အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉) - သူမအတွက် ကျောထောက်နောက်ခံပြုပေးခြင်း
သခင်မကြီးရှဲ့သည် ရွှယ်နင်၏ မင်္ဂလာပွဲကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ဘဲ ခန်းဝင်ပစ္စည်းအဖြစ် ဝင်ငွေအနည်းဆုံး ဆိုင်တစ်ဆိုင်ကိုသာ ပေးခဲ့သည်။ ယခုမူ စုယီလီက သူမကို အကျပ်ရိုက်စေခဲ့ပြီဖြစ်ရာ အဖိုးအခတစ်ခု ပေးဆပ်ရမည်ကို ရှောင်လွှဲ၍မရနိုင်တော့ပေ။
သူမရဲ့ ငတုံးသား! စကားတစ်ခွန်းနှစ်ခွန်းဖြင့်ပင် သူတစ်ပါး၏ ခြယ်လှယ်ခြင်းကို ခံလိုက်ရပြီ!
"မင်းလို ငတုံး!"
သခင်မကြီးရှဲ့က စုယီလီကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက် လှည့်ကာ အိမ်တော်ထဲသို့ ဝင်သွားတော့သည်။
စုယီလီလည်း ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ သူက အဘွားအိုနောက်သို့ ကပျာကယာ လိုက်သွားသည်။
"အမေ... နယ်စားမင်းအိမ်တော်သာ ဂုဏ်သိက္ခာကျသွားရင် နောင်ဆို တခြားသူတွေကို ကျွန်တော် ဘယ်လို မျက်နှာပြရတော့မလဲ။ ဒီသတင်းကိုကြားရင် ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ သေချာပေါက် လှောင်ပြောင်ကြမှာ။ ပြီးတော့ အလုပ်ရုံဝန်ကြီးဌာနက အရေးကြီးတဲ့ ရာထူးနေရာကရော၊ ကျွန်တော့်ဆီ ဘယ်လိုလုပ် ရောက်လာတော့မှာလဲ"
စုယီလီအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် သတိထား၍ လျှောက်လှမ်းရန် လိုအပ်ကြောင်းကို သခင်မကြီးရှဲ့ ကောင်းစွာ သိရှိထားသည်။
ထို့အပြင် စုကျန်း၏ဆရာဖြစ်သူ သခင်ကြီးယန်မှာ အပြင်းအထန် ဖျားနာနေသဖြင့် ယခုအချိန်က သူ၏ရာထူးတိုးရေးအတွက် အရေးကြီးသော အချိန်အခါဖြစ်နေသည်။ ဘယ်လိုကိစ္စကိုမှ ပေါ့ပေါ့တန်တန် သဘောထား၍မရပေ။
လောလောဆယ် ဤခါးသီးတဲ့ ဆေးခါးကြီးကို မျိုချရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဟန်တူသည်။
အပြင်ဘက်မှ ဆူညံသံများက ပို၍ကျယ်လောင်လာရာ သခင်မကြီးရှဲ့၏ မျက်နှာထားမှာ ပို၍ပင် အကြည့်ရဆိုးလာတော့သည်။
သူမက သခင်မနျဲ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်ယွဲ့ဆောင်ကိုသွားပြီး အားကျန်းနဲ့ တိုင်ပင်လိုက်။ မင်းသမီးရှို့နင်း ယူလာတဲ့ ခန်းဝင်ပစ္စည်းတချို့ကို သွားငှားချေ"
ခန်းဝင်ပစ္စည်း ငှားရမ်းခြင်း... ဤသည်မှာ တစ်ခါမှမကြုံဖူးသော ထူးဆန်းသည့် ကိစ္စရပ်တစ်ခုပင်။
သခင်မနျဲ့မှာ တွန့်ဆုတ်သွားပြီး နှုတ်ခမ်းကို အနည်းငယ် ဟဟလေးလုပ်ကာ-
"အမေ... ငှားပြီးသွားရင် နောက်ပိုင်း ဘယ်လိုလုပ်ကြမလဲ"
သခင်မကြီးရှဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ရွှယ်နင် အိမ်ထောင်ကျသွားတာနဲ့ ခန်းဝင်ပစ္စည်းတွေကို ပြန်ပေးခိုင်းလိုက်။ သူ(မ)က အမြဲတမ်း လိမ္မာရေးခြားရှိတော့ စကားနားထောင်မှာပါ"
သခင်မနျဲ့က ပြန်ဖြေသည်။
"ဒါပဲ နည်းလမ်းရှိတော့မယ့်ပုံပဲ။ ကျွန်မ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"
သခင်မနျဲ့ ထွက်သွားပြီးနောက် သခင်မကြီးရှဲ့သည် အရှေ့ခြံဝင်းနှင့် အနောက်ခြံဝင်းကို ဆက်သွယ်ထားသော လမင်းပုံတံခါးဝတွင် ရပ်နေရင်း အချိန်ကြာလာသည်နှင့်အမျှ ဒေါသပိုထွက်လာ၏။
သူမက စုယီလီဘက်သို့ လှည့်ကာ ဒေါသဖြစ်စွာ မေးလိုက်သည်။
"ဒီ လီချန်ချဲ့ ဆိုတာ တကယ်ပဲ ဘယ်သူလဲ"
အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသော်လည်း ဘယ်သူကမှ လီချန်ချဲ့၏ နောက်ခံရာဇဝင်ကို မသိကြချေ။
လေထုက တင်းမာသွားသည်။ စုယီလီက အထစ်ထစ်အငေါ့ငေါ့ဖြင့်-
"သူက ဆင်းရဲတဲ့ စာသင်သားတစ်ယောက်ပဲ မဟုတ်ဘူးလား။ လုစစ်လင် နယ်စပ်မှာ ခင်ခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်လို့ ပြောကြတာပဲ။ သူ့မိသားစုက ဆင်းရဲနွမ်းပါးပြီး တုန်းကျင်းမှာ နေစရာတောင်မရှိဘူးလေ။ ကျွန်တော်က လူရည်ချွန်တွေကို ပြုစုပျိုးထောင်ချင်တဲ့ စိတ်နဲ့ သူ့ကို ညအနည်းငယ်လောက် ခေါ်ထားပေးခဲ့ရုံပါ"
သခင်မကြီးရှဲ့က မျက်မှောင်ကြုတ်ကာ ဆူပူလိုက်သည်
။ "အပြင်ဘက်က နှင်းဆီသစ်သား ပရိဘောဂတွေ၊ မဟော်ဂနီနဲ့လုပ်ထားတဲ့ လက်ဆောင်သေတ္တာတွေ အားလုံးကို ကြည့်လိုက်ဦး... သူက တကယ်သာ ဆင်းရဲတဲ့ စာသင်သားဆိုရင် ဒီလိုပစ္စည်းမျိုးတွေကို ဘယ်လိုလုပ် တတ်နိုင်မှာလဲ"
စုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါတွေက အတုတွေဆိုရင်ကော။ ရွှယ်နင်း
နဲ့ လီချန်ချဲ့တို့ ပေါင်းကြံပြီး လူတွေငှား၊ ဟန်ရေးလာပြတာဆိုရင်ရော... အဘွားဆီကနေ ခန်းဝင်ပစ္စည်းတွေ ရဖို့ တမင် လှည့်စားတာလေ"
သခင်မကြီးရှဲ့ မျက်လုံးကို မှိတ်လိုက်ပြီး သူမ၏ ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘူး။
သူမ တစ်ခုခုကို နားလည်မှုလွဲနေတာ သေချာတယ်။
ဒီ လီချန်ချဲ့ဆိုတာ ဇာစ်မြစ်မသိရတဲ့သူပဲ။ စေ့စပ်လက်ဆောင်ဆိုလို့ အရည်အသွေးမြင့် ကျောက်စိမ်းဆွဲသီးတစ်ခုကလွဲရင် ဘာမှမပါဘူး၊ သူတို့ကို လှည့်စားဖို့ သက်သက်ပဲ ဖြစ်ရမယ်!
သူက ရွှယ်နင်၏ မင်္ဂလာရက်မှာ သူတို့ကို အသေအလဲ ထိုးနှက်ရန် ဤမြင်ကွင်းမျိုးကို တမင်သက်သက် ဖန်တီးခဲ့ခြင်းဖြစ်သည်။
နယ်စားမင်းအိမ်တော်အနေဖြင့် ခန်းဝင်ပစ္စည်း သေတ္တာ ဒါဇင်အနည်းငယ်ခန့် ထပ်မပေးနိုင်လောက်အောင် ဖြစ်နေတာမဟုတ်ပေ—အချိန်အနည်းငယ် လိုအပ်ရုံသာဖြစ်၏။ သို့သော် သူတို့က ချက်ချင်း မထုတ်ပေးနိုင်၍ဖြစ်စေ၊ သူတစ်ပါးထံမှ ငှားရမ်းရ၍ဖြစ်စေ၊ အခုအဖြစ်အပျက်က လုံးဝကို အရှက်ရစရာကောင်းသည်။
ရွှယ်နင်အတွက် သူက ခန်းဝင်ပစ္စည်း သေတ္တာ ရာချီ၍ ထပ်ဖြည့်ပေးနိုင်တယ်ဆိုတဲ့ အချက်က သူက ခန်းဝင်ပစ္စည်းကို နည်းနည်းလေးမှ ဂရုမစိုက်ကြောင်း ပြသနေသည်။
သူ ဒီလိုလုပ်တာဟာ ရွှယ်နင်အတွက် မားမားမတ်မတ် ရပ်တည်ပေးပြီး သူမအတွက် ကျောထောက်နောက်ခံ ပြုပေးရန် တမင်သက်သက် လုပ်ဆောင်နေခြင်းပင်။
သူက... ရွှယ်နင် ရထိုက်တဲ့ လေးစားမှုကို ပေးရန် နယ်စားမင်း အိမ်တော်ကို အတင်းအကျပ် ဖိအားပေးနေတာပဲ!
"ရွှယ်နင်ဆိုတဲ့ ကောင်မလေးက တကယ့် ဂြိုလ်ဆိုးမပဲ!"
သခင်မကြီးရှဲ့က သူမ၏ စူးရှပြီး အိုမင်းရင့်ရော်နေသည့် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ဒေါသကြောင့် မျက်နှာကြီး ပြာနှမ်းသွားတော့သည်။ သူမက တုတ်ကောက်ကို မြေပြင်နှင့် အားပါးတရ ဆောင့်လိုက်၏။
"ချီယွင်ဆောင်ကို သွားကြမယ်!"
သူတို့ ချီယွင်ဆောင်သို့ ရောက်သောအခါ၊ ယခင်က ယိုယွင်းပျက်စီးနေခဲ့သော ခြံဝင်းမှာ လုံးဝကို အသစ်ပြန်လည် ပြင်ဆင်ပြီးဖြစ်နေတာကို တွေ့လိုက်ရသည်။
ချီယွင်ဆောင်၏ တံခါးအပြင်ဘက်တွင် အစေခံမိန်းကလေးများနှင့် အဘွားအိုတစ်စု စုဝေးနေကြပြီး တီးတိုးပြောဆိုကာ စောင့်ကြည့်နေကြသည်။
ပုံမှန်အားဖြင့် လူသူကင်းမဲ့လေ့ရှိသော ချီယွင်ဆောင်သည် ဒီနေ့မှ ဤမျှ စည်ကားနေလိမ့်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
ထို သာမန်ဖြစ်လွန်းတဲ့ သခင်မလေးရွှယ်က သူမ၏ မင်္ဂလာရက်တွင် တကယ်ကို ထူးခြားဆန်းပြားနေပေသည်။
အရင်က ရွှယ်နင်ကို အထင်သေးခဲ့ကြတဲ့ အစေခံမိန်းကလေးများမှာ ယခုအခါ ခြံဝင်းတစ်ခုလုံး ပြည့်နှက်နေသည့် တန်ဖိုးကြီး သေတ္တာများကို ငေးကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်သွားကြတော့၏။
သခင်မကြီးရှဲ့သည် ခဏမျှ ရပ်တန့်သွားပြီးနောက် ခြံဝင်းထဲတွင် အလုပ်ရှုပ်နေကြသော အစေခံများကို ဖြတ်ကျော်ကာ ရွှယ်နင်၏ အခန်းမကြီး ဝင်ပေါက်သို့ လူအုပ်ကို ဦးဆောင်သွားလေသည်။
စုမိသားစုဝင် အတော်များများ ချီယွင်ဆောင်သို့ ရောက်လာကြသည်။
ဤသည်မှာ တကယ်ကို တစ်ခါမှ မကြုံဖူးသော ကိစ္စပင်။
ရွှယ်နင်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဝေ့ကျန့်ယန်နှင့် စုမန်တို့၏ တွဲကူမှုဖြင့် တံခါးဝသို့ အေးအေးလူလူ လျှောက်သွားကာ သူတို့ကို ဆီးကြိုလိုက်သည်။
လူတိုင်းသည် မင်္ဂလာဝတ်စုံအပြည့်ဖြင့် ရွှယ်နင်ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းဖြစ်၏။ သူမ၏ အံ့မခန်း လှပလွန်းသော မျက်နှာလေးကို မြင်လိုက်ရသောအခါ အားလုံးက တညီတညွတ်တည်း အသက်ရှူမှားသွားကြတော့သည်။
သခင်မကြီးရှဲ့ကိုယ်တိုင်ပင် ခဏမျှ မှင်သက်သွားပြီးနောက်မှ ရွှယ်နင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"ရွှယ်နင်... နင် လုပ်ထားတဲ့ ပြဿနာကြီးကို ကြည့်လိုက်စမ်း!"
ရွှယ်နင် နားမလည်နိုင်ဖြစ်သွားသည်။ သခင်လေးလီက သူမဆီ ခန်းဝင်ပစ္စည်းတချို့ လာပို့ရုံလေးကို သခင်မကြီးရှဲ့က ဘာကြောင့် ဒီလောက်တောင် ဒေါသထွက်နေရတာလဲ။
"အဘွား... အဘွား ဆိုလိုတာကို ကျွန်မ နားမလည်ပါဘူး"
ယန်ရှီကလည်း ဝင်ရောက် ဖြန်ဖြေပေးရန် ရှေ့သို့ တိုးလာသည်။
"သခင်မကြီး၊ စိတ်မဆိုးပါနဲ့။ နင်နင်က မတော်တဆ တစ်ခုခု မှားယွင်းမိတယ်ဆိုရင်တောင် ဒီနေ့က သူ(မ)ရဲ့ မင်္ဂလာရက်မြတ်ပါ။ နားလည်ခွင့်လွှတ်ပေးပါဦး"
သခင်မကြီးရှဲ့က ရွှယ်နင်၏အခန်းထဲသို့ ဝင်လာပြီး ပြင်ဆင်ထားမှုများကို အကဲခတ်လိုက်ကာ လိုဟန်ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ရင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် သူမက ဒေါသတကြီး ပြောလိုက်သည်။
"နင်က နယ်စားမင်းအိမ်တော်ကို ပျက်စီးစေချင်နေတာလား။ အခု အိမ်တော်အပြင်ဘက်က ဆူညံပွက်လောရိုက်မှုတွေက နင်နဲ့ နင့်ရဲ့သတို့သားလောင်း ပေါင်းလုပ်ထားတာ မဟုတ်ဘူးလား။ ကြည့်ရတာ နင့်သတ္တိတွေ ပိုကြီးလာပြီး ရည်မှန်းချက်တွေလည်း အရိုင်းဆန်လာပုံရတယ်။ နင်က လက်ထပ်တော့မှာမို့လို့ နယ်စားမင်းအိမ်တော်ကို လေးစားဖို့ မလိုတော့ဘူးလို့ ထင်နေတာလား"
"အမေ..."
သခင်မကျန်းက ကပျာကယာ ဝင်ပြောလိုက်သည်။
"နင်နင်က ချီယွင်ဆောင်ထဲမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာပါ။ သူ(မ) ဒီကိစ္စကို ဘာမှသိမှာ မဟုတ်ပါဘူး"
"သူ(မ) ဘာမှမသိဘူး ဟုတ်လား"
သခင်မကြီးရှဲ့က သရော်လှောင်ပြောင်စွာ တုံ့ပြန်လိုက်သည်။
"အဲဒီခန်းဝင်ပစ္စည်းတွေ ဘယ်ကရောက်လာသလဲဆိုတာကို သူ(မ) မသိဘူးပေါ့လေ"
ဒီနေ့က သူမ၏ မင်္ဂလာရက်ဖြစ်ပြီး ရွှယ်နင်သည် ထွက်သွားပြီးနောက် ဘယ်တော့မှ ပြန်မလာရန် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် သဘာဝကျကျပင် သခင်မကြီးရှဲ့၏ အာဏာကို သူမ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
သူမက တည်ငြိမ်ပြီး သိက္ခာရှိရှိဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်မမှာ အဲဒီလိုရည်ရွယ်ချက် မရှိပါဘူး။ နယ်စားမင်းအိမ်တော်က ခန်းဝင်ပစ္စည်းဆိုတာ ကျွန်မ ဂရုစိုက်ခဲ့တဲ့ အရာမဟုတ်ဘူး"
သူမ ပို၍ တည်ငြိမ်နေလေလေ၊ သခင်မကြီးရှဲ့၏ ဒေါသက ပို၍ ဆူပွက်လာလေလေ ဖြစ်သည်။
"နင်က နယ်စားမင်းအိမ်တော်ကို နင့်ရဲ့ ခန်းဝင်ပစ္စည်းတွေ ထပ်ဖြည့်ပေးစေချင်နေတာ မဟုတ်လား။ ငါ့အမြင်တော့ ဒီနေ့မင်္ဂလာပွဲ မလုပ်တာပဲ အကောင်းဆုံးဖြစ်မယ်!"
ရွှယ်နင် မျက်မှောင်ကြုတ်လိုက်သည်။
"သခင်မကြီးရှဲ့... ကျွန်မရဲ့ အိမ်ထောင်ရေးက အဘွားရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး မဟုတ်လား"
ဒေါသကြောင့် အသိဉာဏ်ကင်းမဲ့သွားပြီဖြစ်သော သခင်မကြီးရှဲ့က စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"အစောင့်တွေ... အပြင်လူအားလုံးကို ချီယွင်ဆောင်ထဲကနေ မောင်းထုတ်လိုက်စမ်း! ရွှယ်နင်ကိုတော့ သူ(မ)မင်္ဂလာဝတ်စုံကို ချွတ်ပစ်လိုက်!"
အိမ်တော်အစောင့်တစ်စုက ယန်ရှီနှင့် အခြားသူများကို ဝိုင်းရံကာ အတင်းအကျပ် ဆွဲထုတ်သွားကြသည်။
ခက်ထန်ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် အဘွားအိုအချို့ ရှေ့သို့ပြေးထွက်လာပြီး ရွှယ်နင်ကို တစ်ဖက်တစ်ချက်စီမှ ဖမ်းချုပ်လိုက်ကြသည်။
သခင်မကျန်းနှင့် စုမိုင်တို့က ရှေ့ထွက်ကာ သနားညှာတာပေးရန် တောင်းပန်ကြသော်လည်း သခင်မကြီးရှဲ့က အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။
စုချင်းနှင့် စုယင်တို့ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြရာ သူတို့၏ မျက်ဝန်းထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။
ရွှယ်နင် အရှက်ကွဲတာကို မြင်ချင်နေကြတဲ့ လျိုရှီနှင့် သခင်မတုန်းက သခင်မကြီးရှဲ့ထံ ချဉ်းကပ်ကာ အကြံပေးလိုက်ကြသည်။
"သခင်မကြီး... ကျွန်မတို့အမြင်တော့ သူ(မ)ကို ထင်းရုံထဲ ပစ်ထည့်ထားလိုက်တာ အကောင်းဆုံးပဲ။ ခဏနေ လီမိသားစု သတို့သမီးလာကြိုတဲ့အခါ ရွှယ်နင် ကိုယ်တိုင်က မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာလို့ ပြောလိုက်လို့ရပါတယ်။ ဒါဆို ဒီနေ့ မင်္ဂလာအခမ်းအနားကို ဆက်လုပ်စရာ မလိုတော့သလို၊ ခန်းဝင်ပစ္စည်း ငှားစရာလည်း မလိုတော့ဘူးပေါ့။ အပြင်ဘက်က အရှက်ကွဲမှုတွေ အားလုံးကလည်း လီမိသားစုအပေါ်ပဲ ကျရောက်သွားမှာပါ"
"ဒါကြောင့်ကိုး"
ရွှယ်နင်က လှောင်ပြောင်လိုက်ပြီး သခင်မကြီးရှဲ့အား ပထမဆုံးအကြိမ်အဖြစ် အထင်သေးရွံရှာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ရွှမ်းယီနယ်စားမင်းအိမ်တော်က ခန်းဝင်ပစ္စည်းကိုတောင် ငှားရမ်းရတဲ့အထိ အခြေအနေ ဆိုးဝါးသွားပြီလား"
သခင်မကြီးရှဲ့၏ ဒေါသများ ပေါက်ကွဲထွက်သွားတော့သည်။
"ဒါ ဘယ်သူ့အပြစ်လို့ ထင်လဲ—"
ရွှယ်နင်က ရယ်စရာကောင်းတယ်လို့ မတွေးဘဲ မနေနိုင်တော့ချေ။
"သခင်မကြီး... ကျွန်မ အရင်ကတည်းက ပြောခဲ့ပြီးသားပါ။ အဘွားတို့ပေးမယ့် ခန်းဝင်ပစ္စည်းကို ကျွန်မ လက်မခံဘူး။ နယ်စားမင်းအိမ်တော် မျက်နှာပွင့်ဖို့အတွက် ဟန်ရေးလာပြနေစရာ မလိုပါဘူး”