အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း (၁၃၂) သူမကို နမ်းမလို့လား။
သူ သတိထားမိချိန်မှာတော့ အရမ်းနောက်ကျသွားခဲ့ပြီ။
ထို့နောက်တွင် စုယင်က သူ့ကို စွန့်ပစ်သွားခဲ့ပြီး၊ တစ်စုံတစ်ယောက်က သူ့ခြေထောက်များကို ချိုးဖဲ့ကာ မျက်နှာကိုလည်း အကျည်းတန်အောင် လုပ်ပစ်ခဲ့သဖြင့် ဘယ်သူကမှ သူ့ကို လက်မထပ်ချင်ကြတော့ပေ။
ယခုအခါတွင်တော့ သူက နေ့ရောညပါ နောင်တရနေခဲ့သည်။
"သခင်မလေး ရွှယ်..."
ရွှယ်နင်သည် လော်မိသားစုအနီးမှ ဖြတ်သွားရန် ပြင်လိုက်ချိန်တွင် လော်ဝမ်ကျွင်း၏ အားနည်းသော အသံက သူမဘေးမှ ထွက်ပေါ်လာသည်။
"ကျွန်တော့်ကို... နောက်ထပ် အခွင့်အရေးတစ်ကြိမ်လောက် ပေးနိုင်မလားဟင်"
ရွှယ်နင်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။ သူမက သူ့ကို ဂရုမစိုက်သည့်အမူအရာဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ပင်မကြည့်တော့ဘဲ သူ့အနီးမှ ဖြတ်လျှောက်သွားသည်။
လော်ဝမ်ကျွင်း၏ ရင်ထဲတွင် တင်းကျပ်သွား၏... သူက ထွက်ခွာသွားတဲ့ ရွှယ်နင်၏ ကျောပြင်ကို တမ်းတမ်းတတ ငေးကြည့်နေမိပြီး သူ့မျက်ဝန်းများမှာ နီရဲလာသည်။
"အရှက်မရှိတဲ့လူတွေကို မြင်ဖူးပေမယ့် ဒီလောက်အထိ အရှက်မရှိတဲ့သူမျိုးတော့ တစ်ခါမှ မမြင်ဖူးပါဘူး"
ပေါင်ချန်က ရွံရှာစွာ ပြောလိုက်ပြီးနောက် ရယ်မောလိုက်သည်။
"သခင်မလေးက တကယ်မိုက်တာပဲ! သူ့ကို ဘာမှပြန်မပြောတာက အကြီးမားဆုံးစော်ကားမှုပဲ။ ဟိုနေ့က သခင်မကြီးရဲ့ မွေးနေ့ပွဲမှာ သခင်မလေးကို အရှက်ကွဲအောင် လုပ်ခဲ့တာနဲ့ဆိုရင် ဒါက တန်တောင်တန်သေးတယ်"
ရွှယ်နင်က ပြုံးယောင်ယောင်လေး ပြုံးလိုက်သည်။
"ကဲပါ၊ အရေးမပါတဲ့ ကိစ္စတွေအပေါ် အင်အားတွေ ဖြုန်းတီးမနေပါနဲ့။ အဲဒီအစား သခင်လေးလီ ဘယ်မှာရှိလဲဆိုတာ သွားရှာကြရအောင်"
စာသင်သားများစွာက တန်းစီရှည်ကြီး နေရာယူထားကြပြီး လီချန်ချဲ့သည်လည်း လူအုပ်ကြားထဲတွင် ရှိနေသည်။
ဒီနေ့တွင် သူက ရှဉ့်မွေးခဲရောင် ကွပ်ထားသော ခရမ်းဖျော့ရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။သူ့ဆံပင်များကို ကျောက်စိမ်းသရဖူဖြင့် ရိုးရှင်းစွာ စည်းနှောင်ထားသော်လည်း သူက အမြဲတမ်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ထင်ပေါ်နေတတ်သည်။
စာမေးပွဲခန်းမမှ အစောင့်များက ဖြေဆိုမည့်သူများ၏ ပစ္စည်းများကို စတင်စစ်ဆေးနေကြသည်။
ရွှယ်နင်က ခြေဖျားထောက်ကာ ကြည့်လိုက်တဲ့အခါ သူ့သေတ္တာထဲရှိ လက်ကောက်ဝတ်ကာကွယ်ရေး အစွပ်များနှင့် ဒူးစွပ်များကို မြင်လိုက်ရသည်။
သူမ၏မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ သူမထင်သည့်အတိုင်းပင် သူက ကတိတည်စွာဖြင့် ထိုအရာများကို ယူဆောင်လာခဲ့သည်။
"သခင်မလေး၊ သခင်လေးလီ ဟိုဘက်မှာ ရှိတယ်! ဖူရှန်း! ဖူရှန်း! ငါတို့ ဒီမှာရောက်နေတယ်နော်!"
ပေါင်ချန်မှာ စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ သူမအတွက် စာမေးပွဲခန်းမသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
အရင်တုန်းက ရှီဇီ ဆောင်းဦးရာသီ စာမေးပွဲဖြေဆိုတဲ့အချိန်က မိသားစုဝင်အားလုံး သူ့ကို လာရောက်ပို့ဆောင်ခဲ့ကြသော်လည်း သူမနှင့် သခင်မလေးတို့ကိုတော့ အိမ်တော်ထဲမှာ သော့ခတ်ထားခဲ့ပြီး လာခွင့်မပြုခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် သခင်မကြီးရှဲ့က သခင်မလေးကို ကံဆိုးသူဟု သတ်မှတ်ထားပြီး ရှီဇီ၏ ကံကြမ္မာကို ထိခိုက်စေမှာ စိုးရိမ်တာကြောင့် ဖြစ်သည်။
ယခု သူမ ဒီနေရာကို ရောက်လာတဲ့အခါ စာမေးပွဲခန်းမ အဝင်ဝတွင် လူအုပ်ကြီးကို မြင်တွေ့လိုက်ရ၏။ ဆင်းရဲတဲ့ စာသင်သားများ၏ သက်ကြီးရွယ်အို မိဘများမှာရော ဘယ်လို ကံကောင်းခြင်းမျိုး ရှိနေလို့လဲ။ သူတို့က ဘာလို့ ဘယ်သူ့ရဲ့ ကံကြမ္မာကိုမှ မထိခိုက်ရတာလဲ။ နောက်ဆုံးတော့ နယ်စားမင်းအိမ်တော်က သခင်မလေးကို သူတို့လူလို သဘောမထားခဲ့တာပါပဲ။
ရွှယ်နင်က အစပိုင်းတွင် လီချန်ချဲ့နှင့် တွေ့ဆုံရန် မရည်ရွယ်ထားဘဲ ခိုးပြီး လာကြည့်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ ဖူရှန်းက အလွန်ပါးနပ်၏။ ပေါင်ချန်၏ အသံကို ကြားလိုက်ရသည်နှင့် ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ၏ချောမောသော မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ပေါ်လာသည်။
"သခင်လေး၊ သခင်မလေးရွှယ် ရောက်နေတယ်!"
လီချန်ချဲ့ အကြည့်လွှဲလိုက်ရာ ပထမဆုံး ရွှယ်နင်ကို မြင်လိုက်ရပြီး သူမ၏အနောက် မလှမ်းမကမ်းတွင်ရှိနေသော လော်ဝမ်ကျွင်းကိုပါ သတိထားမိလိုက်သည်။
သူ့မျက်ဝန်းထဲရှိ နွေးထွေးမှုတို့က ချက်ချင်းပင် အေးစက်သွား၏။
ရွှယ်နင်က အကြောင်းရင်းကို နားမလည်ဘဲ လီချန်ချဲ့က သူမကို အနှောင့်အယှက်ဖြစ်တယ်လို့ တွေးကာ မကျေမနပ်ဖြစ်နေမှာကို စိုးရိမ်သွားသည်။ သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲဟု တွေးလိုက်ပြီး သူမ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်တွင် လီချန်ချဲ့က သူမကို လူအုပ်အစွန်ဘက်သို့ ဆွဲခေါ်သွားသည်။
ဝေ့ဝဲကျဆင်းနေသော နှင်းမှုန်များကြားတွင်။
သူ၏ကျယ်ပြန့်သော လက်ဝါးကြီးမှာ နွေးထွေးပြီး အားပါလှသည်။
ရွှယ်နင်သည် သူ့အနောက်သို့ ပါသွားရင်း သူမ၏ မျက်စိရှေ့တွင် ကနေသော နှင်းပွင့်များကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် တွေဝေသွားမိသည်။
လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်၍ ရပ်လိုက်မှသာ ထိုအမျိုးသားက သူမ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ လော်ဝမ်ကျွင်း ကြည့်နေသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ၏ ကြီးမားသော လက်ဖြင့် သူမရဲ့ ခေါင်းပေါ်မှ နှင်းများကို ခါချပေးလိုက်သည်။ သူ၏ နက်မှောင်သော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများတွင် ကြင်နာယုယမှု အရိပ်အယောင်များ ကိန်းအောင်းနေသည်။
"အစောကြီးပဲ ရှိသေးတယ်— မနက်စာစားပြီးပြီလား"
ထိုအမျိုးသား၏ စိုးရိမ်ပူပန်မှုက သူမ မနက်စာ စားပြီးပြီလား ဆိုတာလောက်သာ ဖြစ်နေမည်ဟု သူမ ထင်မထားခဲ့ပေ။
ရွှယ်နင်သည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ မျက်နှာလေး အနည်းငယ် ရဲတက်သွားကာ လိမ္မာစွာဖြင့် ပြန်ဖြေလိုက်သည်။
'ဟုတ်၊ စားပြီးပါပြီ"
သူမက အမြဲတမ်း ကြောက်ရွံ့နေတတ်ပြီး အခြားသူများက သူမကို အနှောင့်အယှက်တစ်ခုလို့ ထင်မြင်သွားမှာကို စိုးရိမ်ကာ အမြဲ သတိထားနေတတ်သည်။
သူမက ဂရုတစိုက်ဖြင့် ဆက်ပြောလိုက်၏။
"ကျွန်မက စပ်စုချင်လို့ လာကြည့်ရုံသက်သက်ပါပဲ။ ဘာအရေးကြီးကိစ္စမှ မရှိပါဘူး။ သခင်လေးလီ၊ အခု ဝင်သွားသင့်ပြီနော်။ ကျွန်မအတွက် စိတ်မပူပါနဲ့။ ခဏနေရင် ကျွန်မ ပြန်တော့မှာပါ"
လီချန်ချဲ့သည် သူမ၏ အလောတကြီး ရှင်းပြနေမှုကို နားထောင်ရင်း သူ့စိတ်ထဲတွင် ကြင်နာယုယမှုများသာ ပြည့်နှက်နေတော့သည်။ သူက နူးညံ့စွာဖြင့် ပြောလိုက်သည်။
"အချိန် မကျသေးပါဘူး"
"ဒါဆို..."
သူမ အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး သူမ၏ ကြည်လင်သော မျက်ဝန်းများကို ပင့်ကာ ကြည့်လိုက်သည်။
"အခု ကျွန်မတို့ ဘာလုပ်ကြမလဲဟင်"
လီချန်ချဲ့က သူမ၏ နတ်သမီးလေးလို နူးညံ့လှပသည့် မျက်နှာလေးကို စိုက်ကြည့်ရင်း တိုးညင်းစွာ ရယ်မောလိုက်သည်။
"ကိုယ်က စာမေးပွဲခန်းမထဲ ဝင်တော့မှာလေ။ နင်နင် ကိုယ့်ကို ပြောစရာစကား ဘာမှမရှိဘူးလား"
ရွှယ်နင်က ဂနာမငြိမ်ဖြစ်သွားကာ သူမ၏ သွယ်လျပြီး ဖြူဖျော့သော လက်ချောင်းလေးများကို အချင်းချင်း လိမ်ယှက်နေမိသည်။
"ဒါက စာမေးပွဲဖြေမယ့်သူကို ကျွန်မ ပထမဆုံးအကြိမ် လိုက်ပို့ဖူးတာပါ။ ကျွန်မမှာ အတွေ့အကြုံ သိပ်မရှိဘူးလေ"
လီချန်ချဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
"ပထမဆုံးအကြိမ်?"
ရွှယ်နင်က လေးနက်စွာ ခေါင်းညိတ်လိုက်၏။
"အင်း"
လီချန်ချဲ့၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နူးမှုများ တဖွားဖွား ပေါ်ပေါက်လာသည်။ သူ၏ နက်နဲပြီး စူးရှသော အကြည့်များက မိန်းကလေးရဲ့ ခေါင်းထက်သို့ ကျရောက်သွားသည်။
"နင်နင် မသိဘူးဆိုရင် ကိုယ် သင်ပေးလို့ရတယ်"
ရွှယ်နင်က သူ့ကို စာမေးပွဲ ကောင်းကောင်း ဖြေဆိုနိုင်စေချင်တာဖြစ်လို့ အလျင်အမြန်ပင် မျက်နှာကို အလေးအနက်ထားလိုက်သည်။
"ဒါဆို ပြောပြပါ၊ အခု ကျွန်မ ဘာလုပ်ပေးရမလဲဟင်"
ထိုအမျိုးသားက မျက်ထောင့်မှတစ်ဆင့် လော်ဝမ်ကျွင်းက သူတို့ဘက်သို့ ငေးကြည့်နေတာကို မြင်လိုက်ရသည်။ သူ့အသံက ကြည်လင်ပြတ်သားနေ၏။
"နည်းနည်းလောက် ထပ်တိုးခဲ့ပါဦး"
ရွှယ်နင်လည်း နားလည်စွာဖြင့် အနားသို့ တိုးသွားလိုက်သည်။
သူမ ရပ်နေတာကို မြင်တဲ့အခါ လီချန်ချဲ့က ခါးကို အနည်းငယ် ကိုင်းလိုက်ပြီး ကျောက်စိမ်းကဲ့သို့ ချောမောသော သူ့မျက်နှာကို ရွှယ်နင် အနီးသို့ တိုးကပ်သွားသည်။
သူက မျက်လွှာချကာ သူ၏ ဖြောင့်စင်းသော နှာတံကို အနည်းငယ်စောင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းများဆီသို့ တိုးကပ်သွားသည်။
ထိုအမျိုးသား၏ အေးမြလန်းဆန်းသော ရနံ့က သူမအပေါ်သို့ လွှမ်းခြုံလာ၏။ ရွှယ်နင် လန့်သွားပြီး အနောက်သို့ ဆုတ်လိုက်ကာ သူမမျက်နှာက ရဲတက်သွားသည်။
လီချန်ချဲ့၏ ရှည်လျားသော လက်မောင်းက သူမ၏ ခါးကို ရစ်သိုင်းလိုက်ပြီး သူမကို ငြိမ်သက်သွားစေသည်။
"ဘာလို့ နောက်ဆုတ်သွားတာလဲ"
ရွှယ်နင်က သူမ၏ လက်များကို အထိတ်တလန့် ယမ်းပြလိုက်ပြီး ကြွေသားကဲ့သို့ ချောမွေ့သော သူမ၏ မျက်နှာလေးက ပန်းနုရောင် သန်းနေပြီဖြစ်သည်။
"ကျွန်မတို့ မလုပ်သင့်..."
လီချန်ချဲ့က သူ့အမူအရာကို ပြန်လည်ပြင်ဆင်လိုက်ပြီး သူ့ရဲ့ ချောမောခန့်ညားကာ အေးစက်သောမျက်နှာမှာ မဖွယ်မရာပြုလိုသည့် အရိပ်အယောင် လုံးဝမရှိဘဲ တည်ကြည်လေးနက်နေသည်။
"နင်နင့်ဆီက ဝိညာဉ်စွမ်းအင်လေး နည်းနည်း စုပ်ယူမလို့ဟာကို— ဘာလို့ မဖြစ်ရမှာလဲ"
ရွှယ်နင် ကြက်သေသေသွားတယ်။ သူမရဲ့ ရူးသွပ်မတတ် ခုန်ပေါက်နေတဲ့ နှလုံးသားက နောက်ဆုံးတော့ ငြိမ်ကျသွားပြီ။ ဒါဆို သူမက အထင်လွဲသွားခဲ့တာပေါ့။
စောစောက သူ သူမအနားကို အရမ်းတိုးကပ်လာချိန်မှာ သူမကို နမ်းတော့မယ်လို့ သူမ ထင်လိုက်မိတာ...
သူမက အနေခက်စွာ ပြုံးလိုက်ပြီး အလျင်အမြန်ပင် ပြန်လည်မတ်မတ် ရပ်လိုက်သည်။
"ဒါဆို... ကျွန်မတို့ နောက်တစ်ခါ ပြန်စမ်းကြည့်လို့ ရမလား"
လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။
"အင်း"
စကားပြောပြီးနောက် သူ၏ ပါးလွှာသော နှုတ်ခမ်းများက ပို၍ တိုးကပ်လာသည်။ သူ သူမကို နမ်းတော့မည်ဟု ရွှယ်နင် ထင်လိုက်သည့် အချိန်လေးမှာပင် သူက သူ၏ သွယ်လျရှည်လျားသော လက်ချောင်းဆစ်များကို ကွေးလိုက်ပြီး သူမရဲ့နှာတံလေးကို ညင်သာစွာ ခေါက်လိုက်လေသည်။
သူတို့ပတ်ဝန်းကျင်ရှိ လေပြင်းများက ပို၍ကြမ်းတမ်းလာပြီး ပေါ့ပါးသော နှင်းပွင့်လေးများက ကျက်သရေရှိစွာ ကခုန်နေကြသည်။
ရွှယ်နင်၏ နှလုံးခုန်သံက ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး သူမ၏ ထူထဲသော မျက်တောင်လေးများ အနည်းငယ် တုန်ခါသွားသည်။
သူမက ကြည်လင်တဲ့ မျက်ဝန်းများကို ပင့်ကာ ထိုအမျိုးသားရဲ့ နက်ရှိုင်းသည့် အကြည့်များနှင့် ဆုံတွေ့သွားသည်။
"ဒီလောက်ဆို ရပြီလားဟင်"
လီချန်ချဲ့က ခန္ဓာကိုယ်ကို မတ်လိုက်သည်။ သူက အရပ်မြင့်ကာ သွယ်လျသော ကိုယ်ခန္ဓာနှင့်အတူ ခရမ်းရောင်ဝတ်ရုံဖြင့် ခန့်ညားထည်ဝါနေသည်။
ရွှယ်နင်က သူ့ရှေ့မှာ ရပ်နေပေမယ့် သူမ၏ အရပ်က သူ့ပခုံးနားလောက်သာ ရှိ၏။
သူ့ရှေ့မှ မိန်းကလေးက နူးညံ့ပြီး ချစ်စရာကောင်းကာ နှင်းကဲ့သို့ ဖြူဖွေးပျော့ပျောင်းသော အသားအရေရှိပြီး— အလွန်လိမ္မာရေးခြားရှိသဖြင့် တစ်လုတ်တည်း မျိုချပစ်ချင်စိတ် ပေါက်သွားစေသည်။
သူ့ရင်ထဲတွင် လှိုင်းထနေသော ဂနာမငြိမ်သည့် အပူငွေ့များကို ဖိနှိပ်ထားလိုက်ပြီး ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် ကွေးညွတ်ကာ ထိန်းချုပ်ထားသော အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
"ဒါဆို လုံလောက်ပါပြီ"
ရွှယ်နင်၏ အသက်ရှူသံများက အနည်းငယ် မမှန်ဖြစ်နေသည်။ သူ့မျက်လုံးများကို ထပ်မကြည့်ရဲတော့ဘဲ သူမက တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းတာပေါ့။ ကျွန်မက ဒီလိုကိစ္စတွေကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ သခင်လေးလီကို စာမေးပွဲ ကောင်းကောင်း ဖြေဆိုနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်ဆိုရင် ကျွန်မ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"
လီချန်ချဲ့၏ ရင်ထဲတွင် နွေးထွေးသော နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။
"နင်နင် ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ ကိုယ့်ဆီက သတင်းကောင်းကိုသာ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ"
အချိန်နီးကပ်လာပြီ ဖြစ်၏။ စာမေးပွဲခန်းမ အဝင်ဝမှ အစောင့်များက စာသင်သားများကို အထဲဝင်ရန် စတင်တိုက်တွန်းနေကြပြီ ဖြစ်သည်။
"သခင်လေးလီ၊ အခု ဝင်သွားသင့်ပြီနော်။ သူတို့ ခေါ်နေကြပြီ"
အဝင်ဝရှိ စာသင်သားများသည် စာမေးပွဲခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။
လီချန်ချဲ့က ရွှယ်နင့်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်သည်။ ထူးဆန်းတာက ဒီလိုမျိုး တိုတောင်းတဲ့ အချိန်လေးအတွင်းမှာပင် သူမကိုထားပြီး မထွက်ခွာချင်တော့သလို ခံစားလာရခြင်းပင်။
သူ မလှုပ်မယှက် ရပ်နေတာကို မြင်တဲ့အခါ ရွှယ်နင်က စိုးရိမ်လာပြီး သူမ၏လက်ဖြင့် သူ့အင်္ကျီလက်စကို ဆွဲလိုက်သည်။
"သခင်လေးလီ?"
လီချန်ချဲ့က အတွေးထဲမှ နိုးထလာပြီး ပြုံးလိုက်သည်။
"ကိုယ် ဝင်တော့မယ်နော်"
သို့သော် စာမေးပွဲခန်းမထဲသို့ ဝင်ရောက်သွားချိန်တွင် လော်ဝမ်ကျွင်းနှင့် ပွတ်တိုက်ဖြတ်သန်းမိသွားသည်။
ခြေထောက်များ မခိုင်သဖြင့် လော်ဝမ်ကျွင်းသည် ယောကျာ်းတစ်ဦး၏ တိုက်မိခြင်းကို ခံလိုက်ရပြီး ဟန်ချက်ပျက်ကာ လဲကျလုမတတ် ဖြစ်သွား၏။
သူက ရှေ့ဆက်မတိုးဘဲ နှောင့်နှေးနေတာကို မြင်သောအခါ သူ့အနောက်မှ အစောင့်က သူ့ကို အေးစက်စွာဖြင့် ခပ်ကြမ်းကြမ်း လှမ်းဆူလိုက်သည်။
လော်ဝမ်ကျွင်း ခေါင်းလှည့်ကြည့်လိုက်တဲ့အခါ ရွှယ်နင်၏ ကျောပြင်ကို မြင်လိုက်ရပြီး သူ့မျက်နှာမှာ ရှက်သွေးဖြာကာ နီရဲသွားသည်။
ကံမကောင်းစွာဖြင့် ရွှယ်နင်၏ အကြည့်များက သူ့အပေါ်တွင် တစ်စက္ကန့်လေးမျှပင် ရပ်တန့်မနေခဲ့ပေ။