အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃) နွေဦးတောအုပ်ပွဲတော်
ရွှယ်နင်သည် လီချန်ချဲ့ စာမေးပွဲခန်းမထဲသို့ ဝင်ရောက်သွားတာကို ကိုယ်တိုင် မြင်တွေ့ပြီးမှသာ သက်ပြင်းချနိုင်တော့၏။
လီချန်ချဲ့ ထွက်သွားပြီးနောက်၊ စာသင်သားများကို လာရောက်ပို့ဆောင်သူများမှာ မိဘများသာမကဘဲ ငယ်ရွယ်သော အိမ်ထောင်သည်အမျိုးသမီးငယ် အများအပြားလည်း ရှိနေကြောင်း သူမ သတိထားမိလိုက်သည်။
သူတို့က မိမိတို့၏ ခင်ပွန်းများနှင့် မခွဲခွာချင်ကြဘဲ မထွက်ခွာမီ အမျိုးသားများအား စာမေးပွဲကို ကောင်းစွာဖြေဆိုရန် တရိုတသေ တိုက်တွန်းနေကြသည်။
ရွှယ်နင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး သူမ၏ ရင်ထဲတွင် ထူးဆန်းသော နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူမက အေးစက်နေတဲ့ သူမရဲ့ လက်သေးသေးလေးများကို ပွတ်သပ်ကာ အင်္ကျီလက်ထဲသို့ ထည့်သွင်းလိုက်သည်။
ပေါင်ချန်က အနီးသို့ တိုးကပ်လာသည်။
"သခင်မလေး၊ ခဏနေရင် ကျွန်မတို့ ဘယ်သွားကြမလဲဟင်"
သူမမှာ အခြားလုပ်စရာ ဘာမှမရှိပေမယ့် စာမေးပွဲနှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်မှုတော့ ရှိနေသည်။
သူမရဲ့ အရင်ဘဝက ဤနှစ်၏ နွေဦး တော်ဝင်စာမေးပွဲကြီးကို သိပ်အာရုံမစိုက်ခဲ့မိတာကြောင့် နောက်ဆုံးတွင် ဘယ်လိုအဆုံးသတ်သွားလဲဆိုတာကို သူမ မသိခဲ့ပေ။
ဒါပေမဲ့ သခင်လေးလီက အမျိုးသားများကြားတွင် ထူးချွန်ထက်မြက်သူ တစ်ဦးဖြစ်ပြီး သူ သေချာပေါက် အလွန်ကောင်းမွန်တဲ့ ရလဒ်များကို ရရှိမည်ဟု သူမ ယုံကြည်ထားသည်။
သူမ စိတ်ကြည်လင်နေသဖြင့် စုကျန်းကို ရင်ဆိုင်ရမည့် နယ်စားမင်းအိမ်တော်သို့ မပြန်ချင်တာကြောင့် ဝေ့မိသားစုထံသို့သွားကာ ဝေ့ကျန့်ယန်ကို အပြင်ထွက် လမ်းလျှောက်ရန် ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
ဓားကို ကိုင်ဆောင်ထားသော ဖူရှန်းက နောက်မှလိုက်လာသည်။
"သခင်လေးက စာမေးပွဲခန်းမထဲ ဝင်သွားပြီဆိုတော့ သခင်မလေးရွှယ်ရဲ့ လုံခြုံရေးအတွက် ကျွန်တော် လိုက်စောင့်ရှောက်ပေးပါ့မယ်"
ရွှယ်နင် မငြင်းဆန်ခဲ့ပေ။ ပြီးခဲ့သည့်အကြိမ်က ဓားပြများ၏ ဖမ်းဆီးခြင်းခံရပြီးကတည်းက သူမ ပို၍ သတိထားတတ်လာခဲ့သည်။ ဖူရှန်း သူမအနားတွင် ရှိနေခြင်းက သဘာဝကျစွာပင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ဝေ့အိမ်တော်သို့ ရောက်သောအခါ သူမက သခင်မလင်နှင့် အရင်ဆုံး နှုတ်ဆက်စကားပြောဆိုပြီးနောက် ဝေ့ကျန့်ယန် သူမ၏ ဝတ်ရုံကို ကပျာကယာ ပြင်ဝတ်ရင်း ထွက်လာတာကို မြင်လိုက်ရသည်။
"နင်နင်၊ နင် ဘာလို့ ငါ့ကို စောစောက အသိမပေးတာလဲ။ ဒီနေ့ နွေဦးတောအုပ်ပွဲတော် ရှိတယ်လေ၊ ငါ အဲဒီကို သွားကြည့်ချင်နေတာ"
ရွှယ်နင် မော့ကြည့်လိုက်ပြီး သူမရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြတ်သန်းသွားသည်။
"နွေဦးတောအုပ်ပွဲတော်?"
ဝေ့ကျန့်ယန်၏ မျက်လုံးများ တောက်ပသွားသည်။
"တုန်းဖျင်မြို့စားအိမ်တော်က မြို့တော်က မင်းသမီးတွေ၊ သခင်မလေးတွေကို တုန်းဖျင်မြို့စား စုဆောင်းထားတဲ့ ရှားပါးရတနာတချို့ကို ပြသဖို့ သုံးလပိုင်းမှာ နွေဦးတောအုပ်ပွဲတော်ကို အမြဲတမ်း ကျင်းပလေ့ရှိတယ်။ တစ်ယောက်ယောက်က တစ်ခုခုကို သဘောကျရင် ဈေးကြီးပေးပြီး ဝယ်လို့ရတယ်။ မြို့တော်က နာမည်ကြီး အမျိုးသမီးအများစုက ဒီပွဲကို သွားရတာ သဘောကျကြတယ်။ မနေ့က ငါ့အမေဆီ ဖိတ်စာရောက်လာလို့ ငါလည်း အဲဒီပွဲမှာ သွားပြီး ပျော်ချင်နေတာ"
မကြာသေးမီက သူမသည် ရွှယ်နင်အတွက် မင်္ဂလာလက်ဆောင်တစ်ခု ပေးရန် စဉ်းစားနေခဲ့သော်လည်း အကြိမ်ကြိမ် စဉ်းစားပြီးနောက် သင့်တော်သည့်အရာကို မတွေ့ခဲ့ပေ။ ထို့ကြောင့် သူမက နွေဦးတောအုပ်ပွဲတော်သို့ သွားကာ ထူးခြားသည့် ပစ္စည်းများ ရှိမရှိ သွားကြည့်ချင်နေခြင်းပင်။
သူမ၏ မျက်လုံးများက အရောင်လက်သွား၏။
"နင်နင်၊ နင် ငါနဲ့ အတူတူ လိုက်ခဲ့ပါလား"
ချောက်ထဲမှ ခုန်ချပြီးကတည်းက ရွှယ်နင်က တိတ်ဆိတ်မှုကို ပို၍ နှစ်သက်လာခဲ့သည်။
"လူအများကြီး ရှိမှာလား"
ဝေ့ကျန့်ယန်က ခေါင်းလေးကို စောင်းလိုက်သည်။
"တုန်းဖျင်သခင်မကြီးက လူမှုရေးနဲ့ ပေါင်းသင်းဆက်ဆံတာကို အကြိုက်ဆုံးဆိုတော့ လူတော့ တော်တော်များလောက်တယ်၊ မဟုတ်ဘူးလား။ ငါလည်း အခုမှ ပထမဆုံးအကြိမ် သွားဖူးမှာ"
ရွှယ်နင် တုံ့ဆိုင်းသွားသည်။
"ဒါဆိုရင်တော့ ငါ မလိုက်တော့ဘူး။ နောက်မှပဲ နင့်ဆီ လာခဲ့တော့မယ်"
"နွေဦးတောအုပ်ပွဲတော်" ဟူသော စကားလုံးမှာ သူမအတွက် အနည်းငယ် ရင်းနှီးနေသလို ခံစားနေရသည်။
ရွှယ်နင်သည် သူမ၏ အရင်ဘဝမှ မှတ်ဉာဏ်များကို ပြန်ဆန်းစစ်ကြည့်သော်လည်း ထိုအကြောင်းအရာများမှာ အလွန်ပင် ဝေးကွာနေခဲ့ပြီ။
ထိုအချိန်က သူမသည် စုကျန်းနှင့် လက်ထပ်ရမည့်အရေးကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေရင်း ပျော်ရွှင်နေခဲ့မှာ သေချာသည်။
ထို့အပြင် သူမ၏ နာမည်ဂုဏ်သတင်းမှာလည်း မကောင်းသဖြင့် နွေဦးတောအုပ်ပွဲတော်ကဲ့သို့သော ပွဲမျိုးကို တက်ရောက်ရန် သူမ၌ အချိန်ပေးနိုင်ခြင်း သို့မဟုတ် စိတ်ပါဝင်စားခြင်း ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ထိုစကားလုံး သုံးလုံး သူမနားထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ရင်ထဲတွင် မသက်မသာ ခံစားလာရ၏။ ရင်ထဲတွင် လေးလံထိုင်းမှိုင်းကာ မွန်းကျပ်လာသလို ခံစားရသည်။
သူမ တစ်စုံတစ်ခုကို အမှတ်ရသယောင်ရှိသော်လည်း ဝါးတားတားနှင့် ရှင်းလင်းမှုမရှိပေ။ သူမ တစ်ခါမှ မတက်ရောက်ဖူးသည့် ပွဲဖြစ်တာကြောင့် ဖြစ်မယ်၊ ဒါကြောင့် သူမ အသေးစိတ်ကို ပြန်မမှတ်မိခြင်း ဖြစ်နိုင်သည်။
ရွှယ်နင်သည် အပန်းဖြေရန်အတွက် အပြင်သို့ ထွက်လေ့မရှိသဖြင့် ဝေ့ကျန့်ယန်က သူမကို ပြန်မလွှတ်ပေးလိုပေ။
သူမက ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"မကြောက်ပါနဲ့။ ငါ အစ်ကိုကြီးကို ငါတို့နှစ်ယောက်ကို အတူတူ ခေါ်သွားပေးဖို့ ပြောထားပြီးသား။ သူ အပြင်က ရထားလုံးထဲမှာ စောင့်နေတယ်။ သူက နင့်ကျန်းမာရေးကို စိုးရိမ်နေတာ၊ အခု နင် ရောက်လာပြီဆိုတော့ သူ့ကို ပြလိုက်တာ အကောင်းဆုံးပဲလေ"
ရွှယ်နင်မှာ ထိုမိန်းကလေး၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ပြန်ရုန်းမထွက်နိုင်သဖြင့် ဝေ့အိမ်တော်မှ သူမနောက်သို့ လိုက်ပါသွားရတော့သည်။
ဝေ့မိသားစု၏ ရထားလုံးနားသို့ ရောက်သောအခါ ဝေ့ကျန့်ယန်၏ အစ်ကိုဖြစ်သူ ဝေ့ကျန့်လန်က ရထားလုံးလိုက်ကာကို မလိုက်ပြီး သူမဘက်သို့ လှမ်းကြည့်သည်။
သူမက ခေါင်းကို အမြန်ငုံ့ကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"အစ်ကိုဝေ့"
ဝေ့ကျန့်လန်၏ အကြည့်တို့က နက်ရှိုင်းပြီး စဉ်းစားတွေးတောနေဟန်ဖြင့် သူမကို သေချာစိုက်ကြည့်နေသည်။
သူက သူမကို ဆွဲထူပေးရန် လက်လှမ်းလိုက်သော်လည်း မသင့်တော်ဟု ခံစားရသဖြင့် ဝေ့ကျန့်ယန်ကိုသာ ကူညီပေးရန် ပြောလိုက်သည်။
ရွှယ်နင်က အကူအညီမဲ့စွာ ပြုံးလိုက်၏။
"ကျွန်မ ကိုယ့်ဘာသာ ထနိုင်ပါတယ်"
ဝေ့ကျန့်ယန်၏ အကြည့်တို့ ပြောင်းလဲသွားပြီး တိုးညင်းစွာ ရယ်မောလိုက်သည်။
"ငါတို့က မိသားစုဝင်တွေပဲဟာ၊ အားနာစရာ မလိုပါဘူး။ နင်နင်... ငါ နင့်ကို ကူညီပေးမယ်"
ရွှယ်နင်က ဝေ့မိသားစု ရထားလုံးထဲသို့ အကူအညီဖြင့် တက်သွားပြီး ဝေ့ကျန့်ယန်နှင့်အတူ ဝေ့ကျန့်လန်၏ ညာဘက်တွင် ဝင်ထိုင်လိုက်သည်။
ရထားလုံးမှာ လမ်းမကြီးတစ်လျှောက် တုန်ခါရင်း ရွေ့လျားသွားပြီး ပတ်ဝန်းကျင်မှ ကုန်သည်တို့၏ လှုပ်ရှားဆူညံသံများဖြင့် တဖြည်းဖြည်း ပြည့်နှက်လာသည်။
ဝေ့ကျန့်လန်၏ အကြည့်တို့သည် သူမထံတွင် ခဏတာ ရပ်တန့်နေ၏။ သူမရဲ့မျက်နှာက ပိန်သွားပေမယ့် အသားအရေက ဖျော့တော့တော့ အလင်းရောင်တစ်ခုနှင့် လှပနေဆဲဖြစ်ကြောင်း သူ သတိပြုမိသည်။ အေးစက်သော လေကြောင့် သူမ၏ နှာတံဖျားလေးက ပန်းရောင်သန်းနေကာ အလွန်ချစ်စရာကောင်းနေသည်။ အပြင်ဘက်မှ လာခဲ့ခြင်းဖြစ်သဖြင့် သူမ၏ ဆံပင်များပေါ်တွင် နှင်းမှုန်အသေးလေးများ တင်နေသည်။ သူက လက်ကို ဆန့်ထုတ်ကာ ထိုနှင်းမှုန်များကို ညင်သာစွာ ခါချပေးလိုက်သည်။
ရွှယ်နင်က မေးစေ့ကို အနည်းငယ် မလိုက်ပြီး သူမ၏ ကြည်လင်လှပသော မျက်ဝန်းများဖြင့် သူ့ကို ဆက်ကြည့်နေသည်။
ရင်ထဲတွင် ဖြစ်ပေါ်နေသော ခံစားချက်များကို ဖိနှိပ်ထားရင်း ဝေ့ကျန့်လန်က တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
"ဒဏ်ရာကနေ ပြန်ကောင်းလာတာ ဘယ်လိုရှိလဲ"
ချီယွင်ဆောင်တွင် ဝေ့ကျန့်လန် ပေးပို့ထားသော ဆေးဝါးများ ရှိနေဆဲပင်။ ရွှယ်နင်က ဤကာလအတွင်း ဆေးသောက်ရတာကို ငြီးငွေ့လာသော်လည်း ကံကောင်းစွာဖြင့် ယခုအခါ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ သူမ ပြုံးလိုက်သည်။
"တော်တော်လေး ကောင်းသွားပါပြီ။ အခုဆို အစားကောင်းကောင်းစားနိုင်တယ်၊ အိပ်ပျော်တယ်၊ ပြေးလွှားနိုင်တယ်"
ဝေ့ကျန့်ယန်က ပေါက်ကွဲသလို ရယ်မောလိုက်၏။
"နင် အစားကောင်းကောင်း စားနိုင်တယ်ဆိုရင် ဘာလို့ ပိန်နေရတာလဲ"
ဝေ့ကျန့်လန်၏ နှုတ်ခမ်းများတွင်လည်း နူးညံ့သောအပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆိုရင်တော့ ဝမ်းသာစရာပဲ။ နောက်မှ ဆေးတွေ ထပ်ပို့ပေးလိုက်မယ်။ သေချာသောက်နော်— တချို့ရောဂါတွေက အရင်းအမြစ်ကနေ ကုသမှ ပျောက်တာ။ မင်းက အခုမှ ငယ်သေးတာ၊ ဘယ်ရောဂါမှ အမြစ်တွယ်မသွားအောင် ဂရုစိုက်ရမယ်"
ဝေ့ကျန့်လန်သည် အမြဲတမ်း နူးညံ့သိမ်မွေ့သူဖြစ်ပြီး သူ့လေသံမှာလည်း အစ်ကိုတစ်ယောက်ကဲ့သို့ ကြင်နာယုယမှုတို့ ပြည့်နှက်နေသည်။
ရွှယ်နင် ကျေးဇူးတင်လိုက်သည်။
"အစ်ကိုဝေ့ စိတ်မပူပါနဲ့။ အားနင် နားလည်ပါတယ်"
ရထားလုံးထဲတွင် သူတို့သုံးယောက် အေးအေးလူလူ စကားစမြည်ပြောနေကြစဉ်မှာပင် ရထားလုံး ရပ်တန့်သွားသည်။
"သခင်လေး၊ တုန်းဖျင်မြို့စားအိမ်တော်ကို ရောက်ပါပြီ"
ရထားမောင်းသူက အပြင်မှ လှမ်းအော်ပြောသည်။
ရွှယ်နင်သည် ကြည်လင်သောမျက်ဝန်းများဖြင့် ရထားလုံးမှ ဆင်းလိုက်ပြီး တုန်းဖျင်မြို့စားအိမ်တော်၏ တံခါးထက်ရှိ ကမ္ပည်းပြားကို မော့ကြည့်လိုက်သည်။
နန်းတော်၏ အောက်ခြေတွင် အာဏာရှိပြီး သြဇာညောင်းသော မင်းမျိုးမင်းနွယ်များစွာ ရှိနေသည်။
သို့သော် တုန်းဖျင်မြို့စားအိမ်တော်မှာမူ ထိုမင်းမျိုးမင်းနွယ်များကြားတွင် ထူးခြားသော လေညှင်းတစ်စ သဖွယ် ဖြစ်နေသည်။
မြို့စားအိမ်တော်၏ မျိုးဆက်များသည် အဖွဲ့အစည်းအချင်းချင်း တိုက်ခိုက်မှုများတွင် မပါဝင်သလို နန်းတွင်းအာဏာလုပွဲများတွင်လည်း ဘက်မလိုက်ကြပေ။ မျိုးနွယ်စုမှ လူငယ်အချို့သည် ဘိုးဘေးဘီဘင်တို့၏ အရှိန်အဝါဖြင့် အစိုးရရာထူးများ ရယူထားကြသော်လည်း ပိုမိုမြင့်မားသော ရာထူးနေရာများအတွက် ရည်မှန်းချက် မထားကြပေ။ လက်ရှိဘဝကိုသာ ကျေနပ်နေကြပြီး စားသောက်ပျော်ပါးခြင်းကိုသာ ဦးစားပေးကာ အခြားသော မင်းမျိုးမင်းနွယ်များကဲ့သို့ အာဏာလုခြင်း၊ အနိုင်ကျင့်ခြင်း သို့မဟုတ် ဖောက်ပြန်သော အပြုအမူမျိုး မလုပ်ကြပေ။
ထို့အပြင် ချောမောခန့်ညားသော တုန်းဖျင်မြို့စားသည် အိမ်ထောင်မပြုသေးသလို ကလေးလည်း မရှိသေးဘဲ စီးပွားရေးလုပ်ငန်းများတွင်သာ နှစ်မြုပ်နေသည်။ နှစ်များစွာအတွင်း သူက မိသားစု၏ လုပ်ငန်းများကို တည်ငြိမ်စွာ ချဲ့ထွင်လာခဲ့သည်။
သို့သော် ပညာတတ်အရာရှိလူတန်းစားတို့၏ အမြင်တွင်မူ မင်းမျိုးမင်းနွယ်များ စီးပွားရေးလုပ်ခြင်းမှာ သူတို့၏ ဂုဏ်သိက္ခာနှင့် မအပ်စပ်ဟု ယူဆကြသဖြင့် ယခင်က ဤအိမ်တော်နှင့် အပြန်အလှန်ဆက်ဆံမှု အလွန်နည်းပါးခဲ့သည်။
သို့သော်လည်း တုန်းဖျင်မြို့စားအိမ်တော်က စုဆောင်းထားသော ရှားပါးပြီး ထူးခြားသည့် ပစ္စည်းများမှာမူ အလွန်လူကြိုက်များဆဲပင်။
နွေဦးတောအုပ်ပွဲတော်မှာ တုန်းဖျင်မြို့စားအိမ်တော်၏ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော အပျော်ဆုံး အခမ်းအနား ဖြစ်သည်။
အိမ်တော်ပြင်ပတွင် ရထားလုံးများစွာ ရပ်နားထားကြပြီး သူတို့ ရောက်ရှိလာသည်နှင့် အစေခံများက ဝမ်းမြောက်ဝမ်းသာဖြင့် လာရောက်ကြိုဆိုကြသည်။
သူတို့သည် ပထမဆုံး လူငယ်အစေခံတစ်ဦးနောက်မှ လိုက်၍ ဘေးတံခါးမှ ဝင်ကာ အရှေ့ခြံဝင်းကို ဖြတ်ကျော်ပြီးနောက် နောက်ထပ်လမ်းညွှန်ပေးသည့် အထိန်းတော်များလက်သို့ အပ်နှံခံလိုက်ရသည်။
ပန်းများ၊ ဗေဒါပင်များဖြင့် လှပနေသော ဥယျာဉ်ကို ဖြတ်လျှောက်ကာ စင်္ကြံလမ်းရှည်များစွာကို ဖြတ်သန်းပြီးနောက် လခြမ်းပုံ တံခါးကို ကျော်ဖြတ်လိုက်သောအခါ ယနေ့အတွက် လူစည်ကားနေသော ကျယ်ဝန်းသည့် ခြံဝင်းထဲသို့ ရောက်ရှိသွားတော့သည်။
ခြံဝင်းတစ်ခုလုံး ရောင်စုံပန်းများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်မှ နှင်းမှုန်များ အနည်းငယ် ကျဆင်းနေသော်လည်း အမျိုးသမီးများ၏ စိတ်အားထက်သန်မှုမှာ လျော့ကျမသွားပေ။ သူတို့က ခြံဝင်းထဲတွင် လှပစွာ ထိုင်နေကြပြီး တုန်းဖျင်မြို့စားကတော်(သခင်မကြီး) လာရောက်ဦးဆောင်မည့် နွေဦးတောအုပ်ပွဲတော်ကို စောင့်မျှော်ရင်း စကားစမြည် ပြောဆို ရယ်မောနေကြသည်။
ရွှယ်နင် ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ခြံလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
မျက်လုံးအားလုံးမှာ သူမကို စူးစိုက်ကြည့်ရန် တစ်ပြိုင်နက်တည်း လှည့်လာကြသည်။
ပွဲတက်ရောက်လာသူ အများစုမှာ ရွှမ်းယီနယ်စားမင်းအိမ်တော်၏ အသိအမှတ်ပြုခြင်း အခမ်းအနားကို တက်ရောက်ခဲ့သူများ ဖြစ်ကြသဖြင့် ရွှမ်းယီနယ်စားမင်းအိမ်တော်၏ မွေးစားသမီးဖြစ်မှန်း သူမကို သဘာဝကျစွာပင် သိရှိနေကြသည်။
သူမက မကြာသေးမီကပင် လော်မိသားစု၏ ပယ်ချခြင်းခံရသလို ဓားပြများ၏ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရကြောင်း ကြားသိထားကြသည်။
ထို့ကြောင့် သူမကို ကြည့်သည့် အကြည့်များထဲတွင် အဓိပ္ပာယ်များစွာ ဖုံးကွယ်နေ၏။
"သူ(မ)က ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်လာတာလဲ”