← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) နွေဦး တော်ဝင်စာမေးပွဲကြီး နီးကပ်လာပြီ

ရွှယ်ယန်ရန်က သူမ၏ သူငယ်ချင်းကောင်းအိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ အရင်ကတော့ ရွှယ်နင် သတိရလာပြီလားဆိုတာကိုသာ လာကြည့်ခဲ့ခြင်း ဖြစ်သည်။ ယနေ့တော့ စိတ်အေးသွားရပြီဖြစ်၍ ရွှမ်းယီနယ်စားမင်းအိမ်တော်အကြောင်းကို စတင်စပ်စုချင်စိတ် ပေါ်လာသည်။

ရွှယ်နင်သည် ဖြူစင်ရိုးသားတဲ့ ရွှယ်ယန်ရန်ကို တကယ်ပင် ခင်မင်မိသဖြင့် သူမနှင့်အတူ စိတ်ရှည်လက်ရှည် စကားပြောပေးနေခဲ့သည်။

ရွှယ်ယန်ရန်က မကြာမီကျင်းပတော့မည့် မင်္ဂလာပွဲအကြောင်းကို စိတ်ဝင်စားသွား၏။

"အစ်မရဲ့ ခင်ပွန်းလောင်းက ဘယ်မိသားစုကလဲဟင်"

ဖုံးကွယ်ထား၍မရမှန်း ရွှယ်နင် သိသည်။

"သူ့မျိုးရိုးနာမည်က လီ လို့ခေါ်တယ်"

ရွှယ်ယန်ရန်က မေးလိုက်သည်။

"အားချဲ့တို့ မိသားစုကလားဟင်"

ရွှယ်နင်က ရွှယ်ယန်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို အသာစေ့ကာ ခဏအကြာတွင် ခေါင်းညိတ်ပြလိုက်၏။

"အင်း"

ရွှယ်ယန်ရန် ဆွံ့အသွားသည်။ သူမ၏ ငယ်ရွယ်သော အသက်အရွယ်အရ ခံစားချက်များကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်ဝမ်းနည်းသွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာပြီး မျက်တောင်စွန်းများ နီရဲလာကာ အစာလုခံလိုက်ရသည့် ခွေးပေါက်စလေးတစ်ကောင်နှင့် တူသွားတော့သည်။

ရွှယ်နင် အထင်လွဲမည်စိုး၍ ခေါင်းငုံ့ထားလိုက်ပြီးနောက် မျက်နှာကို ပြန်မော့ကာ အတင်းပြုံးပြလိုက်သည်။

"အားချဲ့ကလည်း ရုပ်ချောသလို အစ်မ ရွှယ်နင်ကလည်း လှပါတယ်။ အစ်မတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တဲ့ စုံတွဲပဲ"

ရွှယ်နင်က မိန်းကလေးငယ်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း ရင်ထဲ မကောင်းဖြစ်သွားရသည်။ သူမ တန်ဖိုးထားရသူကို မိမိက လုယူလိုက်သလိုမျိုး အပြစ်ရှိသလို ခံစားရတာကြောင့် ကောင်မလေးကို အရင်ဆုံး နှစ်သိမ့်ပေးရန်သာ တတ်နိုင်တော့သည်။

ထို့ကြောင့် အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်သည်။

"ဟုတ်လို့လား။ ဒါပေမဲ့ တကယ်လိုက်ဖက်မှု ရှိ၊ မရှိဆိုတာက လက်ထပ်ပြီးမှပဲ သိရမှာလေ။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ကွာရှင်းလမ်းခွဲလို့ ရသေးတာပဲ"

ရွှယ်ယန်ရန်က မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

"ကွာရှင်းလမ်းခွဲမယ်..."

ရွှယ်နင်က ညင်သာစွာ ပြုံးလိုက်ရင်း သတိပေးလိုက်သည်။

"အင်း... ဒါကြောင့် မင်းသမီးလေးအနေနဲ့ နားလည်ထားဖို့က နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်ပါ။ နောက်တစ်နှစ်၊ ဒါမှမဟုတ် နှစ်ဝက်လောက်ဆိုရင်ပဲ အားချဲ့နဲ့ ကျွန်မ ကွာရှင်းဖြစ်လောက်တယ်"

ရွှယ်ယန်ရန်အတွက်တော့ ဒါက အရမ်းထူးဆန်းနေတယ်။

အားချဲ့က သူမကို ပြောခဲ့ဖူးတာ သူသာ လက်ထပ်ခဲ့ရင် ဒီတစ်သက် ဘယ်တော့မှ ကွာရှင်းမှာမဟုတ်ဘူး ဟူ၍ဖြစ်သည်။

ထို့အပြင် နှစ်သစ်ကူးအကြိုညက သူမ သူ့ကို ရင်ဖွင့်ဝန်ခံခဲ့သေး၏။

ထိုအချိန်က သူ့ရင်ထဲမှာ လူတစ်ယောက်ရှိနေပြီဖြစ်ပြီး လက်ထပ်ဖို့ ပြင်ဆင်နေပြီလို့ သူက ပြောခဲ့သည်။

အဲဒီလူက အစ်မ ရွှယ်နင်ပဲ ဖြစ်ရမှာပေါ့၊ ဟုတ်တယ်မလား။

ဘာလို့ အစ်မ ရွှယ်နင်က ကွာရှင်းဖို့ကို ပြောနေရတာလဲ။

ဒါမှမဟုတ် အစ်မ ရွှယ်နင်က အားချဲ့ကို မကြိုက်လို့များလား။

သူမ ခေါင်းကုတ်လိုက်မိပြီး တကယ်ကို နားမလည်နိုင်အောင် ဖြစ်သွား၏။

ဒါပေမဲ့ သူမက သူတစ်ပါး တန်ဖိုးထားရတဲ့အရာကို လုယူမည့်လူစားမျိုး မဟုတ်ပေ။ အားချဲ့က အစ်မ ရွှယ်နင့်ကို တကယ်သဘောကျနေရင် သူ့ကို လုယူဖို့ ကြိုးစားမှာ မဟုတ်ဘူး။

"အစ်မရဲ့ မင်္ဂလာပွဲကို ညီမ လာလို့ရမလားဟင်"

ထင်မှတ်မထားစွာပင် ရွှယ်ယန်ရန်၏ ဝမ်းနည်းမှုက ခဏတာမျှသာ ကြာမြင့်ခဲ့သည်။ ရွှယ်နင်က ခဏမျှ အံ့သြသွားပြီးနောက် နွေးထွေးစွာ ပြုံးလိုက်သည်။

"ရတာပေါ့။ မင်းသမီးလေး လာချင်တယ်ဆိုရင် ကျွန်မ စီစဉ်ပေးမှာပေါ့"

ရွှယ်ယန်ရန် ချက်ချင်းပင် မျက်နှာလေး ဝင်းလက်သွားကာ မုန့်တစ်ချပ်ကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

"ဒါက ညီမ ပထမဆုံးအကြိမ် မင်္ဂလာပွဲ တက်ဖူးမှာပဲ။ အရမ်းစိတ်လှုပ်ရှားနေပြီ"

"သခင်မလေး... ဆေးသောက်ရမယ့် အချိန်ရောက်ပါပြီ"

ဆေးအိုးက မီးဖိုပေါ်မှာ အချိန်တော်ကြာ တည်ထားခဲ့ခြင်း ဖြစ်သည်။ ပေါင်ချန်က "အို... ဒုက္ခပါပဲ" ဟု အာမေဍိတ်သံပြုကာ အလျင်စလို ပြေးထွက်သွားတော့သည်။

စင်္ကြံလမ်းအောက်ရှိ မီးအိမ်များ လင်းထိန်လာသည်နှင့်အမျှ ချီယွင်ဆောင်တစ်ခုလုံးသည် ရပ်တန့်နေသော ရေအိုင်တစ်ခုထဲ ရေသစ်များ ဝင်ရောက်လာသကဲ့သို့ ရုတ်တရက် အသက်ဝင်လာခဲ့သည်။

...

မင်ယွဲ့ဆောင်တွင်လည်း ရွှယ်နင် သတိရလာပြီဆိုသည့် သတင်းကို စုကျန်း သိရှိခဲ့သည်။

သူက လက်ထဲတွင် အမှုတွဲမှတ်တမ်းတစ်ခုကို အချိန်ကြာမြင့်စွာ ကိုင်ထားခဲ့သော်လည်း ထိုစာမျက်နှာတစ်ခုတည်း၌ပင် တဝဲလည်လည် ဖြစ်နေသည်။

စာကြည့်ဆောင်အတွင်း ကြေးငှက်မီးအိမ်လေး လင်းထိန်နေသော်လည်း သူ အာရုံစူးစိုက်၍ မရနိုင်ခဲ့ပေ။

"ဘုန်း" ခနဲ မြည်သံနှင့်အတူ သူက အမှုတွဲကို စာကြည့်စားပွဲပေါ်သို့ ပစ်ချလိုက်၏။

လတ်တလောရက်များအတွင်း မင်ယွဲ့ဆောင်၏ လေထုမှာ အလွန် တင်းမာနေခဲ့သည်။

မော့ပိုင်သည် နေ့စဉ်ရက်ဆက် သတိထားကာ အလုပ်လုပ်နေခဲ့ရသည်။

အခုလည်း သူ့သခင် ဒေါသပေါက်ကွဲနေတာကို မြင်လိုက်ရသဖြင့် သူ အဝေးဆုံးကို ပြေးထွက်သွားချင်စိတ် ပေါက်သွားသည်။

သူ ခြေလှမ်းစရွှေ့လိုက်စဉ်မှာပင် အခန်းတွင်းမှ သခင်ဖြစ်သူ၏ အက်ရှရှအသံတိုးတိုးကို ကြားလိုက်ရသည်။

"သူ(မ) အခြေအနေ ဘယ်လိုရှိလဲ သွားကြည့်ချေ"

မော့ပိုင် နှုတ်ခမ်းတွန့်သွားသည်။

"ရှီဇီ ကိုယ်တိုင် သွားကြည့်တာ ပိုမကောင်းဘူးလား"

စုကျန်းက အမှုတွဲကို ပြန်ကောက်ကိုင်လိုက်ပြီး အကြည့်လွှဲလိုက်သည်။

"ငါ စိတ်မပူဘူး"

"အာ..."

မော့ပိုင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဒါဆို ကျွန်တော်ပဲ သွားကြည့်လိုက်ပါ့မယ်"

စုကျန်းက ဘာမှမပြောဘဲ တိတ်တဆိတ် သဘောတူလိုက်သော်လည်း သူ့အာရုံမှာ အမှုတွဲပေါ်တွင် မရှိတော့သည်မှာ ကြာပြီဖြစ်သည်။

မော့ပိုင် အပြင်သို့ ထွက်လာသည်နှင့် ကြက်ပေါင်းရည် သယ်လာသော မင်းသမီးရှို့နင်းနှင့် ဆုံလိုက်ရသည်။ သူ အရိုအသေပေးလိုက်ပြီးနောက် ချီယွင်ဆောင်ဘက်သို့ ထွက်လာခဲ့သည်။

ရှဲ့နင်းထန်က သူ့ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ စာကြည့်ဆောင်ဆီသို့ ဆက်လျှောက်သွားသည်။

စုကျန်းက ခေါင်းမမော့လာဘဲ သူ့အကြည့်များက ရှေ့ရှိ စာရွက်စာတမ်းများပေါ်တွင်သာ စူးစိုက်နေဆဲဖြစ်၏။

ရွှယ်နင် သတိရလာတာကို စုကျန်း လျစ်လျူရှုထားနိုင်ဆဲဖြစ်တာကို မြင်တဲ့အခါ ရှဲ့နင်းထန်က ကြက်ပေါင်းရည်ကို စားပွဲပေါ်ချလိုက်ပြီး ညင်သာစွာ ပြုံးပြလိုက်သည်။

"ရှီဇီအစ်ကို... မနက်ဖြန် ကျွန်မရဲ့ အဖေက တုန်းကျင်းကို ရောက်လာတော့မယ်။ သူ့ကို သွားကြိုဖို့ ကျွန်မတို့ အတူတူ သွားကြမလား"

စုကျန်း၏ အေးစက်နေသော မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး သူမကို တစ်ချက်ကြည့်ကာ "အင်း" ဟု တုံ့ပြန်လိုက်သည်။

ရှဲ့နင်းထန်ကတော့ စုကျန်း၏ ခပ်ကင်းကင်းနေတတ်သော အကျင့်ကို ရိုးအီနေပြီဖြစ်ပြီး သူတို့ လက်မထပ်ရသေးတာကြောင့်ဟုသာ မှတ်ယူထားလိုက်သည်။

သူ၏ အသက်အရွယ်အရဆိုလျှင် စုကျန်းက နွေးထွေးကြင်နာမှုများကို နှစ်သက်သင့်ပြီ။

သူတို့ လက်ထပ်ပြီးသွားရင်တော့ သူလည်း သူမရဲ့ ဆွဲဆောင်မှုများကို နားလည်သဘောကျလာလိမ့်မယ်။

ဒါကြောင့် သူမ လောစရာမလိုပေ— သူမမှာ သည်းခံနိုင်စွမ်း အများကြီး ရှိတယ်။

နှမြောစရာကောင်းတာက ဤတစ်ကြိမ်တွင် ရွှယ်နင်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် သူမ ကျရှုံးသွားခဲ့ခြင်းပင်။

အဲ့လိုဆိုပေမယ့် ထိုဓားပြများက ရွှယ်နင်နှင့် စုကျန်းတို့ လုံးဝ အဆက်အသွယ်ပြတ်သွားစေရန် မရည်ရွယ်ဘဲ အကူအညီကြီး ပေးခဲ့ကြသေး၏။

နှေးကွေးသော အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းထက်တွင် ပေါ်လာပြီး ရင်ထဲ၌ ကျေနပ်မှုတို့ ပြည့်လျှံနေတော့သည်။

ရှဲ့နင်းထန်က ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း သူမ၏ဖခင် မြို့တော်သို့ ရောက်လာသည်နှင့်အတူ စုကျန်းနှင့် မင်္ဂလာပွဲရက်ကလည်း ပို၍ နီးကပ်လာပြီဟု တွေးနေမိသည်။

ထိုသို့တွေးမိသည်နှင့် ထိုအမျိုးသားအပေါ်ထားရှိသည့် သူမ၏ အကြည့်များမှာ ပို၍ပင် နူးညံ့ကြင်နာမှုတို့ဖြင့် ပြည့်နှက်လာတော့သည်။

စုကျန်းက စိတ်မရှည်သလို မေးလိုက်၏။

"တခြားကိစ္စ ရှိသေးလို့လား"

"အာ... မရှိပါဘူး..."

ရှဲ့နင်းထန်က နေရခက်စွာဖြင့် ခဏမျှ ဆက်ထိုင်နေပြီးမှ ပြောလိုက်သည်။

"ကျွန်မက ရှီဇီအစ်ကိုအဖော်ရအောင် လာထိုင်ပေးတာပါ"

စုကျန်း မျက်မှောင်ကုတ်ထားမိပြီး စိတ်ထဲတွင် မငြိမ်မသက် ဖြစ်နေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် မှောင်အတိကျနေပြီး မင်ယွဲ့ဆောင်တစ်ခုလုံး ခြောက်ကပ်အေးစက်နေ၏။

ရွှယ်နင် ဘယ်လိုနေနေပါလိမ့်ဟု သူ တွေးနေမိတယ်။

...

ရွှယ်နင်သည် ဆေးသောက်ပြီးနောက် ငိုက်မြည်းလာခဲ့သည်။

သူမ ခံတွင်းမကောင်းသဖြင့် ဆန်ပြုတ်တစ်ခွက်ကို အနိုင်နိုင်သောက်ပြီးနောက် ပင်ပန်းနွမ်းနယ်မှုကြောင့် ကုတင်ပေါ်သို့ ပြန်လှဲချလိုက်တော့သည်။

ရွှယ်ယန်ရန်က ရွှယ်နင် သေသွားပြီထင်ပြီး ထိတ်လန့်သွားသည်။

"ဒီဆန်ပြုတ်ထဲမှာ အဆိပ်ပါနေလို့လား"

ပေါင်ချန်က ရွှယ်နင်၏အသက်ရှူသံကို စမ်းသပ်ကြည့်ပြီးမှ ပြောလိုက်သည်။

"မင်းသမီးလေး မစိုးရိမ်ပါနဲ့။ သခင်မလေးက အားနည်းနေလို့ အိပ်ပျော်သွားတာပါ"

ရွှယ်ယန်ရန် အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။ ရွှယ်နင် အိပ်ပျော်သွားတာကြောင့် သူမလည်း မင်းသမီးအိမ်တော်သို့ ပြန်ရန်သာ ရှိတော့တယ်။

သခင်မကျန်းသည် ချီယွင်ဆောင်တွင် ညတစ်ဝက်ကျော်အထိ နေပေးခဲ့ပြီး မိုးလင်းခါနီးမှသာ ပြန်သွားခဲ့သည်။

ရွှယ်နင်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သဖြင့် တစ်စုံတစ်ယောက်က သူမကို ပို၍ကြာကြာ ငေးကြည့်နေချင်ရုံသက်သက်ဖြင့် ကုတင်ဘေးတွင် အချိန်အတော်ကြာ လာရောက်ရပ်နေခဲ့တာကို မသိလိုက်ရှာပေ။

သူမ အားအင်အနည်းငယ် ပြန်ပြည့်လာချိန်တွင် လဝက်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူမက အပြင်လောကကို စိတ်မဝင်စားဘဲ ခန္ဓာကိုယ်ပြန်လည်ကျန်းမာလာစေရန်သာ အာရုံစိုက်နေခဲ့သည်။

ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံး စည်ကားသိုက်မြိုက်လာပြီး အနီရောင်ပိုးထည်များဖြင့် ဝေဝေဆာဆာ ဆင်ယင်လာကြမှသာ အချိန်တွေ ဘယ်လောက်အထိ လျင်မြန်စွာ ကုန်လွန်သွားကြောင်း သူမ သဘောပေါက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နွေဦး တော်ဝင်စာမေးပွဲကြီး ကျင်းပရန် နီးကပ်လာခဲ့ပြီ။

သူမရဲ့ ကျန်းမာရေးက အတော်လေး ပြန်ကောင်းလာပြီဖြစ်သော်လည်း ရောဂါဟောင်းနှင့် ဒဏ်ရာအသစ်တို့ ပေါင်းစပ်မှုကြောင့် ချမ်းစိမ့်စိမ့်ဒဏ်ကိုတော့ အထူးခံစားနေရဆဲ ဖြစ်သည်။

သူမက အချိန်အများစုကို မီးသွေးမီးဖိုဖြင့် နွေးထွေးအောင် လုပ်ထားသော အခန်းထဲတွင်သာ ပုန်းအောင်းရင်း စာဖတ်ခြင်း သို့မဟုတ် အပ်ချုပ်ခြင်းများ ပြုလုပ်လျက် ကုန်ဆုံးစေခဲ့သည်။

သူမကိုယ်ပိုင် မင်္ဂလာဝတ်စုံကို ပန်းထိုးရန် အားအင်မရှိသော်လည်း ဝေ့ကျန့်ယန်က နေ့တိုင်းလာရောက် ကူညီပေးသည်။ မနေ့ကဆိုလျှင် အချိန်တော်တော် နောက်ကျသွားသဖြင့် သူမက ရွှယ်နင်၏ အခန်းထဲမှာပင် တစ်ညအိပ်သွားခဲ့သည်။

နောက်ပိုင်းတွင် လီချန်ချဲ့က မင်္ဂလာစေ့စပ်လက်ဆောင်များ သယ်ဆောင်၍ ရောက်ရှိလာသည့်နေ့၌ ရွှယ်နင်သည် အရှေ့ခြံဝင်းထဲသို့ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။

လှောင်အိမ်ထဲတွင် စေ့စပ်ခြင်း၏ အထိမ်းအမှတ်အဖြစ် သက်ဝင်လှုပ်ရှားပြီး ချစ်စရာကောင်းသော ငန်းတစ်စုံ ရှိနေကာ အရှေ့ခြံဝင်း၏ပင်မခန်းမဆောင်တွင်တော့ အနီရောင် သေတ္တာကြီးအချို့ကို စီရီချထားလေသည်။

ထိုအမျိုးသား၏ တည်ငြိမ်မြင့်မြတ်ပြီး ခန့်ညားသော မျက်နှာကို ဖျတ်ခနဲ မြင်လိုက်ရုံမျှဖြင့် သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။

သူ သူမဘက်သို့ လှည့်မကြည့်လာခင်မှာပင် သူမ အလျင်အမြန် နောက်ဆုတ်ကာ တံခါးအပြင်ဘက်၌ ပုန်းလိုက်သည်။

ဘာကြောင့်မှန်းမသိ၊ ဂူထဲမှာ သူကိုယ်တိုင် သူမရဲ့အဝတ်အစားများကို လဲလှယ်ပေးခဲ့ဖူးပြီး တစ်ယောက်ကိုတစ်ယောက် ဖက်လှဲတကင်းဖြင့် နွေးထွေးအောင် အတူအိပ်စက်ခဲ့ဖူးသော်လည်း တုန်းကျင်းသို့ ပြန်ရောက်လာသည့်အခါတွင်မူ သူ့ကို ကြည့်ရုံမျှဖြင့် သူမရင်ထဲတွင် နေရခက်မှုနှင့် ရှက်သွေးဖြာမှုတို့ဖြင့် ပြည့်နှက်နေမိတော့သည်။

ထို့ကြောင့် ဤကျန်းမာရေး ပြန်လည်ထူထောင်သည့် ကာလအတွင်း သူမ သူ့ကို တွေ့ရခဲသည်။

ဆွေးနွေးစရာ ကိစ္စရပ်များ ရှိလာလျှင်ပင် ဖူရှန်းကသာ သတင်းစကားလာပါးတတ်သည်။

သူမ စာပြန်အချို့ ရေးခဲ့သော်လည်း သူ စိတ်အနှောင့်အယှက်ဖြစ်သွားမည်စိုး၍ နောက်ဆုံးတွင်တော့ ဆက်မရေးတော့ပေ။

ဘာပဲပြောပြော မင်္ဂလာပွဲရက်ကလည်း နီးကပ်လာပြီဖြစ်တာကြောင့် သူတို့ ရှောင်လွှဲမရဘဲ ဆုံကြရဦးမှာပင်။

သို့သော်လည်း နွေဦး တော်ဝင်စာမေးပွဲကြီး နီးကပ်လာပြီဖြစ်တဲ့အတွက် သူမ သူ့ဆီ စာတစ်စောင်တော့ ရေးချင်မိသေးတယ်။

သုံးလပိုင်းသို့ ရောက်သော်လည်း နွေဦးနှောင်းပိုင်း၏ အအေးအကြွင်းအကျန်တို့ကြောင့် တုန်းကျင်းမြို့ကြီးသည် တစ်ကိုယ်လုံး တုန်ရီလောက်အောင်ပင် အေးစက်နေဆဲ ဖြစ်သည်။

ရံဖန်ရံခါ နှင်းဖွဲဖွဲလေးများ ကျတတ်ပြီး စာမေးပွဲခန်းမထဲတွင်မူ ပို၍ပင် ချမ်းစိမ့်သည်။ စာမေးပွဲဖြေဆိုမည့်သူများသည် ခန်းမထဲသို့ ဝင်သည်နှင့် သုံးရက်ဆက်တိုက် စာမေးပွဲဖြေဆိုခြင်းကို အံကြိတ်ခံကြရမည်ဖြစ်ရာ ဘယ်သူ့အတွက်မဆို ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ပင်။

စုကျန်း စာမေးပွဲဖြေဆိုခဲ့သည့်နှစ်က သူမက သူ့အတွက် ထူထဲတဲ့ ဝတ်ရုံအသစ်တစ်ထည်နှင့် မြေခွေးမွေးလက်အိတ်တစ်စုံကို ကိုယ်တိုင်ကိုယ်ကျ ချုပ်လုပ်ပေးခဲ့၏။

သို့သော် စုကျန်းက သူမပေးသည့်အရာများကို ဘာတစ်ခုမှ ယူမသွားခဲ့ဘဲ သူအမြဲဝတ်ဆင်လေ့ရှိသည့် အနက်ရောင်ဝတ်ရုံကြီးကိုသာ ခြုံ၍ သွားခဲ့သည်။

အဆုံးတွင်တော့ သူက ပထမအဆင့် 'ကျင့်ရှီ' ဘွဲ့ထူးကို ဆွတ်ခူးကာ ပြန်လာနိုင်ခဲ့သည်။

တော်ဝင်စာမေးပွဲကြီး ပြီးဆုံးသွားချိန်တွင်မူ သူက ထိုနှစ်၏ တစ်ပြည်လုံးအတိုင်းအတာဖြင့် ကျော်ကြားသော 'ကျွင်းယွမ်' ဖြစ်လာခဲ့တော့သည်။

ထိုစဉ်က သူမ ဘာမှနားမလည်ခဲ့ဘဲ သူက သူမပေးတဲ့ လက်ဆောင်များကို အထင်သေး၍ ယူမသွားခြင်းဟုသာ ထင်ကာ ရင်ထဲတွင် တိတ်တဆိတ် အကြာကြီး ဝမ်းနည်းပူဆွေးခဲ့ရသည်။

ယခု ပြန်တွေးကြည့်မှသာ သူမ အမှန်တရားကို သဘောပေါက်သွားတော့တယ်— စုကျန်းက သူမကို နမိတ်မကောင်းသည့် အမင်္ဂလာဟု သတ်မှတ်ထားပြီး သူမပေးတဲ့ပစ္စည်းများက သူ့ကို ကံဆိုးမှုများ သယ်ဆောင်လာမည်စိုး၍ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်ပေသည်။

သူမ နေမကောင်းဖြစ်နေသည့် အတောအတွင်း လီချန်ချဲ့အတွက် အအေးဒဏ်ခံ လက်အိတ်နှင့် ဒူးစွပ်များကိုလည်း ချုပ်လုပ်ပေးခဲ့မိသေးသည်။ သို့သော် ထို့ထက်ပို၍တော့ မလုပ်ရဲခဲ့ပေ။

အတင်းအဖျင်းစကားများကြားထဲတွင် သူမကိုယ်သူမ တကယ်ပဲ ဂြိုလ်ဆိုးမ ဖြစ်နေမလားဆိုပြီး တစ်ခါတစ်ရံ တွေးမိ၏

သူမ ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းများကြောင့် သခင်လေးလီရဲ့ စာမေးပွဲအပေါ် သက်ရောက်မှုရှိသွားခဲ့ရင် အရမ်းဆိုးရွားလိမ့်မယ်။

ထို့ကြောင့် သူမ ထပ်ခါတလဲလဲ တွေးနေမိပြီး ထိုလက်အိတ်နှင့် ဒူးစွပ်များကို ပို့သင့်၊ မပို့သင့် မပြတ်မသား ဖြစ်နေသည်။

All Chapters