← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) "ကိုယ် ကြိုက်တယ်"

စုကျန်း၏ ချောမောသော မျက်နှာထားမှာ တင်းမာသွားသည်။

"မင်း ဘာပြောလိုက်တယ်"

ရွှယ်နင်က ဘာအမူအရာမျှ မပြပေ။

"လမ်းဖယ်ပေးပါ! ကျွန်မ အပြင်သွားမလို့!"

ပြောပြီးသည်နှင့် သူမက သူ့ဘေးမှ ဖြတ်ကျော်ကာ နောက်ဖေးတံခါးဘက်သို့ တည့်တည့်လျှောက်သွားတော့သည်။

အရင်က အမြဲတမ်း စကားနားထောင်တတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ရွှယ်နင်က စုကျန်းအပေါ် ဒီလိုမျိုး ဒေါသထွက်တာ ပထမဆုံးအကြိမ်ပင်။

သူမက စိတ်လှုပ်ရှားနေတဲ့ ကြောင်ပေါက်လေးတစ်ကောင်လိုမျိုး အေးစက်စက်နှင့် တင်းမာနေပြီး သူ့ကို ချွန်ထက်သော လက်သည်းများဖြင့် ရက်ရက်စက်စက် ခြစ်ထုတ်နေသကဲ့သို့ပင်။

စုကျန်းသည် အံ့အားသင့်လွန်း၍ နေရာတွင်ပင် ကျောက်ရုပ်လို ရပ်တန့်သွား၏။ လက်ရှည်အင်္ကျီလက်ထဲတွင် ဝှက်ထားသော သူ၏ လက်သီးဆုပ်မှာ တင်းကျပ်စွာ ဆုပ်ထားသည့်အတွက် အရိုးအဆစ်များပင် ဖြူဖျော့လာသည်။

သူ့နောက်မှာ ရပ်နေတဲ့ မော့ပိုင်က ကျောရိုးထဲအထိ စိမ့်တက်လာသော အေးစက်မှုကို ခံစားလိုက်ရ၏။

...

ရွှမ်းယီနယ်စားမင်းအိမ်တော်အပြင်သို့ ရောက်မှသာ ရွှယ်နင် ရင်ထဲမှ အသက်ရှူမဝလောက်အောင် မွန်းကျပ်နေသည့် ဒေါသများ ပြေလျော့သွားတော့သည်။

သူမသည် အေးစက်စက် မျက်နှာထားဖြင့် ရထားလုံးထဲသို့ တက်လိုက်သည်။ သူမ၏ နှုတ်ခမ်းများမှာမူ ဖြူဖျော့နေဆဲပင်။

စုမန်လည်း လိုက်ကာကို မကာ ဝင်လာပြီး နေရခက်စွာ ရယ်မောလိုက်သည်။

"နင်နင်... ဒေါသ မထွက်ပါနဲ့တော့နော်"

ရွှယ်နင်က ရထားပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို အေးစက်စွာ ငေးကြည့်လိုက်ပြီးမှ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဒေါသ မထွက်ပါဘူး၊ အရာအားလုံးကို ငြီးငွေ့နေရုံပါ"

စုကျန်းနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ငြီးငွေ့နေတာ— သူ့ရဲ့ မာနထောင်လွှားတဲ့ အပြုအမူများနှင့် သူသာ အမြဲမှန်တယ်လို့ ထင်နေတဲ့ သဘောထားများကို စိတ်ကုန်နေပြီ။

ကံကောင်းစွာဖြင့် စုကျန်းက သူမနောက်ကို လိုက်မလာခဲ့ပေ။

သူမ သက်ပြင်းချလိုက်တဲ့အခါမှ သူမ၏မျက်နှာတွင် သွေးရောင်အနည်းငယ် ပြန်သန်းလာသည်။

စုမန်လည်း သူမရဲ့ အစ်ကိုက လွန်လွန်းတယ်လို့ ခံစားမိသည်။ ထျန်းယွမ်တောင် ချောက်ကမ်းပါးကိစ္စကို ဘယ်သူမှ ထပ်မပြောကြတော့သော်လည်း ယွီမိသားစုအမှုကိစ္စနှင့် ပတ်သက်သည့် သက်သေအထောက်အထားအတွက် စုကျန်းက ရွှယ်နင်ကို စွန့်ပစ်ခဲ့ကြောင်း အားလုံးက သိထားကြသည်။

မင်းသမီးရှို့နင်းနှင့် ရင်းနှီးတဲ့ မြို့တော်မှ အမျိုးသမီးငယ်များက ထိုအကြောင်းကို ပျော်ပျော်ကြီး အတင်းပြောလေ့ ရှိကြသည်။

"သူ(မ)က... တကယ့်ကို ရှက်ဖို့ကောင်းတာပဲ"

"နောက်ဆုံးတော့လည်း ရှီဇီက သူ(မ)ကို မကယ်ခဲ့ဘူးလေ။ မင်းသမီးကို ရွေးဖို့ ငွေတွေပေးခဲ့ပြီး ရွှယ်နင်ကတော့ ကိုယ့်အသက်ကို ရှင်အောင် ချောက်ထဲ ခုန်ချခဲ့ရတာလေ"

သူတို့က လက်ကိုင်ပုဝါလေးများဖြင့် ပါးစပ်ကို ဖုံးကာ လိုသည်ထက်ပို၍ ပြောကြသည်။

"သူ(မ) အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ ဘယ်သူထင်ထားမှာလဲ"

ရွှယ်နင်က စုကျန်းအပေါ် အရင်က ထားရှိခဲ့ဖူးသည့် လေးစားမှုနှင့် ချစ်ခင်မှုများအားလုံးမှာ ဟာသတစ်ခု ဖြစ်သွားခဲ့ရသည်။

မင်းသမီးရှို့နင်းကပင် ရွှယ်နင့်ထံသို့ ကိုယ်တိုင်လာရောက်ကာ သူမ၏ တစ်ဖက်သတ်အချစ်ကို လှောင်ပြောင်ခဲ့သော်လည်း ရွှယ်နင်က သူမကို နှင်ထုတ်ခဲ့သည်။

စုမန်သည် စိတ်မကောင်းဖြစ်ကာ သူမ၏ အစ်ကိုဖြစ်သူကိုယ်စား ရွှယ်နင်ကို ပြန်လည်နှစ်သိမ့်ပေးချင်သည်။

"နင်နင်... နင် ဘာဝယ်ချင်လဲ။ ငါ ဝယ်ပေးမယ်လေ"

ရွှယ်နင် ခေါင်းခါလိုက်၏။

"မလိုပါဘူး မန်မန်။ အချိန် နောက်ကျနေပြီ၊ တော်ဝင်ကျောင်း‌တော်ကို စောစော သွားရအောင်"

စျေးဝယ်သည်ထက် လီချန်ချဲ့ကို စောစော ‌တွေ့ချင်တယ်။

သူတို့ နောက်ဆုံးတွေ့ခဲ့ကြတာ လဝက်ကျော်တောင် ရှိနေပြီ။ မနက်ဖြန် စာမေးပွဲအတွက် သူ စိုးရိမ်နေမလား။

သူမကိုယ်တိုင်ပင် အနည်းငယ် စိုးရိမ်နေမိသည်။ မသိစိတ်ထဲတွင် လီချန်ချဲ့ကို သူမ၏ လူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးသား ဖြစ်နေ၏။

စုမန်က အမိန့်ပေးလိုက်သဖြင့် ရထားလုံးသည် တော်ဝင်ကျောင်းတော်သို့ ဦးတည်သွားသည်။

လမ်းတစ်လျှောက်တွင် နှင်းများ တဖွဲဖွဲကျနေပြီး တုန်းကျင်းမြို့၏ လမ်းမများအားလုံးကို ဖြူဖွေးတောက်ပသော နှင်းလွှာများဖြင့် ဖုံးလွှမ်းသွားသည်။

ထူထဲသော မြေခွေးမွေးဝတ်ရုံကို ဝတ်ဆင်ထားသည့် ရွှယ်နင်က လက်အိတ်များကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း သူနှင့်တွေ့လျှင် စကားကို ဘယ်လိုစပြောရမလဲဟု တွေးနေသည်။

တော်ဝင်ကျောင်းတော် ရှေ့သို့ ရောက်သောအခါ စုမန်က ရထားထိန်းကို သူ့ကို ခေါ်ခိုင်းလိုက်၏။

ကျောင်းဆင်းချိန် ဖြစ်တာကြောင့် ကျောင်းသားများ ထွက်လာနေသည့် အချိန်လည်း ဖြစ်သည်။

မနက်ဖြန်ဆိုလျှင် စာသင်သားတို့၏ စစ်မြေပြင် ဖြစ်တော့မည်။ နာမည်ကျော် ကွန်ဖြူးရှပ် ပညာရှင်ကြီးအချို့က ကျောင်းတော်ကို ဦးစီးနေသဖြင့် ကျောင်းသားများမှာ တဖြည်းဖြည်းနှင့် တကွဲတပြား ထွက်ခွာလာကြသည်။

ရွှမ်းယီနယ်စားမင်းအိမ်တော်မှ ရထားလုံးသည် ကျောင်းတော်၏ ပင်မတံခါးဝနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်သည်။

လူများစွာသည် သူတို့ဘက်သို့ အကြည့်ရောက်လာပြီး အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။

ရွှယ်နင်က ပြတင်းပေါက်မှတစ်ဆင့် ခပ်လှမ်းလှမ်းကို အကဲခတ်ကြည့်လိုက်၏။ မကြာမီပင် လီချန်ချဲ့သည် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ကျောင်းသားအချို့နှင့်အတူ ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုအမျိုးသားသည် အားမာန်အပြည့်နှင့် အရပ်မြင့်မြင့် ဖြစ်ပြီး အနက်ရောင်လည်ပတ်ဝတ်ရုံကို ဝတ်ဆင်ထားကာ သစ်ခွပင် သို့မဟုတ် ကျောက်စိမ်းပင်ကဲ့သို့ ထင်ရှားနေသည်။ သူ့ရုပ်ရည်မှာ ထက်မြက်ပြီး ဆွဲဆောင်မှုရှိကာ မျက်နှာသွင်ပြင်မှာလည်း ပြတ်သားသည်။ သူ၏ နက်မှောင်ပြီး အေးစက်သော မျက်ဝန်းများက အဆုံးမရှိသော ချောက်ကမ်းပါးကဲ့သို့ပင် နက်ရှိုင်း၏။

ကျောင်းသားအုပ်ကြားထဲတွင် သူတစ်ယောက်တည်းသာ တောင်ထိပ်ပေါ်မှ နှင်းဖြူအစုအဝေးကဲ့သို့ ထူးခြားနေသည်။

ထက်မြက်ပြီး တည်ငြိမ်ကာ ဘယ်သူမှ မယှဉ်နိုင်သော မြင့်မြတ်သည့် ဟန်ပန်ကို ဆောင်ထားသည်။

ဤနေရာသည် တစ်တိုင်းပြည်လုံးမှ စာသင်သားတို့ စုဝေးရာနေရာ ဖြစ်သည်။ စုကျန်းသာဆိုလျှင် သူမကို ဒီနေရာ လာခွင့်ပြုမှာ မဟုတ်ပေ။

သူမလည်း သခင်လေးလီက သူမရဲ့ အဆင်မပြေတဲ့ အပြုအမူကို မုန်းတီးသွားမည်စိုး၍ ကျောင်းသားများ ပြန်ကုန်သည်အထိ စောင့်သင့်တယ်လို့ တွေးမိ၏။

သူမက စိုးရိမ်တကြီးဖြင့် ရထားလုံး၏ လိုက်ကာကို အလျင်အမြန် ချလိုက်ပြီး ရင်ထဲတွင် မုန်တိုင်းထန်နေတော့သည်။

သို့သော် သူမ အကြာကြီး စောင့်စရာ မလိုလိုက်ပေ။

လက်ချောင်းရှည်ရှည်နှင့် သွယ်လျသော လက်တစ်ဖက်က လိုက်ကာကို လှပ်လိုက်သည်။

လေနှင့် နှင်းများ ရထားလုံးထဲသို့ တိုးဝင်လာသည်။

ထိုအမျိုးသား၏ အကြည့်တို့မှာ နက်နဲပြီး ပါးလွှာသောနှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားသည်။

"မင်း ဘယ်လိုလုပ် ရောက်လာတာလဲ"

စုမန်ကို မြင်လိုက်ရတဲ့အခါ သူ့မျက်လုံးများက အနည်းငယ် အေးစက်သွားတော့သည်။

"သူ(မ)က ဘာလို့ ပါလာတာလဲ"

စုမန်သည် အလွန်နေရခက်သွားကာ ဘာမှမပြောဘဲ ပြုံးသာ ပြနေလိုက်သည်။

ရွှယ်နင် မော့ကြည့်လိုက်တဲ့အခါ ထိုအမျိုးသား၏ အလွန်ချောမောသော မျက်နှာနှင့် ဆုံတွေ့သွားသဖြင့် စိတ်လှုပ်ရှားမှုကြောင့် အသက်ပင် ရှူရခက်သွားသည်။

"မနက်ဖြန် နွေဦး တော်ဝင်စာမေးပွဲကြီး ရှိတယ်လေ၊ ကျွန်မက..."

လီချန်ချဲ့က ပြောလိုက်သည်။

"ဆင်းလာခဲ့၊ စကားပြောရအောင်"

ရွှယ်နင်က အမြန်ပြန်ပြောသည်။

"ကောင်းပါပြီ"

သူမက ရထားလုံးပေါ်မှ အလျင်အမြန် ဆင်းလိုက်ရာ လီချန်ချဲ့၏ အရပ်မြင့်မြင့် ခန္ဓာကိုယ်ရှေ့တွင် သူမ၏သေးငယ်သော ခန္ဓာကိုယ်လေး ရပ်နေပြီး ရှက်ရွံ့မှုကြောင့် ပါးပြင်များ ရဲတက်နေသည်။

ပတ်ဝန်းကျင်တွင် ကျောင်းတော်မှ ပညာတတ်လူငယ်များစွာ ရှိနေကြ၏။

တော်ဝင်ကျောင်းတော်သို့ ဝင်နိုင်သူများမှာ စာပေနှင့် စစ်ရေးတွင် ထူးချွန်သူများသာ ဖြစ်ပြီး တုန်းကျင်းမြို့ရှိ မင်းမျိုးမင်းနွယ်များနှင့် အဆင့်မြင့်မိသားစုများမှ သားသမီးများစွာ ပါဝင်ကြသည်။

သူမ ကိုယ့်ကိုယ်ကိုယ် အားငယ်သလို ခံစားလိုက်ရသည်။

"ကျွန်မတို့ ဟိုဘက်သွားပြီးမှ..."

သို့သော် လီချန်ချဲ့က စိတ်ခံစားချက် အလွန်ကောင်းမွန်နေသည်။

လူအများရှေ့တွင် သူက နူးညံ့တဲ့အသံဖြင့် မေးလိုက်သည်။

"ကိုယ်ဆီကို တစ်ခုခု လာပေးတာလား"

ရွှယ်နင်၏မျက်နှာတစ်ခုလုံး နီရဲသွားသည်။

"အင်း"

လီချန်ချဲ့က သူမပိုက်ထားသည့် အထုပ်ကို တစ်ချက်ကြည့်လိုက်သည်။

"ကြည့်ခွင့်ပေးပါဦး"

မြောက်လေပြေက တဟူးဟူး တိုက်ခတ်နေပြီး နှင်းမှုန်တို့က ဖြည်းညှင်းစွာ ကျဆင်းနေသည်။ ရွှယ်နင်က စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းကို စေ့ထားလိုက်ပြီး သူမ၏ မြေခွေးမွေးဝတ်ရုံအတွင်းမှ ပစ္စည်းများကို ထုတ်ပေးလိုက်သည်။

"ဒါက ကျွန်မကိုယ်တိုင် ချုပ်ထားတဲ့ အအေးဒဏ်ခံ လက်အိတ်နဲ့ ဒူးစွပ်တွေပါ။ မနက်ဖြန် စာမေးပွဲဖြေရမှာဆိုတော့... သခင်လေး လိုအပ်မလားလို့ပါ"

လူအများအပြားမှာ စပ်စုချင်စိတ်ဖြင့် လည်ပင်းကို ဆန့်ကာ ကြည့်နေကြသည်။

သူမက လီချန်ချဲ့ အထင်သေးသွားမှာကို စိုးရိမ်မိသဖြင့် ပြောလိုက်သည်။

"သခင်လေး မကြိုက်ဘူးဆိုရင် ကျွန်မ ပြန်ယူသွားလိုက်ပါမယ်—"

"ကိုယ် အရမ်းကြိုက်တယ်"

လီချန်ချဲ့က ထိုပစ္စည်းများကို သဘာဝကျကျ ယူလိုက်ပြီး သူ၏ နက်နဲသော မျက်ဝန်းတို့မှာ ကြင်နာမှုအရိပ်အယောင်တို့ဖြင့် တောက်ပသွားသည်။ သူကလက်ကို ဆန့်ထုတ်ကာ ရွှယ်နင်၏ ဆံပင်နက်တို့ပေါ်တွင် တင်နေသော နှင်းမှုန်များကို ခါချပေးလိုက်သည်။

"မင်း ကိုယ်တိုင် လုပ်ပေးသမျှ ဘာမဆို ကိုယ်ကြိုက်တယ်"

ရွှယ်နင်၏ ပါးပြင်များ နွေးထွေးသွားသည်။

လီချန်ချဲ့က သူမရဲ့ လက်ဆောင်ကို အထင်မသေးဘဲ လက်ခံလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူ အဆင်ပြေလျှင်ပင် သူမအတွက် လုံလောက်ပြီ။

ကောင်းကင်ယံမှ နှင်းမှုန်တို့က ငန်းမွေးကဲ့သို့ ဖြူဖွေးစွာ ကြွေကျနေသည်။

ဖြူစင်လှပသော နှင်းမှုန်တို့ကြားမှတစ်ဆင့် ရွှယ်နင်သည် ထိုအမျိုးသား၏ နက်နဲသော မျက်ဝန်းများကို စိုက်ကြည့်နေမိသည်။

သူမ ပျော်ရွှင်စွာ ပြုံးလိုက်မိသော်လည်း အေးစက်သော လေတိုက်ခတ်မှုကြောင့် လည်ချောင်းထဲတွင် ယားယံလာသည်။

"အဟွတ်... ဟွတ်.. အဟွတ်..."

လီချန်ချဲ့က သူ့ဝတ်ရုံကို ချက်ချင်း ချွတ်လိုက်ပြီး သူမကို ခြုံပေးလိုက်ကာ စိတ်ရှည်စွာဖြင့် ကျောကို ပုတ်ပေးနေသည်။

"နေမကောင်းတာ မသက်သာသေးဘူးလား"

ရွှယ်နင်သည် ချောင်းဆိုးလွန်း၍ မျက်နှာတစ်ခုလုံး နီရဲနေ၏။

"သက်သာပါပြီ"

လီချန်ချဲ့က ပြောသည်။

"ခဏနေရင် ကိုယ် မင်းကို 'ဖန့်လော်' ဆီ ခေါ်သွားပေးမယ်"

ရွှယ်နင်၏ မျက်လုံးများ တောက်ပသွားသည်။

"ကျွန်မ အပြင်ထွက်တာ နောက်ကျနေပြီ။ မန်မန်နဲ့အတူ အိမ်ပြန်တော့မယ်။ မနက်ဖြန် စာမေးပွဲဖြေရမှာဆိုတော့ သခင်လေး ဒီညတော့ စာပြန်ကြည့်သင့်တယ်"

လီချန်ချဲ့က လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ကာ အေးစက်နေသော သူမ၏ နှာတံလေးကို အသာအယာ ဆွဲညှစ်လိုက်သည်။

"ဒီခဏလေးက ဘာမှ မဖြစ်ပါဘူး"

ရွှယ်နင် ရှက်ရွံ့သွား၏။

"လူတွေ အများကြီး ကြည့်နေကြတယ်..."

လီချန်ချဲ့၏ ရယ်မောသံက တိုးညင်းသည်။

"ကြည့်ပါစေ"

ထိုအမျိုးသားက သူမ၏ ဝတ်ရုံကြိုးများကို ချည်ပေးနေစဉ် သူ၏သွယ်လျသော လက်ချောင်းများက သူမရဲ့ နူးညံ့တဲ့ပါးပြင်ကို ပွတ်သပ်သွားသည်။

ရွှယ်နင့်မျက်နှာလေးမှာ နားရွက်ဖျားအထိ ရဲတက်သွားတော့သည်။

ရွှယ်နင်သည် မိတ်ကပ်မလိမ်းထားသော်လည်း နှင်းကဲ့သို့ ဖြူဖွေးသည့်အသားအရေနှင့် ဆံပင်နက်တို့မှာ အလွန်လှပနေသဖြင့် တစ်စုံတစ်ယောက်က နောက်ပြောင်လိုက်သည်။

"အားချဲ့၊ ဒါက မင်း အမြဲတမ်း ပြောနေတဲ့ ဇနီးလောင်းလား။ တကယ့်ကို ကျောက်စိမ်းလို နူးညံ့ပြီး ပန်းပွင့်လို နုနယ်တာပဲ၊ ကြာပွင့်လေးပွင့်သလိုမျိုး— တကယ်ကို လှပလွန်းတဲ့ ရုပ်ရည်ပဲ!"

"ငါတို့ အစ်ကိုလီကလည်း မွေးရာပါ မြင့်မြတ်တဲ့ ရုပ်ရည်မျိုးပဲ၊ ဒီမိန်းကလေးနဲ့ဆိုရင် တကယ့်ကို ရွှေကောင်လေးနဲ့ ကျောက်စိမ်းမိန်းက‌လေးပဲ"

"အစ်ကိုလီ၊ မင်္ဂလာပွဲကြီးက ဘယ်တော့လဲ။ အဲဒီကျရင်တော့ ငါတို့ကို အရက်ဖိတ်တိုက်ရမယ်နော်!"

ရွှယ်နင်က ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

All Chapters