← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) - သူမကို အားထားခြင်း

သူမက ရင်ထဲတွင် မြိုသိပ်ထားရသော မွန်းကြပ်မှုများကို ဖယ်ရှားရန် သက်ပြင်းရှည်ကြီးကို ဖြည်းညှင်းစွာ ချလိုက်သည်။

"ယန်ယန်... သွားရအောင်"

ဝေ့ကျန့်ယန့်က စိုးရိမ်တကြီးဖြင့် အမြန်လျှောက်လာပြီး ရွှယ်နင်၏လက်မောင်းကို ချိတ်ကာ အတူတူ ထွက်သွားကြသည်။

ရွှယ်နင် ထွက်သွားပြီးမှသာ ဝေ့ကျန့်လန်နှင့် လုစစ်လင်တို့က ရှဲ့နင်းထန်ကို လွှတ်ပေးလိုက်သည်။

လုစစ်လင်က ရွံရှာမုန်းတီးမှုအပြည့်ဖြင့် သူ့အင်္ကျီလက်ကို ခါလိုက်သည်။

သူက စုကျန်းကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ သူ့အမူအရာက တမင်သက်သက် နှေးကွေးပြီး အထင်အမြင်သေးမှုများ အပြည့်ပါဝင်နေသည်။

"စုကျန်း... မင်းက နင်နင်ရဲ့ အစ်ကိုဖြစ်လာတာ နှစ်တွေတောင် ကြာနေပြီကို အဲဒါ သူ(မ)အမေရဲ့ ကျောက်စိမ်းဆံထိုးမှန်းတောင် မသိဘူးလား"

စုကျန်း၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။

"ဘာပြောတယ်"

"သေချာတာပေါ့"

လုစစ်လင်က လှောင်ပြောင်လိုက်သည်။

"မင်းက သူ(မ)ကို စုမိသားစုဝင်တစ်ယောက်အနေနဲ့ တကယ် အသိအမှတ်မှ မပြုခဲ့တာ၊ ဘာလို့ သူ(မ)ဘက်က ရပ်တည်ပေးရမှာလဲ"

စုကျန်း၏ မျက်နှာအမူအရာက အလွန်ဆိုးရွားသွားပြီး သူ၏ နက်ရှိုင်းသော ဖီးနစ်မျက်ဝန်းများတွင် မည်းမှောင်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်တစ်ခု စွန်းထင်းသွားသည်။

လုစစ်လင်ကမူ ဘာကိုမှ ကြောက်ရွံ့မနေပေ။

စစ်မြေပြင်ကို ကျင်လည်ခဲ့သူတစ်ယောက်အနေဖြင့် အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကိုပင် မကြောက်ရွံ့ပေ။

"မင်းက မပြောချင်ဘူးဆိုတော့လည်း ငါပဲ ပြောရတာပေါ့"

လုစစ်လင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူ့အသံကို ပိုကျယ်လိုက်သည်။

"အဲဒီနေ့က လော်မိသားစုအိမ်မှာ လော်ဝမ်ကျွင်းကို ဖက်ပြီး နမ်းနေခဲ့တာ တခြားသူမဟုတ်ဘူး၊ စုမိသားစုရဲ့ ဒုတိယသမီး စုယင်ပဲ"

သူက လူအုပ်ကြီးဘက်သို့ လှည့်လိုက်ပြီး သူ့အကြည့်က စုကျန်းထံတွင်သာ စူးစိုက်နေကာ မျက်နှာထားက လုံးဝ အေးစက်နေသည်။

"ဒါက အမှန်တရားပဲ။ ဘာတွေများ ပြောရခက်နေလို့လဲ"

"လောကမှာရှိတဲ့ မတရားမှုမှန်သမျှကို တရားစီရင်နိုင်တဲ့ တရားရေးဝန်ကြီးဌာနရဲ့ လေးစားရတဲ့ ဝန်ကြီးစုက ရွှယ်မိသားစုက မိန်းကလေးငယ်တစ်ယောက်ရဲ့ မတရားခံရမှုကိုတော့ မဖြေရှင်းပေးနိုင်ဘူးဆိုတဲ့ သဘောလား"

"တကယ်ကို—"

"ရယ်စရာကောင်းလိုက်တာ!"

ထိုသို့ပြောပြီးနောက် လုစစ်လင်သည် ရှိနေသူများ၏ မျက်နှာအမူအရာများကို ဂရုမစိုက်တော့ဘဲ ခပ်သုတ်သုတ် လျှောက်ထွက်သွားခဲ့သည်။

ရှဲ့နင်းထန်၏ လက်ကောက်ဝတ်မှာ တင်းကြပ်စွာ ဆုပ်ကိုင်ခံထားခဲ့ရသဖြင့် နီရဲနေသည်။ သူမက စုကျန်းကို သနားစရာကောင်းတဲ့ အကြည့်ဖြင့် ကြည့်လိုက်သော်လည်း သူက နေရာတွင်ပင် တောင့်တောင့်ကြီးရပ်ကာ အတွေးလွန်နေတာကိုသာ တွေ့လိုက်ရသည်။

သူမက သူ့ကို သနားစရာကောင်းတဲ့ အသံဖြင့် အကြိမ်ကြိမ် ခေါ်လိုက်ပြီးနောက်မှသာ သူက လက်တွေ့ကမ္ဘာသို့ သတိပြန်ဝင်လာသည်။ သို့သော် နှစ်သိမ့်စကားတစ်ခွန်းမျှပင် မဆိုဘဲ မည်းမှောင်နေသော မျက်နှာထားဖြင့် အပြင်သို့ ထွက်သွားခဲ့၏။

...

ရွှယ်နင် ရထားလုံးပေါ်သို့ တက်လိုက်ပြီး လက်ထဲရှိ သူမမိခင်၏ ကျောက်စိမ်းဆံထိုးလေးကို သေသေချာချာ ပွတ်သပ်ယုယနေမိသည်။

အရင်ဘဝက အချည်းနှီး တောင့်တခဲ့ရတဲ့အရာက နောက်ဆုံးတွင် အကောင်းပကတိအတိုင်း သူမထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ။

သူမအနေဖြင့် ဘာတွေ ထပ်လိုချင်နေဦးမှာလဲ။

သူမက တတိယလ တစ်ဆယ့်ငါးရက်နေ့အထိသာ စောင့်ဆိုင်းရန် လိုအပ်ပြီး ထိုနေ့တွင် နယ်စားမင်းအိမ်တော်မှ ထွက်ခွာကာ လက်ထပ်ရမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် စုကျန်းနှင့် မည်သည့်ပတ်သက်မှုမျှ ရှိတော့မည်မဟုတ်ပေ။

"နင်နင်... စိတ်မကောင်းမဖြစ်ပါနဲ့"

ဝေ့ကျန့်ယန့်က စာနာစိတ်ဖြင့် ပြောရင်း ရွှယ်နင်ကို သူမ၏ရင်ခွင်ထဲသို့ ဆွဲသွင်းဖက်ထားလိုက်သည်။

"အဲဒီနေ့က နင် မတရားခံခဲ့ရတာကို ငါ့ကို ဘာလို့မပြောခဲ့တာလဲ"

ရွှယ်နင်က တကယ်တမ်း စိတ်မကောင်းဖြစ်မနေပေ။ အမှန်တော့ ကောင်းကင်ဘုံကပင် သူမကို ကူညီနေတယ်လို့ ခံစားရ၏။

"ပြောနေဖို့ မလိုတော့လို့ပါ။ တကယ်တော့ ငါက လော်ဝမ်ကျွင်းကို တကယ်နှစ်သက်ခဲ့တာ မဟုတ်ဘဲ သင့်တော်တဲ့ ခင်ပွန်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ နောက်တော့ စုယင်က သူ့ကို တိတ်တဆိတ် မြူဆွယ်ခဲ့တာက လော်ဝမ်ကျွင်းရဲ့ စိတ်ဓာတ်က ယုံကြည်လို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ။ တစ်နည်းပြောရရင် ငါ့ဘက်က အချိန်မီ လက်ရှောင်နိုင်ခဲ့တာပေါ့"

အရင်တုန်းက သူမက လက်မလွှတ်နိုင်ဘဲ ရွှမ်းယီနယ်စားမင်းအိမ်တော်အပေါ် အမြဲတမ်း စိတ်ယိုင်ခဲ့ဖူးတယ်။ ယခုမူ သူမ လုံးဝဂရုမစိုက်တော့သဖြင့် ရင်ထဲတွင် ပေါ့ပါးသွား၏။

ဝေ့ကျန့်ယန့်က ဒေါသထွက်နေသည်။

"လော်ဝမ်ကျွင်းက အပြင်မှာ နင့်အကြောင်း ဘယ်လောက်တောင် မကောင်းပြောနေလဲဆိုတာ နင်သိမှာမဟုတ်ဘူး"

ရွှယ်နင်က ညင်သာစွာ ရယ်မောလိုက်သည်။

"ကိစ္စမရှိပါဘူး။ အမှန်တရားက အမှန်တရားပဲလေ။ ဒါ့အပြင် ဒီနေ့ ငါ ဒီလောက်အထိ လုပ်ပြလိုက်ပြီဆိုမှတော့ စုယင်က ပြဿနာရှာတဲ့သူဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ"

သူမ မထွက်ခွာမီ စုယင်၏ မျက်နှာအမူအရာကို ကြည့်ရန် အချိန်မရခဲ့သော်လည်း ကြည့်ရဆိုးနေလိမ့်မည်ဟု ခန့်မှန်းမိသည်။

ဒုတိယအိမ်တော်ခွဲက "နူးညံ့သိမ်မွေ့ပြီး ထက်မြက်သော" စုရှီးတစ်ယောက်ကို ပြဆုံးရှုံးထားရပြီးပြီဖြစ်တာကြောင့် ယခုအခါ "အိန္ဒြေရှိပြီး သိက္ခာစောင့်သော" စုယင်တစ်ယောက် ထပ်တိုးလာပြန်သည်။ လျိုရှီတော့ ရူးမတတ် ဖြစ်နေလောက်ပြီ။

အရင်ဘဝတုန်းက လျိုရှီက သူမအပေါ် လှောင်ပြောင်သရော်ခဲ့သော စကားများကို ပြန်တွေးမိပြီး ရွှယ်နင် လုံးဝသနားမနေပေ။

"ဒီနေ့ နင် တကယ်သတ္တိရှိတာပဲ"

ဝေ့ကျန့်ယန့်က နှုတ်ခမ်းလေးကွေးကာ ပြုံးရင်း ပြောလိုက်သည်။

"အထူးသဖြင့် မင်းသမီးရှို့နင်းကို ချလိုက်တဲ့ ပါးရိုက်ချက်က တကယ့်ကို အားရစရာပဲ"

ရွှယ်နင်က ပြုံးလျက် မိခင်၏ ကျောက်စိမ်းဆံထိုးကို အင်္ကျီလက်ထဲသို့ ထည့်လိုက်ရင်း သူမ၏အကြည့်များကို အဝေးသို့ ပို့ထားလိုက်သည်။

"အဲဒီပါးရိုက်ချက်က သူ(မ) ရသင့်ရထိုက်တာပဲ"

အရင်ဘဝတုန်းက သူမ အဲ့လိုရိုက်ချင်ခဲ့ပေမယ့် ကံဆိုးစွာဖြင့် စုကျန်းက တားဆီးခဲ့တယ်။ အခုဘဝတော့ သူမ ထိုပါးရိုက်ချက်ကို သေချာပေါက် ပေးဆပ်စေခဲ့ပြီ။

မင်းသားရီက သူမကို အပြစ်တင်လျှင်ပင် အရင်ရိုက်ပြီးမှ ရလဒ်ကို နောက်မှ စဉ်းစားမယ်။

ဝေ့မောင်နှမနှင့် လုစစ်လင်တို့ကို နှုတ်ဆက်ပြီးနောက် ရွှယ်နင်နှင့် ပေါင်ချန်သည် စာမေးပွဲခန်းမအဝင်ဝသို့ ဦးတည်လိုက်ကြသည်။

တတိယလ၏ လျော့ပါးမသွားသော အအေးဒဏ်က ကျန်ရှိနေဆဲဖြစ်သည်— ယခုနှစ်၏ နွေဦးမှာ ပုံမှန်ထက် ပိုမိုအေးစက်နေပြီး တုန်းကျင်းမြို့တစ်ခုလုံး နှင်းထူထူကြီး ဖုံးလွှမ်းနေ၏။

သူမ ဒီနေရာကို ဘာကြောင့် လာခဲ့မိလဲဆိုတာကို သဲသဲကွဲကွဲ မသိပေမယ့် ယခုအခါ ဒီနေရာကပဲ သူမရဲ့ တစ်ခုတည်းသော ခိုလှုံရာဖြစ်တယ်လို့ ခံစားနေရသည်။

စာမေးပွဲခန်းမအပြင်ဘက်တွင် စစ်သည်အစောင့်အရှောက် ဒါဇင်ပေါင်းများစွာ ကင်းစောင့်နေကြသည်။ စာသင်သားများ အတွင်းသို့ ဝင်ရောက်သွားပြီးပါက သုံးရက်ကြာသည်အထိ ပြန်ထွက်လာကြလိမ့်မည် မဟုတ်ပေ။

မြေခွေးသားမွေးဝတ်ရုံကို ခြုံထားရင်း ရွှယ်နင်သည် စာမေးပွဲခန်းမမုခ်ဦးနှင့် မျက်နှာချင်းဆိုင်ရှိ အမိုးပါသော စင်္ကြံတွင် ထိုင်နေခဲ့သည်။ သူမ၏ အေးစက်နေသော လက်များကို ပွတ်သပ်ရင်း အမိုးစွန်းမှ ကြွေကျနေသော နှင်းပွင့်လေးများကို ငေးမောကြည့်နေမိပြီးနောက် မိခင်ဖြစ်သူ၏ ကျောက်စိမ်းဆံထိုးလေးကို ထုတ်ကာ လက်ဖဝါးထဲတွင် ယုယစွာ ပွတ်သပ်နေတော့သည်။

ပေါင်ချန်က သူမနှင့် ပုခုံးချင်းယှဉ်လျက် ထိုင်နေ၏။

ယခင်က ဝဝတုတ်တုတ်နှင့် ချစ်စရာကောင်းတဲ့ ထိုမိန်းကလေးမှာ မကြာသေးမီက ရွှယ်နင်၏ အားနည်းလှသော ကျန်းမာရေးကြောင့် စိုးရိမ်ပူပန်ရလွန်းသဖြင့် သိသိသာသာ ပိန်ကျသွားခဲ့သည်။

ရွှယ်နင်က သူမကို လက်ကောက်မုန့်အချို့ ဝယ်ရန် ဒင်္ဂါးပြားအချို့ ပေးလိုက်သည်။

သခင်နှင့် အစေခံနှစ်ဦးမှာ သွားစရာမဲ့နေသော လေလွင့်ကြောင်နှင့် ခွေးလေးများအတိုင်း စင်္ကြံအောက်တွင် တိုးဝှေ့ခိုလှုံနေကြသည်။

"သခင်မလေး... သခင်လေးလီ စာမေးပွဲကို ဘယ်လိုဖြေဆိုနေမလဲမသိဘူးနော်"

"သူ့ရဲ့ အရည်အချင်းနဲ့ဆိုရင်တော့ သိပ်ပြီး ညံ့ဖျင်းမှာ မဟုတ်ပါဘူး"

ပေါင်ချန်၏ မျက်ဝန်းများ တောက်ပသွားသည်။

"ကျွန်မ စိတ်ထဲမှာ သခင်လေးလီကို ထိပ်ဆုံးက အောင်မြင်တဲ့ ပညာရှိဖြစ်စေချင်တာ ဒါပထမဆုံးပဲ။ တကယ်လို့ အဲဒီလိုသာဖြစ်လာရင် သခင်မလေးက ပညာရှိကတော် ဖြစ်လာမှာလေ။ နောက်ပြီး နောင်တစ်ချိန်မှာ သခင်လေးလီ ရာထူးတိုးလာရင် သခင်မလေးလည်း ဘွဲ့ထူးခံသခင်မ ဖြစ်လာနိုင်တာပေါ့"

ရွှယ်နင်က ပြုံးလိုက်မိသည်။ သူမလည်း လီချန်ချဲ့ကို တော်ဝင်စာမေးပွဲမှာ အောင်မြင်စေချင်ပေမယ့် ပညာရှိကတော် သို့မဟုတ် ဘွဲ့ထူးခံသခင်မကြီး ဖြစ်လာရန်အထိ များစွာ ထည့်မတွေးမိပေ။

"ရာသီဥတုက တအားအေးတာပဲ သခင်မလေး။ ခဏနေရင် ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်ကြမလားဟင်"

ရွှယ်နင် ခဏလောက် ငြိမ်သက်သွားသည်။ နှစ်ပေါင်းများစွာတိုင်အောင် ရွှမ်းယီနယ်စားမင်းအိမ်တော်သည် သူမ၏ ဒုတိယအိမ် ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က ရွှယ်မိသားစုသည် ပုန်ကန်မှုကောလာဟလများတွင် ပါဝင်ပတ်သက်နေပြီး ဖခင်နှင့် အစ်ကိုဖြစ်သူတို့၏ စစ်ရေးကောင်းမှုများကို ဧကရာဇ်က ရုပ်သိမ်းလိုက်သောအခါ ဆွေမျိုးအသိုင်းအဝိုင်းများက သူမနှင့် ဝေးဝေးရှောင်ရန်သာ ကြိုးစားခဲ့ကြသည်။ သခင်မကျန်း တစ်ဦးတည်းသာ သူမကို ခေါ်ယူကာ နှစ်ပေါင်းများစွာ သမီးအရင်းကဲ့သို့ ပြုစုပျိုးထောင်ပေးခဲ့သည်။ စုမိသားစုရှိ အခြားသူများနှင့်မတူဘဲ သခင်မကျန်းက သူမ၏ ဒုတိယမိခင် ဖြစ်၏။

ရွှယ်နင်သည် ယန်ရှီအနားတွင် ကြီးပြင်းလာခဲ့ရခြင်း မဟုတ်သဖြင့် သူမအပေါ် ဘယ်လောက်ပဲ သံယောဇဉ်ရှိပါစေ သခင်မကျန်းနှင့် ရှိခဲ့သော သံယောဇဉ်ကိုတော့ ဘယ်သောအခါမျှ မမှီနိုင်ပေ။

ယခု သူမ ကြီးပြင်းလာပြီး လက်ထပ်ရတော့မည်ဖြစ်ရာ သခင်မကျန်း၏ အနားမှ ထွက်ခွာသွားရမှာ သဘာဝပင်။

သူမက မိုးချုပ်ခါနီးအထိ စာမေးပွဲခန်းမအဝင်ဝတွင် ထိုင်နေခဲ့ပြီးမှ မျက်တောင်ခတ်ရင်း မတ်တတ်ရပ်လိုက်သည်။

"ကောင်းပြီ... မုန့်လည်း စားလို့ဝပြီဆိုတော့ ပြန်ကြစို့"

...

ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် ရွှယ်နင်၏ အခြေအနေမှာ ပို၍ပို၍ နေရခက်ခဲလာခဲ့သည်။

စုယင်၏ အဖြစ်အပျက်ကို ကြားသိရသောအခါ သခင်မကြီးရှဲ့သည် ရွှယ်နင်ကို ဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန် အပြစ်တင်တော့သည်။

ရွှယ်နင်နှင့် သခင်မကျန်းတို့ နှစ်ဦးစလုံးက သခင်မကြီးရှဲ့ရှေ့တွင် နှိမ့်ချစွာနေရင်း ထိုကိစ္စကို အသာအယာပင် ဖုံးဖိကျော်ဖြတ်စေခဲ့သည်။

အဆုံးတွင်မူ သူမကလည်း နစ်နာသူတစ်ဦးသာ ဖြစ်၏။ ထိုစဉ်က စုယင်သာ ကြားဖြတ်မနှောင့်ယှက်ခဲ့ပါက လော်ဝမ်ကျွင်းနှင့် သူမ၏ မင်္ဂလာပွဲမှာ အခြေကျပြီးသား ဖြစ်လိမ့်မည်။

သခင်မကြီးရှဲ့လည်း သူမဘက်က မမှန်ကြောင်း သိသဖြင့် သူမ၏ အိုမင်းရင့်ရော်သော မျက်နှာကြီးမှာ တင်းမာအေးစက်နေသည်။ ခဏမျှ ဆူပူကြိမ်းမောင်းပြီးနောက် ဒေါသများ လျော့ကျသွားတော့သည်။

ရွှယ်နင်ကပင် ဦးအောင်လှုပ်ရှားကာ သူမအား ရေနွေးကြမ်းတစ်ခွက် ကမ်းပေးရင်း ကျန်းမာရေးကို ဂရုစိုက်ရန်နှင့် ဒေါသမထွက်ရန် ဖျောင်းဖျလိုက်သေး၏။

သခင်မကြီးရှဲ့က သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။

"မင်းရဲ့ မင်္ဂလာပွဲက ဘယ်နှရက်ပဲ လိုတော့တာမလို့လဲ။ အမြန်ဆုံး လက်ထပ်သွားပြီး စုကျန်း ရှေ့မှာ လာပြီး ရစ်ဝဲမနေနဲ့တော့"

ရွှယ်နင်က မျက်လွှာချကာ နာခံမှုရှိစွာဖြင့် ဦးညွှတ်လိုက်ပြီး သူမ၏ အမူအရာတွင် ယခင်ကကဲ့သို့ သနားစရာကောင်းသော အရိပ်အယောင်များ လုံးဝ မရှိတော့ပေ။

ဝမ်ရှို့ဆောင်မှ ထွက်လာစဉ် ရွှယ်နင်က နှုတ်ခမ်းကိုအုပ်ကာ ပြုံးလိုက်ပြီး သခင်မကြီးရှဲ့က ဒေါသတကြီးဖြင့် လော်မိသားစုထံသို့ စေ့စပ်ကြောင်းလမ်းရန် လူလွှတ်လိုက်ပုံကို ပြန်တွေးမိသည်။ ထိုအကြောင်းကို တွေးမိလေ သူမ ကျေနပ်အားရလေပင်။

သခင်မကျန်းကလည်း သူမနှင့်အတူ ရယ်မောလိုက်သည်။

"ဒီကောင်မလေး၊ တစ်နေ့တခြား ပိုပိုပြီး ဆိုးလာပါလား"

ဆိုးလာသည်ဟု ပြောလိုက်သော်လည်း ရွှယ်နင် ပို၍ တက်ကြွလန်းဆန်းလာတာကို သူမ မြင်တွေ့နိုင်သည်။

ပြီးခဲ့တဲ့ နှစ်များတစ်လျှောက် နယ်စားမင်းအိမ်တော်မှာ ရွှယ်နင် ဘယ်လောက်အထိ ခက်ခဲစွာ နေထိုင်ခဲ့ရလဲဆိုတာကိုလည်း သခင်မကျန်း သိထားသည်။

ယခု လက်ထပ်တော့မည်ဖြစ်ရာ မိန်းကလေးငယ်သည် သူမရင်ထဲတွင် မြိုသိပ်ထားခဲ့ရသော မခံမရပ်နိုင်ဖြစ်မှုများကို နောက်ဆုံးတော့ ဖွင့်ထုတ်ပစ်လိုက်ပြီဖြစ်သည်။

သူမကို ဆူပူရန် မရက်စက်နိုင်ဘဲ ရင်နာခြင်းကိုသာ ခံစားနေရ၏။

"အမေ့ရဲ့ မင်္ဂလာခန်းဝင်ပစ္စည်းက သိပ်မများပေမဲ့ အဲဒါကို နှစ်စုခွဲပြီး တစ်စုကို မင်းအတွက်၊ နောက်တစ်စုကို မန်မန်အတွက် ပေးမယ်။ မင်းအမေ ချန်ထားခဲ့တဲ့ ဆိုင်ခန်းနဲ့ ခြံမြေအချို့နဲ့ပါ ပေါင်းလိုက်ရင် တော်တော်လေး များတဲ့ ပမာဏတစ်ခု ဖြစ်လာမှာပါ။ တစ်ဆယ့်ငါးရက်နေ့ကျရင် နင်နင်ရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားနဲ့ ဂုဏ်သိက္ခာရှိရှိ ကျင်းပပေးရမယ်”

All Chapters