အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) - ရွှယ်နင်ကို ရှာတွေ့ပြီ!
သူမ၏ ထွက်သက်ဝင်သက်အားလုံးက သူ့နှုတ်ခမ်းများကြားတွင် ပိတ်လှောင်ခံထားရပြီး၊ သူမ၏ အသက်ရှူနှုန်းများက တဖြည်းဖြည်း မမှန်တော့ချေ။
စုကျန်းသည် အရင်က သူမကို တစ်ခါမှ မနမ်းဖူးခဲ့ဘူး။ သူမတွင်လည်း အနမ်းနှင့်ပတ်သက်၍ အတွေ့အကြုံ သိပ်မရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူက စိတ်ရှည်လက်ရှည်ပင် သူမကို တစ်ဆင့်ချင်းစီ သင်ကြားပေးကာ၊ တစ်ရစ်ပြီးတစ်ရစ် နစ်မြောသွားစေခဲ့သည်။
သူမ သတိလက်လွတ်ဖြစ်သွားသည့် အချိန်လေးတွင်ပင်၊ ရုတ်တရက် စူးရှသော နာကျင်မှုတစ်ခုက ဝင်ရောက်လာ၏။
ရွှယ်နင်၏ မျက်လုံးများ ပြူးကျယ်စွာ ပွင့်လာပြီး ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
"အိပ်မက် မက်နေတာလား?"
အလွန်ချောမောသော အမျိုးသားတစ်ဦး၏ မျက်နှာက သူမရှေ့တွင် ပေါ်လာသည်။
သူမ မျက်တောင်ခတ်လိုက်ပြီး၊ အသိစိတ်ပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
"သခင်လေးလီ?"
လီချန်ချဲ့သည် သူမ၏ နီရဲနေသော ပါးပြင်လေးများကို တစ်ချက်ကြည့်လိုက်ပြီး၊ သူမ၏ စိုစွတ်ကာ ဝေဝါးနေသော ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများဆီသို့ အကြည့်များကို ရွှေ့လိုက်သည်။
"ဘာအိပ်မက်မက်နေတာလဲ? မင်း နာကျင်လို့ အော်လိုက်တဲ့အသံ ကိုယ်ကြားလိုက်တယ်။"
ရွှယ်နင်၏ မျက်နှာလေး ချက်ချင်းပင် နီရဲသွားပြီး၊ မျက်ဝန်းများတွင် မျက်ရည်စလေးများ ရစ်ဝဲတောက်ပလာခဲ့သည်။
"ဘာမှ... ဘာမှမဖြစ်ပါဘူး..."
အဲ့လိုအိပ်မက်မျိုး မက်ခဲ့တယ်လို့ သူမ ဘယ်လိုလုပ် ပြောထွက်နိုင်မှာလဲ။
ဒီလိုအခြေအနေမျိုးမှာတောင် ဒီလိုအရာတွေကို သူမ ဘယ်လိုလုပ် အိပ်မက်မက်နေနိုင်ရတာလဲ?
ဖွင့်ပြောလိုက်ရင် သေချာပေါက် အရှက်ကွဲရတော့မယ်။
ရွှယ်နင်က သူမ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး နီမြန်းနေသော မျက်နှာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
"တစ်ယောက်ယောက်က ကျွန်မကို တစ်ခုခုနဲ့ ထိုးလိုက်တယ်လို့ အိပ်မက်မက်လိုက်လို့... အဲဒါကြောင့် နာပြီး အော်လိုက်မိတာပါ။"
လီချန်ချဲ့၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
ဂူထဲတွင် အေးစိမ့်နေပြီး ညသန်းခေါင်ယံတွင် မီးပုံက ငြိမ်းသွားခဲ့ပြီဖြစ်သည်။
ရွှယ်နင် အအေးမိသွားမှာကို စိုးရိမ်သဖြင့် သူမကို နွေးထွေးစေရန် သူ့ရင်ခွင်ထဲ ဆွဲသွင်းထားခဲ့ခြင်း ဖြစ်သည်။
သူမကို ပိုမိုနွေးထွေးစေရန်အတွက်၊ သူ၏ အပြင်ဘက်ဝတ်ရုံကို ချွတ်လိုက်ပြီး သူမ၏ ရေခဲတမျှ အေးစက်နေသော ခန္ဓာကိုယ်လေးက သူ့ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ကပ်နေစေရန် ဖက်ထားခဲ့သည်။
ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းကို သူ အထင်သေးမိခဲ့တယ်
ဒီလိုမျိုး နူးညံ့ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားရတာ — ထို့အပြင် သူမက သူ ဂရုစိုက်ရသူတစ်ဦး ဖြစ်နေခြင်းက — သူ့ရင်ထဲတွင် လျင်မြန်စွာပင် တုံ့ပြန်မှုတစ်ခုကို လှုံ့ဆော်ပေးခဲ့သည်။
သူက ညအတော်များများ ထိုအတိုင်း အိပ်စက်ခဲ့ရပြီး တဖြည်းဖြည်းနှင့် ပိုမိုသက်တောင့်သက်သာ မဖြစ်လာတော့ပေ။ သူ့ရင်ခွင်ထဲရှိ သူမထံမှ သဘာဝကိုယ်သင်းရနံ့လေးတစ်ခုက သင်းပျံ့နေပြီး၊ မူးယစ်စေလောက်သော ထိုရနံ့လေးက သူ့နှာခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
သူက နာရီဝက်နီးပါးခန့် အံကြိတ်သည်းခံနေပြီးနောက်မှ၊ ထပြီး ထင်းသွားယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ထိုအချိန်မှာ သူ မတော်တဆ သူမကို "ထိ" မိသွားတာ ဖြစ်ရမယ်။
(T/N-ဘာနဲ့ထိတာလည်းသိကြနော်)
သူမ ဒီလောက်တောင် အာရုံခံစားမှု မြန်ဆန်လွယ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ...
"သခင်လေးလီ... ဘာဖြစ်လို့လဲဟင်?"
မိန်းကလေး၏ အကြည့်များက ဖြူစင်ရိုးသားကာ၊ အပြစ်ကင်းစင်ပြီး လုံးဝကို စွဲမက်ဖွယ်ကောင်းသည်။
လီချန်ချဲ့၏ နားရွက်များ နီရဲသွားပြီး အကြည့်များကို လွှဲဖယ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ဒီနေ့ ကိုယ်တို့ ပြန်သင့်ပြီ။"
ရွှယ်နင် လန့်သွား၏။ သူမက ရှောင်လွှဲချင်နေခဲ့တယ်။
ဂူထဲမှာ နေထိုင်ရတဲ့ ဒီရက်များအတွင်း ဘာဆိုဘာမှ မရှိဘဲ သခင်လေးလီ အမဲလိုက်လာတဲ့ တောကောင်ငယ်လေးများကိုသာ စားသောက်နေရသော်လည်း၊ သူမဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အချုပ်အနှောင်များမှ လွတ်မြောက်သွားတဲ့ လွတ်လပ်မှုကို ခံစားရသည်။ ညဘက် အိပ်စက်ရသည်မှာပင် ပိုမိုအေးချမ်းလာခဲ့သည်။
ပြန်ရောက်သွားပါက သူမကို စွန့်လွှတ်ခဲ့တဲ့ စုကျန်းကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမ အမှန်တကယ်ပင် မသိတော့ချေ။
စုကျန်းနှင့်အတူ ရှိနေရခြင်းထက်စာလျှင်၊ သခင်လေးလီနှင့်သာ ဆက်နေချင်မိတော့တယ်။
ရွှယ်နင်၏ စိုးရိမ်ပူပန်မှုများကို ရိပ်မိသွားဟန်ဖြင့် လီချန်ချဲ့က ထပ်ဖြည့်ပြောလိုက်သည်။
"မင်း သမားတော်ပြဖို့အတွက် တုန်းကျင်းကို ပြန်သွားမှဖြစ်မယ်။ ဒီမှာ ဆေးဘက်ဝင်အပင်တွေလည်း မရှိဘူး၊ မင်းရဲ့ ဒဏ်ရာတွေကိုလည်း ထပ်ပြီး အချိန်ဆွဲထားလို့ မရတော့ဘူး"
ရွှယ်နင်က မျက်လွှာချလိုက်သည်။
"ကောင်းပါပြီ"
သို့သော် ထွက်ခွာရန်က ထိုမျှမလွယ်ကူလှပေ။
လီချန်ချဲ့သည် ရေစပ်သို့သွားကာ မီးကင်ရန်အတွက် ငါးအနည်းငယ် ဖမ်းလာ၏။
ရွှယ်နင်က စားချင်စိတ် သိပ်မရှိပေမယ့်လည်း အနည်းငယ်တော့ စားဝင်အောင် စားလိုက်သည်။
သူတို့ စားသောက်ပြီးချိန်တွင် မွန်းလွဲပိုင်းပင် ရောက်နေပြီ။
သူမက အချိန်ဆွဲနေခဲ့ပြီး သူတို့၏ ထွက်ခွာမည့်အချိန်ကို နောက်ဆုတ်နေသည်။ ပထမဆုံး သူမရဲ့ ခန္ဓာကိုယ် နာကျင်နေကြောင်း ညည်းတွားသည်၊ ထို့နောက် လမ်းလျှောက်ရန် ခြေထောက်များ အရမ်းနာနေသည်ဟု ဆိုကာ၊ နောက်ဆုံးတွင် အပြင်ဘက်၌ လေနှင့်နှင်းများ အလွန်ကြမ်းတမ်းနေ၍ ခရီးသွားရန် မသင့်တော်ဟု အကြောင်းပြချက် ပေးလေသည်။
"ဒါ့အပြင်၊ ကျွန်မတို့က ကမ်းပါးအောက်ခြေမှာ ရှိနေတုန်းပဲလေ။"
မိန်းကလေးက အလေးအနက် ပြောဆိုနေပြီး၊ သူမ၏ ပန်းသွေးရောင် နှုတ်ခမ်းများမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် အရောင်အဆင်းသန်းနေသည်။
လီချန်ချဲ့က တိတ်တဆိတ် နားထောင်နေပြီး၊ သူ၏ ထူထဲသော ဝတ်ရုံကြီးကို သူမကိုယ်ပေါ် လွှမ်းခြုံမပေးမီ သူမ၏ လက်များနှင့် ခါးအောက်ပိုင်းကို နှိပ်နယ်ပေးလိုက်သည်။
ရွှယ်နင်လည်း ဆက်ပြီး ဟန်မဆောင်နိုင်တော့ပေ။
နေဝင်ဆည်းဆာအချိန် ရောက်လာချိန်တွင်တော့ သူမက နောက်ဆုံး၌ ပြောလိုက်သည်။
"သခင်လေးလီ... သွားကြရအောင်"
လီချန်ချယ်က ခပ်တိုးတိုး "အင်း" ဟု တုံ့ပြန်လိုက်ပြီး သူမရှေ့တွင် ဒူးတစ်ဖက် ထောက်ကာ ထိုင်ချလိုက်သည်။
"မင်း ခြေထောက်နာလွန်းလို့ လမ်းမလျှောက်နိုင်ဘူးလို့ ပြောထားတယ် မဟုတ်လား?"
ရွှယ်နင် အနည်းငယ် ကြက်သေသေသွားတယ်။
"သခင်လေးလီ... ကျွန်မဘာသာ လမ်းလျှောက်နိုင်ပါတယ်။"
"ရွှယ်နင်... မင်း ဒဏ်ရာမရထားဘူးဆိုရင်တောင် မင်းဘာသာ လမ်းလျှောက်ခိုင်းမှာ မဟုတ်ဘူး"
လီချန်ချဲ့က ပြောလိုက်သည်။
"တက်ခဲ့။"
ရွှယ်နင်သည် လီချန်ချဲ့၏ ကျယ်ပြန့်သော ကျောပြင်ကြီးကို စိုက်ကြည့်နေမိ၏။
တစ်စုံတစ်ယောက်က သူမကို ကျောပိုးခဲ့တဲ့ နောက်ဆုံးအချိန်မှာ သူမ အလွန်ငယ်ရွယ်စဉ်က ဖြစ်သည်။
သူမဖခင်၏ ကျောပြင်က ကျယ်ပြန့်ပြီး ခိုင်မာတောင့်တင်းကာ၊ မီးပုံးပွဲတော်များသို့ သွားရောက်လည်ပတ်ချိန်တွင် ဖခင်ဖြစ်သူ၏ ကျောပေါ်၌ တွယ်ကပ်နေရတာကို သူမ အနှစ်သက်ဆုံး ဖြစ်သည်။
သူမ၏ မိခင်ဖြစ်စေ၊ အစ်ကိုဖြစ်စေ ထိုကဲ့သို့ အခွင့်အရေးမျိုး မရခဲ့သော်လည်း အစ်ကိုဖြစ်သူက တစ်ခါမှ စိတ်မဆိုးခဲ့ပေ။ အချိန်တိုင်း သူက သူမ၏ နဖူးလေးကို ခေါက်ကာ ရယ်မောရင်း "အစ်ကိုကြီး ကြီးလာတဲ့အခါ နင်နင်ကို ကျောပိုးနိုင်မှာပါ။ နင်နင်က ငါတို့မိသားစုရဲ့ ပုလဲလုံးလေးပဲ... ကိုယ့်ဘာသာ လမ်းလျှောက်စရာ မလိုပါဘူး" ဟု ပြောလေ့ရှိသည်။
ထိုအချိန်က အစ်ကိုကြီးသသည် သူမကို ကျောပိုးနိုင်နေပြီ ဖြစ်သော်လည်း၊ သူက ငယ်ရွယ်သေးပြီး ဖခင်ဖြစ်သူလောက် အင်အားမကြီးမားသေးသဖြင့် ဖခင်ဖြစ်သူ၏ ကျောပေါ် တွယ်ကပ်နေရခြင်းကိုသာ သူမ ပိုသဘောကျခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ နောင်တစ်ချိန် အစ်ကိုကြီး ကြီးပြင်းလာသောအခါ နယ်စပ်သို့ ထွက်ခွာသွားပြီး ဘယ်တော့မှ ပြန်မလာခဲ့တော့ပေ။
သူသေဆုံးချိန်တွင် မြို့ရိုးအောက်၌ ဒူးထောက်နေခဲ့ပြီး၊ သူ၏ ရင်ဘတ်နှင့် ကျောပြင်တို့တွင် ဖြူကောင်တစ်ကောင်ကဲ့သို့ မြားများ စိုက်ဝင်နေခဲ့တယ်လို့ ပြောကြသည်။
အစ်ကိုကြီးက သန့်ရှင်းမှုကို အရာအားလုံးထက် မြတ်နိုးသူတစ်ဦး ဖြစ်တယ်... ဒါပေမဲ့ သူက အဲ့လိုမျိုး ဆိုးရွားစုတ်ပြတ်တဲ့ အခြေအနေဖြင့် သေဆုံးသွားခဲ့ရတယ်။
ရွှယ်နင်၏ မျက်ဝန်းများ အနည်းငယ် စူးရှနာကျင်သွားပြီး မျက်ရည်များ တဖြည်းဖြည်း ဝိုင်းဖွဲ့လာသည်။
လီချန်ချဲ့ တစ်ခဏမျှ စောင့်ဆိုင်းနေပြီးနောက် မိန်းကလေးက သူ့ကျောပေါ်သို့ သတိတကြီး တက်လာတာကို ခံစားလိုက်ရသည်။
သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ရှည်လျားသော လက်တစ်ဖက်ဖြင့် သူမကို ပွေ့ဖက်ကာ၊ သူ့ကျောပေါ်တွင် ခိုင်မြဲစွာ ရှိနေစေရန် သူမ၏ ဒူးခေါင်းအောက်သို့ လျှိုသွင်းလိုက်သည်။
ရွှယ်နင်၏ ခန္ဓာကိုယ်လေးသည် သူ့ကျောပြင်နှင့် တင်းကျပ်စွာ ကပ်နေပြီး၊ စကားလုံးမဲ့ ရင်းနှီးမှုတစ်ခုက သူတို့နှစ်ဦးကြားတွင် ဖြည်းညင်းစွာ စီးဆင်းသွားသည်။
ဒီမနက်က မက်ခဲ့တဲ့ နွေဦးအိပ်မက်ကို သူမ ပြန်သတိရသွားပြီး မျက်နှာလေး ပူနွေးလာခဲ့၏။ သူမ ပြောချင်နေတဲ့ စကားလုံးများအားလုံး လည်ချောင်းထဲတွင် တစ်ဆို့ ပျောက်ကွယ်သွားခဲ့တော့သည်။
ဂူထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ယခင်ကလောက် မနွေးထွေးတော့ပေ။
လော့မြစ်ဘေးရှိ လေပြင်းများက ပိုမိုအေးစက်နေပြီး ခြေထောက်အောက်ရှိ နှင်းများက ထူထဲကာ ချော်နေသော်လည်း၊ လီချန်ချဲ့သည် ခြေလှမ်းများကို တည်ငြိမ်စွာ လျှောက်လှမ်းနေခဲ့သည်။
သူက သူမကို ဂူထဲကနေ ကျောပိုးခေါ်ဆောင်လာပြီး ကမ်းခြေတစ်လျှောက် ခရီးရှည်တစ်ခုကို ဖြတ်သန်းကာ သစ်တောထူထူထဲသို့ ဝင်ရောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူမ၏ ဒဏ်ရာကို ဂရုစိုက်သည့်အနေဖြင့် သစ်ကိုင်းတစ်ကိုင်းမျှပင် သူမကို မထိမိစေရန် သေချာစွာ ကာကွယ်ပေး၏။
သူမ၏ လက်များက အမျိုးသား၏ သွယ်လျသော လည်ပင်းကို ဂရုတစိုက် သိုင်းဖက်ထားပြီး အလွန်အမင်း ကျေးဇူးတင်နေမိသည်။
"သခင်လေးလီ... ကျေးဇူးတင်ပါတယ်။"
မိန်းကလေး၏ နူးညံ့တဲ့ ခန္ဓာကိုယ်လေးက သူနှင့် ထိကပ်နေတာကို ခံစားရသဖြင့် လီချန်ချဲ့၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
"မင်းနဲ့ကိုယ့်ကြားမှာ ကျေးဇူးတင်စရာ မလိုပါဘူး။"
ရွှယ်နင်ကတော့ ကျေးဇူးတင်ဖို့ လိုအပ်သေးတယ်လို့ တွေးကာ ကျေးဇူးတင်စကားကို နောက်တစ်ကြိမ် တိုးတိုးလေး ထပ်ပြောလိုက်သည်။
သူတို့နှစ်ယောက် ရှေ့ဆက်လျှောက်လာခဲ့ရာ သိပ်မဝေးသော နေရာမှ လူသံဆူညံမှုများကို ရုတ်တရက် ကြားလိုက်ရသည်။
အားနည်းနေပြီဖြစ်သော ရွှယ်နင်သည် လီချန်ချဲ့၏ ကျောပေါ်တွင် အိပ်မောကျလုနီးပါး ဖြစ်နေခဲ့ပြီ။
လူများစကားပြောနေသံကို ကြားလိုက်ရသဖြင့် သူမ အတင်းအားယူကာ မျက်လုံးများကို ဖွင့်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။
လူဆယ်ဂဏန်းခန့်သည် သစ်တောထဲတွင် လိုက်လံရှာဖွေနေကြသည်။
တစ်စုံတစ်ယောက်က အရေးတကြီး လှမ်းပြောလိုက်သည်။
"ဟေး... ဟိုမှာ တစ်ယောက်ယောက် လာနေတယ်!"
"အဲဒါ... အဲဒီလူရဲ့ ကျောပေါ်ကလူက— ရွှယ်နင် မဟုတ်ဘူးလား?"
တစ်ယောက်က အားရဝမ်းသာ အော်ဟစ်လိုက်၏။
"သခင်လေး! သခင်လေး! ကျွန်တော်တို့ ရွှယ်နင်ကို ရှာတွေ့ပြီ!"
စုကျန်း၏ နှလုံးသားက ရုတ်တရက် တင်းကျပ်သွားခဲ့သော်လည်း၊ ဝမ်းသာ၍လား သို့မဟုတ် အခြားအရာတစ်ခုခုကြောင့်လားဆိုတာကိုတော့ သူ မပြောပြနိုင်ခဲ့ပေ။
လေပြင်းများက သူ့ဝတ်ရုံစွန်းကို တလွင့်လွင့် ရိုက်ခတ်နေစဉ်၊ သူက အလျင်အမြန် လှည့်ကာ လီချန်ချဲ့တို့ လာနေသည့် လမ်းကြောင်းဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
နှင်းမြူများကြားတွင် လူများ၏ မျက်နှာအသွင်အပြင်များကို ရှင်းလင်းစွာ မြင်နိုင်ရန် ခက်ခဲပြီး၊ အထူးသဖြင့် ညချမ်းအချိန်သို့ ရောက်လုနီးပါး ဖြစ်နေသောကြောင့်ပင်။
ကောင်းကင်ကြီးမှာ တိမ်ဖုံးနေပြီး၊ အေးစက်သော လေပြင်းများက ဖြူစင်သော နှင်းပွင့်များကို သယ်ဆောင်လာကာ သူတို့၏ မျက်နှာများကို ဓားသွားများကဲ့သို့ စူးရှနာကျင်စေသည်။
နောက်ဆုံးတွင်၊ လီချန်ချဲ့၏ ကျောပေါ်၌ ပါလာသော ရွှယ်နင်၏ ဖရိုဖရဲဖြစ်နေသော်လည်း နီသွေးရောင်သန်းနေသည့် မျက်နှာလေးကို သူ မြင်တွေ့လိုက်ရသည်။
"ရွှယ်နင်..... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အဆင်အခြင်မဲ့ရတာလဲ! လူတိုင်း ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲဆိုတာ မင်း သိရဲ့လား?”