← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း (၁၄၃) - ဂါရဝပြုပါတယ် ယောင်းမ

စုကျန်းက နယ်စားမင်းအိမ်တော်ရှိ လူကြီးများကို သူမနှင့် တစ်ဦးချင်းစီ မိတ်ဆက်ပေးသည်။

ထို့နောက် ရှဲ့နင်းထန်က လူကြီးမိဘများကို ရိုသေစွာ ဦးညွှတ်၍ လက်ဖက်ရည်ဆက်သခြင်း အခမ်းအနားကို ပြုလုပ်လေသည်။

သခင်မကျန်းက ရှဲ့နင်းထန်၏ ဂါရဝပြုမှုကို လက်ခံပြီးနောက် သူမကို မေတ္တာတုံ့ပြန်ကာ တွဲထူပေးလိုက်ပြီး ထူထဲသော စာအိတ်နီတစ်လုံးကို ကိုယ်တိုင် ကမ်းပေးလိုက်သည်။

"လိမ္မာတဲ့ကလေး၊ အခုတော့ မင်းက ကျန်းအာနဲ့ လက်ထပ်လိုက်ပြီဆိုတော့ နယ်စားမင်းအိမ်တော်မှာပဲ အခြေချနေထိုင်တော့ပေါ့။ အမေက မင်းကို ကိုယ့်သမီးအရင်းလိုပဲ သဘောထားမှာပါ။"

ရှဲ့နင်းထန် မျက်နှာနီမြန်းသွားသည်။

"အမေ... ချွေးမ နားလည်ပါပြီ"

နောက်တစ်လှည့်မှာတော့ ပင်မအိမ်တော်ခွဲမှ စုမန်နှင့် ရွှယ်နင်တို့၏ အလှည့်ဖြစ်လာသည်။

မျိုးဆက်သစ်လူငယ်ချင်း ဖြစ်သဖြင့် နာမည်မိတ်ဆက်ပြီး ရိုးရိုးရှင်းရှင်း ဦးညွှတ်နှုတ်ဆက်ရုံသာ လိုအပ်သည်။

ရှဲ့နင်းထန်က စုမန်ကို "မင်္ဂလာပါ တတိယညီမ" ဟု နှုတ်ဆက်လိုက်သည်။

ထို့နောက် ရွှယ်နင်၏ တည်ငြိမ်သော အကြည့်နှင့် ဆုံသောအခါ သူမက ကျေနပ်ဝင့်ကြွားစွာ နှုတ်ခမ်းကို ကွေးညွတ်လိုက်၏။

"နှုတ်ဆက်ပါတယ် ရွှယ်နင်"

ရွှယ်နင်က တုံ့ပြန်ဦးညွှတ်ရန် မတ်တတ်ရပ်လိုက်ပြီး ရှဲ့နင်းထန်ဘေးတွင် ရပ်နေသော စုကျန်းကို တစ်ချက်ကြည့်ကာ ချိုသာစွာ ပြုံးလိုက်သည်။

"ဂါရဝပြုပါတယ် ယောင်းမ"

အမျိုးသားထံမှ အေးစက်သော အငွေ့အသက်များ ဖြာထွက်လာသကဲ့သို့ ဖြစ်သွားပြီး သူ၏ ချောမောသော မျက်နှာပြင်က သိသိသာသာ မည်းမှောင်သွားသည်။

မိန်းကလေး၏ " ယောင်းမ" ဟူသော ခေါ်ဝေါ်မှုကြောင့် သူ စိတ်ပျက်လက်ပျက်ဖြင့် မျက်ခုံးကြုတ်မိသွားသည်။

ရွှယ်နင်၏ ကြွေထည်ကဲ့သို့ ဝင်းပသော မျက်နှာလေးကို သူ စိုက်ကြည့်နေစဉ် သူ့မျက်ခုံးကြားတွင် စိတ်မကြည်လင်မှုရိပ်များ ဖြတ်သန်းသွားပြီး နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားလိုက်သည်။

မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များက သူ့စိတ်ထဲတွင် အကြောင်းရင်းမရှိဘဲ ပြန်လည်ပေါ်ပေါက်လာကာ တစ်ကိုယ်လုံး ဂနာမငြိမ် ဖြစ်လာ၏။

ထိုနုနယ်သော မိန်းကလေးကို သူ့အောက်မှာ ဖိနှိပ်ထားပြီး ပြင်းပြစွာ တောင်းဆိုခဲ့တာကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

သို့သော်လည်း သူ မျက်လုံးပွင့်လာချိန်တွင်တော့ ရှဲ့နင်းထန်ကိုသာ မြင်တွေ့ခဲ့ရသည်။

ထိုအခိုက်အတန့်တွင် သူ့ရင်ထဲ၌ ဒေါသများ ဝုန်းဒိုင်းကြဲသွားသည်။ ထိုကြည်နူးစရာ အခိုက်အတန့်ကို ဖျက်ဆီးပစ်ခဲ့သူကို ရှေ့သို့ ဆွဲခေါ်ကာ ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး သူ့ဒေါသကို ပေါက်ကွဲပစ်ချင်မိတယ်။

ဒါပေမဲ့ အသိတရားက သူ့ကို ချက်ချင်းပင် ပြန်လည်တည်ငြိမ်စေခဲ့သည်။

မနေ့ညက သူ့မင်္ဂလာဦးည ဖြစ်တယ်။ ရှဲ့နင်းထန်နှင့် မင်္ဂလာဦးညကို ကုန်ဆုံးစေခဲ့ခြင်းကသာ လုံးဝ မှန်ကန်တဲ့အရာပဲ။

သို့သော်လည်း သူ့နှလုံးသားထဲမှ မသက်မသာဖြစ်မှုကိုတော့ သူ ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။

အထူးသဖြင့် ရွှယ်နင်၏ မျက်နှာပေါ်မှ ပူပန်မှုကင်းမဲ့နေတဲ့ အပြုံးကို မြင်လိုက်ရတဲ့အခါ သူ့ဒေါသက ပိုမိုတောက်လောင်လာပြီး မျက်နှာအမူအရာကလည်း ပိုဆိုးရွားလာသည်။

ဒီနေ့က သူ့အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သည်။ သူ မပျော်မရွှင်ဖြစ်နေတာကို လူတိုင်း မြင်နိုင်သော်လည်း ဘယ်သူမှ ဝင်ရောက်မပြောရဲကြပေ။

ယောက္ခမအိမ်တော်၏ ညီမငယ်တစ်ဦးအနေဖြင့် တာဝန်ကျေပွန်ပြီးနောက် ရွှယ်နင် စိတ်ပါဝင်စားမှု မရှိတော့ချေ။

မွန်းတည့်ချိန်တွင် ကျင်းပမည့် မိသားစုစားသောက်ပွဲကိုလည်း သူမ တက်ရောက်ချင်စိတ် မရှိတော့။ ရှဲ့နင်းထန်က ဆွေမျိုးများနှင့် တွေ့ဆုံပြီးသည်နှင့် ရွှယ်နင်က သခင်မကြီးရှဲ့နှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။

သခင်မကြီးရှဲ့ကလည်း သူမ ရှိမနေတာကို ပို၍ပင် ဝမ်းမြောက်သွားသေး၏။ ရက်အနည်းငယ်အတွင်း ကျင်းပတော့မည့် ရွှယ်နင်၏ မင်္ဂလာပွဲအတွက် လမ်းညွှန်ချက် အနည်းငယ် ပေးပြီးနောက် သူမကို ထွက်ခွာခွင့် ပြုလိုက်တော့သည်။

ရွှယ်နင်က သခင်မကြီးရှဲ့ရှေ့မှ မတ်တတ်ရပ်ကာ တံခါးပေါက်ဆီသို့ လျှောက်သွားပြီး ဧည့်ခန်းမဆောင်ထဲတွင် ရပ်နေသော စုကျန်းကို လှည့်ကြည့်လိုက်သည်။

ခန်းမတစ်ခုလုံးတွင် လူကြီးမိဘများနှင့် ဧည့်သည်များ ပြည့်နှက်နေပြီး လူတိုင်း၏ မျက်နှာတွင် တောက်ပရွှင်လန်းသော အပြုံးများ ပန်ဆင်ထားကြသည်။

အရင်ဘဝက သူမ ရိုးသားစွာ ချစ်မြတ်နိုးခဲ့တဲ့ ထိုလူသားက နောက်ဆုံးတော့ သူ၏ ခန့်ညားမှုအရှိန်အဝါများအားလုံး ကင်းစင်သွားခဲ့ပြီဖြစ်ကာ သာမန်ယောက်ျားတစ်ယောက်လိုသာ ဖြစ်သွားခဲ့ပြီ။ ယခု သူမ၏ ရင်ထဲတွင် လှိုင်းဂယက်လေး တစ်ချက်မျှပင် မဖြစ်ပေါ်စေနိုင်တော့ပေ။

ရွှယ်နင်၏ နှုတ်ခမ်းများက အပြုံးရေးရေးလေးအဖြစ် ကွေးညွတ်သွားပြီး သူမ၏ မျက်ဝန်းဝိုင်းဝိုင်းလေးများက လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားသည်။ ထိုအမျိုးသား လှမ်းကြည့်လိုက်ချိန်တွင် သူမက ကျောခိုင်းလှည့်ထွက်ကာ ဝမ်ရှို့ခန်းမမှ ထွက်ခွာသွားသည်။

စုကျန်းက စိတ်အနှောင့်အယှက်စွာဖြင့် သူ၏ စူးရှသော မျက်ခုံးများကို ပင့်လိုက်ပြီး မိန်းကလေး၏ သွယ်လျသော ကျောပြင်လေး အဝေးသို့ ထွက်ခွာသွားတာကို မျက်မှောင်ကြုတ်လျက် ကြည့်နေမိသည်။

လွင့်ဝဲနေသော နှင်းပွင့်များကြားတွင် မိန်းကလေးက တစ်လှမ်းချင်း ဝေးကွာသွားလေလေ၊ သူ၏ မျက်ဝန်းထဲမှ မည်းမှောင်မှုက ပိုမို နက်ရှိုင်းလာလေလေပင်။

သူ့အကြည့်များထဲတွင် ဖြစ်တည်နေသော မုန်တိုင်းကို ဘယ်သူမှ မမြင်နိုင်ခဲ့ပေ။

"ယောကျာ်း...?"

ရှဲ့နင်းထန်ကို စုမိသားစုမှ အမျိုးသမီးများက ဝန်းရံထားကြပြီး မျိုးဆက်သစ် အမြန်ရစေရန်နှင့် စုမိသားစုမျိုးဆက် ပြန့်ပွားစေရန် ဆုမွန်ကောင်းများ တခဲနက် တောင်းပေးနေကြသည်။ မင်္ဂလာရှိသော စကားသံများဖြင့် တက်ကြွစွာ ပြောဆိုဆွေးနွေးမှုများက အတန်ကြာသည်အထိ ဆက်လက်ဖြစ်ပေါ်နေသည်။

ရှက်သွေးဖြာကာ လှပစွာ မျက်နှာနီမြန်းနေလျက် သူမ လှည့်ကြည့်လိုက်သောအခါ သူမရဲ့ ခင်ပွန်းဖြစ်သူ၏ ချောမောသော မျက်နှာက အနည်းငယ် မည်းမှောင်နေပြီး အတွေးလွန်နေသကဲ့သို့ ဖြစ်နေတာကို တွေ့လိုက်ရသည်။

အပြင်ဘက်သို့ ရောက်နေတဲ့ သူ့အကြည့်နောက်ကို လိုက်ကြည့်လိုက်သော်လည်း နှင်းပြင်ပေါ်ရှိ ပြန့်ကျဲနေသော ခြေရာအချို့ကိုသာ မြင်လိုက်ရသည်။

ရွှယ်နင် ဝမ်ရှို့ခန်းမကနေ ထွက်သွားခဲ့ပြီ။ ဒီနေ့ သတို့သမီးတစ်ဦးအနေဖြင့် ဒီနေရာက သူမရဲ့ စင်မြင့်ဖြစ်လာမယ်လို့ သူမ ထင်ထားခဲ့တာ။

သို့သော် ခင်ပွန်းဖြစ်သူ၏ အာရုံလွင့်နေသော အမူအရာကို မြင်ရတဲ့အခါ သူမ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ဆုံးရှုံးမှုခံစားချက်တစ်ခု ပြည့်နှက်သွားသည်။ စုကျန်းက ရွှယ်နင်အကြောင်းကို တွေးနေတယ်လို့ သူမ မခံစားဘဲ မနေနိုင်အောင်ပင်။

"ယောကျာ်း၊ ဘာတွေ ကြည့်နေတာလဲဟင်"

သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး အမျိုးသား၏ လက်မောင်းကို ချိတ်တွယ်ရန် ရည်ရွယ်၍ လက်ကို မြှောက်လိုက်သည်။

သို့သော် အမျိုးသားက ညင်သာစွာပင် ရှောင်ဖယ်သွားခဲ့၏။

စုကျန်းက ဘာအမူအရာမှ မပြဘဲ သူ့အကြည့်ကို ရုပ်သိမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။"

ထိုသို့ ပြောပြီးနောက် သူက မျက်လွှာကို အေးတိအေးစက် ပင့်လိုက်ကာ သူမကို ပြောသည်။

"တရားရေးဝန်ကြီးဌာနမှာ အမှုတချို့ ကျန်နေသေးတယ်။ အဲဒါတွေကို ဖြေရှင်းဖို့ စာကြည့်ဆောင်ကို အရင် ပြန်နှင့်မယ်။ မင်း အဘွားနဲ့အတူ ဒီမှာ ခဏလောက် ဆက်ထိုင်နေခဲ့လိုက်ပါ"

သူ့စကားသံ ဆုံးသွားချိန်မှာပင် သူက တံခါးဝသို့ ရောက်နေခဲ့ပြီ။

မော့ပိုင်က သူ့အတွက် တံခါးလိုက်ကာကို မတင်ပေးလိုက်ပြီး အမျိုးသားက ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ မည်သည့် တုံ့ဆိုင်းမှုမှ မရှိဘဲ ထွက်သွားတော့သည်။

ဒါက သူတို့ လက်ထပ်ပြီး ဒုတိယမြောက်နေ့လေးပဲ ရှိသေးတာလေ။ သတို့သားတစ်ယောက်အနေနဲ့ သတို့သမီးအသစ်စက်စက်ဖြစ်တဲ့ သူမကို ချန်ထားခဲ့ပြီး စာကြည့်ဆောင်မှာ ရုံးကိစ္စတွေ သွားလုပ်မယ်တဲ့လား။

ဧကရာဇ်မင်းမြတ်က သူမနှင့်အတူ အိမ်မှာ အချိန်ပိုမို ကုန်ဆုံးနိုင်စေရန်အတွက် သူ့ကို မင်္ဂလာခွင့် ရက်အနည်းငယ် အထူး ခွင့်ပြုပေးထားခဲ့တာ မဟုတ်လား။

ဒါတောင်မှ သူက... သူမအပေါ် စိတ်ရှည်သည်းခံနိုင်စွမ်း ကင်းမဲ့နေရုံသာမက သူ့လေသံမှာ ဖော်ပြမရနိုင်တဲ့ ရွံရှာမုန်းတီးမှု အရိပ်အယောင်များလည်း ပါဝင်နေတယ်။

"ကျန်းအာရဲ့ စိတ်နေသဘောထားက အမြဲတမ်း ဒီလိုပါပဲ"

သခင်မကျန်းက အခြေအနေကို ပြေလည်စေရန် အပြုံးဖြင့် ဝင်ရောက်ဖြေရှင်းပေးလေသည်။

"တရားရေးဝန်ကြီးဌာနကို ရောက်ကတည်းက သူက မဖြေရှင်းရသေးတဲ့ အဲဒီအမှုတွေကိုပဲ အာရုံစိုက်နေခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရက်ပိုင်း သူ့ရဲ့ ဆရာ အမတ်ကြီးယန်က အပြင်းအထန် နေမကောင်းဖြစ်နေတော့ သူ့စိတ်အခြေအနေလည်း သိပ်မကောင်းဘူးလေ။ ထန်ထန်ရယ်၊ နားလည်ပေးလိုက်ပါ၊ စိတ်ထဲ မထားပါနဲ့။"

ရှဲ့နင်းထန်၏ မျက်နှာငယ်လေးက အနည်းငယ် ဖြူရော်သွားသည်။ ဒီနေ့နံနက် သူမ နိုးလာပြီး သူ့ကို မြင်လိုက်ရသည့် အချိန် ထိုအမျိုးသား၏ မျက်ဝန်းများ ချက်ချင်း မည်းမှောင်သွားခဲ့ပုံကို သူမ ရုတ်တရက် သတိရမိသွားခြင်းကြောင့် ဖြစ်သည်။

မနေ့ညက သူမနှင့် အတူတူနေစဉ်အတွင်း သူ့အကြည့်များက သူမကို တစ်ကိုယ်လုံး ဝါးမြိုပစ်တော့မည့်အတိုင်း အလွန်ပင် နက်ရှိုင်းခဲ့သည်။

သို့သော် အမူးပြေသွားချိန်တွင်တော့ ထို ရှည်လျားသော ဖီးနစ်မျက်ဝန်းတစ်စုံတွင် ဂရုမစိုက်မှုနှင့် အေးတိအေးစက်နိုင်မှုတို့သာ ကိန်းအောင်းနေတော့သည်။

"ထန်ထန်...?"

သခင်မကျန်းက သူမ၏ အေးစက်နေသော လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ"

ရှဲ့နင်းထန် သတိပြန်ဝင်လာပြီး အတင်းအကျပ် ပြုံးလိုက်၏။

"အမေ ပြောတာ မှန်ပါတယ်။ ကျွန်မ လိမ္မာပါ့မယ်၊ သူ့ကို သွားပြီး မနှောင့်ယှက်တော့ပါဘူး"

သခင်မကြီးရှဲ့ကတော့ ဇနီးမောင်နှံအသစ်ကြားရှိ ရှုပ်ထွေးမှုများကို သတိမထားမိပေ။ စုကျန်း၏ ခမ်းနားသော မင်္ဂလာပွဲက သူမ စိတ်ထဲတွင် လေးလံနေတဲ့ ကိစ္စတစ်ခုကို နောက်ဆုံးမှာ ပြေလည်သွားစေခဲ့ပြီ။

အစောပိုင်းက အထိန်းတော်ကြီးယဲ့က မင်္ဂလာဦးည သွေးစွန်းပဝါကို ယူဆောင်လာပြီး ၎င်းပေါ်ရှိ သွေးစက်ကို မြင်လိုက်ရချိန်တွင် သူမ၏ စိုးရိမ်ပူပန်မှုကြောင့် တုန်လှုပ်နေသော နှလုံးသားက နောက်ဆုံးတွင် လုံးဝ စိတ်အေးသွားခဲ့ရသည်။

သူမက ရှဲ့နင်းထန်၏ လက်ကို ဆွဲကိုင်ကာ ပြုံးလိုက်သည်။

"ထန်ထန် မနေ့က ပင်ပန်းသွားပြီ။ ဒီနေ့ နေ့လယ်စာကျရင် ထန်ထန်အတွက် ခန္ဓာကိုယ်အားရှိစေမယ့် ဟင်းလျာတွေ ပိုပြင်ဆင်ပေးဖို့ မီးဖိုချောင်ကို ပြောလိုက်ပါဦး"

ရှဲ့နင်းထန်၏ မျက်နှာက ပို၍ပင် ရှက်သွေးဖြာသွားသည်။

"အို... အဘွားကလည်း..."

သခင်မကြီးရှဲ့က မိန်းကလေး ရှက်ကိုးရှက်ကန်း ဖြစ်နေတာကို ကြည့်ရတာ သဘောကျလှသည်။ သူမကို ဖက်ထားရင်း ပြောလိုက်၏။

"မင်းသာ ကျန်းအာရဲ့ ရင်သွေးကို လွယ်ထားရရင် အဘွားက ဒီထက်မက ဆုချဦးမှာ။ ကြိုးစားရမယ်နော်"

မနေ့က စုကျန်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်တွေးမိကာ ရှဲ့နင်းထန်၏ ရင်ထဲတွင် စိတ်ပျက်မှုများအတွက် နေရာမရှိတော့ဘဲ မျက်နှာတစ်ခုလုံး ရဲရဲနီသွားတော့သည်။

"အဘွား... ဆက်မပြောပါနဲ့တော့။ အဘွားက ဆက်ပြောနေရင် ထန်ထန် ဒီနေ့ ဘယ်သူ့ကိုမှ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး"

အားလုံးက တစ်ဖန် ရယ်မောလိုက်ကြပြန်သည်။

နေ့လယ် စားသောက်ပွဲအပြီးတွင် သူတို့အားလုံး မွန်းလွဲပိုင်းတစ်လျှောက်လုံး ပြဇာတ်ကပြမှုကို နားဆင်ကြပြီးနောက် ခြံဝင်းအသီးသီးသို့ ပြန်သွားကြသည်။

အပြင်ဘက်တွင် အလွန်အမင်း စည်ကားသိုက်မြိုက်နေသော်လည်း ချီယွင်ဆောင်အတွင်း၌မူ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ပေါင်ယွီက စင်္ကြံကွပ်ပျစ်ပေါ်တွင် မေးထောက်ထိုင်ရင်း ယီဟယ်ဆောင်မှ ထွက်ပေါ်လာသော ပြဇာတ်၏ စည်ဗုံတီးမှုတ်သံများကို အဝေးမှ လှမ်း၍ နားစွင့်နေမိသည်။

သခင်မလေးကတော့ အခန်းထဲတွင် အိပ်မောကျနေသည်။ မင်္ဂလာဝတ်စုံကို အလျင်အမြန် ပန်းထိုးချုပ်လုပ်ခဲ့ရသဖြင့် အလွန်အမင်း ပင်ပန်းသွားခဲ့၍ ဖြစ်နိုင်၏။ သူမ အိပ်ပျော်နေတာ တစ်နာရီကျော် ကြာမြင့်နေပြီဖြစ်သော်လည်း နိုးမလာသေးချေ။

နောက်ထပ် လေးရက်နေလျှင် သခင်မလေး မင်္ဂလာဆောင်ရမယ့်နေ့ ရောက်တော့မယ်။

သို့သော်လည်း ဒီနယ်စားမင်းအိမ်တော်ကြီးတစ်ခုလုံးကတော့ ရှီဇီ၏ ခမ်းနားတဲ့ မင်္ဂလာပွဲအတွက် စည်မောင်းသံများဖြင့် ဆူညံနေပြီး မင်းသမီး စံအိမ်ထဲသို့ လက်ထပ်ဝင်ရောက်လာမည့် အရေးအတွက်သာ အတိုင်းထက်အလွန် ဝမ်းမြောက်ပျော်ရွှင်နေကြတယ်။

သခင်မကျန်းမှလွဲ၍ ဘယ်သူမှ သခင်မလေး၏ မင်္ဂလာပွဲကို စိတ်ထဲမထားကြပေ။

မင်္ဂလာဆောင်ရက်နှင့် ဤမျှနီးကပ်နေပြီဖြစ်သော အခြားဘယ်သတို့သမီးလောင်းကများ ကိုယ့်ခြံဝင်းထဲမှာ ဘာမှလုပ်စရာမရှိဘဲ ပျင်းရိငြီးငွေ့စွာ "ပိတ်လှောင်" ခံထားရမှာလဲ။

အမျိုးသမီးတစ်ယောက်ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲအတွက် လိုအပ်သည့် ရတနာအဆင်တန်ဆာများ၊ ခေါင်းဆောင်းများနှင့် ခန်းဝင်ပစ္စည်းများရော... အခု ဘယ်မှာလဲ။

ပြီးတော့ ထို သနားစရာကောင်းတဲ့ ဆင်းရဲသည့် စာသင်သား သခင်လေးလီ...

သခင်လေးလီကို တွေးမိရုံမျှဖြင့် ပေါင်ယွီက စိတ်မကောင်းစွာ သက်ပြင်းချလိုက်မိသည်။

ပေါင်ချန်က ဖုန်ခါတံကို ကိုင်ကာ အခန်းထဲမှ ထွက်လာစဉ် ပေါင်ယွီ၏ သက်ပြင်းချရင်း စိတ်ဓာတ်ကျနေသော ပုံစံကို မြင်လိုက်ရ၏။

"အလုပ်ရှုပ်အောင် မနေဘဲ ဘာလို့ သက်ပြင်းတွေ ချနေတာလဲ"

အခန်းထဲရှိ လူကို အနှောင့်အယှက်ဖြစ်မည် စိုးသဖြင့် ပေါင်ချန်က သူမ၏ လေသံကို တမင်တကာ နှိမ့်လိုက်သည်။

ပေါင်ယွီ၏ မျက်ဝန်းများက ငိုထားသကဲ့သို့ အနည်းငယ် နီရဲနေသည်။

"ဘာ... ဘာမှမဟုတ်ပါဘူး။ အလုပ်ရှုပ်စရာလည်း ဘာမှမရှိလို့ပါ"

All Chapters