အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) - မင်္ဂလာပြင်ဆင်ခြင်း
ရှဲ့နင်းထန်၏ မျက်နှာလေး ဖြူရော်သွားကာ မျက်ဝန်းများ နီရဲလာသည်။
"ရှီဇီအစ်ကို... မနက်ဖြန်က အားနင်ရဲ့ မင်္ဂလာပွဲလေ။ သူ(မ)ကို လာကြည့်တာလားဟင်"
ရှဲ့နင်းထန်၏ နာကြည်းဝမ်းနည်းနေသော လေသံကို ကြားတော့ စုကျန်း အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။
"မဟုတ်ပါဘူး"
သူက လှည့်ကာ ချီယွင်ဆောင်ထဲမှ ထွက်လာခဲ့သည်။
"အမှောင်ထဲမှာ သေချာမမြင်ရလို့ လမ်းမှားလာမိတာ"
ထိုအခါမှသာ ရှဲ့နင်းထန် မျက်နှာလေး လင်းလက်သွားသည်။
"အစ်ကို့ရင်ထဲမှာ သူ(မ)မှ မရှိတာ ကျွန်မသိသားပဲ။ ဒါနဲ့ အားနင် မင်္ဂလာပွဲပြီးရင် အမတ်ချုပ်ယန်ဆီသွားဖို့ အဖေ့ကို အစ်ကိုနဲ့ အတူလိုက်သွားပေးဖို့ ပြောပေးရမလား"
စုကျန်း ဘာမှမပြောဘဲ သူ့နားထင်ကိုသာ စိတ်ရှုပ်ထွေးစွာ ပွတ်သပ်နေလိုက်သည်။
သူ့ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုက ကယောက်ကယက် ဖြစ်နေသည်။
ရွှယ်နင် တကယ်ကြီး လက်ထပ်ပြီး ထွက်သွားမှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို သူ ဖျောက်ဖျက်၍ မရနိုင်သေးပေ။
သူမက အိမ်တော်ကနေ၊ သူ့အနားကနေ ထွက်သွားဖို့ တကယ်ကြီး လိုလားနေမှာ မဟုတ်ပါဘူးလေ။
...
အရုဏ်တက်ချိန်၏ အလင်းရောင်ခပ်ရေးရေးဖြင့် မိုးလင်းလုနီးပါး ဖြစ်နေပြီ။
ရွှမ်းယီနယ်စားမင်းအိမ်တော် တစ်ခုလုံး အိပ်မောကျနေဆဲပင်။ အစေခံတချို့တလေသာ နိုးထနေကြပြီး တံခါးပေါက်ရှေ့တွင် တံမြက်စည်းလှည်းကာ ရှင်းလင်းနေကြသည်။
မကြာမီပင် ဗုံတီးလိုက်သကဲ့သို့ ခပ်မြန်မြန် တံခါးခေါက်သံများ ဝင်ပေါက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
"စောလှချည်လား"
တံခါးစောင့်က သမ်းဝေလိုက်ကာ ဘေးပေါက်ကို ဖွင့်ရန် စိတ်မရှည်စွာ လျှောက်သွားလိုက်သည်။
"ဘယ်သူလဲ"
သူ့ရှေ့တွင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူမ၏မျက်နှာက ငွေပြားချပ်လို ဝိုင်းစက်နေပြီး အသားဖြူဖြူ၊ နှာခေါင်းထိပ်တွင် မှဲ့နက်လေးတစ်ခုရှိကာ အသက်ဝင်တက်ကြွသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ ခေါင်းတွင် တန်ဖိုးကြီး ဆံထိုးများကို ပန်ဆင်ထားပြီး ခန္ဓာကိုယ်က ပြည့်ဖြိုးသည်။ သူမနောက်တွင် ယွန်းဗန်းများ ကိုင်ဆောင်ထားသော အစေခံမိန်းကလေးများ ပါလာပြီး ၎င်းတို့နောက်တွင်မူ အနီရောင်ဝတ်ဆင်ထားသော အစောင့်ဆယ်ယောက်ကျော် ပါလာသည်။ ဤမြင်ကွင်းမျိုးကို တံခါးစောင့် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
တံခါးစောင့် အံ့အားသင့်သွားကာ မျက်လုံးကို ပွတ်သပ်လိုက်သည်။
"ခင်ဗျားတို့က ဘယ်သူတွေလဲ"
အမျိုးသမီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဒီနေ့ မင်းတို့အိမ်တော်မှာ မင်္ဂလာကိစ္စရှိတယ်။ ဖယ်စမ်း။ ငါတို့က သခင်မလေးရွှယ်ကို အလှပြင်ပေးဖို့ လာတာ"
ထိုသို့ပြောပြီး သူမက တံခါးစောင့်ကို တွန်းဖယ်ကာ လူအုပ်ကြီးကိုဦးဆောင်ပြီး စံအိမ်တော်ထဲသို့ အတင်းဝင်သွားတော့သည်။
ဆူညံသံများကြောင့် တံမြက်စည်းလှည်းနေသော အစေခံများ လန့်ဖြန့်သွားကာ မျက်လုံးပြူးလျက် ကြည့်နေကြသည်။
တံခါးစောင့်သည် အမျိုးသမီးကို တားဆီးရန် အပြေးအလွှား လိုက်သွားသော်လည်း အစောင့်အချို့က ပိတ်ဆို့ထားလိုက်၏။
"ခင်ဗျားတို့က ဘယ်သူတွေမို့လို့လဲ။ ဒါက ရွှမ်းယီနယ်စားမင်းအိမ်တော်၊ ခင်ဗျားတို့ ပြဿနာလာရှာရမယ့် နေရာမဟုတ်ဘူး။ အခုချက်ချင်း ထွက်သွား၊ မဟုတ်ရင် အတင်းမောင်းထုတ်ရလိမ့်မယ်"
အမျိုးသမီးက ရယ်မောလိုက်ပြီး အစေခံတစ်ယောက်ကို ဆွဲကာ ရွှယ်နင်၏ ခြံဝင်းကို လမ်းမေးလိုက်သည်။
ထို့နောက် ခါးကိုလှုပ်ခါလျက် ကြေညာလိုက်သည်။
"မိန်းကလေးတို့၊ ငါ့နောက်ကိုလိုက်ခဲ့ကြ။ သခင်က ငွေအများကြီး ပေးထားတာ။ ဒီနေ့ သခင်မလေးရွှယ်ကို အလှဆုံးဖြစ်အောင် သေချာပြင်ဆင်ပေးရမယ်"
ထို့နောက် လူအုပ်ကြီးသည် ချီယွင်ဆောင်ဘက်သို့ ဆူညံစွာ ချီတက်သွားကြသည်။
တံခါးစောင့်သည် သူတို့ကို မတားဆီးနိုင်တော့မှန်း သိလိုက်ရသဖြင့် ချွေးစေးများပြန်လာကာ ဝမ်ရှို့ဆောင်ဘက်သို့ ချက်ချင်း ပြေးသွားတော့သည်။
"ဘာ"
သခင်မကြီးရှဲ့သည် ယခုမှ နိုးထလာကာ သခင်မနျဲ့က စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် မျက်နှာသစ်၊ အဝတ်အစားလဲပေးရန် ပြင်ဆင်ပေးနေသည်။
သတင်းကို ကြားလိုက်ရချိန်တွင် အခန်းထဲရှိ လူအားလုံး ကြက်သေသေသွားကြ၏။
သခင်မကြီးရှဲ့က မျက်ခုံးပင့်လိုက်သည်။
"ရွှယ်နင်ကို အလှပြင်ပေးဖို့လာတယ် ဟုတ်လား"
သခင်မနျဲ့က ဝင်ပြောသည်။
"လုမိသားစုကပဲ ဟန်ရေးပြဖို့ တမင်ငှားလိုက်တာများလား"
တံခါးစောင့်က ပြန်ဖြေသည်။
"အဲဒီအမျိုးသမီးက သူ့လူတွေကိုခေါ်ပြီး ချီယွင်ဆောင်ဘက် သွားနှင့်နေကြပြီ။ ကျွန်တော် တားလို့မရလိုက်ဘူး"
သခင်မနျဲ့၏ မျက်ဝန်းများက အတွေးတစ်ခုကြောင့် လှုပ်ရှားသွားသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ နယ်စားမင်းအိမ်တော်တွင် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခု ကျင်းပထားခဲ့ခြင်းဖြစ်သည်။
ယခု သခင်မကြီးရှဲ့က ရွှယ်နင်းကို တိတ်တိတ်ဆိတ်ဆိတ်သာ အိမ်ထောင်ချပေးလိုက်ချင်သည်။ ဒီနေ့တွင် သခင်မကျန်းက သူမယုံကြည်ရတဲ့ အမျိုးသမီးအနည်းငယ်ကို ရွှယ်နင်၏မင်္ဂလာပွဲသို့ လိုက်ပါရန် စေလွှတ်ခြင်းမှလွဲ၍ ဘာတစ်ခုမှ စီစဉ်ထားခြင်း မရှိပေ။ ဒီလိုမျိုး ဆူညံပွက်လောရိုက်မည့် ကိစ္စမျိုးကို လုံးဝ စီစဉ်ထားခဲ့မှာ မဟုတ်ဘူး။
ဘယ်လို အလှပြင်ပေးတဲ့သူတွေကများ ဒီလောက် ကြီးကျယ်ခမ်းနားစွာ ဝင်လာရတာလဲ။
လုမိသားစုက ရွှယ်နင် မျက်နှာငယ်ရမှာကို စိုးရိမ်တာကြောင့် အပြင်မှလူများကို ငှားရမ်းလိုက်ခြင်း ဖြစ်ဟန်တူသည်။
သူမက တံခါးစောင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သခင်မကြီးရှဲ့ဘက်သို့ လှည့်ကာ -
"အမေ... သူတို့က ပြဿနာလာရှာတာများလား။ လုမိသားစုဘက်က လူတွေလား။ ရွှယ်နင် မျက်နှာမငယ်အောင် လာလုပ်ပေးတာလား"
မည်သို့ပင်ဆိုစေ သခင်မကြီးရှဲ့ဆိုသည်မှာ လောကဓံမုန်တိုင်းများစွာကို ဖြတ်သန်းဖူးသူဖြစ်ရာ ဤအချိန်တွင် အတော်လေး တည်တည်ငြိမ်ငြိမ်ပင် ရှိနေသေးသည်။
"တစ်ယောက်ယောက်ကို အမြန်သွားစုံစမ်းခိုင်းပြီး ပြန်လာသတင်းပို့ခိုင်းလိုက်။ လုမိသားစုဆိုရင်လည်း သူတို့ဘာသာ လုပ်ချင်တာ လုပ်ပါစေလေ။ ဘာပဲဖြစ်ဖြစ် ဒီယန်ရှီမှာ ကိုယ်ပိုင်သမီးမှ မရှိတာ၊ ရွှယ်နင်အတွက် တစ်ခုခုတော့ လုပ်ပေးချင်ရှာမှာပေါ့"
"ဟုတ်ကဲ့ပါ"
သခင်မနျဲ့သည် ထပ်၍မငြင်းဆန်ဝံ့တော့ဘဲ စင်္ကြံလမ်းမှ ယုံကြည်ရသော အစေခံအိုကြီးတစ်ဦးကိုခေါ်ကာ ဤကိစ္စအား ကိုင်တွယ်ရန် စေခိုင်းလိုက်သည်။
မကြာမီတွင် မင်ယွဲ့ဆောင်ကလည်း ထိုသတင်းကို ရရှိသွား၏။
စုကျန်းသည် တစ်ညလုံး မအိပ်ဘဲ စာကြည့်ဆောင်ထဲတွင် စာရွက်စာတမ်းများကို စစ်ဆေးနေခဲ့သည်။ ချီယွင်ဆောင်ထဲသို့ တစ်စုံတစ်ယောက်က အလှပြင်ဆရာမ ခေါ်လာတာကို ကြားလိုက်ရတဲ့အခါ သူ့မျက်မှောင်များ လျင်မြန်စွာ ကုတ်ကျသွားသည်။
စားပွဲရှေ့တွင် ရပ်နေသော မော့ပိုင်က ပြောလိုက်သည်။
"ကျွန်တော် သွားကြည့်ခဲ့ပါတယ်။ လူအတော်များများ ဝင်လာပြီး အားလုံး ချီယွင်ဆောင်ဘက်ကို အစီအစဉ်တကျ သွားနေကြတယ်"
စုကျန်းသည် သူ၏ ဖီးနစ်မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရာ အေးစက်သော အငွေ့အသက်များက သူ့ပတ်ပတ်လည်တွင် ချက်ချင်း စုပြုံလာပြီး ဖိနှိပ်မှုပြင်းထန်ကာ အရိုးထဲထိ စိမ့်ဝင်သွားစေသည်။
"ရွှယ်နင်ရော"
မော့ပိုင် ခဏမျှ စဉ်းစားလိုက်၏။
"သခင်မလေးရွှယ်က အိပ်နေတုန်းပဲ ထင်ပါတယ်"
ကောင်းကင်ကြီးက မှုန်မှိုင်းမှိုင်း မီးခိုးရောင်သန်းနေပြီး ပြတင်းပေါက်အပြင်ဘက်တွင် နှင်းပွင့်ဖွဲဖွဲလေးများ လွင့်ဝဲကျဆင်းနေသည်။
ရွှမ်းယီနယ်စားမင်းအိမ်တော်၏ အဆောင်များနှင့် မျှော်စင်များအနှံ့တွင် နှင်းခဲပါးပါးလေးများ ဖုံးလွှမ်းနေသည်။
ချီယွင်ဆောင် တစ်ခုတည်းတွင်သာ တောက်ပစူးရှသော အနီရောင်အကွက်လေး ရှိနေလေသည်။
စုကျန်းက နေရာတွင် ဆက်ထိုင်နေနိုင်စွမ်းရှိသော သူ၏စိတ်ကိုပင် သူ အံ့ဩချီးကျူးမိ၏။
သို့သော်လည်း ဒါက ဘာမှမဟုတ်ပါဘူးလေ။ ရွှယ်နင်၏ အိမ်ထောင်ရေးက ဟာသတစ်ခုထက် မပိုပေ။
ဒါက သူမဘာသာ ရွေးချယ်ခဲ့တဲ့လမ်းပဲ။ အနာဂတ်မှာ နယ်စားမင်းအိမ်တော်ရဲ့ အကာအကွယ်မရှိဘဲ သူမဘဝ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ၊ အားလုံးက သူမကိုယ်တိုင် လုပ်ခဲ့တဲ့ ကိစ္စတွေပဲ။
ပြီးတော့ အခုအချိန်အထိ၊ သူမက သူ့ဆီလာပြီး အရှုံးမပေးသေးဘူး။
သူမက လုစစ်လင်ကို အပြင်ကလူတွေငှားပြီး ဟန်ရေးပြခိုင်းတာနဲ့ သူ့ကို ခြယ်လှယ်နိုင်မယ်လို့ ထင်နေတာလား။ သူမ မှားသွားပြီ။
ဒီနေ့က သူမရဲ့ မင်္ဂလာရက်ပဲ။ သူမသာ သူ့ဆီ ကိုယ်တိုင်မလာခဲ့ဘူးဆိုရင်၊ သူကလည်း သူမအတွက်နဲ့ နယ်စားမင်းအိမ်တော်ထဲကနေ ခြေတစ်လှမ်းတောင် အပြင်ထွက်မှာ မဟုတ်ဘူး။
မင်ယွဲ့ဆောင်၏ ခန်းမကြီးထဲတွင်တော့ ရှဲ့နင်းထန်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။ မော့ပိုင်က တွန့်ဆုတ်စွာ မေးလိုက်သည်။
"ရှီဇီ... အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
စုကျန်း ရင်ထဲတွင် လေးလံမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ မျက်ခွံကို ပင့်တင်ကာ မော့ပိုင်ကို တစ်ချက်ကြည့်လိုက်၏။
"မင်းက အဲဒီမှာ ဘာရပ်လုပ်နေတာလဲ။ လုပ်စရာအလုပ် ဘာမှမရှိဘူးလား"
မော့ပိုင် လုံးဝ ဝေခွဲမရဖြစ်သွားသည်။
"ဒီနေ့က သခင်မလေးရွှယ်ရဲ့ မင်္ဂလာရက်ပဲဟာ။ ကျွန်တော် ဘာလုပ်နိုင်မှာလဲ"
သူ့သခင်က ဘာအမိန့်မှ မပေးသဖြင့် သူလည်း ကိုယ့်သဘောနှင့်ကိုယ် မလှုပ်ရှားဝံ့ချေ။
စုကျန်း၏ မျက်နှာက စိတ်ပျက်ဒေါသထွက်မှုကြောင့် ပို၍မှောင်မည်းသွားသည်။
"ထွက်သွားစမ်း"
...
ရွှယ်နင်သည် အိပ်မက်တောင် အဆုံးထိမမက်လိုက်ရဘဲ ခဏတဖြုတ်သာ အိပ်ပျော်လိုက်ရသလို ခံစားနေရစဉ် တံခါးအပြင်ဘက်မှ ရှပ်ရှပ်ရှပ်ရှပ် အသံများကြောင့် နိုးလာခဲ့သည်။
သူမ၏ မင်္ဂလာရက်ကို နောက်ဆုံးတွင် စောင့်မျှော်ခဲ့ရပြီဖြစ်သဖြင့် စိုးရိမ်ပူပန်စိတ်ကြောင့် ကောင်းကောင်းမအိပ်ပျော်ခဲ့ချေ။
ယခုမူ နားထဲတွင် အသံများက ပို၍ ရှင်းလင်းလာသဖြင့် အိပ်ချင်စိတ်အားလုံး လွင့်ပြယ်သွားတော့သည်။ သူမ မျက်လုံးများကို ပွတ်သပ်ရင်း ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
ကုတင်လိုက်ကာ အပြင်ဘက်တွင် အလင်းရောင်က မှိန်ပြပြသာ ရှိသေး၏။
"ပေါင်ချန်..."
"သခင်မလေး... ကိစ္စကြီးတော့မယ်"
ပေါင်ချန်သည် အဆောင်ထဲသို့ အပြေးအလွှား ဝင်လာရာ သူမနှင့်အတူ လေအေးတစ်ချက် ဝင်လာသည်။
ရွှယ်နင်သည် အအေးဒဏ်ကြောင့် တုန်ရင်သွားပြီး ရင်ထဲတွင်လည်း မတင်မကျ စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ"
ပေါင်ချန်လည်း ဘယ်လိုရှင်းပြရမှန်းမသိသဖြင့် အမြန်ခြေလှမ်းအနည်းငယ် လှမ်းကာ ရွှယ်နင်ကို ဆွဲထူလိုက်သည်။
"သခင်မလေး... ကိုယ်တိုင်ပဲ လာကြည့်လိုက်ပါတော့"
မင်္ဂလာပွဲတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်သဖြင့် ရွှယ်နင်၏မျက်နှာလေး အနည်းငယ် ဖြူရော်သွားသည်။ သူမ တံခါးဝသို့ အပြေးအလွှား သွားကြည့်လိုက်ရာ သူမ၏ ခြံဝင်းအတွင်း၌ အရိုအသေပေးလျက် ရပ်နေကြသော လူဆယ်ဂဏန်းကျော်ကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးမှာ ခါးတွင် အနီရောင်ပတ်တီးစများ ပတ်ထားကြပြီး ဆံပင်တွင် ကတ္တီပါအနီရောင် ပန်းပွင့်ကြီးများကို ပန်ဆင်ထားကြသည်။ သူမ အပြင်ထွက်လာသည်ကို မြင်သောအခါ ၎င်းတို့အားလုံးက ဝမ်းသာအားရ ပြုံးရွှင်လျက် တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
"သခင်မလေးရွှယ်ကို ဂါရဝပြုပါတယ်"
သူမ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်ဖြစ်သွား၏။
"ဒါ... ဒါက ဘာလဲ"
ခေါင်းဆောင်ဖြစ်သူ မင်္ဂလာစကားပြောပေးရသည့် မိခင်ကြီး ‘အဘွားဟွာ’ က ပြုံးရွှင်စွာဖြင့် ရှေ့သို့တိုးလာပြီး ရွှယ်နင်ကို အကဲခတ်လိုက်သည်။ နတ်သမီးလေးတစ်ပါးကဲ့သို့ နုပျိုလှပကာ အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော ဤမိန်းကလေးမှာ ပါးလျသော အတွင်းခံဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လက်တစ်ဆုပ်စာမျှသာရှိသော နွဲ့နှောင်းသည့် ခါးလေးက ခပ်ရေးရေး ပေါ်လွင်နေသည်။ အဘွားအိုတစ်ယောက်ဖြစ်သည့် သူမကိုယ်တိုင်ပင် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။
သခင်ကြီးက ဘာကြောင့် ဒီလိုမျိုး ငွေအမြောက်အမြား အသုံးချကာ မင်္ဂလာသတို့သမီးကို ပြင်ဆင်ရန် သူမအား သီးသန့်ငှားရမ်းခဲ့လဲဆိုတာကို နားလည်သွားတော့သည်။
ဒီလိုရုပ်ရည်မျိုးရှိတဲ့ အမျိုးသမီးတစ်ဦးက ချမ်းသာကြွယ်ဝသော မိသားစုထဲသို့ လက်ထပ်ဝင်ရောက်သွားပါက အနာဂတ်တွင် အတိုင်းအဆမရှိ တိုးတက်အောင်မြင်မည်မှာ အသေအချာပင်။
ဒီနေ့ရမယ့် ရက်ရောတဲ့ ဆုလာဘ်တွေအပြင် နောင်အနာဂတ်မှာလည်း သူမရဲ့ စားဝတ်နေရေးအတွက် ပူပန်စရာ လိုတော့မည်မဟုတ်ပေ။
စိတ်ထဲတွင် ချက်ချင်းပင် အစီအစဉ်တစ်ခု ဆွဲလိုက်ပြီးနောက် သူမက ပြောလိုက်သည်။
"ဒီအဘွားအိုက တုန်းကျင်းမြို့အနောက်ဘက် ဝမ်ဖူလမ်းကြားထိပ်မှာ နေတဲ့ အဘွားဟွာ ပါ။ မကြောက်ပါနဲ့ သခင်မလေး။ ကျွန်မတို့ကို လီမိသားစုက သခင်မလေးရဲ့ မင်္ဂလာဝတ်စုံ ပြင်ဆင်ပေးဖို့ လွှတ်လိုက်တာပါ။ အခု အိပ်ရာက အပြည့်အဝ နိုးပြီမလား”