အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇) - ပြန်လည်တိုက်စစ်ဆင်ခြင်း
သူမက ပြန်ရိုက်ရန် လက်ရွယ်လိုက်သော်လည်း ဝေ့ကျန့်လန်နှင့် လုစစ်လင်တို့က သူမထက် ပိုမြန်နေခဲ့သည်။
တစ်ယောက်က ရွှယ်နင်ကို ကာကွယ်ပေးလိုက်ပြီး ကျန်တစ်ယောက်က ရှဲ့နင်းထန်၏ လက်ကို ဖမ်းဆုပ်လိုက်သည်။ အရိပ်ထဲတွင် ပုန်းခိုနေခဲ့သော ဖူရှန်းပင်လျှင် မကြောက်မရွံ့ဘဲ ရွှယ်နင်၏ ရှေ့တွင် ဝင်ခံပေးလိုက်သည်။
"ဒီနေ့ နင်နင်ကို တစ်ယောက်ယောက်ကများ လက်ဖျားနဲ့ထိရဲရင် လုမိသားစုက ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး"
ဝေ့ကျန့်လန်က နှုတ်ခမ်းကို အနည်းငယ် တင်းတင်းစေ့လိုက်ပြီး ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့တတ်သော သူ၏အမူအရာက ယခုအခါ ထက်မြက်တင်းမာနေသည်။
"ဝေ့မိသားစုကလည်း အတူတူပဲ"
ဖူရှန်းက မောက်မောက်မာမာဖြင့် ပြင်းထန်သော စကားများ ထပ်ပြောရန် ပြင်လိုက်သော်လည်း ဝမ်ရှန်း၏ တည်ငြိမ်သော အကြည့်နှင့် ဆုံမိသောအခါ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ဤမြင်ကွင်းကြောင့် ရောက်ရှိနေသော အထက်တန်းလွှာအမျိုးသမီးများ လုံးဝ မှင်သက်သွားကြ၏။
မိခင်ဖြစ်သူ၏ အမှတ်တရပစ္စည်းကို ပြန်ရရှိသွားသဖြင့် ရွှယ်နင်၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်သွားသည်။ သူမက မိခင်၏ ဆံထိုးလေးကို တင်းတင်းဆုပ်ကိုင်ရင်း စိုစွတ်နေသော သူမ၏ဗာဒံစေ့ပုံစံ မျက်ဝန်းများကို ပင့်ကာ နေရာတွင်ပင် ကျောက်ရုပ်ပမာ ဖြစ်နေသော ရှဲ့နင်းထန်ကို လှမ်းကြည့်လိုက်သည်။
ထိုအကြည့်က အချိန်မြစ်ပြင်ကို ဖြတ်သန်းသွားသကဲ့သို့ပင်။ အရင်ဘဝတုန်းက ရှဲ့နင်းထန်ကို တောင်းပန်တိုးလျှိုးသောအကြည့်ဖြင့် မော့ကြည့်ခဲ့ရသည့် အချိန်များဆီသို့ ပြန်ရောက်သွားသလို ခံစားရသည်။ သို့သော် ယခုအခါ ရွှယ်နင်၏အကြည့်မှာ ကြည်လင်ပြတ်သားကာ တည်ငြိမ်အေးစက်နေပြီး အရင်ဘဝကကဲ့သို့ မခံမရပ်နိုင်ဖြစ်မှုများနှင့် သနားစရာကောင်းမှုများ လုံးဝမရှိတော့ပေ။
"ငါ နင့်ကို တမင်ရိုက်တာ"
ရွှယ်နင်က ပြောလိုက်သည်။
"ဒီအမုန်းကြွေးကို ငါ နောက်ဆုံးတော့ ပြန်ဆပ်နိုင်ခဲ့ပြီ"
"ရွှယ်နင်။"
စုကျန်း၏ မျက်နှာထားက အေးစက်သွားပြီး ရွှယ်နင်၏ ဘယ်ဘက်လက်ကို ဖမ်းဆုပ်ကာ အသံက တင်းမာခက်ထန် နေသည်။
"သဝန်တိုတယ်ဆိုရင်တောင် အတိုင်းအတာ ရှိရမယ်"
ရွှယ်နင်က သူ့အမူအရာကို ထပ်မံ သည်းမခံချင်တော့ပေ။ သူမက စုကျန်း၏ လက်ကို ခါထုတ်လိုက်သည်။
"သဝန်တိုတယ် ဟုတ်လား။ ရှင်က ကျွန်မရဲ့ သဝန်တိုမှုကို ခံရဖို့တောင် မတန်ပါဘူး"
စုကျန်းက အရှက်ရမှုနှင့်အတူ ဒေါသတကြီးဖြင့် သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"ငါ့ကိုပြောစမ်း၊ ဘာလို့ ဆံထိုးတစ်ချောင်းအတွက်နဲ့ ရှို့နင်းကို အပြိုင်အဆိုင် လုနေရတာလဲ။ အဲဒါ ဆံထိုးတစ်ချောင်းသက်သက်ပဲလေ"
"ဆံထိုးတစ်ချောင်းသက်သက် ဟုတ်လား။"
ရွှယ်နင်၏ မျက်ဝန်းများက ဒေါသကြောင့် နီမြန်းလာသည်။ သူမက စုကျန်း၏ ဂရုမစိုက်ဘဲ အေးစက်နေသော မျက်ဝန်းများကို စူးစိုက်ကြည့်ရင်း ပြန်ပြောလိုက်၏။
"ကောင်းပြီ၊ ဒီနေ့ ရှင်သိအောင် ကျွန်မ ပြောပြမယ်။ ဒီကျောက်စိမ်းဆံထိုးက ကျွန်မအဖေက ကျွန်မအမေကို ပေးခဲ့တဲ့ အချစ်သက်သေပဲ။ ဒါက ကျွန်မအမေရဲ့ဆံထိုး၊ ကျွန်မရဲ့ဆံထိုး။ စုကျန်း..... ရှင့်မှာ ကျွန်မရဲ့ပစ္စည်းတွေကို စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး"
အရင်ဘဝတုန်းက သူမ မပြောနိုင်ခဲ့တဲ့ စကားများကို ယခုဘဝတွင် နောက်ဆုံးတော့ ပြောနိုင်ခဲ့ပြီ။
လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုရင်း ရွှယ်နင်၏ ဖြူလျော့နေသော နှုတ်ခမ်းများက လှောင်ပြောင်ရယ်မောသံအဖြစ် ကွေးညွတ်သွားသည်။
"ကျွန်မရဲ့ ပစ္စည်းတွေကို ရှဲ့နင်းထန်ဆီ ပေးပြီး ဖျက်ဆီးခိုင်းတာမျိုး နောက်တစ်ခါ ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ ဘယ်တော့မှ"
ထိုသို့ပြောပြီးနောက် သူမက စုကျန်းကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့သည်။
စုကျန်းသည် မိန်းကလေးငယ်၏ စကားလုံးများထဲမှ ဒေါသနှင့် ဖိနှိပ်ထားသော နာကျင်မှုများကို ဖြည်းဖြည်းချင်း နားလည်လာရင်း အချိန်အတော်ကြာ မှင်သက်ကာ ရပ်နေမိသည်။ သူက ရင်ထဲက ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေရသဖြင့် သူ့ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
မိန်းကလေးငယ်က ပြတ်သားတဲ့ ဆုံးဖြတ်ချက်ဖြင့် လှည့်ထွက်သွားတာကို မြင်တဲ့အခါ သူက မအောင့်နိုင်ဘဲ နောက်မှ လှမ်းအော်လိုက်သည်။
"ရွှယ်နင်၊ လိမ်မနေနဲ့။ မင်းမိဘတွေရဲ့ ပစ္စည်းတွေကို အုတ်ဂူထဲမှာ သင်္ဂြိုဟ်ထားခဲ့တာ ကြာပြီပဲ။ တုန်းဖျင်ပေါ်စံအိမ်တော်ထဲကို ဘယ်လိုလုပ် ရောက်နေမှာလဲ"
ရွှယ်နင်က ထိုစကားကို တကယ်ပဲ ရယ်စရာကောင်းတယ်လို့ ထင်မိပြီး သူမ၏နှလုံးသားက ထုံကျင်နေပြီဖြစ်သည်။ သူမရဲ့ နာကျင်မှုများကို ဖွင့်ဟပြောဆိုသည့်တိုင် ငြင်းခုံမှုများနှင့်သာ ကြုံတွေ့ရတဲ့အခါ အတိတ်က အထင်လွဲမှားမှုများကို ရှင်းလင်းနေရန် မလိုတော့ကြောင်း သူမ စောစောစီးစီး သိခဲ့သင့်တယ်။ သူ့အနားကနေ ထာဝရထွက်ခွာသွားခြင်းကသာ အကောင်းဆုံးရလဒ်ပင်။
သူမက လက်ကိုခပ်ဖွဖွဝှေ့ယမ်းရင်း ရယ်မောလိုက်သည်။
"ရှင် မယုံဘူးဆိုလည်း ပြီးတာပါပဲ"
ခြံဝင်းစင်္ကြံလမ်းထဲသို့ လျှောက်သွားစဉ် သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
ယနေ့ တုန်းဖျင်ပေါ်စံအိမ်တော်တွင် လူစည်ကားလျက်ရှိပြီး ရွှယ်နင်၏ ပါးရိုက်သံအပြီးတွင် အထက်တန်းလွှာအမျိုးသမီးများ၊ သခင်မလေးများနှင့် သခင်လေးများအားလုံး မတ်တတ်ရပ်သွားကြသည်။ လူတိုင်းက ရွှယ်နင် ဘာဖြစ်သွားမှန်းမသိဘဲ အံ့သြတကြီး စိုက်ကြည့်နေကြ၏။
သူမက စုရှီဇီကို သဘောကျနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် လူပုံလယ်မှာ သူနဲ့ ငြင်းခုံရဲရတာလဲ။
ရွှယ်မိသားစု မရှိတော့သည့်နောက် သူမက အနာဂတ်တွင် အသက်ရှင်ရပ်တည်ရန် နယ်စားမင်းအိမ်တော်ကိကိုသာ အားကိုးရမည့် အားနည်းတဲ့ မိန်းကလေးတစ်ဦးသာ ဖြစ်တယ်။
စုရှီဇီကို လူသိရှင်ကြား ဆန့်ကျင်ရဲတဲ့ သတ္တိတွေ ဘယ်ကနေ ရလာတာလဲ။
သို့သော် ရွှယ်နင်က နောက်ထပ် နှိမ့်ချမနေချင်တော့သလို၊ အနိုင်ကျင့်ခံရမှုကို သည်းမခံချင်တော့ပေ။ စုမိသားစုအတွက် ကိုယ်ကျိုးစွန့်ရန်ဆိုလျှင် ပို၍ပင် ဝေးသေး၏။
သူမ၏ မျက်နှာသွင်ပြင်က ပန်းချီကားတစ်ချပ်လို လှပသေသပ်နေပြီး လူအုပ်ကြီးကို ဆွဲဆောင်မှုရှိစွာ ပြုံးပြလိုက်သည်။
"စုယင်... လူအားလုံးရှေ့မှာ နင် ပြောစရာစကား ဘာမှမရှိဘူးလား"
လူအုပ်ထဲတွင် ပုန်းကွယ်နေသော စုယင်သည် ချက်ချင်း တင်းမာသွားသည်။
"ဘာအဓိပ္ပာယ်လဲ"
ရွှယ်နင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ငါ လော်ဝမ်ကျွင်းနဲ့ စေ့စပ်ဖို့ စကားပြောနေတုန်းမှာ သူ့ကို အစွမ်းကုန် မြူဆွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ရုံပါ။ အဲဒါကြောင့်လည်း သခင်မကြီးလော်ရဲ့ မွေးနေ့မှာ ငါ သူ့ကို စေ့စပ်ထားတာ ဖျက်သိမ်းလိုက်တာလေ"
ထို့နောက် သူမက နားမလည်ဟန်ဆောင်ကာ-
"ဒါပေမဲ့ ထူးဆန်းတယ်နော်။ ငါ လော်ဝမ်ကျွင်းနဲ့ စေ့စပ်ထားတာ ဖျက်သိမ်းပြီးတဲ့နောက်မှာ သူ့အသည်းနှလုံးဖြစ်တဲ့ နင်က ဘာလို့ လော်မိသားစုရဲ့ သခင်လေးနဲ့ စေ့စပ်ခွင့် မရခဲ့တာလဲ။ နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သရေရှိ သခင်မလေးကို သူက အထင်သေးသွားတာလား၊ ဒါမှမဟုတ် နင်ကပဲ သူ့ကို ကစားပြီး လွှင့်ပစ်လိုက်တာလား"
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးဆီမှ ဆူညံသံများ ထွက်ပေါ်လာတော့သည်။
လော်ဝမ်ကျွင်း၏ စေ့စပ်မှုပျက်ပြားခြင်းနောက်ကွယ်တွင် ဤမျှများပြားသော ဇာတ်လမ်းများ ရှိနေလိမ့်မည်ဟု ဘယ်သူမှ မထင်မှတ်ထားခဲ့ပေ။ ထင်ပေါ်မှုမရှိတဲ့ စုမိသားစု၏ ဒုတိယသခင်မလေးတွင် ယောက်ျားများကို ကစားနိုင်စွမ်း ရှိနေပြီး သူမက စေ့စပ်ထားခြင်း၊ လက်ထပ်ထားခြင်းပင် မရှိသေးပေ။
ရွှမ်းယီနယ်စားမင်းအိမ်တော်၏ အရှုပ်တော်ပုံများက ဘယ်လိုလုပ် ပိုပိုများလာရတာလဲ။
စုယင်၏ မျက်နှာမှာ ရဲရဲနီသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
"ရွှယ်နင်၊ နင် ဘာတွေ လျှောက်ပြောနေတာလဲ"
စုချင်းက စုယင်ဘက်မှ ကာကွယ်ရန် ရှေ့ထွက်လာသည်။
"ရွှယ်နင်၊ နင် ရူးနေပြီလား။ ဒုတိယအစ်မက အဲဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး"
ရွှယ်နင်က လူအများရှေ့တွင် စုယင်ကို မျက်နှာသာမပေးတော့ဘဲ လှောင်ပြောင်လိုက်သည်။
"တကယ်လား၊ သူ(မ) မလုပ်ခဲ့ဘူးလား"
စုယင်က စကားမရှာနိုင်တော့ဘဲ သူမကို မျက်လုံးပြူးကာ ဆွံ့အစွာ စိုက်ကြည့်နေသည်။
"နင်... နင် ဒီလိုနေရာမျိုးမှာ ငါ့နာမည်ပျက်အောင် လုပ်ကြံမပြောသင့်ဘူး၊ မဟုတ်ရင်... မဟုတ်ရင် ငါ..."
"ဘာလဲ၊ တိုင်ကို ခေါင်းနဲ့ဆောင့်မလို့လား။ တကယ်လို့ နင့်မှာ အဲဒီလောက်သတ္တိရှိတယ်ဆိုရင်လည်း သွားစမ်းကြည့်လိုက်လေ"
စုယင်သည် ဒေါသကြောင့် မျက်နှာများ နီရဲလာသော်လည်း လူအများအပြား ရှိနေသဖြင့် ပေါက်ကွဲထွက်၍ မရခဲ့ပေ။
"နင်..."
"မလုပ်ရဲဘူးလား"
ရွှယ်နင်က လှောင်ပြောင်ဟန်ဖြင့် နှုတ်ခမ်းကို ကွေးလိုက်၏။
"အဲဒီတုန်းကတော့ ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သတင်းအတွက် ငါ့ခံစားချက်တွေကို မြိုသိပ်ထားခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ စုကျန်းကတောင် ငါ့ရဲ့ဆံထိုးတစ်ချောင်းကို လုယူချင်နေပြီလေ။ ငါက ဘာလို့ ဆက်ပြီး သည်းခံနေရဦးမှာလဲ။ လော်ဝမ်ကျွင်းနဲ့ ငါ့ရဲ့ စေ့စပ်ပွဲ ပျက်သွားရတဲ့ အကြောင်းရင်းက ငါစေ့စပ်တဲ့နေ့မှာပဲ ခြံနောက်ဖေးမှာ သူနဲ့ ဖောက်ပြန်နေတာကို လူမိသွားတဲ့ စုမိသားစုရဲ့ ဒုတိယသခင်မလေး စုယင်၊ နင့်ကြောင့်ဆိုတာ လူတိုင်းသိအောင် ငါပြောပြရမယ်။ တခြားသူတွေကို မသိစေချင်ရင် မလုပ်နဲ့လေ။ နင် လော်ဝမ်ကျွင်းကို မြူဆွယ်နေတာကို ဘယ်သူမှ မမြင်ဘူး မထင်နဲ့— ပေါင်ချန်လည်း မြင်တယ်၊ သခင်မကြီးလော်လည်း မြင်တယ်၊ လော်မိသားစုခြံဝင်းထဲက အစေခံတွေ၊ အထိန်းတော်တွေတောင် မြင်လိုက်သေးတယ်။ နင့်ရဲ့ ချစ်လှစွာသော ရှီဇီအစ်ကိုတောင် မြင်လောက်တယ်"
ထိုသို့ပြောနေစဉ် သူမ၏ တည်ငြိမ်သောအကြည့်များက စုကျန်း၏ မည်းမှောင်နေသော မျက်နှာချောချောထက်သို့ ကျရောက်သွား၏။
"အဲဒီနေ့က လော်မိသားစုရဲ့ ခြံနောက်ဖေးမှာ လော်ဝမ်ကျွင်းကို ဖက်ထားတာ ဘယ်သူလဲဆိုတာ စုကျန်း... ရှင်ကိုယ်တိုင်ပဲ ပြောပြလိုက်ပါလား"
စုကျန်းသည် ရွှယ်နင်၏ ဒီလိုမျိုး ထက်မြက်ပြီး စူးလေ့ရှိသော ပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူ့ရှေ့တွင် သူမက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး စကားနားထောင်ကာ ငိုလျှင်ပင် အသံထွက်လေ့မရှိသူ ဖြစ်၏။
သို့သော် ယခု သူ့ရှေ့မှောက်ရှိ ရွှယ်နင်က စိမ်းသက်နေသကဲ့သို့ ခံစားရသည်။
"ရွှယ်နင်၊ တော်လောက်ပြီ"
ရွှယ်နင်၏ မျက်ဝန်းထဲတွင် ရစ်သိုင်းနေသော မျက်ရည်များက နောက်ဆုံးတွင် ပါးပြင်ထက်သို့ စီးကျလာခဲ့သည်။
သူမက လက်ကိုမြှောက်ကာ မျက်ရည်များကို ခပ်ဖွဖွ သုတ်လိုက်ပြီး သူမကိုယ်သူမ လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်သည်။
"စုကျန်း... ရှင်က တစ်ခါလေးတောင် ကျွန်မဘက်ကနေ ရပ်တည်ပေးတာမျိုး မရှိခဲ့ဘူး"
ဒါပေမဲ့ ဒါက သူ့အမှားတော့ မဟုတ်ပေ၊ အကြောင်းမှာ သူက သူမကို မချစ်သလို၊ သူမကလည်း စုမျိုးရိုး မဟုတ်၊ စုမိသားစု၏ သွေးသားလည်း မဟုတ်တာကြောင့်ပင်။
ထို့ကြောင့် သူမ သူ့ကို တကယ် မုန်းတီးခဲ့ခြင်း မရှိဘူး။
သူမ သင်ခန်းစာရသွားခဲ့ရုံသာ။ မိမိနှင့် မသက်ဆိုင်တဲ့အရာများကို ထပ်မံတောင့်တနေမည် မဟုတ်တော့သလို၊ စုကျန်း၏ ဂရုစိုက်မှု အနည်းငယ်မျှကိုပင် မလိုချင်တော့ပေ။
သူမက စုကျန်းနှင့် လုံးဝ အဆက်အသွယ်ဖြတ်ပြီး နောက်ထပ် ဘယ်သောအခါမှ ပတ်သက်မှုမရှိချင်တော့ဘူး။