက်နည်းနည်းလေးပဲ ဝတ်ထားရတာလဲ..."
လီချန်ချဲ့သည် သူမ၏ သက်ဝင်လှုပ်ရှားနေသော အမူအရာလေးကြောင့် သဘောကျသွားပြီး သူ့စိတ်အခြေအနေမှာ အနည်းငယ် ပြန်ကောင်းလာခဲ့သည်။
ရွှယ်နင် ကမ်းပါးပေါ်မှ ခုန်ချတာကို မျက်ဝါးထင်ထင် မြင်လိုက်ရချိန်တွင် သူ ဘယ်လောက်အထိ ထိတ်လန့်ခြောက်ခြားသွားခဲ့ရလဲဆိုတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး။ ထိုအချိန်တုန်းက ရွှယ်နင်နှင့် ရွှယ်ယန်ရန်တို့ ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် သူသည် ဖူရှန်းနှင့်အတူ မြင်းကို အပြင်းနှင်ကာ တောင်ပေါ်သို့ ပြန်တက်လာခဲ့ခြင်း ဖြစ်ပြီး သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့ကြောင့် ဘာတစ်ခုမှ ထပ်မစဉ်းစားတော့ဘဲ သူမနောက်သို့ ချက်ချင်းပင် လိုက်ခုန်ချခဲ့တာ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူမက သစ်ပင်တစ်ပင်ပေါ်တွင် တင်နေခဲ့၏။ သူ ကမ်းပါးယံအတိုင်း လျှောဆင်းသွားစဉ် သူမကို အမိအရ ကယ်တင်နိုင်ခဲ့သည်။
နီရဲနေသော မျက်ဝန်းများနှင့်အတူ သူမကို သူ့ရင်ခွင်ထဲ တင်းကျပ်စွာ ပွေ့ဖက်ထားပြီး လော့မြစ်ကြီးထဲသို့ အတူခုန်ချခဲ့ကာ နောက်ဆုံးတွင် ဤဂူရှိရာသို့ ကူးခတ်လာခဲ့သည်။
ယာယီနားခိုရာ နေရာတစ်ခု ရရှိပြီးနောက်တွင်တော့ ကျောက်ဆောင်များနှင့် ငြိစွန်းကာ ရရှိခဲ့တဲ့ သူမ၏ ဒဏ်ရာများကို သူ ကုသပေးနိုင်ခဲ့သည်။
ရွှယ်နင်၏ နုနယ်သော ခန္ဓာကိုယ်လေးတွင် ဤမျှလောက် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ... သူက ညဉ့်နက်သည်အထိ သူမ၏ ဒဏ်ရာများကို သန့်စင်ပေးခဲ့ရသည်။
မိုးလင်းပြီးနောက် တစ်ဖန် ပြန်လည်မိုးချုပ်သွားခဲ့ပြီ။
သူမတွင် အရိုးကျိုးဒဏ်ရာ အချို့ ရှိနေပြီး ၎င်းက အသက်အန္တရာယ် မရှိသော်လည်း အလွန်အမင်း နှိပ်စက်ညှဉ်းပန်းသည်။
သူမ၏ ခန္ဓာကိုယ်ကို ဇွတ်အတင်း မလှုပ်ရှားရဲတာကြောင့် သူက သစ်သားချောင်းများဖြင့် ရိုးရှင်းသော ကျပ်ပတ်တစ်ခု ပြုလုပ်ပေးထားပြီး သူမကို ဤနေရာ၌သာ ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
သူမ ထုတ်ဖော်ပြထားတဲ့ သွယ်လျသည့် လက်ကောက်ဝတ်ပေါ်တွင်မူ ညိုမည်းစွဲနေသော ဒဏ်ရာအချို့ ရှိနေသည်။
သူက ရင်ထဲတွင် နာကျင်မှုအပြည့်ဖြင့် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ဝတ်ရုံကို ပိုမိုတင်းကျပ်စွာ ဆွဲစေ့လိုက်သည်။
"မျက်လုံးဖွင့်လိုက်တော့"
ရွှယ်နင်က မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားဆဲပင်။
"မသင့်လျော်တာတွေကို မကြည့်ရဘူးလေ!"
လီချန်ချဲ့က တိုးညင်းစွာ ရယ်မောလိုက်သည်။
"ထပြီး အဝတ်အစား ဝတ်တော့။"
ရွှယ်နင် ကြက်သေသေသွားပြီး၊ မျက်လုံးများကို သတိထားကာ ဖွင့်ကြည့်လိုက်သည်။
လီချန်ချဲ့သည် သူမ၏အနောက်တွင် ကျွမ်းကျင်စွာ ထိုင်လိုက်ပြီး၊ သူမကို ထူထဲသော ဝတ်ရုံကြီးမှတစ်ဆင့် ပွေ့ချီကာ သူ၏ရင်ခွင်ကို မှီစေလိုက်သည်။
ရွှယ်နင်က သေရမှာကို မကြောက်ပေမယ့်လည်း သူတို့နှစ်ယောက်ကြားမှာ မင်းသမီးယန်ရန်ကိစ္စ ရှိနေသေးတယ်။ ထို့ကြောင့် သူမက ဒီလိုမျိုး သူ့အနားကို အရမ်းမကပ်ရဲဘဲ သူမရဲ့ ခန္ဓာကိုယ်ကို အလျင်အမြန် ရွှေ့လိုက်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် ဝတ်ရုံကြီးက လျှောကျသွားပြီး၊ သူမကိုယ်ပေါ်တွင် အဝတ်အစား တစ်ခုမှ ဝတ်ဆင်ထားခြင်း မရှိတာကို သတိပြုမိသွားတော့သည်။
သူမ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး၊ မူလက ဖြူဖျော့နေသော မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားသည်။
"သခင်လေးလီ... ရှင်... ကျွန်မကို အရင်လွှတ်ပါဦး!"
သူမက ဝတ်ရုံကြီးကို သူမကိုယ်ပေါ်တွင် အလျင်အမြန် ပြန်လွှမ်းခြုံလိုက်ပြီး၊ အရည်လဲ့နေသော ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများဖြင့် လီချန်ချဲ့အား သနားစဖွယ် ကြည့်လိုက်သည်။
"ကျွန်မ... ကျွန်မ ဘာလို့ အဝတ်အစားတွေ ဝတ်မထားရတာလဲ..."
ဂူထဲတွင် ကိုယ်လုံးတီးဖြစ်နေတာကို တွေ့လိုက်ရသဖြင့်၊ ဝမ်းနည်းပူဆွေးနေရန်ပင် အချိန်မရှိတော့ပေ။ သူမ၏မျက်နှာပေါ်မှ စောစောက စိတ်ပျက်အားလျော့မှုနှင့် အသက်မဲ့နေမှုများ ပျောက်ကွယ်သွားပြီး၊ ရှက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည့် နီရဲနေသော မျက်နှာလေးဖြင့် အစားထိုးသွားသည်။
သူမ ထိတ်လန့်သွားသည်။ "သခင်လေးလီက... ကျွန်မရဲ့ အဝတ်အစားတွေကို ချွတ်လိုက်တာလား?"
"ဒီမှာ တခြားလူရှိသေးလို့လား?"
လီချန်ချဲ့က သူမ ရှက်နေမှန်း သိသည်။
သူ့အကြည့်များက သူမ၏ ရင်ဘတ်မှ အံ့ဩဖွယ် အကောက်အကွေးလေးထံသို့ ကျရောက်သွားပြီး၊ လည်စိတစ်ချက် လှုပ်သွားကာ အေးအေးဆေးဆေးပင် တစ်ဖက်သို့ လှည့်သွားလိုက်သည်။
"မင်း ကမ်းပါးပေါ်ကနေ ခုန်ချပြီး ရေထဲကို ကျသွားတော့ တစ်ကိုယ်လုံး စိုရွှဲနေခဲ့တာ။ မီးကင်ပြီး အခြောက်ခံဖို့ မင်းရဲ့အဝတ်အစားတွေကို ကိုယ် ချွတ်လိုက်တာ။ အခု အကုန်လုံး မင်းအောက်မှာ ရှိတယ်။ မင်းဘာသာမင်း ဝတ်နိုင်တယ်ဆိုရင်တော့
ကိုယ် ကူညီပေးနေစရာ မလိုတော့ဘူး။"
ထို့နောက် သူက ထပ်ပြောသည်
"စိတ်မပူပါနဲ့၊ ကိုယ် ဘာမှမမြင်လိုက်ပါဘူး"
ရွှယ်နင်က ရှက်ရွံ့မှုနှင့် ပြာယာခတ်မှုတို့ကြောင့် ငိုချင်စိတ်ပင် ပေါက်သွားတယ်။
"ရှင့်အကူအညီ မလိုပါဘူး... ကျွန်မဘာသာ ဝတ်နိုင်ပါတယ်..."
လီချန်ချဲ့က "အင်း" ဟု ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။
စိုးရိမ်ပူပန်နေသဖြင့် ရွှယ်နင်သည် သူ၏ အသံသြသြနှင့် အက်ကွဲကွဲဖြစ်နေခြင်းကို သတိမပြုမိလိုက်ချေ။
သူမ၏ တစ်ကိုယ်လုံးရှိ နာကျင်မှုများကို ကြိတ်မှိတ်သည်းခံကာ၊ သူမ၏ လက်သေးသေးလေးများက အောက်ဘက်တွင် စမ်းသပ်ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် အတွင်းခံနှင့် အတွင်းအင်္ကျီတို့ကို ဆွဲထုတ်နိုင်ခဲ့သည်။
သူက သူမရဲ့ ကိုယ်ပေါ်မှ ဤအဝတ်အစားများကို ချွတ်ပေးခဲ့တယ်ဆိုသည့် အတွေးကြောင့် ပါးပြင်နှစ်ဖက်ပေါ်တွင် တောက်ပသော အနီရောင်အကွက်နှစ်ခု လျင်မြန်စွာ ပေါ်လာပြီး၊ သူမ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။
သူမ ဆက်မတွေးရဲတော့ဘဲ အလျင်အမြန်ပင် အဝတ်အစားများကို ဝတ်ဆင်လိုက်ပြီး ခါးစည်းကြိုးကို ဖြစ်သလို ပတ်ချည်လိုက်၏။
ကံကောင်းထောက်မစွာဖြင့်၊ လီချန်ချဲ့သည် ဖြောင့်မတ်ပြီး လူကြီးလူကောင်းဆန်သော အမူအကျင့်ကို ထိန်းသိမ်းထားသည်။ သူက မီးပုံဘေးတွင် ထိုင်ကာ သူမ အဝတ်အစားများကို သေသေချာချာ ဝတ်ဆင်နိုင်ရန် အချိန်ပေးထားခဲ့သည်။
သူမ အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်ပြီးနောက်မှသာ၊ သူ့ဝတ်ရုံကို သူမ၏အောက်တွင် ခင်းပေးထားကြောင်း သတိပြုမိတော့သည်။
ထူထဲတဲ့ မြက်ခြောက်ပုံကြီးက နည်းနည်းမှ စူးရှရှမဖြစ်နေတာ မဆန်းတော့ပေ။
သူမ၏ ထူထဲသော အပေါ်ဝတ်အင်္ကျီတိုလေးကို ဆွဲစေ့လိုက်ပြီး၊ နီရဲနေသော မျက်နှာလေးကို ကော်လာအတွင်း ဖုံးကွယ်ထားရင်း လီချန်ချဲ့၏ ကျယ်ပြန့်သော ကျောပြင်ကြီးကို ငြင်သာစွာ လှမ်းကြည့်လိုက်သည်။
ထိုအမျိုးသားတွင် ကျယ်ပြန့်သော ပခုံးများ၊ သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေတံများ ရှိသည်— ထိုနေရာတွင် ဒီအတိုင်း ထိုင်နေရုံဖြင့်ပင်၊ သူက သဘာဝ ပန်းချီကားတစ်ချပ်နှင့် တူနေလေသည်။
သူ၏ ဘေးတိုက်မျက်နှာမှာ ခိုင်မာပြတ်သားပြီး၊ နှာတံက စင်းဖြောင့်ကာ၊ချောမောသော မျက်နှာက သာမန်လူသားတစ်ဦးနှင့်ပင် မတူလောက်အောင် ရှိနေသည်။
ရွှယ်နင်၏ ရင်ထဲတွင် လှိုက်ဖိုသွား၏။ သူမ၏ မျက်လွှာကိုချကာ သူ့ဝတ်ရုံကို ရင်ခွင်ထဲသို့ ပိုက်ထားလိုက်သည်။
"သခင်လေးလီ... ရှင့်ရဲ့ အဝတ်အစား"
သူမက မဝတ်ခင် လျှော်ချင်သေးလားဟု မေးရန် ရည်ရွယ်ခဲ့သော်လည်း...
အံ့သြစရာကောင်းလောက်အောင်ပင် လီချန်ချဲ့သည် တွေဝေခြင်းမရှိဘဲ လှမ်းယူကာ တိုက်ရိုက် ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမကို တစ်ချက်ကြည့်လိုက်သည်။
"ဒီဘက်လာထိုင်မလား?"
သူမ အိပ်ခဲ့တဲ့ အဝတ်အစားကို တစ်စုံတစ်ယောက်က ဝတ်ဆင်ရန် စိတ်အနှောင့်အယှက် မဖြစ်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့သဖြင့် ရွှယ်နင် တစ်ခဏမျှ ကြက်သေသေသွားခဲ့သည်။
သူမ၏ အရင်ဘဝက စုကျန်းနှင့် စတင်စေ့စပ်ခဲ့ချိန်တုန်းက သူမက ဝမ်းမြောက်ဝမ်းသာဖြင့် သူ့အတွက် ဝတ်ရုံတစ်ထည်ကို ချုပ်ပေးခဲ့ဖူးသည်။
သို့သော် သူကတော့ သူမထိထားတဲ့ ဘယ်အရာကိုမဆို ညစ်ပတ်သည်ဟု ယူဆကာ မြေကြီးပေါ် လွှင့်ပစ်ခဲ့သည်။
နောက်တစ်နေ့တွင် သူမ မင်ယွဲ့ခြံဝင်းသို့ သွားရောက်စဉ် ထိုဝတ်ရုံ မြေကြီးပေါ်တွင် ကျနေတာကို မြင်လိုက်ရချိန်၌ သူမ၏ နှလုံးသား တစ်စစီ ကွဲအက်သွားခဲ့ရသည်။
နောက်ပိုင်းတွင် အဝတ်အစား၊ ဖိနပ်၊ ချွေးသုတ်ပုဝါ သို့မဟုတ် လက်ကိုင်ပုဝါ စသဖြင့် သူမ၏လက်မှ ဖြတ်သန်းသွားသော ဘယ်အရာမဆို သူက မျက်လုံးကို ကျဉ်းကာ "မင်းက ညစ်ပတ်နေတာပဲ မဟုတ်ဘူးလား? ငါ့အတွက် ဘာမှ လာမလုပ်ပေးနဲ့" ဟု အမြဲပြောလေ့ရှိ၏။
ထိုအမှတ်တရများသည် တုံးနေသော ဓားတစ်လက်ဖြင့် အသားကို လှီးဖြတ်နေသကဲ့သို့ အလွန်နာကျင်ရသည်။
သူမ၏ မျက်ဝန်းများ နီရဲလာကာ ခေါင်းညိတ်ပြလိုက်ပြီး မြေပြင်ပေါ်မှ သူမ၏ လက်သေးသေးလေးများဖြင့် အားယူကာ ထလိုက်သည်။
လီချန်ချဲ့သည် ကိုင်းညွတ်ကာ သူမကို ပွေ့ချီလိုက်ပြီး မီးပုံဘေးသို့ ခေါ်ဆောင်သွားသည်။
သူမက ဝါဂွမ်းစလေးတစ်စလို ပေါ့ပါးနေပြီး သူမ၏ နက်မှောင်ကာ ပွယောင်းယောင်းဖြစ်နေသော ဆံနွယ်များက သူ့ရင်ဘတ်ကို ပွတ်တိုက်မိနေသဖြင့် ယားကျိကျိ ခံစားမှုကို ဖြစ်ပေါ်စေသည်။
သူ လွှတ်မပေးချင်ပေမယ့်လည်း အခုအချိန်က သင့်လျော်တဲ့အချိန် မဟုတ်ပေ။
"မင်း ဒဏ်ရာရထားတယ်၊ ဒါကြောင့် အခုလောလောဆယ် လျှောက်မလှုပ်နဲ့ဦး။ မင်း အသက်ရှင်နိုင်မလားဆိုတာက မင်း ဘယ်လောက်မြန်မြန် သက်သာလာမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်"
လီချန်ချဲ့က စိတ်ပျက်အားလျော့မှုများ ပါဝင်နေသည့် လေသံဖြင့် အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။
"ရွှယ်နင်... ကိုယ် မင်းကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ကယ်နိုင်လိမ့်မယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ မင်းကိုယ်မင်းပဲ ပြန်ကယ်တင်ရမှာ။"
ရွှယ်နင်၏ မျက်နှာလေးမှာ နီရဲသွားပြီး သူမ၏ နားရွက်များပါ ပူထူလာသည်။
ယခုအခါ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက နာကျင်မှု သက်သာသွားပုံရသည်။ သူမ မျက်လွှာကိုချကာ မီးပုံဘေးတွင် ထိုင်ရင်း နွေးထွေးမှုလှိုင်းလုံးများကို ခံစားနေရသည်။
ကမ်းပါးယံထက်က အေးစက်စူးရှသော လေပြင်းများနှင့် တိုက်ရိုက် ဆန့်ကျင်ဘက်ဖြစ်စွာ၊ ယခု သူမသည် ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာပါ နွေးထွေးနေပြီဟု ခံစားမိသည်။
သူမက မီးကို အမြဲတမ်း အနည်းငယ် ကြောက်လန့်တတ်သော်လည်း၊ လီချန်ချဲ့ သူမအနားတွင် ရှိနေသဖြင့် သူမ၏ နှလုံးသားက ထူးဆန်းစွာ တည်ငြိမ်နေခဲ့သည်။