← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

217 01

Chapter 217 လက်ထပ်ခွင့်တောင်းမဲ့နေရာ။

မိဘချင်းတွေ့ဆုံပွဲပြီးကတည်းက နန်ကောဟာ စိတ်လှုပ်ရှားနေတော့တယ်။

သူမဟာ လက်ထပ်ပွဲအတွက် အရမ်းစိုးရိမ်‌ပူပန် နေမိတာ။အတန်းထဲမှာ‌တောင်မှ သူမရဲ့အာရုံဟာ လက်ထပ်ပွဲနောက်ခံနဲ့ လက်ထပ်ပွဲ၀တ်စုံဒီဇိုင်းဆီကို ရောက်နေမိတော့တယ်။

သူမ ဘာမှ မတွေးထားမိဘူး။

ရှန်ရန်ချင်းဟာ စေ့စပ်သေချာသူမို့ အမြန်ပဲ သူမရဲ့မသက်မသာဖြစ်နေမှုကို အာရုံ ခံမိသွားတယ်။ “ကိုယ့်ကို လွှဲထားလိုက်ပါ။ မင်းအားလပ်ရက်ကျမှ ဒီအကြောင်း အတူတူဆွေးနွေးကြမယ်”

သူမရဲ့ဆောင်းရာသီ ပိတ်ရက်မတိုင်ခင် အစီအစဥ်အကုန်လုံးကို ပြင်ဆင်ထားမယ်လို့ သူက ပြောတယ်။ဆောင်းရာသီပိတ်ရက်ကျမှ သူမတို့ ဒီအကြောင်း အသေးစိတ် ဆွေးနွေးကြမှာ။

ဒါနဲ့ ပတ်သက်ပြီးလည်းပဲ ရှန်ရန်ချင်းဟာ သူ့ဟာသူပဲ အတတ်နိုင်ဆုံး လုပ်တယ်။နန်ကောဟာ ရုတ်တရက် မသက်မသာဖြစ်နေတဲ့ မုဒ်ပျောက်သွားပြီး စတင်ကြိုမျှော်လင့် နေမိတော့တယ်။

သူမဟာ ရှန်ရန်ချင်း အခုလတ်တလော လက်ထပ်ပွဲကိစ္စနဲ့ အလုပ်ရှုပ်နေတယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ သူ လက်ထပ်ခွင့်တောင်းဖို့အတွက် “အချိန်ပိုဆင်းနေမှန်း” ကို မသိခဲ့ဘူး။

ဘယ်သူကမှ လက်ထပ်ခွင့်တောင်းမဲ့အကြောင်း မပြောခဲ့ကြတာမို့ နန်ကောဟာလည်း သတိ မမူမိခဲ့ဘူး။သူမအတွက် နောက်ထပ် လက်ထပ်ခွင့်တောင်းမဲ့ အစီအစဥ် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။

လက်ထပ်ခွင့် တောင်းမဲ့ရက်က နန်ကောရဲ့မွေးနေ့ ဖြစ်တယ်။ဒါပေမဲ့ နေရာဟာ အစီအစဉ်တကျ မဖြစ်သေးဘူး။

ပြီးခဲ့တဲ့ အပတ်တွေထဲ ရှန်ရန်ချင်းတစ်ယောက် အားတိုင်းအားတိုင်း ရုံးခန်းထဲမှာ ငေးငိုင်ပြီး ထိုင်နေတတ်တယ်။

လက်ထောက်ယွမ်ဟာလည်း ဂရုတစိုက်နဲ့ လူတိုင်းရဲ့အကြံပေးချက်တွေကို အပိုအနေနဲ့ စုစည်းထားတယ်။

ဒါပေမဲ့လည်း ရှန်ရန်ချင်းဟာ ဒီနေရာတွေက မပြည့်စုံသေးဘူးလို့ အမြဲခံစားရတယ်။ရှင်းရှင်းပြောရရင် သူ မျှော်လင့်ထားသလိုမျိုး မဖြစ်ဘူး။သူ့စိတ်ထဲမှာတော့ လက်ထပ်ခွင့်တောင်းဖို့အတွက် ဘယ်သူမှ မပြောရသေးတဲ့ ရှာမတွေ့သေးတဲ့ ပိုကောင်းတဲ့နေရာတစ်ခုတော့ ရှိရမယ်လို့ထင်တယ်။

ဒါအတွက် ဥက္ကဌရုံးခန်းမှာ ရှိတဲ့၀န်ထမ်းတိုင်းဟာ သူတို့ရဲ့ဦးနှောက်တွေကို သီးသန့် အလုပ်ပေးပြီး သူတို့အကြိုက်ဆုံးအတွဲကို အရမ်းကိုမှ ထက်ထက်သန်သန်နဲ့ ကူညီချင်ကြတယ်။

“ဟယ်လို” ပိတ်ရက်ရောက်ပြီမို့ နန်ကောဟာ ခေါက်ဆွဲနှစ်ပန်းကန် ကိုယ်တိုင်ပြု တ်လာတယ်။

ဒါ စားလို့ရနိုင်တဲ့ သူမ လုပ်တတ်တဲ့ တစ်ခုတည်းသောဟင်းလျာပဲ။

ဒါပေမဲ့ ရှန်ရန်ချင်းဟာတော့ ထိုင်ချလိုက်ကတည်းက အလိုလို အာရုံပျံ့လွင့်နေပြီ။

သူ့ပန်းကန်ထဲက ခေါက်ဆွဲတွေ မြင်နိုင်တဲ့အမြန်နှုန်းနဲ့ ပွလာတာကိုမြင်တော့ နန်ကောဟာ သူ့ကို အကြိမ်အနည်းငယ် ခေါ်လိုက်တယ်။ဒါပေမဲ့ သူ သူမကို မကြားဘူး။

“ရှန်ရန်ချင်း” သူမဟာ နည်းနည်း စိတ်တိုသွားပြီး စားပွဲကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။

အဲဒီတော့မှပဲ တစ်ဖက်က လူဟာ မော့ကြည့်လာတယ်။

သူ ဒီနေ့ အပြင်မသွားတာမို့ အိမ်နေရင်းအ၀တ်တွေကို ၀တ်ထားတယ်။ပိတ်ရက်‌လေ။ငယ်ရွယ်တဲ့အတွဲလေးက အိမ်မှာ ဘာလုပ်လို့ရမှာလဲ...အစားမစားခင် သူတို့နှစ်‌ယောက် ရေမိုးချိုးခဲ့ပြီးပြီ။သူ့ဆံပင်ဟာ လုံး၀မခြောက်သေးဘဲ နဖူးပေါ် ပြေပြေလေး ကျလျက်ရှိနေတယ်။

သူတို့ အချင်းချင်း ကြည့်လိုက်ကြတဲ့အချိန် သူ့မျက်လုံးထဲ ရှုပ်ထွေးမှု ရေးရေးလေးက ရှိနေတုန်း။သူ ၀တ်ထားတဲ့အင်္ကျီနဲ့ပါ တွဲလိုက်တော့ သူ့ပုံစံဟာ အသက်၃၀လိုပဲ။အလွန်အမင်းကို အန္တရာယ်ကင်းနေတာ။

နန်ကောဟာ ခဏနားပြီး တစ်အောင့်လောက် ကြာတော့ မေးကြည့်တယ်။ “ကျွန်မ လုပ်ထားတဲ့ ခေါက်ဆွဲနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား?”

“စားကောင်းတယ်” ဒီလိုအချိန်မျိုးမှာတောင်မှ ရှန်ရန်ချင်းရဲ့ စိတ်ကျေနပ်စေချင်တဲ့ ဆန္ဒဟာ အရမ်းသန်မာတယ်။

အဲဒါ ထူးဆန်းတယ်။နန်ကောဟာ လက်တစ်ဖက်နဲ့ မေးထောက်ပြီး ခေါင်းကို အသာလေးစောင်းရင်း သူ့ကို ကြည့်တယ်။ “ဒါဆို ရှင် ဘာလို့ မစားတာ။ ဘာတွေတွေးနေတာလဲ ”

အကြောင်းအရင်းတချို့ကြောင့် သူမဟာ ဆက်ဆံပြီးတဲ့အခါ ယောက်ျားတွေရဲ့သဘာ၀ “သူတော်စင်မုဒ်” ကို သွားတွေးမိတယ်။ပြီးသွားကတည်းကဆို ဘယ်လောက်ကြာပြီလဲ။

217 02

လွန်ခဲ့တစ်နာရီက ပြင်းပြပူ‌လောင်တဲ့ ဖြစ်ရပ်တွေရယ်၊ရေချိုးခန်းထဲ ထိုင်လဲလိုက်ရတဲ့ စိုစိုရွှဲရွှဲ အိပ်ရာခင်းရယ်ကို ပြန်တွေးမိပြီး နန်ကောဟာ သူ့အကြည့်ကို ရှောင်လိုက်တယ်။

အခုတလော ရှန်ရန်ချင်းဟာ အလုပ်တွေ ရှုပ်နေခဲ့တာ။နေ့တိုင်း အလုပ်ကနေအိမ်ကို ပြန်ရောက်ရင် စာကြည့်ခန်းထဲမှာပဲ တစ်ယောက်တည်း အကြာကြီး နေတတ်တယ်။ဒါကလွဲရင်တော့ လူအိုကြီးဟာ အတော်‌လေး ဆန္ဒပြင်းပြပါသေးတယ်။

ပိတ်ရက်မှာ သူတို့နှစ်ယောက်လုံး အားတာကို အသာထားဦး။သူတို့ အိမ်မှာ အချင်းချင်း ဆက်ဆံတာ တစ်နေ့လုံးနီးပါးပဲ။

ဟင်း...သူ မပင်ပန်းဘူးလား။

သူက အတော်လေး အားအင်တက်ကြွတာ။

ဒါပေါ့။ရှန်ရန်ချင်းဟာ အမှန်တိုင်း မပြောနိုင်ဘူး။သူ အခုလေးတင် လက်ထပ်ခွင့် တောင်းမဲ့အကြောင်းကို တွေးနေခဲ့တာ။သူမကို ဘယ်လိုဆင်ခြေပေးပြီး အရူးလုပ်ရမလဲဆိုတဲ့အကြောင်း သူစဉ်းစားနေတုန်းမှာ နန်ကောရဲ့ အတွေးတွေဟာတော့ ပုံမှန်အတိုင်းပဲ။သူ့အတွက် စကားလမ်းကြောင်းလွှဲဖို့ မလိုခဲ့ဘူး။သူမဟာ အလိုလို လမ်းကြောင်း လွဲသွားပြီးပြီ။

ငှက်ပျောသီးခွံပေါ် တက်နင်းလိုက်သလိုမျိုး သူမရဲ့အတွေးဟာ ချောမွတ်နေခဲ့တယ်။

ရှန်ရန်ချင်းရဲ့ အခုလက်ရှိ သူမနဲ့ အိပ်နေတဲ့နှုန်းထားအရ သူမ လက်မထပ်ခင် ဗိုက်ကြီး သွားနိုင်လားဆိုတာကို စဉ်းစားကြည့်နေတာ။

ဘာပဲဖြစ်ဖြစ် တားဆေးတချို့က လုံး၀အပြီးတိုင် အားကိုးထားလို့ မရဘူးလေ။

တကယ်လို့ သူမ ဗိုက်ကြီးသွားရင်ရော။သူမ မွေးမှာလား...ဒါမှမဟုတ် မမွေးဘူးလား.....။

သားလေးလား...။သမီး‌လေးလား...။

သူမ မိန်းကလေးတွေကို ပိုသဘောကျတယ်။ချစ်စရာကောင်းပြီး နူးညံ့ညင်သာတယ်။တကယ်လို့ သားလေးဆိုရင်ရော။ သူမ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူရမှာ မဟုတ်ဘူးလား။

၃နှစ်အတွင်း သူမ တကယ်ကြီး ကလေး၂ယောက်ရမှာလား။

ရှန်ရန်ချင်းရဲ့ ဒီလိုကိစ္စတွေအပေါ် စိတ်အားထက်သန်မှုအရတော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

အင်း...။ယောက်ျားလေးဆိုလည်း ရပါတယ်လေ။တစ်ယောက်က အစ်ကိုကြီးဆိုရင် သူ သူ့ညီမလေးကို အနာဂတ်မှာ ကောင်းကောင်း စောင့်ရှောက်ပေးလိမ့်မယ်။

သူမနဲ့ နန်ကျဲ့လိုပေါ့။

နန်ကျဲ့လို အစ်ကိုတစ်ယောက်ရှိရတာ အဲဒီလောက်လည်း မဆိုးပါဘူး။

သူမ သားလေးကို ဘာနာမည်ပေးရမလဲ။

ဒါပေမဲ့ ပြန်စဥ်းစားကြည့်တော့ ကလေးမွေးတာက နာမဲ့ပုံပဲ...။အဲအကြောင်း တွေးမိသွားတဲ့အခါ နန်ကောဟာ ရုတ်တရက် ကလေးမမွေးချင်တော့ဘူး။

နာကျင်မှုမပါဘဲ အမေဖြစ်လို့ရတဲ့ နည်းလမ်းလေးများ မရှိဘူးလား။

ဘာလို့ ရှန်ရန်ချင်း မမွေးတာလဲ။

၂၁ရာစုပဲ ရောက်နေပြီကို ဘာလို့ ယောက်ျားလေးတွေ ကလေးမွေးလို့ မရနိုင်ရတာလဲ။

သူတို့နှစ်ယောက်ကြားက စကားဝိုင်းဟာ စကားတစ်လုံးမှမပါဘဲ လမ်းကြောင်း လွဲသွားတော့တယ်။

နန်ကောရဲ့မွေးနေ့မတိုင်ခင် တစ်ပတ်အလိုမှာ နန်ကျဲ့ဟာ ရှန်ရန်ချင်းရဲ့ လက်ထပ်ခွင့် တောင်းမဲ့အကြောင်းကို သိသွားတယ်။

အဲဒီနေ့က ညဘက်။မနက်ဖြန် အတန်းတွေ အများကြီးရှိတာမို့ နန်ကောဟာ အဆောင်မှာ နေတယ်။ရှန်ရန်ချင်းဟာ ဝိချက်ပေါ်က နန်ကျဲ့ရဲ့ပိုစ့်ဖြစ်တဲ့ သူ ဟိုက်မြို့ ရောက်နေတဲ့အကြောင်းကို မထင်မှတ်ဘဲ တွေ့လိုက်တယ်။ဒါနဲ့ သူ ရိုးရိုးရှင်းရှင်းပဲ သူ့ကို တွေ့ဖို့ မေးလိုက်တယ်။သူတို့နှစ်ယောက် တွေ့ကြတဲ့နေရာဟာ နန်ကျဲ့ရဲ့စားသောက်ဆိုင် ဖြစ်တယ်။အဲဒီညက စားသောက်ဆိုင်ဟာ စီးပွားရေးအတွက် ဖွင့်ထားခဲ့တာ မဟုတ်တာမို့ ဆိုင်ထဲမှာ ဘယ်သူမှ မရှိဘဲ လင်းထိန်နေခဲ့တယ်။ရှန်ရန်ချင်းဟာ ဘေးမှာ၀င်ထိုင်ပြီး နန်ကျဲ့ကို စောင့်နေခဲ့တယ်။

နန်ကျဲ့ဟာ ချီယန့်ကို အိမ်ပြန် လိုက်ပို့နေတာ။သူမကို ပြန်လိုက်ပို့ပြီးတဲ့အခါမှာတော့ သူဟာ ဒီဘက်ကို ဖြည်းဖြည်းချင်း ရောက်လာတယ်။ရှန်ရန်ချင်းခမျာ သူ့ကို မတွေ့နိုင်ခင် တစ်နာရီနီးပါးလောက် စောင့်လိုက်ရသေးတယ်။

တာ၀န်ကျတဲ့ မန်နေဂျာဟာ နှစ်ယောက်သားကို မုန့်တွေ ချပေးပြီး ထွက်သွားတယ်။

နန်ကျဲ့ဟာ ဂျတ်ကတ်ကို ချွတ်ကာခေါက်ပြီး လွတ်နေတဲ့ခုံပေါ် ပေါ့ပေါ့ပါးပါးပဲ ပစ်တင်လိုက်တယ်။အဲ့နောက် သူဟာ ရှန်ရန်ချင်းနဲ့ဆန့်ကျင်ဘက်မှာ ၀င်ထိုင်လိုက်တယ်။သူ ထိုင်နေတဲ့ ကိုယ်နေဟန်ထားဟာ ပျင်းရိပျင်းတွဲဆန်ပြီး ရှန်ရန်ချင်းလို မတ်မနေဘူး။သူဟာ ထိုင်လိုက်ပြီးတော့လည်း ဟိုလှုပ်ဒီလှုပ် လုပ်လိုက်သေးတယ်။

217 03

သူတို့နှစ်ယောက်ဟာ ဆန့်ကျင်ဘက်ဆိုတာ သဲသဲကွဲကွဲပဲ။

“ငါတို့ ဘာလို့လူချင်းတွေ့ဖို့ လိုတာလဲ” သူတို့နှစ်ယောက် နောက်ဆုံး တွေ့ခဲ့တဲ့အချိန်ဟာ သူတို့ မိဘချင်းတွေ့ကြတုန်းက။

“မင်းနဲ့ နန်ကောကသာ လက်ထပ်ဖို့အကြောင်း ပြောနေကြတာ။ ငါကတော့ နီးတောင် မနီးစပ်သေးဘူး”

ရှန်ရန်ချင်း သူ့ကို တစ်ယောက်တည်း တွေ့ဖို့ပြောတယ်ဆိုတာ ဘယ်လို အ‌ရေးကြီးတာမျိုးအတွက်ကြောင့်လဲဆိုတာကို နန်ကျဲ့ တကယ်စဥ်းစားမရတာ။

နောက်ဆုံးတော့ ဒီလူ ပါးစပ်ဟလိုက်တာနဲ့ ပြောလာတဲ့စကားဟာ “ကျွန်တော် လက်ထပ်ခွင့်တောင်းဖို့ လုပ်နေတာ”

နန်ကျဲ့ဟာ လက်ထဲက မုန့်ကိုချပြီး လက်ကို တစ်သျှူးနဲ့သုတ်တယ်။

သူ့အသံဟာ ပုံမှန်အတိုင်းပဲ။ “ဘယ်တော့”

“နောက်အပတ်”

နန်ကျဲ့ဟာ အမြန်တုံ့ပြန်တယ်။ “နန်ကောမွေးနေ့က နောက်အပတ်ပဲ”

“ဟုတ်တယ်” ရှန်ရန်ချင်းဟာ အဲဒီမှာ နန်ကျဲ့ရှိနေဖို့ မျှော်လင့်ပြီး သူ့ပလန်ကို ရှင်းပြတယ်။

မစ္စတာနန်နဲ့ မစ္စနန်သာ အချိန်ရှိမယ်ဆို သူတို့ပါ အတူလာရင် အကောင်းဆုံးပဲ။

အဲ့တော့မှပဲ နန်ကျဲ့ဟာ လေးနက်လာတယ်။သူဟာ ခေါင်းညိတ်ပြီး ပူးပေါင်းပါ၀င်တယ်။ “ဟုတ်ပြီ။ ငါပြန်ပြီး သူတို့ကို ပြောပြလိုက်မယ်”

“စကားမစပ် ဘယ်နေရာလဲ။ လက်ထပ်ခွင့်ကို ဘယ်မှာတောင်းမှာလဲ” သူဟာ ခေါင်းစားစေတဲ့မေးခွန်းကို မေးလိုက်တယ်။

“မင်းအိမ်။ ငါတို့ ဘယ်နား သွားပုန်းရမှာလဲ။အ၀တ်ဗီရိုထဲမှာ”

ရှန်ရန်ချင်းဟာ လက်ကို စားပွဲပေါ်တင်ကာ ချိတ်ထားတယ်။ဒါကိုကြားတဲ့အခါ သူဟာ လက်ဖမိုးကို လက်မနဲ့ ပွတ်လိုက်မိတယ်။ဒါဟာ သူစိတ်လှုပ်ရှားရင် သတိမထားမိဘဲ လုပ်မိတတ်တဲ့ အပြုအမူတစ်ခု။

“နေရာက မရွေးရသေးဘူး”

နန်ကျဲ့ဟာ အံ့ဩသွားတယ်။ “နောက်အပတ်မှာ လက်ထပ်ခွင့်တောင်းမှာကို နေရာတောင် မစီစဉ်ရသေးဘူးပေါ့လေ”

ဒီအဆင့် လုပ်ရည်ကိုင်ရည်ဟာ ရှန်ရန်ချင်းနဲ့ မတူဘူး။

“ကျွန်တော် စဉ်းစားနေတုန်းပဲ။ ကျွန်တော် ၇နေရာ၊၈နေရာလောက် ရွေးခဲ့ပေမဲ့ သေသေချာချာ စိတ်ကျေနပ်မှု မရှိသေးလို့”

နန်ကျဲ့ “...”

******

All Chapters