အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) - ကလေးသုံးယောက် မွေးမယ်!
ရွှယ်နင် လန့်ဖျတ်သွားပြီး အိပ်ချင်စိတ်များပါ တစ်စစီ လွင့်ပြယ်သွားတော့သည်။
သူမ၏ ပုံမှန်အားဖြင့် တိတ်ဆိတ်လေ့ရှိသော ချီယွင်ဆောင်တွင် ဤမျှ လူစည်ကားတာကို တစ်ခါမှ မမြင်ဖူးချေ။
"အဘွားဟွာ... အဘွားတို့ကို သခင်လေးလီက လွှတ်လိုက်တာလားဟင်"
"ဒါပေါ့။ သခင်မလေးရဲ့ အနာဂတ်ခင်ပွန်းလောင်းက မျိုးရိုးလီပဲလေ။"
အဘွားဟွာက ပွင့်လင်းပြတ်သားသူဖြစ်ရာ ရွှယ်နင်၏လက်ကိုဆွဲ၍ အခန်းထဲသို့ ခေါ်ဆောင်သွားပြီး မှန်တင်ခုံဆီသို့ ချက်ချင်း မျက်စိကျသွားသည်။ သူမက ရွှယ်နင်ကို ကြေးမှန်ရှေ့တွင် ထိုင်ခိုင်းလိုက်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပြုံးလိုက်၏။
"မိန်းကလေးတို့ရေ... အားသွန်ခွန်စိုက် ပြင်ဆင်ကြစို့"
ထိုအမိန့်ကြောင့် ခြံဝင်းထဲရှိ အစေခံမိန်းကလေး ဆယ်ယောက်ကျော်မှာ အခန်းထဲသို့ တိုးဝှေ့ဝင်ရောက်လာကြသည်။
ရွှယ်နင်က ထိုင်ခုံပုပေါ်တွင် ထိုင်နေရင်း မကြာမီပင် မင်္ဂလာဝတ်စုံ လဲလှယ်ဝတ်ဆင်ပြီးစီးသွားသည်။
ကျွမ်းကျင်လိမ္မာသော အဘွားဟွာသည် သူမ၏ အကောင်းဆုံး လက်ရာများကို ထုတ်ဖော်လျက် ရွှယ်နင်၏ ဆံပင်ကို ထုံးဖွဲ့ပေးပြီး မိတ်ကပ် ပြင်ဆင်ပေးတော့သည်။
ဘေးမှ စောင့်ကြည့်နေတဲ့ ပေါင်ချန်က အံ့ဩမှင်သက်နေသည်။
"ဒီနေ့ သခင်မလေးရဲ့ ဆံပင်ကို သေချာ ထုံးပေးနိုင်ပါ့မလားလို့ စိုးရိမ်နေတာ၊ အဘွားဟွာ ရောက်လာလို့ တော်သေးတာပေါ့။ သူ(မ)လက်ရာကို ကြည့်ပါဦး။ သခင်မလေးက တကယ်ကို လှလွန်းပါတယ်။ ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ဘူး။ အတိုချုပ်ပြောရရင်တော့ အရမ်း အရမ်းကို လှတာပဲ။ သခင်လေးလီ မြင်ရင် သေချာပေါက် သဘောကျမှာ"
အခန်းထဲရှိ အစေခံမိန်းကလေးများအားလုံးလည်း ရွှယ်နင်၏ ပြင်ဆင်ပြီးစ ရုပ်ရည်ကို ငေးကြည့်ရင်း မှင်သက်နေကြသည်။
မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်သည် သိက္ခာရှိပြီး အနှိုင်းမဲ့ လှပလွန်းကာ ကြည်လင်သောမျက်ဝန်းနှင့် ဖြူဖွေးသောသွားများကို ပိုင်ဆိုင်ထားသည်။ လက်ဖဝါးခန့်သာရှိသော သူမ၏ နုနယ်သည့် မျက်နှာလေးပေါ်ရှိ မျက်နှာသွင်ပြင်များမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ စိတ်ကူးယဉ်ဆန်ပြီး စွဲမက်ဖွယ်ကောင်းသော ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများက ညို့ယူဖမ်းစားနေသည်။ သူမက ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် လူတိုင်း၏ အကြည့်ကို ဖမ်းစားထားနိုင်စွမ်း ရှိပေသည်။
အဘွားဟွာက အလွန်ကျေနပ်သွား၏။
"ငါတို့ သခင်မလေးရွှယ်ရဲ့ မြင့်မြတ်တဲ့အငွေ့အသက်ကို ကြည့်ပါဦး၊ တော်ဝင်မင်းသမီးတစ်ပါးတောင် နှိုင်းယှဉ်လို့ ရမှာမဟုတ်ဘူး။ ကဲ... အားလုံးပဲ ကိုယ့်အလုပ်ကိုယ် လုပ်ကြတော့။ မင်္ဂလာအချိန် နီးလာပြီ၊ သခင်လေးလီလည်း သတို့သမီးကို ကြိုဖို့ သူ့လူတွေနဲ့ မကြာခင် ရောက်လာတော့မှာ"
အစေခံများက သူမကို ကုတင်ပေါ်တွင် ထိုင်ရန် တွဲခေါ်သွားစဉ် ရွှယ်နင်က သူမ၏ နီရဲသော နှုတ်ခမ်းလွှာကို အသာအယာ စေ့ပိတ်ထားလိုက်သည်။
အဘွားဟွာ အပြင်ထွက်တော့မှာကို မြင်တဲ့အခါ သူမက လျင်မြန်စွာ လှမ်းခေါ်လိုက်သည်။
"အဘွား... သခင်လေးလီက ဘယ်အချိန်လာမယ်လို့ ပြောခဲ့လဲဟင်"
သတို့သမီး၏ စိုးရိမ်စိတ်ကို ရိပ်မိသဖြင့် အဘွားဟွာက ပြုံးလိုက်သည်။
"မစိုးရိမ်ပါနဲ့ သခင်မလေးရယ်။ ဒီနေ့က သခင်မလေးနဲ့ သခင်လေးတို့ရဲ့ မင်္ဂလာရက်မြတ်ပဲဟာ၊ ဆူညံစည်ကားလို့ နေမှာပေါ့"
ရွှယ်နင် မျက်တောင်ခတ်လိုက်မိ၏။ သူမ၏ ရင်ထဲတွင် ကယောက်ကယက် ဖြစ်နေပြီး အရာအားလုံးက အိပ်မက်ကဲ့သို့ ဖြစ်နေသလို ခံစားရသည်။
သူတို့ရဲ့ မင်္ဂလာပွဲက ရိုးရှင်းတဲ့ အခမ်းအနားတစ်ခုသာ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ပြီး ၎င်းနောက်မှာ လင်မယား ဖြစ်သွားကြလိမ့်မည်ဟုသာ တွေးခဲ့သည်။
မိုးမလင်းမီကတည်းက ဤမျှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းမျိုး ရှိလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိချေ။
"ဒါဆို နယ်စားမင်းအိမ်တော်ဘက်ကရော..."
အဘွားဟွာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"နယ်စားမင်းအိမ်တော်က ကိစ္စတွေကို စိတ်မပူပါနဲ့ သခင်မလေး။ အားလုံးကို သခင်လေးလီဆီပဲ လွှဲထားလိုက်။ ဒါနဲ့... မင်္ဂလာပွဲ ရိုးရာထုံးတမ်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ဖြည်းဖြည်းချင်း ရှင်းပြဖို့ လူတစ်ယောက် စီစဉ်ထားပါတယ်။ အခုလောလောဆယ်တော့ ထိုင်နေလိုက်ပါဦး။ ဗိုက်ဆာရင် တစ်ခုခု စားထားနော်၊ မဟုတ်ရင် ညဘက် မင်္ဂလာဦးည ရောက်တဲ့အထိ ဗိုက်ဆာနေလိမ့်မယ်"
ထိုသို့ပြောပြီးနောက် အဘွားဟွာ ထွက်ခွာသွားသည်။
မကြာမီပင် အမျိုးသမီးငယ် အချို့က ပန်းချီစင်များကို သယ်ဆောင်လာကာ ထိုင်လိုက်ကြပြီးနောက် သူတို့ရှေ့ရှိ မြင်ကွင်းကို စတင် ပန်းချီရေးဆွဲကြတော့သည်။
ပေါင်ချန်ကမူ ပျော်ရွှင်စွာဖြင့် အဘွားဟွာနောက်သို့ လိုက်ကာ သွားရောက် အကဲခတ်လေသည်။
ရွှယ်နင်သည် သူမ၏ ကုတင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။ အစေခံမိန်းကလေးများကမူ ကုတင်လိုက်ကာများမှာ မင်္ဂလာအငွေ့အသက် မရှိဟု ခံစားရသဖြင့် တောက်ပသော အနီရောင် လိုက်ကာအသစ်များဖြင့် အလုပ်ရှုပ်စွာ လဲလှယ် တပ်ဆင်ပေးနေကြတော့သည်။
သူမက နောင်အနာဂတ်မှာ ဒီနေရာ ပြန်လာဖြစ်တော့မှာ မဟုတ်တာကြောင့် ဒီလောက် အလုပ်ရှုပ်ခံရန်မလိုကြောင်း ပြောရန် ရည်ရွယ်လိုက်သော်လည်း အစေခံမိန်းကလေးများက တညီတညွှတ်တည်း ပြောကြသည်။
"ဒါတွေအားလုံးက သခင်လေးလီ စီစဉ်ထားတာပါ။ သခင်လေးက သူ့ဆီလက်ထပ်မယ့် မင်္ဂလာပွဲအတွက် အရာအားလုံးက မင်္ဂလာရှိပြီး စည်ကားနေရမယ်၊ သေးငယ်တဲ့ အသေးစိတ်အချက်လေးတစ်ခုတောင် လစ်ဟင်းလို့မရဘူးလို့ မှာထားပါတယ်"
ရွှယ်နင် မော့ကြည့်လိုက်ရာ အခန်းထဲတွင် အလုပ်ရှုပ်နေကြသော အစေခံမိန်းကလေးများကို တွေ့လိုက်ရသည်။
တစ်ချိန်က မှိုင်းညှို့ပြီး ဖုန်ထူထပ်နေခဲ့သော သူမ၏ အိပ်ဆောင်လေးသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသဖြင့် သူမရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
"သခင်မလေး... မုန့်လေးနည်းနည်း စားလိုက်ပါဦး"
"ဒါတွေက သခင်လေးလီက ပေါင်သယ့်ဆောင်ကနေ ဒီမနက်အစောကြီး သီးသန့်မှာပြီး ဝယ်ခိုင်းထားတာပါ။ မွှေးကြိုင်နေတာပဲ"
ရွှယ်နင် မျက်လွှာချလိုက်ပြီး မုန့်ကို အသာလေး တစ်ကိုက် ကိုက်လိုက်ရာ စားကောင်းလွန်းသဖြင့် သူမ၏မျက်ဝန်းများက ချက်ချင်းပင် ပျော်ရွှင်မှုကြောင့် ကွေးညွတ်သွားတော့သည်။
သူမ မုန့်တစ်ဖတ်ကို စားလို့ပြီးရုံရှိသေး၊ စုမန်က အားအင်အပြည့်ဖြင့် အခန်းထဲသို့ ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။
"နင်နင်... နင့်ကို အလှပြင်ပေးဖို့ လူတွေအများကြီး ရောက်နေကြတယ်လို့ ငါကြားတယ်၊ ဒါဆို ငါ့ကို မလိုတော့ဘူးပေါ့ ဟုတ်လား။ ဝါး... နင်က ဘယ်လိုလုပ် ဒီလောက်တောင် လှနေရတာလဲ။ ငါတော့ နင့်ကို တကယ် မလွှတ်ချင်တော့ဘူး။ ကြည့်ဦး... မနေ့ညက ငိုထားလို့ ငါ့မျက်လုံးတွေ ခုထိ ဖောင်းအစ်နေတုန်းပဲ။ အမေကလည်း နင့်ဆီလာအိပ်ဖို့ တားနေသေးတယ်"
မကြာမီ ဝေ့ကျန့်ယန် ရောက်ရှိလာသည်။
တောက်ပသော အနီရောင် မင်္ဂလာဝတ်စုံနှင့် တောက်ပလှပလွန်းနေသော ရွှယ်နင်ကို မြင်သောအခါ သူမက သက်ပြင်းချလိုက်မိသည်။
"ငါတို့ နင်နင်ကတော့ အလှပြင်ပြင်၊ မပြင်ပြင် တကယ်ကို ကျော့ရှင်းလှပလွန်းတာပဲ။ ဒီလောကမှာ ဘယ်လိုယောက်ျားမျိုးကများ ဒီလိုအလှလေးကို မစွဲမက်ဘဲ နေနိုင်မှာလဲ"
သို့သော်လည်း အခြားသူမဟုတ်သည့် စုကျန်းကမူ ဤကဲ့သို့သော ရတနာတစ်ပါးကို တန်ဖိုးမရှိသည့် ကျောက်ခဲတစ်လုံးကဲ့သို့ သဘောထားကာ သူမကို အကြင်နာမဲ့စွာ နှိပ်စက်ခဲ့၏။
အဒေါ်ဖြစ်သူ ယန်ရှီသည် အနည်းငယ်နောက်ကျမှ ရောက်လာခဲ့ပြီး ဝေ့ကျန့်ယန်က ရွှယ်နင်၏အခန်းထဲတွင် နေရာယူပြီးချိန်မှသာ ချီယွင်ဆောင်၏ ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။
သူမနောက်တွင် ခြင်းတောင်းများ၊ သေတ္တာများကို သယ်ဆောင်လာကြသော အစေခံမိန်းကလေးများနှင့် အဘွားအို ဆယ်ယောက်ကျော် ပါလာကြပြီး အားလုံးမှာ မူလက ကူညီရန် လာကြခြင်း ဖြစ်သည်။
သို့သော် သူမ ရောက်လာသည့်အခါတွင် ချီယွင်ဆောင်တစ်ခုလုံး ပြောင်းလဲသွားတာကို အံ့ဩဖွယ် တွေ့လိုက်ရသဖြင့် သူမ၏လူများမှာ ဝင်ရောက်ကူညီရန် နေရာမရှိဖြစ်သွားတော့သည်။
"ဒါက ဘာသဘောလဲ။ အလုပ်တွေကို လုလုပ်နေကြတာလား"
စုမန်က တဟားဟား ရယ်မော၏။
"ဒါတွေအားလုံးက လီမိသားစုက လူတွေလေ အဒေါ်လုရဲ့။ အဒေါ်လည်း အပင်ပန်းမခံပါနဲ့တော့၊ နင်နင်အနားမှာပဲ လာထိုင်ပါဦး"
လုစစ်လင်ကမူ စည်ကားနေသော ရွှယ်နင်၏ အိပ်ဆောင်တံခါးဝသို့ အေးအေးလူလူ ရောက်ရှိလာသည်။ သူက တံခါးဘောင်ကို မှီလျက် ရွှယ်နင်၏မျက်နှာပေါ်ရှိ လတ်ဆတ်သော မိတ်ကပ်ပြင်ဆင်မှုများကို အကဲခတ်ရင်း ဤမိန်းကလေးက လုမိသားစု၏ ထူးခြားလှပတဲ့ ရုပ်ရည်ကို ဆက်ခံထားသဖြင့် တကယ်ကို အံ့ဩစရာကောင်းလောက်အောင် လှပလွန်းတယ်လို့ မတွေးဘဲ မနေနိုင်ပေ။ လှပသော မိန်းကလေးများ ပြည့်နှက်နေသည့် အခန်းထဲတွင်ပင် သူမက သီးသန့် ထူးခြားစွာ တောက်ပနေ၏။
ထို့အပြင် နင်နင်၏အနားတွင် ပါးပြင်လေးများ နီရဲလျက် ထိုင်နေသော ဝေ့ကျန့်ယန်သလည်း ချစ်စရာကောင်းသည်—သူမ၏ ဝိုင်းစက်နက်မှောင်သော မျက်ဝန်းကြီးများက ရှက်သွေးဖြာကာ အပြစ်ကင်းစင်မှုများဖြင့် တောက်ပနေသဖြင့် လူကို စနောက်ချင်စိတ် ပေါက်လာစေသည်။
သူ့အကြည့်က ဝေ့ကျန့်ယန်၏ မျက်နှာပေါ်တွင် ခဏမျှ ဝဲလည်သွားပြီးနောက် ရွှယ်နင်ထံသို့ ပြန်လည်ရောက်ရှိလာသည်။
ဒီလိုမျိုး လှပတဲ့ ညီမလေးကို ရရှိလိုက်တာ လီချန်ချဲ့အတွက်တော့ အရမ်း တွက်ခြေကိုက်တယ်။
လီချန်ချဲ့ သတို့သမီးကို ကြိုဖို့ ရောက်လာတဲ့အခါကျရင် သူ့ကို အခက်တွေ့အောင် လုပ်ဖို့ နည်းလမ်းကောင်းတချို့ကို သေချာပေါက် စဉ်းစားထားရမယ်!
စကားပြောနေစဉ်မှာပင် ချောမောသော မျက်နှာအချို့က တံခါးအပြင်ဘက်မှ တညီတညွတ်တည်း ပြူထွက်လာကြသည်။
"ဒါက စစ်သူကြီးလုရဲ့ ညီမလေးလား"
"ဒီလောက် ချစ်စရာကောင်းတဲ့ ညီမလေးရှိတာကို စစ်သူကြီးလုက ဘာလို့ စောစောစီးစီး မပြောပြရတာလဲ"
"ကျွန်တော်တို့က စစ်သူကြီးလုကို ညီအစ်ကိုလို သဘောထားတာကို၊ သူက ဘာလို့ ကျွန်တော်တို့ကို သူစိမ်းတွေလို ဆက်ဆံရတာလဲ"
လုစစ်လင်က မျက်မှောင်ကြုတ်လိုက်၏။
"သွား၊ သွားကြစမ်း မင်းတို့ကောင်တွေ"
သိုင်းဝတ်စုံများ ဝတ်ဆင်ထားသော လူငယ်များကို ကြည့်ရင်း ရွှယ်နင်က ပြုံးလိုက်သည်။
"အစ်ကိုလု... သူတို့က ဘယ်သူတွေလဲဟင်"
"မင်းတို့ကောင်တွေ၊ အပြင်မှာ စောင့်နေကြ"
လုစစ်လင်က သူတို့ကို မကျေမနပ် မျက်စောင်းထိုးလိုက်ပြီးနောက် ရွှင်လန်းတဲ့ အပြုံးဖြင့် ပြန်လှည့်လာသည်။
"စုမိသားစုက ယောက်ျားတွေ အားလုံးက ဖောက်ပြန်တတ်ပြီး ရက်စက်ကြတယ်။ သူတို့ကတော့ ငါနဲ့အတူ သေအတူရှင်မကွဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်ဘက်ညီအစ်ကိုတွေပဲ။ သူတို့က ညီမလေးရဲ့ ဂုဏ်ထူးဆောင် အစ်ကိုတွေလည်း ဖြစ်တယ်။ ညီမလေးအတွက် တံခါးစောင့်ပေးဖို့ သူတို့ကို သီးသန့် ခေါ်လာခဲ့တာ"
လုစစ်လင်၏ စကားကို ကြားသောအခါ ရွှယ်နင်၏ မျက်ဝန်းများက ဝမ်းသာပီတိဖြစ်မှုကြောင့် ရုတ်တရက် နွေးထွေးသွားရသည်။
ရွှယ်မိသားစုတစ်ခုလုံး တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီးနောက် ဒီလောကမှာ သူမရဲ့ သက်ရှိထင်ရှား ဆွေမျိုးဆို၍ လက်ချိုးရေတွက်လို့ရလောက်အောင်ပင် နည်းပါးသည်။
ဒီနေ့ သူမရဲ့ မင်္ဂလာပွဲက အရင်ဘဝကလိုပဲ ဖြစ်လိမ့်မယ်လို့ သူမ ထင်ထားခဲ့တာ။ မင်္ဂလာဝတ်စုံကို ဝတ်ဆင်၊ ခေါင်းကို မျက်နှာဖုံးပုဝါဖြင့်အုပ်ကာ လီမိသားစုဆီ ထွက်ခွာပြီး ထိုအချိန်မှစ၍ သူတို့မိသားစုဝင်တစ်ယောက် ဖြစ်သွားလိမ့်မည်ဟုသာ။
အစ်ကိုလုနှင့် အဒေါ်ဖြစ်သူတို့က သူမအတွက် ဒီလောက်အထိ စဉ်းစားပေးလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့မိချေ။
"နင်နင်.. မငိုနဲ့လေ"
ဝေ့ကျန့်ယန်က ညင်သာစွာ ပြုံးလျက် ပြောလိုက်သည်။
"နင့်မိတ်ကပ်တွေ ပျက်ကုန်လိမ့်မယ်"
လုစစ်လင်က နှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်လိုက်ပြီး မျက်နှာကို တမင်တည်ထားကာ-
"သူတို့ရှိနေတော့၊ လီချန်ချဲ့ မင်းကို လက်ထပ်ဖို့ဆိုတာ သိပ်တော့ လွယ်မှာမဟုတ်ဘူး"
"အဲဒီလို မလုပ်ပါနဲ့..."
ရွှယ်နင်၏ မျက်နှာလေး အနည်းငယ် ပူထူသွားသည်။
"သူ့ကို အရမ်းကြီး အခက်မတွေ့စေပါနဲ့"
"မင်္ဂလာတောင် မဆောင်ရသေးဘူး၊ သူ့ယောက်ျားအတွက် တွေးပေးနေပြီ"
ယန်ရှီက စနောက်လိုက်သည်။
"နင်နင်... နင့်ရဲ့ သစ္စာတရားကို အပြင်ဘက် ယိမ်းမသွားစေနဲ့ဦး"
"အိမ်ထောင်ကျသွားတဲ့ သမီးမိန်းကလေးဆိုတာ သွန်လိုက်တဲ့ ရေလိုပါပဲလား"
"သတို့သမီးက သတို့သားကို ကာကွယ်ပေးနေပြီ"
"သူ(မ)သာ အဲဒီမိသားစုထဲ လက်ထပ်ဝင်သွားရင်တော့ တစ်ခုခုဖြစ်တော့မှာပဲ... နင်နင်က သခင်လေးလီအတွက် အနည်းဆုံး ကလေးသုံးယောက်လောက်တော့ မွေးပေးရလိမ့်မယ်"
အားလုံးက တစ်ယောက်တစ်ပေါက် ဝင်ပြောကြသဖြင့် ရွှယ်နင်၏ ပါးပြင်လေးများမှာ ပို၍ပင် နီရဲသွားတော့သည်။