← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) - ပိုမိုဝေးကွာသွားသူ

စုကျန်း၏ မျက်ဝန်းများက အေးစက်တဲ့ ကြယ်ပွင့်များကဲ့သို့ ဖြစ်နေပြီး၊ သူ့မျက်နှာက ခက်ထန်တင်းမာနေသည်။ သူ့မေးရိုးစွန်းများက တင်းကြပ်နေပြီး၊ နက်မှောင်သော မျက်ဝန်းအိမ်ထဲတွင်မူ မသိမသာ ဖုံးကွယ်ထားသော ဒေါသများ ကိန်းအောင်းနေသည်။

အပြစ်တင်စကားများက ကျယ်ပြောသော နှင်းပြင်ကြီးကို ဖြတ်သန်းလာသော်လည်း၊ ရွှယ်နင်ကမူ စိတ်အနှောင့်အယှက်ဖြစ်မှုများကိုသာ ခံစားနေရသည်။

ထိုဆူပူကြိမ်းမောင်းသည့် စကားလုံးများနှင့် အေးစက်တဲ့ လေသံတို့ကို သူမ လုံးဝကို ငြီးငွေ့နေပြီ။

သူမရဲ့ အရင်ဘဝမှစပြီးတော့ ယခုဘဝတိုင်အောင် ထိုစကားများကိုသာ ကြားခဲ့ရသည်။

သူမ မျက်လွှာကို အေးစက်စက်နှင့် အားမပါစွာ ပင့်ကြည့်လိုက်ရာ၊ မောပန်းနွမ်းနယ်နေသော်လည်း ထိုခပ်ခွာခွာ အေးစက်မှုများကို သယ်ဆောင်ထားဆဲဖြစ်သော စုကျန်း၏ ချောမောသည့် မျက်နှာကို မြင်လိုက်ရသည်။

ထို့နောက် သူမက ဘာအမူအရာမှမပြဘဲ မျက်လုံးများကို ပြန်မှိတ်လိုက်၏။

မကြာမီမှာပင် သူမက လီချန်ချဲ့၏ ပုခုံးပေါ်သို့ ခေါင်းမှီချကာ အိပ်ပျော်သွားသည်။

စကားတစ်ခွန်း၊ အသံတစ်သံမျှ ထွက်မလာခဲ့ဘဲ၊ သူတို့နှစ်ယောက်က လုံးဝ သူစိမ်းများဖြစ်နေသည့်အလားပင်။

စုကျန်း မယုံနိုင်လွန်း၍ စကားပင် ဆို့နင့်သွားခဲ့၏။ ရက်အနည်းငယ်အတွင်းမှာပင် ရွှယ်နင်က သူ့အပေါ် ဘယ်လိုလုပ်ပြီး ဒီလောက် အေးစက်သွားနိုင်ရတာလဲ။ သူမ သူ့ကို လှမ်းကြည့်လိုက်တဲ့ မျက်ဝန်းထဲ၌ပင် သေဆုံးနေတဲ့ တိတ်ဆိတ်မှုများပဲ ပြည့်နှက်နေတယ်။

"ရွှယ်နင်"

သူမကို ဆွဲလုယူရန် သူ လက်လှမ်းလိုက်သည်။

လီချန်ချဲ့၏ မျက်နှာမှာ မှောင်မိုက်သွားပြီး၊ သူ၏ နှုတ်ခမ်းပါးများက အနည်းငယ် ပွင့်ဟသွားသည်။

"ဖယ်လိုက်။"

ရိုးရှင်းတဲ့ စကားလုံးနှစ်ခွန်းတည်းသာ ဖြစ်ပြီး ကျယ်လောင်စွာ ပြောလိုက်ခြင်း မဟုတ်သော်လည်း၊ ထိုစကားလုံးများက ကြီးမားသော ဖိအားများကို သယ်ဆောင်ထားလေသည်။

သူ့လှုပ်ရှားမှုများက သွက်လက်ဖျတ်လတ်နေပြီး၊ စုကျန်းကို ရွှယ်နင်၏ အင်္ကျီလက်စွန်းတစ်ဖက်ကိုမျှ ထိခွင့်မပေးခဲ့ပေ။

ဒေါသထွက်သွားတဲ့ စုကျန်းက သူ့မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်းလိုက်ပြီး၊ သူ၏ ရှည်လျားသော ဖီးနစ်မျက်ဝန်းများထဲတွင် အေးစက်မှောင်မိုက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြတ်ပြေးသွားသည်။

"လီချန်ချဲ့... မမေ့နဲ့— သူ(မ)က ရွှမ်းယီနယ်စားမင်းအိမ်တော်က လူပဲ!"

"ဒီရက်တွေတစ်လျှောက်လုံး မင်းတို့ အတူတူရှိနေခဲ့ကြတာလား?"

"မင်းတို့ ဘယ်မှာပုန်းနေခဲ့ကြတာလဲ?"

"သူ(မ)ကို မင်း ဘာတွေလုပ်ခဲ့သေးလဲ?"

"သူ(မ)က လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ပဲ ရှိသေးတယ်။ မင်းလို ဆွေမျိုးမတော်စပ်တဲ့ ယောက်ျားတစ်ယောက်နဲ့ လေးငါးရက်လောက် နှစ်ယောက်တည်း အတူရှိနေခဲ့တာ။ သူ(မ)ရဲ့ ဂုဏ်သိက္ခာက ဘာဖြစ်သွားမလဲ?"

သူက ဒေါသထွက်နေသလို ရှက်ရွံ့မှုကိုလည်း ခံစားနေရသော်လည်း၊ သူ အမှန်တကယ် ဘာကိုဒေါသထွက်နေလဲဆိုတာကိုတော့ သေချာနားမလည်နိုင်ခဲ့ပေ။

လီချန်ချဲ့က သူမကို ပိုင်စိုးပိုင်နင်း ကျောပိုးထားတဲ့ အပြုအမူကြောင့် သူ ဒေါသထွက်နေတာလည်း ဖြစ်နိုင်တယ်။

ရွှယ်နင်က အခြားယောက်ျားတစ်ယောက်ရဲ့ ပုခုံးကိုမှီပြီး အမှန်တကယ် အိပ်ပျော်သွားနိုင်တဲ့အတွက် ဒေါသထွက်နေတာလည်း ဖြစ်နိုင်တယ်။

လီချန်ချဲ့က လှောင်ပြောင်သရော်သည့် ရယ်သံတိုးတိုးတစ်ခုကို ပြုလုပ်လိုက်ပြီး၊ ခေါင်းကို အနည်းငယ် စောင်းလိုက်သည်။ သူ၏ အေးစက်စက် မက်မွန်ပွင့်မျက်ဝန်းများထဲတွင်မူ စူးရှထိုးဖောက်နိုင်စွမ်းရှိသော အေးစက်မှုများ ပါဝင်နေသည်။

"ရှီဇီစု... ခင်ဗျားလည်း မမေ့ပါနဲ့— သူ(မ)က အခု ငါ့ရဲ့ စေ့စပ်ထားတဲ့ သတို့သမီးပဲ။ စေ့စပ်ထားတဲ့ စုံတွဲတစ်တွဲ အတူတူနေတာက သူ(မ)ရဲ့ ဂုဏ်သိက္ခာကို ဘယ်လိုများ ထိခိုက်စေနိုင်မှာလဲ?"

သူက အေးစက်စွာ သတိပေးလိုက်သည်။

"င့ါရဲ့ စေ့စပ်ထားတဲ့ သတို့သမီး" ဟူသော စကားလုံးများက ထက်မြက်သော ဓားမြှောင်များကဲ့သို့ စုကျန်း၏ နှလုံးသားထဲသို့ တိုက်ရိုက် စိုက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့လည်ချောင်းများ တင်းကျပ်သွားပြီး၊ ခေါင်းထဲတွင် စူးရှသော နာကျင်မှုတစ်ခုက တစ်ဖန် ပြန်လည်ကိုက်ခဲလာသည်။

လီချန်ချဲ့က ရွှယ်နင်၏ ခေါင်းမှ ပြေကျနေသော ဆံနွယ်လေးများကို ဘေးတိုက်လှမ်းကြည့်လိုက်ပြီး သူ၏ အေးတိအေးစက် မျက်နှာပေါ်တွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ မတွေ့ရချေ။

"ထျန်းယွမ်တောင်ပေါ်မှာ သူ(မ)ကို သေလမ်းဆီ ကိုယ်တိုင် ပို့ပေးခဲ့တာက ခင်ဗျားပဲလေ၊ ရှီဇီစု အခုကစပြီး ခင်ဗျားလို ကံဆိုးမိုးမှောင်ကျစေတဲ့သူက သူ(မ)နဲ့ ဝေးဝေးမှာ နေတာ အကောင်းဆုံးပဲ။"

စုကျန်းက ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သည်။

"လီချန်ချဲ့—"

လီချန်ချဲ့က သူ့ကို မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်ပြီး အေးစက်စွာ ဖြတ်ပြောလိုက်၏။

"ဒါ့အပြင်... ရှီဇီစုက သူ(မ)ကို မကြိုက်မှတော့၊ သူ(မ)ကို လွှတ်ပေးလိုက်ပါ။"

စုကျန်း၏ နှုတ်ခမ်းများ ပွင့်ဟသွားပြီး၊ မျက်နှာမှာ ရေညှစ်ချလို့ရမတတ် အလွန်အမင်း မှောင်မိုက်နေခဲ့သည်။

"ငါ သူ(မ)ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မင်းနဲ့ ဘာမှမဆိုင်ဘူး—"

လီချန်ချဲ့က စုကျန်းရဲ့ အဓိပ္ပာယ်မဲ့တဲ့ ရှင်းပြချက်များကို သည်းခံနားထောင်ပေးရန် စိတ်ရှည်မှုမရှိတော့ချေ။

"သူ(မ) သမားတော်ပြဖို့ လိုနေတယ်။ ရွှယ်နင်ကို နယ်စားမင်းအိမ်တော်ဆီ အသက်ရှင်ရက် ပြန်ရောက်စေချင်သေးတယ်ဆိုရင် ဖယ်လိုက်စမ်းပါ။ ခင်ဗျား သူ(မ)ကို တစ်ကြိမ် သတ်ခဲ့ပြီးပြီ။ ဒုတိယအကြိမ် ထပ်ဖြစ်တာကို ငါ မလိုလားဘူး။"

စုကျန်း၏ နက်မှောင်သော အကြည့်များက လီချန်ချဲ့၏ သေသပ်ခန့်ညားသော မျက်နှာပေါ်တွင် အချိန်အတန်ကြာ ရပ်တန့်နေခဲ့သည်။

ရွှယ်နင်၏ မျက်လုံးများ မှိတ်ထားဆဲဖြစ်ပြီး၊ သူမ၏ နှုတ်ခမ်းများက ဖြူဖျော့ဖျော့ အရောင်သန်းနေသည်။

သူမရဲ့ မျက်နှာကို သန့်စင်အောင် ဆေးကြောထားသော်လည်း၊ ထင်ရှားသော အမာရွတ်များစွာ ကျန်ရှိနေဆဲပင်။

ထို့နောက် လီချန်ချဲ့၏ လည်ပင်းကို ဖက်ထားသော သူမ၏ လက်များ— လက်ကောက်ဝတ်ရှိ အရာများမှာ ညိုမည်းနေလေ၏။

ထိုနေ့က ဓားပြများက သူမကို ဘယ်လောက်အထိတင်းကျပ်စွာ တုပ်နှောင်ထားခဲ့တယ်ဆိုတာ ထိုအရာများက ပြသနေသည်။

စုကျန်းသည် နှုတ်ခမ်းကို တင်းကျပ်စွာ စေ့ပိတ်လိုက်သည်။ ထိုအမျိုးသား၏ အေးစက်ကာ ခြိမ်းခြောက်နေသော အကြည့်များအောက်တွင်၊ နောက်ဆုံး၌ သူက လေးလံနေတဲ့ ခြေလှမ်းများကို ဘေးသို့ ရွှေ့ပေးလိုက်လေသည်။

ရွှယ်နင်က အမှန်တကယ်ပင် အိပ်မောကျသွားဟန်ရှိပြီး၊ သူမ၏ နူးညံ့သော ပါးပြင်လေးက ထိုအမျိုးသား၏ ကျောပြင်ပေါ်တွင် ဖိကပ်ထားသည်။

လီချန်ချဲ့သည် ရင်ထဲတွင် နူးညံ့သွားပြီး သူမကို ကျောပိုးလျက် ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ မကြာမီမှာပင် သူတို့သည် ဝေ့မိသားစုဝင်များနှင့် ဆုံတွေ့သည်။

လေနှင့် နှင်းများ ဖုံးလွှမ်းနေသော ဝေ့ကျန့်လန်သည် အလွန်တရာ ရိုသေပြူငှာစွာဖြင့် အလျင်အမြန် ရှေ့ထွက်လာသည်။

သို့သော် သူ့မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

"နင်နင် အခြေအနေ ဘယ်လိုရှိလဲ?"

လီချန်ချဲ့က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

"သူ(မ) အသက်အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့် သမားတော်ပြဖို့တော့ လိုတယ်"

ဝေ့ကျန့်လန်၏ မျက်နှာဟာ ဖြူရော်နေပြီး အမူအရာမှာလည်း ရှုပ်ထွေးနေသည်။ သူက စကားမပြောမီ အနည်းငယ် တုံ့ဆိုင်းသွား၏။

"ကျွန်တော် ချက်ချင်း စီစဉ်ပေးပါ့မယ်"

လီချန်ချဲ့က ခပ်တိုးတိုး "အင်း" ဟု တုံ့ပြန်လိုက်ပြီး ဝေ့ကျန့်လန်က ကူညီရန် ရှေ့တိုးလာချိန်တွင် ဘေးသို့ အနည်းငယ် ရှောင်ဖယ်လိုက်သည်။

"သူ(မ)က ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့ သတို့သမီးပါ။ ကျွန်တော် ကျောပိုးတာကပဲ သင့်တော်ပါတယ်။"

ဝေ့ကျန့်လန်၏ လက်များ အနည်းငယ် ရပ်တန့်သွားပြီး သူ့ရင်ထဲမှ ခါးသီးမှုများကို ဖိနှိပ်ထားလိုက်သည်။

"ကောင်းပါပြီ..."

လူအုပ်ကြီးသည် အလျင်အမြန် ထွက်ခွာသွားကြလေသည်။

ဝေ့ကျန့်လန်သည် တောင်တက်လမ်းပေါ်တွင် မြင်းလှည်းတစ်စီးကို ကြိုတင် ပြင်ဆင်ထားပြီးဖြစ်၏။

သူက ရွှယ်နင်ကို ရှာဖွေပြီး တောင်အောက်သို့ ခေါ်ဆောင်သွားရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ယခု လီချန်ချဲ့ပါ ရှိနေသဖြင့် သူ အတော်လေး စိတ်သက်သာရာ ရသွားသည်။

သူက မြင်းလှည်းကန့်လန့်ကာကို မတင်ပြီး အတွင်းသို့ ဝင်လိုက်တဲ့အချိန် သူ့အကြည့်များက လီချန်ချဲ့၏ ရင်ခွင်ထဲရှိ ရွှယ်နင်အပေါ်သို့ ကျရောက်သွားသည်။

ကလေးငယ်တစ်ဦးလိုမျိုး အိပ်မောကျနေတဲ့ သူမကို မြင်လိုက်ရချိန်တွင် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး၊ ရက်အတော်ကြာ သူ့ကို ဖိစီးနေခဲ့တဲ့ တင်းမာမှုများက နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။

...

ထျန်းယွမ်တောင်ခြေတွင်မူ၊ စုကျန်းတစ်ယောက်တည်းသာ မလှုပ်မယှက် တောင့်တင်းစွာ ရပ်ကျန်နေခဲ့သည်။

မော့ပိုင် ချဉ်းကပ်လာပြီး တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

"ရှီဇီ... သခင်လေးလီက ရွှယ်နင်ကို ခေါ်ပြီး အဝေးကြီး ရောက်သွားပါပြီ။ ကျွန်တော်တို့ အိမ်တော်ကို ပြန်ကြတော့မလား?"

စုကျန်း ညဘက် ကောင်းကောင်းမအိပ်ရတာ ရက်အတော်ကြာခဲ့ပြီ။

ယခု သူ့အမြင်အာရုံများက ခဏခဏ မှောင်မိုက်သွားခဲ့ပြီး၊ ရွှယ်နင်ကို ရှာတွေ့လိုက်သည့် အခိုက်အတန့်တွင် ဖော်ပြ၍မရနိုင်လောက်အောင် မောပန်းနွမ်းနယ်မှုကြီးက သူ့ကို လွှမ်းခြုံသွားသည်။

လီချန်ချဲ့၏ ထွက်ခွာသွားတဲ့ ကျောပြင်ကို သူ အေးစက်စွာ စိုက်ကြည့်နေရင်း၊ ရွှယ်နင်က သူ့ဆီကနေ တဖြည်းဖြည်း ပိုဝေးကွာသွားပြီဟု အကြောင်းပြချက်မရှိဘဲ ခံစားနေရသည်။

ဒါပေမဲ့... အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သူက သူမကို ငယ်စဉ်ကတည်းက မျက်စိအောက်မှာ ထားပြီး ကြီးပြင်းလာသည်အထိ စောင့်ကြည့်ခဲ့ရသူ ဖြစ်သည်။ ငယ်ငယ်ကဆိုလျှင် သူမက စကားတစ်ခွန်းပြောတိုင်း "ရှီဇီအစ်ကို" ဟု နှုတ်မှ မချတမ်း ခေါ်လေ့ရှိခဲ့သည်။

အရွယ်ရောက်လာသည့်တိုင် သူမ၏ မျက်ဝန်းအိမ်များထဲတွင် သူ့အပေါ်ထားသည့် သံယောဇဉ်အရိပ်အယောင်များ အမြဲတစေ ကိန်းအောင်းနေခဲ့ပြီး၊ ငွေခွက်ထဲတွင် ဝေဝါးလှုပ်ရှားနေသော ပြဒါးနက်အိုင်လေးနှစ်ခုကဲ့သို့ တောက်ပလင်းလက်နေခဲ့သည်။

သူမက သူ့ကို ချစ်မြတ်နိုးခဲ့ပြီး အရာရာမှာ အားကိုးတကြီး ရှိခဲ့တယ်။ အဲ့လိုမျိုး သူမက အခြားယောကျာ်းတစ်ယောက်နဲ့ လိုက်သွားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခုတစ်ကြိမ်သာ... သူက သူမ စိတ်ကို နာကျင်စေမိလို့ ဒေါသထွက်နေတာပဲ ဖြစ်လိမ့်မယ်။

"မော့ပိုင်... သူ(မ)စိတ်ဆိုးနေတယ်လို့ မင်း ထင်သလား။"

မော့ပိုင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ ကြည့်မိသရွေ့ ရွှယ်နင်က စိတ်ဆိုးနေခြင်း မဟုတ်ဘဲ နှလုံးသားတစ်ခုလုံး ကြေကွဲပျက်စီးသွားခြင်းသာ ဖြစ်ပုံရသည်။

သို့သော် သူက ထိုအချက်ကို တိုက်ရိုက်မပြောဝံ့သဖြင့် အရိပ်အမြွက်မျှသာ အရဲစွန့်၍ ပြောလိုက်သည်။

"ရှီဇီ... အဲ့လိုအခြေအနေမျိုးမှာ ဘယ်သူက စိတ်မဆိုးဘဲ နေနိုင်ပါ့မလဲ။ သခင်လေးလီသာ အချိန်မီ မရှိခဲ့ရင် ရွှယ်နင်က ကမ်းပါးယံကနေ ခုန်ချပြီးကတည်းက သေဆုံးသွားလောက်ပါပြီ..."

"သေဆုံး" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် စုကျန်း၏ ဦးနှောက်ထဲတွင် စူးခနဲ နာကျင်သွားပြီး နှလုံးသားတစ်ခုလုံး ကျောက်တုံးကြီးတစ်ခုဖြင့် ဖိနှိပ်ထားသကဲ့သို့ လေးလံထိုင်းမှိုင်းသွားခဲ့သည်။

လည်ချောင်းဝတွင် တစ်ဆို့သွားကာ သူက အတန်ကြာမျှ စကားမဆိုနိုင်ဘဲ ရှိနေစဉ်၊ မော့ပိုင်၏ လှမ်းခေါ်သံကြောင့်သာ အသိစိတ် ပြန်ပွင့်လာခဲ့သည်။

"ရှီဇီ... ရှီဇီ?"

ခြောက်သွေ့အေးစက်သော လေနှင်းမုန်တိုင်းကြားတွင် စုကျန်း၏ နှုတ်ခမ်းပါးများ ဖြူလျော်သွားသည်။

"မင်း ဘာပြောလိုက်တာလဲ။"

မော့ပိုင် နှုတ်ခမ်းကို စေ့ပိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။

"ရွှယ်နင်က ထွက်သွားပါပြီ... ကျွန်တော်တို့ အိမ်တော်ပြန်ပြီး ကျန်းဖူရန်ဆီ သတင်းစကား ပါးသင့်ပါပြီ။ သခင်မလည်း ရွှယ်နင်အတွက် စိုးရိမ်လွန်းလို့ မကျန်းမမာ ဖြစ်နေတယ်။"

စုကျန်း အသိဝင်လာပြီး အေးစက်လှသော "အင်း" ဟူသည့် အသံတစ်ချက်သာ ပြုလုပ်လိုက်တော့သည်။

မော့ပိုင်က သူ့သခင်ဖြစ်သူ အရင်အတိုင်း ပြန်လည်တည်ငြိမ်သွားတာကို ရိပ်မိသဖြင့် ခြုံထည်ကို ယူဆောင်လာရန် အစေခံတစ်ဦးအား အမြန်စေခိုင်းလိုက်သည်။

"ရာသီဥတုက အရမ်းအေးပါတယ် ရှီဇီ၊ ဒီဝတ်ရုံကို ခြုံထားပါ။"

စုကျန်း ခေါင်းညိတ်ပြလျက် ဝတ်ရုံကို ကိုယ်တွင် သေချာစွာ ပတ်ခြုံလိုက်သည်။ အေးစိမ့်သော လေညင်းက လည်ပင်းနောက်ဆီသို့ ဖြတ်သန်းတိုက်ခတ်သွားရာ သူ၏ သွားများပင် တဂတ်ဂတ် တုန်ယင်လာရသည်။

ယခု ရွှယ်နင်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်လို့ မိခင်ဖြစ်သူထံ ပြန်အစီရင်ခံနိုင်ပြီ။ သူမ စိတ်ကောက်၍ ဂျီကျနေခြင်း ရှိ၊ မရှိ ဟူသောအချက်မှာမူ... သူ့အတွက် လုံးဝ အရေးမပါသည့် ကိစ္စရပင်။

သူက ငယ်စဉ်ကတည်းကပင် သူမကို စကားအလွန်များလွန်းသဖြင့် အထိန်းတော်အိုကြီးတစ်ဦးကဲ့သို့ မြင်ခဲ့သူ ဖြစ်သည်။ သူမက စိတ်ကောက်နေသည်ဖြစ်စေ၊ ကလေးဆိုး ဆိုးနေသည်ဖြစ်စေ သူ နောက်နောင်မှာ ကိုယ်တိုင်သွားရောက် ချော့မြှူတော့မှာ မဟုတ်ဘူး။

သူမသာ အကောင်းအဆိုးကို သိနားလည်ပြီး သူ့ဆီ လာအညံ့ခံ အပြစ်ဝန်ခံပါက သူမအပေါ် နားလည်ငဲ့ညှာမှု အနည်းငယ် ပြန်ပေးသနားနိုင်တယ်။

မဟုတ်ပါက သူမ မင်္ဂလာဆောင်တဲ့နေ့မှာ မင်္ဂလာဆောင်ခန်းမသို့ သွားရန် အိမ်တော်အတွင်းမှ ကျောပိုး၍ ခေါ်ဆောင်ပေးရန် တောင်းဆိုလာလျှင် အပြတ်အသတ် ငြင်းဆန်ပစ်မည်။

သူမက သူ့အပေါ် အမြဲတမ်း အလျော့ပေး အညံ့ခံလာရစမြဲဖြစ်ရာ— ယခုလည်း သေချာပေါက် အလျော့ပေးလာလိမ့်မယ်။

...

မြင်းလှည်းသည် ညင်သာစွာ လှုပ်ခါလျက် ခရီးဆက်နေပြီး ရွှယ်နင်သည်လည်း ဝေဝါးမှိန်းမောကာ အိပ်စက်နေခဲ့သည်။ သို့သော် ခရီးလမ်းတစ်လျှောက်တွင် သူမက အိပ်မက်ဆိုးတစ်ခုကို မက်နေခဲ့သည်။

စုကျန်းက သူမအား တောက်လောင်နေသော မီးပုံကြီးထဲသို့ ရက်ရက်စက်စက် တွန်းချလိုက်သည့် အိပ်မက်ပင်။ ဝုန်းဝုန်းတောက်လောင်နေသော မီးလျှံများက သူမ၏ စကတ်စမှတစ်ဆင့် ကိုယ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကူးစက်လာခဲ့သည်။

ထိတ်လန့်တကြား ဖြစ်သွားတဲ့ သူမက ကိုယ်ပေါ်မှ မီးများကို ငြှိမ်းသတ်ရန် လော့မြစ်ကြီးထဲသို့ ငုပ်လျှိုးခုန်ချလိုက်ရတော့သည်။ ရေထဲမှ အလူးအလဲရုန်းကန်ကာ ကမ်းစပ်သို့ ကုတ်ကတ်တက်လာချိန်တွင်မူ စုကျန်းသည် ကမ်းပါးပေါ်၌ ရပ်လျက် အေးစက်တင်းမာသော မျက်နှာထားဖြင့် သူမကို ငုံ့ကြည့်ကာ၊ အတ္တကြီး၍ ဇွတ်တရွတ်နိုင်တယ်လို့ ဆူပူကြိမ်းမောင်းနေခဲ့ပြန်သည်။

All Chapters