အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) သူမ သူ့ကို မုန်းတီးသည်
"ဘာလို့ မပို့သေးတာလဲ"
စုမန် အခန်းထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် လိုဟန်ကုတင်ပေါ်တွင် ထိုင်နေသော ရွှယ်နင်ကို မြင်လိုက်ရသည်။ သူမ၏ သွယ်လျသော မိုးမခရွက်သဏ္ဍာန် မျက်ခုံးလေးများက တွန့်ချိုးနေ၏။ သူမ၏ မှုန်ကုပ်ကုပ် မျက်နှာထားလေးက အတော်လေး ချစ်စရာကောင်းနေပြီး ကြောင်ပေါက်လေးတစ်ကောင်နှင့်ပင် တူနေသေးသည်။
"ဘာတွေ တွေးနေတာလဲ။ နင်နဲ့ လက်ထပ်မယ့်သူအတွက် လက်ဆောင်ပဲဟာကို။ မပို့ဘဲနဲ့ ဘာလုပ်မလို့လဲ၊ ဒီအတိုင်းထားပြီး မှိုတက်ခံမလို့လား"
စုမန်က ရွှယ်နင့်လက်ထဲမှ အအေးဒဏ်ခံ လက်အိတ်များကို လုယူလိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။
"နင်နင်... နင့်ရဲ့ ပန်းထိုးလက်ရာတွေက ဘယ်အချိန်ကစပြီး ဒီလောက်တောင် သေသပ်သွားရတာလဲ။ ဒီလက်အိတ်တွေက တကယ်ကို လှတာပဲ။ ငါ့အတွက်ရော ဘယ်တော့ ချုပ်ပေးမှာလဲ"
ရွှယ်နင်က လက်အိတ်များကို ပြန်လုယူလိုက်ရင်း ပါးပြင်များ ရဲတက်သွားသည်။
"နင် အချိန်တောင်မရအောင် အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား။ ဒီနေ့ ဘယ်လိုလေတိုက်ပြီး ရောက်လာတာလဲ"
စုမန်က သက်ပြင်းချလိုက်သည်။
"အခု ရှဲ့နင်းထန်က ငါ့အစ်ကိုနဲ့ လက်ထပ်တော့မှာဆိုတော့ ငါ့လို ယောင်းမငယ်လေးအတွက်က ဘာများ အလုပ်ရှုပ်စရာ ရှိတော့မှာလဲ။ အမေက ငါ့ကို အိမ်ထောင်ထိန်းသိမ်းတဲ့ ပညာတွေ ပိုသင်စေချင်လို့ သူ(မ)အနားခေါ်ထားပြီး ကူညီခိုင်းနေတာပါပဲ။ ရိုးရိုးသားသားပြောရရင် အိမ်တစ်အိမ်ရဲ့ သခင်မ လုပ်ရတာကို ငါ တဖြည်းဖြည်း စိတ်မဝင်စားတော့ဘူး။ ငါ့အမေ ဘယ်လောက်တောင် ဂျင်ပေါက်သလို အလုပ်ရှုပ်နေလဲဆိုတာ နင် မမြင်ဘူးလား။ အဖေက အမေ့ကို လှည့်ကြည့်ဖို့တောင် အချိန်မပေးနိုင်ပေမယ့် ကိုယ်လုပ်တော်နျဲ့ကျတော့ အဖေ့ရင်ခွင်ထဲမှာ ငိုပြလိုက်ရုံနဲ့တင် သက်တောင့်သက်သာ နေနိုင်နေတာလေ"
စုမန်က ပူပန်သောကကင်းပြီး သခင်မကျန်း၏ အခက်အခဲများကို နားမလည်ဟု ရွှယ်နင် ထင်ထားခဲ့တာဖြစ်၏။
"နင့်မှာလည်း အသိစိတ်ရှိသေးတာပဲ"
"အမေ့ရဲ့ ဆင်းရဲဒုက္ခတွေကို ငါ မသိတာ မဟုတ်ပါဘူး။ ဘာလုပ်ပေးရမှန်း မသိတာပါ။ လင်မယားဆိုတာ... အမြဲတမ်း ဒီလိုပဲ။ သည်းခံလိုက်ရင် ဘဝတစ်ခုက ကုန်လွန်သွားမှာ"
စုမန်၏ မျက်လုံးများက အဝေးသို့ ငေးမောသွားပြီး သူမ၏ မျက်နှာထားက သဘာဝမကျလောက်အောင် ရင့်ကျက်နေသည်။
"ဘာပဲဖြစ်ဖြစ် ငါတော့ အမေ့ခြေရာကို မနင်းနိုင်ဘူး။ သခင်မ လုပ်ရတာက ကိုယ်လုပ်တော်လုပ်ရသလောက် မကောင်းဘူး"
ရွှယ်နင် နှုတ်ခမ်းကွေးကာ ပြုံးလိုက်သည်။
"ဘာတွေ လျှောက်ပြောနေတာလဲ။ နင်က ရွှမ်းယီနယ်စားမင်းအိမ်တော် ပင်မမိသားစုရဲ့ တရားဝင် သမီးအကြီးဆုံးလေ။ နင်က ဘယ်လိုလုပ်ပြီး သူများရဲ့ ကိုယ်လုပ်တော် ဖြစ်နိုင်မှာလဲ"
စုမန်က နှုတ်ခမ်းစူလိုက်သည်။
"နင့်ရှေ့မှာမို့လို့ ပြောပြတာပါ။ အမေက ငါ့အတွက် သင့်တော်မယ့်သူတွေကို စပြီး စီစဉ်နေပြီ"
ရွှယ်နင် မော့ကြည့်လိုက်သည်။
"ဒီရက်ပိုင်း အမေ့အခြေအနေ ဘယ်လိုရှိလဲ။ စိတ်ထဲ နည်းနည်း သက်သာသွားပြီလား"
စုမန်က စုပ်သပ်လိုက်သည်။
"အခုလောက်ဆို တော်တော်လေး ကောင်းနေလောက်ပါပြီ။ စိတ်ဓာတ်ကျနေဖို့တောင် အချိန်ရမယ် မထင်ဘူး။ အထူးသဖြင့် အစ်ကိုကြီးက လက်ထပ်တော့မှာဆိုတော့ အမေတစ်ယောက်အနေနဲ့ သူ(မ)အလုပ်အရှုပ်ဆုံးပဲလေ"
ရွှယ်နင် သက်ပြင်းချလိုက်၏။ ကိုယ်လုပ်တော်နျဲ့က မင်းသားရီအတွက် နှစ်သစ်ကူးလက်ဆောင်များ စီစဉ်ရာတွင် အမှားလုပ်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
အမှားလုပ်ပြီးနောက် သူမက အမည်ခံ အိမ်တော်သခင်မကျန်းအပေါ်သို့ အပြစ်များ ချက်ချင်း ပုံချခဲ့သည်။
ပိုဆိုးတာက ရွှမ်းယီနယ်စားမင်းက သခင်မနျဲ့ကို ကာကွယ်ပေးခဲ့ပြီး ထိုအမှားက သခင်မကျန်း၏ အမှားဖြစ်ကြောင်းကို တိတ်တဆိတ် သဘောတူလက်ခံပေးခဲ့ခြင်းပင်။
သခင်မကျန်းက စကားတစ်ခွန်းမှပင် မဆိုနိုင်တော့ဘဲ ချက်ချင်း မျက်ရည်ဝဲလာခဲ့ရသည်။
ဆွေမျိုးတော်စပ်သည့် ဆက်ဆံရေးရှိနေခြင်းကြောင့်သာ မင်းသားရီက သက်ညှာပေးခဲ့ခြင်း ဖြစ်၏။
မဟုတ်လျှင်တော့ အပြစ်ပေးခံရမှုမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ထိုနေ့က ရွှယ်နင်လည်း သခင်မကျန်းကို သွားတွေ့ခဲ့သည်။ သူမသည် ချိုးရွှေဥယျာဉ်ထဲတွင် တစ်ယောက်တည်း ထိုင်ရင်း မျက်လုံးများ နီရဲကာ ပူပန်မှုဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။ ယခုမှ သက်သာကာစ အအေးမိရောဂါမှာ ပြန်လည်ဆိုးရွားလာပြီး အပြင်းအထန် ချောင်းဆိုးမှုများကြောင့် မျက်နှာတစ်ခုလုံး နီရဲနေခဲ့သည်။
သူမ အားအင်ပြန်လည်ပြည့်ဝလာစေရန် ဆေးများက်ု ရက်အတော်ကြာ သောက်ခဲ့ရသည်။
စုမိသားစုထဲက ယောက်ျားတွေ တစ်ယောက်မှ မကောင်းဘူး။
ရွှယ်နင်က ကွာရှင်းမည့်ကိစ္စကို ထပ်ပြောခဲ့သော်လည်း သခင်မကျန်း စိတ်ထဲထား၊ မထားကိုတော့ သူမ သေချာမသိပေ။
"အဲဒီကိစ္စတွေ မပြောကြရအောင်"
စုမန်က ပြုံးလျက် ဆိုသည်။
"မနက်ဖြန် နွေဦး တော်ဝင်စာမေးပွဲကြီး စပြီလေ။ လက်ဆောင်သွားပေးဖို့ ငါ နင့်ကို အပြင်ခေါ်သွားပေးရမလား"
ရွှယ်နင်က အလိုလို ပြန်ဖြေလိုက်သည်။
"မသွားတာ ပိုကောင်းမယ်... ငါက ကံမကောင်းတဲ့သူဆိုတော့... တကယ်လို့များ..."
စုမန်က မကျေမနပ်ဖြစ်သွားသည်။
"နင့်ကို ဘယ်သူက ကံမကောင်းဘူး ပြောလဲ။ ဘေးအန္တရာယ်ကြီးကနေ အသက်ရှင်လွတ်မြောက်လာတာက ကံကောင်းခြင်းကြီး ရောက်လာတော့မယ်လို့ ဆိုလိုတာပဲ။ ပေါင်ချန်... မြန်မြန်လုပ်၊ နင့်သခင်မလေးကို ပြင်ဆင်ပေးလိုက်။ သူ(မ) အပြင်မထွက်ရတာ အရမ်းကြာနေပြီ၊ အိုက်စပ်စပ်ကြီး ဖြစ်မနေဘူးလား"
ရွှယ်နင်သည် အတင်းအကျပ် မှန်တင်ခုံရှေ့ ထိုင်လိုက်ရပြီး မကြာမီမှာပင် ပေါင်ချန်က သူမ၏ဆံပင်ကို ခရုပတ်ပုံစံ ဆံထုံးနှစ်ဖက် ထုံးပေးလိုက်သည်။အမွေးပွယုန်မွေးဖြူဖြူလေးများဖြင့် အလှဆင်ထားရာ ထိုဆံထုံးလေးများက ယုန်နားရွက်တစ်စုံနှင့်ပင် တူနေတော့သည်။
စုမန်က ရွှယ်နင်၏ပါးပြင်များကို ဆွဲလိမ်လိုက်သည်။
"အင်း... ချစ်စရာလေး၊ ငါ ညှစ်ပစ်ချင်တာ"
လတ်တလောတွင် ရွှယ်နင်သည် အစားအသောက် အတော်လေး ဝင်လာသော်လည်း ပိန်ချောင်နေဆဲဖြစ်၏။
"မန်မန်... လွှတ်ပါ၊ နာတယ်"
စုမန်က နောက်ပြောင်လိုက်သည်။
"နင် လက်ထပ်သွားရင် ငါ ဘယ်တော့ ဒီလိုအခွင့်အရေး ပြန်ရတော့မှာလဲ။ အဲဒါကြောင့် အခု ပိုပြီး ဆွဲထားရမယ်"
ရွှယ်နင်က သူမ သဘောအတိုင်းသာ လွှတ်ထားပေးလိုက်ရတော့သည်။
ညီအစ်မနှစ်ယောက်သည် ထူထဲသော သားမွေးဝတ်ရုံများနှင့် လေကာခေါင်းစွပ်များကို ဝတ်ဆင်ကာ ချီယွင်ဆောင်မှ လက်ချင်းချိတ်၍ ထွက်လာခဲ့ကြသည်။
အမိုးပါသော စင်္ကြံလမ်းတစ်လျှောက် ဖြတ်လျှောက်လာစဉ် အပြင်မှပြန်လာသော လေတိုက်နှင်းစိုနေသည့် စုကျန်းနှင့် ဆုံလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
၎င်းသည် အိမ်တော်သို့ သူမ ပြန်ရောက်ပြီးကတည်းက စုကျန်းနှင့် ရွှယ်နင်တို့ ပထမဆုံးအကြိမ် ပြန်ဆုံခြင်းပင်။
အကြောင်းရင်းမသိစွာပင် သူ့ရင်ထဲ၌ နားလည်ရခက်တဲ့ မွန်းကျပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ အကြည့်လွှဲလိုက်တဲ့အခါ သူ၏ နက်မှောင်သော မျက်လုံးများက ကြွေသားပမာ ဖြူဖွေးနေသည့် ရွှယ်နင်၏မျက်နှာပေါ်သို့ ကျရောက်သွားပြီး အသံက အေးစက်နေသည်။
"ဘယ်သွားကြမလို့လဲ"
ယခုအချိန်တွင် ရွှယ်နင်က သူ့ကို လုံးဝ မတွေ့ချင်ဆုံးပင်။
သူမ ပြန်ဖြေရန် ရည်ရွယ်ချက်မရှိပေ။ သူမ ခန္ဓာကိုယ်ကို ဘေးသို့လှည့်ကာ ခေါင်းငုံ့ပြီး တိတ်တဆိတ် ရပ်နေလိုက်၏။
သူ့အမေးက သူမကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာလည်း သူမ နားလည်ထားသည်။
စုမန်က ရွှယ်နင်ကို သူမနောက်တွင် ကွယ်ထားပေးလိုက်ပြီး နေရခက်စွာ ရယ်မောလိုက်သည်။
"ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ အပြင်ထွက် လမ်းလျှောက်မလို့ပါ။ ဒီနေ့ အစ်ကိုကြီး အားတယ်ပေါ့။ ဘာလို့ စောစော ပြန်ရောက်လာတာလဲ"
စုကျန်းက ရွှယ်နင့်ကို တစ်ချက်ကြည့်လိုက်သည်။
"ရှို့နင်းနဲ့အတူ မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာ သွားဝယ်ပေးမလို့ ပြန်လာတာ"
စုမန်က ပြုံးလိုက်သည်။
"အော်... ဟုတ်ပါပြီ။ ဒါဆို အစ်ကိုကြီး သွားစရာရှိတာ သွားလေ"
စုကျန်း လက်သီးဆုပ်လိုက်မိသည်။ ရွှယ်နင်၏ ဂရုမစိုက်တဲ့ အေးစက်စက် မျက်နှာထား— သူ့အပေါ် မည်သည့်တုံ့ပြန်မှုမျှ မရှိ၊ နွေးထွေးမှု အရိပ်အယောင်လေးမျှပင် မရှိတာကို မြင်လိုက်ရသဖြင့် အကြောင်းပြချက်မရှိဘဲ သူ့ရင်ထဲတွင် ဒေါသ မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။
သူ မျက်မှောင်ကို ပြင်းပြင်းထန်ထန် တွန့်ချိုးလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
"နေကောင်းသွားပြီလား"
ရွှယ်နင်က သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံပြီး စကားပြောချင်စိတ် လုံးဝမရှိပေ။
သူမက စုမန်၏ လက်မောင်းကို ဆွဲလိုက်သည်။
"မန်မန်... မြန်မြန်သွားရအောင်။ မကြာခင် မှောင်တော့မယ်"
စုမန်၏ နှုတ်ခမ်းထောင့်များ နေရခက်စွာ တွန့်သွားသည်။ သူမက ရွှယ်နင်ကို ခေါ်ဆောင်သွားရန် ပြင်လိုက်စဉ်မှာပင် စုကျန်းက သူတို့၏ လမ်းကို ပိတ်ရပ်လိုက်၏။
ကျဉ်းမြောင်းသော အမိုးပါစင်္ကြံလမ်းထဲတွင် စုကျန်း၏ အရပ်မြင့်မြင့် ခန္ဓာကိုယ်ကြီးက ရွှယ်နင် ရှေ့တွင် ရပ်တန့်နေပြီး သူ့အကြည့်များက မှိုင်းညို့နေသည်။
"မင်းကို မေးနေတယ်လေ"
ရွှယ်နင်၏ သွယ်လျသောမျက်ခုံးလေးများ အနည်းငယ် တွန့်ချိုးသွားပြီးနောက် ထူထဲရှည်လျားသော မျက်တောင်များကို ဖြည်းညှင်းစွာ ပင့်တင်လိုက်ကာ ထိုအမျိုးသား၏ စူးရှသော အနက်ရောင်မျက်ဝန်းများကို တည့်တည့်ကြည့်လိုက်သည်။
"ကျွန်မ နားကန်းနေတာ မဟုတ်ဘူး၊ ကြားပါတယ်"
စုကျန်း၏ ပါးလွှာသောနှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး သူ့တစ်ကိုယ်လုံးမှလည်း လူသတ်ချင်လောက်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။
"ဒါဆို ဘာလို့ ပြန်မပြောတာလဲ"
ဘေးတွင် ရပ်နေသည့် စုမန်သည် ထိုအမျိုးသားထံမှ ထွက်ပေါ်လာသည့် အအေးဓာတ်ကြောင့် ကြောက်လန့်တကြား ဖြစ်သွား၏။
သူမက စာကလေးတစ်ကောင်လိုမျိုး လည်ပင်းကို ကျုံ့ထားလိုက်ပြီး အသက်ရှူသံပင် ကျယ်ကျယ်မထွက်ရဲအောင် ဖြစ်သွားသည်။
သို့သော် ရွှယ်နင်ကတော့ နှုတ်ခမ်းထောင့်ကို တစ်ချက်တွန့်ရုံမျှဖြင့် မထီမဲ့မြင်ပြုသည့် အပြုံးဖျော့ဖျော့လေးကို ပြုံးလိုက်သည်။
"ကျွန်မ မပြောချင်လို့ပါ။ ပြောဖို့လည်း ဆန္ဒမရှိဘူး"
စုကျန်း စိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားနေသည်။ ရွှယ်နင်၏ ကျန်းမာရေးအကြောင်းကို သူ သိချင်လျှင် သိနိုင်တဲ့ နည်းလမ်းများစွာ ရှိတယ်။
ဒါပေမဲ့ သူက သူမရဲ့ပါးစပ်ကနေ ကိုယ်တိုင်ပြောတဲ့ ကြားချင်နေမိတာ။
အရင်ကလိုမျိုး သူ့ဘေးမှာ ကပ်တွယ်နေပြီး စာကလေးတစ်ကောင်လို တကျီကျီမြည်ကာ သူမ၏ ဝမ်းနည်းပူဆွေးမှုများကို ပြောပြနေသည့် ရွှယ်နင်ကို သူ ပြန်မြင်ချင်တယ်။
သို့သော် ယခု သူ့ရှေ့တွင် ရပ်နေသည့် အမျိုးသမီးမှာ လက်ဝါးအရွယ်အစားသာရှိသည့် မျက်နှာလေးနှင့်၊ ကြည်လင်အေးစက်သည့် မျက်ဝန်းများနှင့်၊ မှိုင်းညို့နေသည့် မျက်နှာထားကို ပိုင်ဆိုင်ထားသည်။ သူမမျက်လုံးထဲရှိ တောက်ပသော အရောင်အဝါများမှာ ပျောက်ကွယ်သွားပြီ။ သူမက သူ့ကို ကြည့်နေသည့်အကြည့်များက တည်ငြိမ်အေးဆေးလွန်းပြီး စိမ်းကားနေကာ မုန်းတီးမှု၏ အရိပ်အယောင်များပင် ပါဝင်နေ၏။
သူ ဘာကိုကြောက်နေမှန်း သူကိုယ်တိုင် မသိသော်လည်း ရင်ထဲတွင်မူ နားလည်ရခက်သော ထိတ်လန့်မှုများ ဖြစ်ပေါ်နေသည်။
သူက ဘယ်လိုမှ အားနည်းချက်မပြချင်တာကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
"ရွှယ်နင်၊ နယ်စားမင်းအိမ်တော်ဆိုတာ မင်း စိတ်တိုင်းကျ ဒေါသထွက်ဖို့ နေရာမဟုတ်ဘူး"
"ကျွန်မ ဒေါသထွက်နေတာ မဟုတ်ပါဘူး"
ရွှယ်နင်က ခပ်အေးအေး ရယ်မောလိုက်ပြီး သူမ၏ကြည်လင်သော မျက်ဝန်းများတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ကျွန်မ ကျန်းမာရေးက ဘယ်လိုရှိလဲဆိုတာ သခင်လေးလီကို ပြောပြလို့ရတယ်၊ အစ်ကို လုစစ်လင်ကို ပြောပြလို့ရတယ်။ ဒါပေမဲ့... အဲဒီလူတွေထဲမှာ ရှင့်ကိုတော့ အသိပေးဖို့ အခွင့်အရေး အနည်းဆုံးပဲ"
စုကျန်း၏ ပါးလွှာသောနှုတ်ခမ်းများ ပို၍တင်းကျပ်သွားပြီး ထိုနေ့က ချောက်ထဲသို့ သူမ ခုန်ချသွားစဉ်က မြင်ခဲ့ရသည့် သူမ၏ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မျက်ဝန်းများကို ပြန်လည်အမှတ်ရသွားကာ ရင်ထဲ တုန်လှုပ်သွားသည်။
ဟုတ်တယ်။ သူမကို သေလမ်း တွန်းပို့ခဲ့သူမှာ သူကိုယ်တိုင်ပင်။
ထို့ကြောင့် သူမ သူ့ကို မုန်းတီးနေခြင်း ဖြစ်သည်။
"မင်း..."
"ရှီဇီစု!"
ရွှယ်နင်၏ မျက်နှာထားမှာ အေးစက်သွားပြီး သူ့စကားကို ဖြတ်ပြောလိုက်သည်။
သူမ မျက်မှောင်ကို တွန့်ချိုးလိုက်ပြီး သူမ၏မျက်ဝန်းများတွင် စိတ်ပျက်ရွံရှာမှုတို့ ပြည့်နှက်နေ၏။
"အခု ရှင့်ကို စကားပြောနေရတာတောင် ကျွန်မ ရွံမိတယ်။ ရှင် ကျွန်မရှေ့မှာ ပေါ်လာတာကို ရပ်လိုက်လို့ရမလား”