← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉ - စုကျန်း၏ မင်္ဂလာပွဲ

ရွှယ်နင်သည် သခင်မကျန်း၏ အေးစက်နေသောလက်ကို ဆုပ်ကိုင်ထားပြီး မိခင်ဖြစ်သူ၏ မြေခွေးသားရေဝတ်ရုံပေါ်သို့ ခေါင်းမှီထားလိုက်သည်။

ဝမ်ရှို့ဆောင်မှ ထွက်လာပြီးနောက် သားအမိနှစ်ယောက်သည် စင်္ကြံလမ်းတစ်လျှောက် အတူတကွ လျှောက်လာခဲ့ကြသည်။ စင်္ကြံလမ်း၏အပြင်ဘက်တွင် တဖွဲဖွဲကျနေသော နှင်းပွင့်များနှင့် လေပြေများက ရင်သပ်ရှုမောဖွယ် ကောင်း၏။

ရွှယ်နင်၏ စိတ်ထဲတွင် အလွန်တည်ငြိမ်အေးချမ်းမှုကို ခံစားနေရသည်။

"အမေသာ ကျန်းကျန်းမာမာရှိမယ်ဆိုရင် နင်နင်က တခြားဘာမှ မလိုတော့ပါဘူး"

သခင်မကျန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

"မိန်းကလေးတစ်ယောက်က ဘာမှမပါဘဲ ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ရမှာလဲ။ ခန်းဝင်ပစ္စည်းဆိုတာ ခင်ပွန်းသည်အိမ်မှာ သမီးအတွက် အခြေခံအုတ်မြစ်ပဲ။ အမေကလည်း သမီးရဲ့ အားကိုးရာလေ"

ရွှယ်နင်က လီမိသားစုတွင် ကြာကြာနေရန် မရည်ရွယ်ထားပေ။ သူမက အလွန်ဆုံး တစ်နှစ်အတွင်း လီချန်ချဲ့နှင့် ကွာရှင်းမည်ဟု တွေးထား၏။

ဤကိစ္စများကို ဘာမှမသိသော သခင်မကျန်းကမူ ရွှယ်နင် သူမသဘောကျရသူကို တွေ့သွားသည့်အတွက် တကယ်ကို ဝမ်းသာနေခဲ့သည်။

စုကျန်း၏ မင်္ဂလာပွဲအပြီးတွင် ရွှယ်နင်အတွက် အိမ်ထောင်ရေးအဆောင်လက်ဖွဲ့ သွားရောက်ဆုတောင်းပေးရန် ကျန့်ကော်ကျောင်းတော်သို့ သွားမည်ဟု သူမ တွေးထားလိုက်သည်။ ယခုရက်ပိုင်း စံအိမ်တော်၌ သူမအတွက် အလုပ်သိပ်မရှိသဖြင့် တစ်ခုခုလုပ်ရန် အချိန်တန်ပြီ။

ရွှယ်နင်က စိတ်မချနိုင်သေးဘဲ တိုက်ရိုက်ပင် သတိပေးလိုက်သည်။

"ဒါနဲ့ အမေ... သမီးထွက်သွားပြီးရင် အမေ ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်။ စားသောက်မယ့်အရာမှန်သမျှကို သေချာစစ်ဆေးရမယ်။ ကိုယ့်လူတွေ ပြင်ဆင်ပေးတာကိုပဲ စားပါ။ အထူးသဖြင့် ဒုတိယအိမ်တော်နဲ့ တတိယအိမ်တော်က သခင်မနှစ်ယောက်အပြင် ဟိုသခင်မနျဲ့ကိုလည်း သတိထားရမယ်။ နယ်စားမင်းကလည်း အမေ့အပေါ် တဖြည်းဖြည်း စိတ်မရှည်တော့ဘူး။ စံအိမ်မှာနေရတာ ပျင်းစရာကောင်းနေရင် သမီးရှိတဲ့ လီမိသားစုဆီ လာလည်လို့ရတယ်"

သခင်မကျန်းက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။

"နင်နင် စိတ်မပူပါနဲ့။ အမေ အကုန်နားလည်ပါတယ်"

ရွှယ်နင်က သူမ၏ အရည်လဲ့နေသော မျက်ဝန်းများကို ပြူးကျယ်ကာ သက်ပြင်းချလိုက်သည်။

"အမေ အသက်ရှည်ရှည် နေရမယ်နော်..."

သခင်မကျန်းက ရွှယ်နင်၏ နဖူးပေါ်မှ ဆံပင်လေးများကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

"သမီးလေး အိမ်ထောင်ကျပြီး ကလေးမွေးတာကို အမေ မြင်ချင်သေးတယ်။ ဒါကြောင့် အမေ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ရဦးမှာပါ"

ရွှယ်နင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ဤရက်အနည်းငယ်သည် အရင်ဘဝက သခင်မကျန်း သေဆုံးရမည့် အရေးကြီးတဲ့ အချိန်ကာလဖြစ်သည်။

သူမက သခင်မကျန်း၏ဘေးတွင် အချိန်တိုင်း နေချင်သည်။

သူမသည် သခင်မကျန်း၏ ချိုးရွှေခြံဝင်းတွင် ညစာစားခဲ့သည်။ ညဘက်တွင် လုပ်စရာဘာမှမရှိသဖြင့် သခင်မကျန်း၏ အခန်းတွင်းရှိ အစိမ်းရောင်ဇာခန်းဆီးချထားသော အခန်းငယ်လေးထဲတွင် အနားယူလိုက်၏။

မင်းသမီး ရှို့နင်း လူပုံလယ်တွင် ပါးရိုက်ခံခဲ့ရသဖြင့် မင်းသားရီ အမျက်ထွက်သွားခဲ့သည်။ သို့သော်လည်း မင်းသားရီ၏ ဒေါသက ချိုးရွှေခြံဝင်းအထိတော့ မရောက်လာခဲ့ပေ။

မားမားစုန့်က အခန်းကန့်တံခါးအပြင်ဘက်တွင် ရပ်နေရင်း စုကျန်းက သူမအတွက် ဝင်ရောက်တောင်းပန်ပေးခဲ့ကြောင်း ပြုံးကာ ပြောပြလေသည်။

မင်းသားရီသည် ရှဲ့နင်းထန်နှင့် စုကျန်းတို့ မကြာခင် လက်ထပ်တော့မှာကို ထောက်ထား၍ ရွှယ်နင်အား အပြစ်မယူဘဲ လွှတ်ပေးခဲ့ခြင်းပင်။

ရွှယ်နင်သည် သခင်မကျန်း ပြင်ဆင်ပေးထားသော ခေါင်းအုံးနုနုလေးပေါ်တွင် လှဲလျောင်းရင်း ဘာမှမပြောတော့ဘဲ ဖြည်းညှင်းစွာ အိပ်ပျော်သွားခဲ့သည်။

............

နောက်ထပ်နှစ်ရက်အကြာတွင် နွေဦးတော်ဝင်စာမေးပွဲကြီး ပြီးဆုံးသွားခဲ့သည်။

ရွှယ်နင်က စိတ်လှုပ်ရှားနေမိပြီး ဘယ်သူ့ကိုမှ သွားရောက်ကြိုဆိုရန် စာမေးပွဲခန်းမဆီသို့ တိုက်ရိုက်မသွားရဲခဲ့ပေ။

ထိုညတွင်မူ ဖူရှန်းက သူ့သခင်ကိုယ်စား နံရံကျော်၍ ထပ်မံရောက်ရှိလာပြန်သည်။ သူက ဖန့်လော်မှ လတ်လတ်ဆတ်ဆတ်လုပ်ထားသော မုန့်များကိုသာမက ဝါးရောင်အဆောင်လက်ဖွဲ့သုံးခုကိုပါ ယူဆောင်လာခဲ့၏။

ထုံးစံအတိုင်း ဖူရှန်းက အုတ်တံတိုင်းပေါ်တွင် တွဲလောင်းခိုရင်း ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ကျွန်တော့်သခင်လေးက မင်္ဂလာမဆောင်ခင် တွေ့ကြတာ ကံမကောင်းဘူးတဲ့။ ဒါကြောင့် သခင်မလေးရဲ့ ဇာတာကိုတွက်ပေးတဲ့ ဆရာတော်ဆီကနေ ဒီအဆောင်တွေကို ကျန့်ကော်ဘုရားကျောင်းအထိ အထူးတလည်သွားတောင်းလာတာပါ။ ဒါတွေကို မီးရှို့လိုက်ရင် အရင်က သုံးကြိမ်တွေ့ခဲ့တာတွေ အကုန်အကျုံးမဝင်တော့ဘူးလို့ ပြောပါတယ်"

ရွှယ်နင်သည် အဆောင်လက်ဖွဲ့များကို လှမ်းယူလိုက်ရင်း စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

"သူ တခြားဘာပြောသေးလဲ"

ဖူရှန်းက ပြုံးလျက် ပြောလိုက်သည်။

"သခင်လေးက သခင်မလေးကို ကောင်းကောင်းစားသောက်ပြီး မင်္ဂလာပွဲကို စိတ်အေးလက်အေး စောင့်နေဖို့ ပြောပါတယ်။ ကျန်တာတွေကိုတော့ သူ့ကိုပဲ လွှဲထားလိုက်ပါ။ နွေဦးတောအုပ်ပွဲနေ့က ဖြစ်ခဲ့တဲ့ကိစ္စကိုလည်း သခင်လေး သိထားပြီးပါပြီ။ ဒီတုန်းကျင်းမြို့တော်မှာ သခင်မလေးကို လက်ထပ်ယူပြီးတဲ့နောက် ဘယ်လိုမတရားမှုကိုမှ ခံစားရစေမှာ မဟုတ်ဘူးလို့ စိတ်ချစေချင်ပါတယ်တဲ့"

"သူ့မှာရော ရှိလား"

"သခင်လေးကတော့ သူ့ဟာသူ အကုန် မီးရှို့ပြာချပစ်လိုက်ပြီ"

ရွှယ်နင်၏ စိတ်ထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြတ်သန်းသွားပြီး မျက်ဝန်းများ အနည်းငယ် စိုစွတ်လာခဲ့သည်။

ဖူရှန်း ထွက်သွားပြီးနောက် သူမသည် အဆောင်လက်ဖွဲ့သုံးခုကို သူမ၏ လက်ဖဝါးငယ်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ လီချန်ချဲ့တစ်ယောက် မဟုတ်တာကို လျှောက်လုပ်နေတယ်လို့ စိတ်ထဲက ရယ်မောမိသော်လည်း ပေါင်ချန်အား မီးဖိုအိုး ယူလာခိုင်းကာ အဆောင်များကို ဂရုတစိုက် မီးရှို့လိုက်သည်။

သူမက မီးဖိုအိုးငယ်လေးဘေးတွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်ရင်း အဆောင်စက္ကူများ မီးတောက်ထဲတွင် ပြာအဖြစ် ပြောင်းလဲသွားတာကို ကြည့်နေ၏။ သူမ နှုတ်ခမ်းထက်တွင် ချိုမြိန်ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

တစ်စုံတစ်ယောက်နှင့်အတူ ကလေးဆန်တဲ့ ကိစ္စရပ်များကို ပြုလုပ်တာက စုကျန်းပြောသလို အချိန်ဖြုန်းခြင်းသက်သက် မဟုတ်ဘဲ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တာကို သိလိုက်ရတယ်။

သို့သော် ပြုံးနေရင်းပင် သူမ၏ မျက်ဝန်းများ တဖန်နီမြန်းလာပြန်သည်။

ဒီလိုမျိုး သေးငယ်တဲ့ ပျော်ရွှင်မှုလေးကတောင် သူမကို ကျေနပ်အားရစေနိုင်တယ် မဟုတ်လား။

ထို့နောက်တွင် သူမသည် နယ်စားမင်းအိမ်တော်အတွင်း၌သာ တိတ်တဆိတ် နေထိုင်ခဲ့ပြီး ချီယွင်ဆောင်၏ ခြံဝင်းတံခါးအပြင်ဘက်သို့ တစ်လှမ်းမျှ မလှမ်းခဲ့ပေ။

တတိယလ၏ ဆယ်ရက်မြောက်နေ့တွင် စုကျန်းနှင့် ရှဲ့နင်းထန်တို့ မင်္ဂလာဆောင်ကြ၏။ ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံးမှာ အနီရောင်ပိတ်စများနှင့် ပွဲတော်အပြင်အဆင်များဖြင့် ဝေဝေဆာဆာ ရှိနေပြီး ပျော်ရွှင်မှုများ ပြည့်လျှံနေခဲ့သည်။

မင်းသမီး ရှို့နင်းက လွန်ခဲ့တဲ့ နှစ်ရက်ကပင် နယ်စားမင်းအိမ်တော်မှ ပြောင်းရွှေ့သွားခဲ့ပြီး တုန်းကျင်းရှိ မင်းသားရီ၏ ဗီလာစံအိမ်တွင် သွားရောက်နေထိုင်သည်။ မင်းသားရီ ပြင်ဆင်ပေးလိုက်သော ခန်းဝင်ပစ္စည်းများမှာ သင်္ဘောနှစ်စင်းအပြည့်ပင်။ တော်ဝင်မင်းသမီးများ သာမန်လူတန်းစားထံ လက်ထပ်ဆင်းသက်ရာတွင်ပင် ဤမျှ ခမ်းနားထည်ဝါသော ပြသမှုကို ခဲယဉ်းစွာ မြင်တွေ့ရတတ်သည်။

အချိန်တိုအတွင်း မင်းသမီး ရှို့နင်းနှင့် စုကျန်းတို့၏ မင်္ဂလာပွဲသည် တုန်းကျင်းမြို့တော်၏ အကြီးမားဆုံး သတင်းဖြစ်သွားခဲ့သည်။

"ဒီလောက် စည်ကားတဲ့ မင်္ဂလာပွဲမျိုးက ငါတို့ နယ်စားမင်းအိမ်တော်မှာ တကယ်ကို ပထမဆုံးပဲ"

"နောက်ထပ် ငါးရက်ကြာရင် ဟို ရွှယ်မိသားစုက မိန်းကလေးရဲ့ မင်္ဂလာပွဲပဲ။ နှိုင်းယှဉ်ကြည့်ရင် မျက်စိရှိတဲ့သူတိုင်း ဘယ်သူနိုင်ပြီး ဘယ်သူရှုံးလဲဆိုတာ မြင်နိုင်တယ်"

"အဲဒီ ရွှယ်မိသားစုက မိန်းကလေးက အရင်က ရှီဇီရဲ့ အဆင့်မြင့်အသိုင်းအဝိုင်းဆီကို တက်လှမ်းချင်ခဲ့တာ မဟုတ်ဘူးလား။ အခု ဘယ်နားမှာ ပုန်းပြီး ငိုနေလဲ ဘယ်သူသိမှာလဲ"

"လီမိသားစုက သမက်လောင်းဆီက လာတဲ့ စေ့စပ်ကြောင်းလမ်းခြင်း လက်ဆောင်တွေက ရှက်စရာကောင်းလောက်အောင် နည်းလွန်းတယ်လို့ ကြားတယ်၊ အဲဒါ အမှန်ပဲလား"

"မှန်တာပေါ့။ အခု ဒီအိမ်တော်ထဲမှာ သခင်မကျန်ကလွဲရင် အဲဒီရွှယ်မိသားစုက မိန်းကလေးရဲ့ လက်ထပ်ပွဲကို တကယ် သဘောတူတဲ့သူ ဘယ်သူရှိလို့လဲ"

ရွှယ်နင်သည် အစေခံမိန်းကလေးများ၏ စိတ်လှုပ်ရှားစွာ အတင်းအဖျင်းပြောနေသံများကို ကြားရသော်လည်း သူမ၏ စိတ်ထဲတွင်မူ အတိုင်းအဆမဲ့သော အေးချမ်းမှုသာ ရှိနေခဲ့သည်။

အရင်ဘဝက သူမ စုကျန်းနှင့် အောင်မြင်စွာ လက်ထပ်နိုင်ခဲ့သော်လည်း ကောင်းသောနိမိတ်ဖြင့် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဒီအရာက အတင်းဆွတ်ခူးတဲ့ အသီးက ဘယ်တော့မှ မချိုမြိန်နိုင်ကြောင်း သက်သေပြနေသည်။

ဒီဘဝမှာတော့ သူမက ယောက်ျားနှင့် မိန်းမကြားက ပြင်းပြတဲ့ အချစ်ကို မတောင့်တတော့ဘဲ ကျန်ရှိတဲ့ နေ့ရက်များကို အေးအေးချမ်းချမ်းနှင့် ဘေးကင်းလုံခြုံစွာပဲ ကုန်ဆုံးချင်တော့တယ်။

...

စုကျန်း၏ မင်္ဂလာပွဲနေ့တွင် အရုဏ်မတက်မီကပင် ရွှမ်းယီနယ်စားမင်းအိမ်တော်တစ်ခုလုံး ဆူညံစည်ကားလျက် ရှိနေသည်။

ရွှယ်နင်၏ ချီယွင်ဆောင်မှာ ဝေးလံခေါင်ဖျားသော ထောင့်တစ်နေရာတွင် တည်ရှိ၏။

လူတိုင်းက သူမ၏ အနေအထားမှာ အနေရခက်ကြောင်း သိကြပြီး ရှီဇီ၏ မင်္ဂလာပွဲနေ့တွင် ပြဿနာရှာမှာကို စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် သူမ၏ ခြံဝင်းထဲတွင် မည်သည့်အနီရောင်ပိုးစမျှ လာရောက်ချိတ်ဆွဲခြင်း မရှိကြချေ။

ထို့အပြင် သူမ ခြံပြင်သို့ တစ်လှမ်းမှ မလှမ်းနိုင်စေရန်အတွက် အမျိုးသမီးကြီး အချို့ကိုပင် ခြံဝင်းတံခါးအပြင်ဘက်၌ အထူးတလည် စောင့်ကြပ်ခိုင်းထားသေးသည်။

စံအိမ်တော်တစ်ခုလုံးမှာ ပွဲတော်အသွင်အပြင်များဖြင့် လှပနေသော်လည်း ချီယွင်ဆောင် တစ်ခုတည်းသာ ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ပေါင်ချန်သည် အလွန်အမင်း ဒေါသထွက်နေသဖြင့် ရင်ထဲတွင် တဆစ်ဆစ် နာကျင်နေရသကဲ့သို့ ခံစားနေရကာ အပြင်ကနေ ဒေါသတကြီး ပြေးဝင်လာသည်။

"အခု ဘာဖြစ်နေတာလဲ။ ရှီဇီရဲ့ မင်္ဂလာပွဲနေ့မှာ ကျွန်မတို့လူတွေကို မီးဖိုချောင်မကြီးထဲတောင် ပေးမဝင်တော့ဘူးလား"

ရွှယ်နင်က တောင်ဘက်ပြတင်းပေါက်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ အစေခံမိန်းကလေးငယ်၏ မျက်နှာ၌ ဒေါသမီးများ တောက်လောင်နေတာကို မြင်ရသဖြင့် သူမ ပြုံးလိုက်မိသည်။

"စိတ်မဆိုးပါနဲ့။ အခန်းထဲက မီးဖိုလေးကိုပဲ မီးမွှေးပြီး တစ်ခုခုကို အရိုးရှင်းဆုံးပဲ ချက်စားလိုက်ကြရအောင်။ ဒီနေ့ အရှေ့ခြံဝင်းထဲမှာ အကြီးအကျယ် ကျင်းပနေတာဆိုတော့ အပြင်ကို လျှောက်မသွားဘဲ နေတာကပဲ သူများတွေ အပြစ်ပြောစရာ အကြောင်းမရှိတော့မှာ"

ပေါင်ချန်လည်း အခြားရွေးချယ်စရာမရှိတာကြောင့် မျက်နှာလေးညှိုးငယ်လျက် ရွှယ်နင်၏ ဘေးတွင် ထိုင်ချလိုက်သည်။

သူမ၏ မကျေနပ်ချက်များက မြန်မြန်လာပြီး မြန်မြန်ပင် ပျောက်ကွယ်သွားတတ်သည်။ မကြာမီမှာပင် သူမက ရွှယ်နင် ပန်းထိုးနေသော ဖီးနစ်အမြှီးပုံစံပေါ်သို့ အာရုံရောက်သွားသည်။

"သခင်မလေး... မင်္ဂလာဝတ်စုံက အခုထိ မပြီးသေးဘူးလားဟင်"

ရွှယ်နင်၏ နှုတ်ခမ်းထက်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသော်လည်း သူမ၏ လက်များကမူ ရပ်တန့်မသွားခဲ့ပေ။

"ပြီးခါနီးပါပြီ"

ပေါင်ချန်က လှမ်းကိုင်ကြည့်ရင်း မျက်လုံးများ တောက်ပလာသည်။

"ပိတ်စက တကယ်ကို ကောင်းတာပဲ။ ဒီပန်းထိုးချက်တွေကလည်း သခင်မလေးနဲ့ သခင်မလေးဝေ့တို့ ကိုယ်တိုင် တစ်ချက်ချင်းစီ ထိုးထားတာဆိုတော့ တကယ်ကို လှပလွန်းတယ်။ မင်းသမီး ရှို့နင်းရဲ့ မင်္ဂလာဝတ်စုံထက်တောင် ပိုလက်ရာမြောက်ပြီး နူးညံ့ပျော့ပျောင်းသေးတယ်"

"ပန်းထိုးဆရာမတွေ ချုပ်ပေးတဲ့ မင်္ဂလာဝတ်စုံက ကိုယ်တိုင်လက်နဲ့ ချုပ်ထားတဲ့ အဓိပ္ပာယ်မျိုးကို ဘယ်တော့မှ မမီနိုင်ဘူး"

ရွှယ်နင်၏ အပြုံးက ပို၍ပင် နူးညံ့လာခဲ့သည်။

"ဒါက အမေ ငါ့အတွက် ချန်ထားခဲ့ပေးတဲ့ တိမ်ပျံပိုးဖဲပိတ်စလေ။ ငါ ငယ်ငယ်တုန်းက အမေ အမြဲပြောဖူးတယ်... သမီးလေးရဲ့ မင်္ဂလာဝတ်စုံကို အမေကိုယ်တိုင် ပြင်ပေးမယ်တဲ့။ အဲဒီတုန်းက ငါက ငယ်လွန်းတော့ ကလေးတစ်ယောက် ကြီးပြင်းလာဖို့အရေး မိခင်တစ်ယောက်ရဲ့ မျှော်လင့်တောင့်တမှုကို နားမလည်ခဲ့ဘူး။ အခု ငါ တကယ် နားလည်သွားတဲ့အချိန်မှာတော့ အမေက ဘေးမှာမရှိတော့တာ နှမြောဖို့ကောင်းလိုက်တာ"

ပေါင်ချန်က သက်ပြင်းချရင်း တမ်းတစွာဖြင့် ပြောလိုက်သည်။

"စစ်သူကြီး နဲ့ သခင်မသာ ကျွန်မတို့ဘေးမှာ ရှိနေသေးရင် သိပ်ကောင်းမှာပဲနော်”

All Chapters