အခန်း ၂၁၉
Vol. 22 Ch. 219
219 01
Chapter 219 အချိန်ကျတော့မှ မငိုနဲ့နော်။
နောက်တစ်နေ့ရောက်တော့ ရှန်ရန်ချင်းဟာ နန်ကောရဲ့အခန်းဖော်တွေကိုလည်း ဆက်သွယ်ခဲ့တယ်။
ကျန်းမြို့က နန်ကောရဲ့သူငယ်ချင်းတွေကိုတော့ သူ နန်ကျဲ့ အကူအညီကိုပဲ တောင်းနိုင်တယ်။
ဒါကြောင့် သူမရဲ့မွေးနေ့မတိုင်ခင် ရှန်ရန်ချင်း လက်ထပ်ခွင့်တောင်းမဲ့ကိစ္စကို သူမကလွဲပြီး ကျန်တဲ့လူတိုင်း သိထားကြတယ်။
လူတိုင်းဟာ အတတ်နိုင်ဆုံး သူတို့ကိုယ်သူတို့ ကြိုးစားထိန်းချုပ် ထားကြတယ်။နန်ကောရှေ့မှာ မတော်တဆ လွှတ်ခနဲ ပြောထွက်မိမှာစိုးလို့။
ဒါပေမဲ့ ယွီယွီတစ်ယောက်ဟာတော့ မထိန်းထားနိုင်ရှာဘူး။သူ့မှာ ပြီးခဲ့တဲ့၂ရက်ကတည်းက သူ့ဘက်ကစစပြီး နန်ကောနဲ့ စကားပြောနေတော့တယ်။
စကားဝိုင်းရဲ့အကြောင်းအရာဟာ အရမ်းပုံမှန် မဆန်ဘူး။သူ ဘာလုပ်ချင်နေလဲဆိုတာ နန်ကောမသိဘူး။
ကံကောင်းစွာနဲ့ နန်ကောဟာ အဲဒီဘက်ကို လုံး၀မစဥ်းစားမိဘူး။ပြောရရင် သူမရဲ့အတွေးတွေဟာ တကယ်ပြန့်ကျဲ လွန်းနေတာမို့ သူ မဖော်ဖြစ်လိုက်ဘူး။
ဒီနေ့ နန်ကောဟာ အတန်းတွေ အစောကြီး ပြီးသွားတယ်။စာကြည့်တိုက်ကို သွားပြီး စာပဲ ပြန်လုပ်ရမလား ဒါမှဟုတ် ရှန်ရန်ချင်းဆီပဲ သွားရမလားဆိုပြီး သူမ ဝေခွဲမရဖြစ်နေတော့တယ်။အဆုံးမှာတော့ သူမ ရှန်ရန်ချင်းကို ရွေးလိုက်တယ်။
သူမ ဟွားရှန်အဖွဲ့အစည်းဆီရောက်တော့ နေ့လည်၃နာရီပဲ ရှိသေးတယ်။
သူမမလာခင် ဘယ်သူ့ကိုမှမပြောထားဘူး။ကောင်တာ၀န်ထမ်းမလေးဟာ သူမကိုတွေ့တာနဲ့ အလိုအလျောက်ပဲ အထဲကိုပေး၀င်တယ်။
သူမ ဥက္ကဌရုံးခန်းထဲ ၀င်သွားလိုက်တာနဲ့ အလုပ်ရှုပ်နေတဲ့လူတွေဟာ သူမကိုမြင်ပြီး ပုံမှန်အတိုင်းပဲ နှုတ်ဆက်ကြတယ်။အဲဒီနောက် ၂စက္ကန့်လောက်ကြာတော့ တစ်ယောက်ယောက်က ရပ်တဲ့ခလုတ်ကို နှိပ်လိုက်သလိုမျိုး လူတိုင်းဟာ သူမကို တပြိုင်တည်း မော့ကြည့်လာကြတယ်။
နန်ကောဟာ နေရာမှာတင် ရပ်လိုက်မိပြီး ကြောင်ကြောင်အအနဲ့ မျက်တောင် ခတ်လိုက်မိတယ်။
ဒါ သူမ ပထမဆုံးအကြိမ် ရောက်တာမျိုးလည်း မဟုတ်ပါဘူး။ဘာလို့ ဒီလူတွေ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ကြတာတုန်း။
“ဟယ်လို?” သူမဟာ လက်ကို ဝှေ့ယမ်းကြည့်တယ်။
ဖြစ်နိုင်တာက သူမအခုတလော စာတွေနဲ့ အလုပ်ရှုပ်နေပြီး ဒီကို သိပ်မလာဖြစ်လို့များလား။
ဒါမှမဟုတ် ဖြစ်နိုင်တာက...
နန်ကောဟာ အကြည့်လွှဲပြီး လျှောက်လမ်းအဆုံးက ရုံးခန်းတံခါးဆီကို ကြည့်လိုက်တယ်။
“ဧည့်သည့် ရှိနေလို့လား။ ဥက္ကဌရှန် ဧည့်သည်နဲ့ တွေ့နေတာလား”
သူတို့ရဲ့တုံ့ပြန်မှုဟာ နန်ကောကို သံသယ၀င်စေတယ်။
မြောင်မြောင်ဟာ ပထမဆုံး အသိပြန်၀င်လာတဲ့ တစ်ယောက် ဖြစ်တယ်။သူမဟာ အလုပ်ကို အမြန်ချပြီး အရှေ့ကို သွားတယ်။ “ဧည့်သည်တွေ ရှိနေပေမဲ့ ခဏနေ ပြီးတော့မှာပါ။ မင်း လာတာအချိန်ကိုက်ပဲ နို့ချောကလက်တွေ ၀ယ်ထားတယ် သွားကြစို့!”
နန်ကောကို တုံ့ပြန်ခွင့်တောင်မ ပေးပါဘဲ မြောင်မြောင်တစ်ယောက် သူမကို ပြန်ပေးဆွဲသွားတယ်။
နန်ကော အချိုပွဲစားပြီးလို့ ရှန်ရန်ချင်းကို ထပ်သွားရှာတဲ့အခါ ဧည့်သည်တွေဟာ ပြန်သွားပြီ။
ဧည့်သည်တွေ လက်ထောက်ယွမ်နဲ့အတူ ဓာတ်လှေကားထဲ ၀င်သွားတာလေးကိုပဲ နန်ကောမှာ တွေ့လိုက်ရတယ်။
သူမဟာ တံခါးကို အထာနဲ့ခေါက်ပြီး တွန်းဖွင့်လိုက်တယ်။ရှန်ရန်ချင်းဟာ သူမကို တွေ့ရတဲ့အတွက် အံ့ဩနေတယ်။
“လာ၀င်ထိုင်”
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြတယ်။နန်ကောဟာ လမ်းလျှောက်၀င်လာပြီး ကျန်သေးတဲ့ နို့ချောကလက်ကိုချကာ သူ့အရှေ့ တွန်းပို့တယ်။
“စားကြည့် တကယ် အရသာရှိတယ်”
မြောင်မြောင် သူမကို မလိမ်ခဲ့ဘူး။
ဒါပေမဲ့ သူမ လတ်တလော ဝိတ်ချဖို့ စီစဉ်နေပြီး အများကြီး ထပ်စားလို့ မရတော့ဘူး။
ကျန်တာကို ရှန်ရန်ချင်း စားဖို့ပဲ ပေးရတော့မယ်။သူမဟာ အကြည့်လွှဲပြီး သူနဲ့ဆန့်ကျင်ဘက်က လွတ်နေတဲ့ခုံမှာ ၀င်ထိုင်လိုက်တယ်။သူမမေးထောက်ပြီး မေးကြည့်တယ်။ “ရှင်တို့ ခုဏက အလုပ်အကြောင်းဆွေးနွေးနေတာလား?”
ခုနက ဧည့်သည်တွေရဲ့အ၀တ်အစားတွေနဲ့ အသွင်အပြင်ကို ကြည့်ရတာတော့ အဲလို မဟုတ်သလိုဘဲ။
ပြီးတော့ သူတို့သာ ဧည့်သည်တွေဆိုရင် ဘာလို့ သူတို့ကို ဘေးက ဧည့်ခန်းထဲ မခေါ်သွားတာလဲ။
သူတို့ ကြည့်ရတာ ဧည့်သည်တွေ မဟုတ်သလိုဘဲ။
နန်ကောရဲ့အိုင်ကျူ တက်လိုက်ကျလိုက် ဖြစ်သွားတယ်။ဥပမာအနေနဲ့ အခုလေးတင်လိုပေါ့။တစ်ခုခု မှားနေတယ်လို့ သူမ ခံစားနေရတယ်။
သူမ သူ့ကို စဉ်းစားဆင်ခြင်နေတဲ့ အကြည့်မျိုးကို ပေးလာတာမြင်တော့ ရှန်ရန်ချင်းဟာ စကားအများကြီး ပြောရင် အမှားတွေ ပိုလုပ်မိသွားမှာစိုးပြီး ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်တယ်။ “လက်ထပ်ပွဲ စီစဉ်သူတွေပါ။ ကိုယ်တို့ ဒီတိုင်း အသေးစိတ် ဆွေးနွေးနေကြတာ”
219 02
တကယ်က လက်ထပ်ခွင့် တောင်းမဲ့အစီအစဉ်အတွက် သူတို့ ရောက်လာတာ။
“ဟမ်?” နန်ကောဟာ ခဏအံ့ဩသွားပြီး တုံ့ပြန်တယ်။ “ဒါကြောင့် မြောင်မြောင်နဲ့ အခြားလူတွေ ကျွန်မကို မြင်တော့ အရမ်းတွေ အံ့ဩသွားတာကိုး။ ကျွန်မက ရှင် အခြားတစ်ခုခုကို ဖုံးကွယ် ထားတယ်ထင်လို့”
ရှန်ရန်ချင်းဟာ ရယ်တယ်။ “ဥပမာ?”
“ဥပမာ ရှင် ရုံးခန်းထဲမှာ အခြားမိန်းမတွေနဲ့ တွေ့နေတယ် မှတ်တာ”
“သေချာပေါက် မဟုတ်ရပါဘူး” သူ့မှာ ဘာပြောရမှန်းတောင် မသိတော့ဘူး။သူဟာ လက်ထဲက မျက်မှန်ကိုချပြီး သူမရဲ့လက်လေးကို ဆွဲလိုက်တယ်။ “သူတို့ ကိုယ့်ကို ကူဖုံးပေးတယ်ဆိုတာ မင်းကို အံ့ဩသွားစေချင်လို့လေ”
နန်ကောဟာ 'ဟင်း'ဆိုပြီး အသံလုပ်တယ်။ဒါကို သိပြီးတဲ့နောက်မှာတော့ သူမ တကယ် မထိန်းထား နိုင်တော့ဘူး။သူမဟာ တွန့်ဆုတ်စွာနဲ့ အရှေ့ကို တိုးပြီး “ရှင်တို့ ဆွေးနွေးလို့ပြီးပြီလား။ ကျွန်မ တစ်ချက် ကြည့်ကြည့်လို့ရလား”
လက်ထပ်ပွဲနောက်ခံနဲ့ ပတ်သက်ပြီးပါ ရှန်ရန်ချင်းဟာ သူမရဲ့ထင်မြင်ချက်ကို မေးခဲ့ပြီးသား။မိန်းကလေးဘက်က ဆန္ဒကို ပိုပြီးဦးစားပေးတာဟာ သဘာ၀ပဲလေ။
ဒါပေမဲ့ သူမဟာ ဘာမှမပြင်ဆင်ထားမိဘဲ သူ့မေးခွန်းတွေကို ရှုပ်ထွေးနေခဲ့တယ်။သူမ အချိန်တစ်ခုလောက်အထိ တွေးကြည့်ခဲ့ပေမဲ့ ဘာတစ်ခုမှ စဉ်းစားမရခဲ့ဘူး။
အားလုံး ရှန်ရန်ချင်းဆီ လွှဲထားလိုက်တာက ပိုကောင်းတယ်လေ။
ဒါကြောင့် အခုထိ သူမ လက်ထပ်ပွဲနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးသလို ၀င်လည်း မစွက်ဖက်ခဲ့ဘူး။
ဒါပေမဲ့ အခုတော့ သူမ နည်းနည်း သိချင်လာပြီ...။
“ကျွန်မ တစ်ချက်ပဲ ကြည့်ကြည့်ရအောင်လေ” သူမဟာ ရှန်ရန်ချင်းရဲ့လက်မောင်းကို လှုပ်ခါပြီး ချွဲတွဲတွဲ ပြောလိုက်တယ်။ “ဒါမှမဟုတ်လည်း တချို့တစ်၀က်ကို ရှင့်လက် ကာပြီး အုပ်ထားလို့ရတယ်။ ကျွန်မကို နည်းနည်းလောက်လေးပဲ ပေးကြည့်” လက်ထပ်ပွဲအတွက် ဘာအစီအစဉ်မှ အတည်တကျ မဖြစ်သေးဘူး။ဒီနေ့ သူ လက်ထပ်ခွင့် တောင်းမဲ့ကိစ္စအတွက် လုပ်နေခဲ့တာ။
လက်ထပ်ပွဲအတွက်ကကျ ဆွေးနွေးနေတုန်းပဲ။
ဒါပေမဲ့ သူ လိမ်လိုက်ပြီးပြီလေ...။သူဟာ သက်ပြင်းချပြီး ၂ရက်လောက်ထပ်ရွှေ့ဖို့ပဲ တတ်နိုင်တော့တယ်။ “တကယ်တော့ ကိုယ်တို့ ဘာမှ သေချာမဆုံးဖြတ်ရသေးဘူး။ နောက်၂ရက်နေမှ သိရမှာ”
သူမ အဲဒါကို သူမရဲ့မွေးနေ့မှာတော့ ကြည့်နိုင်ပါပြီ။
နန်ကောဟာ မကျေနပ်သံ လုပ်တယ်။သူမဟာ နှုတ်ခမ်းကိုဖိပြီး လက်ပြန် ရုတ်လိုက်ရင်း သူ့အရှေ့က နို့ချောကလက်ကိုလည်း ပြန်ယူသွားဖို့ မမေ့ခဲ့ဘူး။
သူမ သူ့ကို ပေးမစားတော့ဘူး။
နောက်တစ်နေ့မနက်ရောက်တော့ နန်ကော ဖတ်စာအုပ်ယူပြီး အတန်းဆီသွားနေတဲ့လမ်းမှာ နန်ကျဲ့ဆီက ဖုန်း၀င်လာတယ်။
“ဝေါင်း ဥက္ကဌနန် မမျှော်လင့်ထားတဲ့ဖုန်းပဲ” နန်ကောဟာ စလိုက်တယ်။
အခုတလော သူမအစ်ကိုဟာ သူမကို သိပ်မဆက်သွယ်ဘူး။နေ့တိုင်းနေ့တိုင်း သူ ဘာတွေနဲ့ အလုပ်ရှုပ်နေလဲဆိုတာ သူမ မသိဘူး။
သူမ သူ့ကို အဲလိုခေါ်တာကို ကြားတဲ့အခါ နန်ကျဲ့ဟာ နည်းနည်းလေးမှ ပြန်ချုပ်တည်းမနေဘဲ သူမကို အဆဲလေးနဲ့ ဆုချလိုက်တယ်။
“ရိုင်းလိုက်တာ”
နန်ကောဟာ ရယ်ပြီး “ဘာလို့ ငါ့ကို ဖုန်းခေါ်တာလဲ”
သူမရဲ့မွေးနေ့ ရောက်တော့မှာဖြစ်ပြီး အခုတလော သူမစိတ်ခံစားချက် ကောင်းမွန်နေတယ်။
သူမရဲ့အရင်မွေးနေ့တွေတုန်းကဆိုရင် ဒီလိုအချိန်မျိုးဟာ သူမ နန်ကျဲ့ကို ကြိုက်သလို “မိုက်ကြေးခွဲ” လို့ရတဲ့ တစ်ခုတည်းသောအချိန်ပဲ။
သူမဘက်ကနေတောင် သူ့ကို လိုက်မရှာရသေးဘူး။ဒီအဆီပြည့်နေတဲ့ ဆိတ်ကြီးဟာ သူမတံခါးကို လာခေါက်နေပြီ။
တစ်ဖက်လူဟာ ဝေ့လည်ကြောင်ပတ် လုပ်မနေဘူး။နှစ်ယောက်လုံးဟာ တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို သိတယ်။ “ဒီနှစ် ဘာမွေးနေ့ လက်ဆောင် လိုချင်လဲ”
နန်ကောဟာ အာမေဋိတ်သံပြုပြီး အံ့ဩသွားပုံ ဟန်ဆောင်တယ်။ “ငါ့မွေးနေ့ရောက်တော့မှာပဲ နင်သာ မပြောရင် ငါ မေ့တော့မလို့”
“ကြိုက်သလောက် ဆက်ဟန်ဆောင်နေလိုက်” နန်ကျဲ့ဟာ မထီမဲ့မြင် ဖြစ်သွားတယ်။သူ ဖုန်းထဲကနေတောင်မှ သူမရဲ့မချိပြုံးကို မြင်ယောင် ကြည့်လို့ရတယ်။ “လုပ်စမ်းပါ ဒီနှစ် နင် ဘာလိုချင်လဲ မြန်မြန်ပြော။ နင်မွေးနေ့ မရောက်ခင် ရဖို့ အချိန်ရှိသေးတယ်နော်”
နှစ်တိုင်း နန်ကောဟာ အော်ဒါကြိုတင်ရတဲ့ပစ္စည်းတွေကို တောင်းလေ့ ရှိတယ်။ဒါကြောင့်မို့ သူ့မှာ မွေးနေ့ မတိုင်ခင် မေးရတာ။
“စဉ်းစားကြည့်ဦးမယ်” သူမ သူ့ကို တမင်တကာ အချိန်ဆွဲနေတာမျိုး မဟုတ်ဘူး။အဓိကက သူမ အခုတလော ဘာမှလိုအပ်မနေလို့ဘဲ။
ကားကလည်း လဲထားတာ မကြာသေးတာမို့ အသစ်၀ယ်စရာ မလိုဘူး။သူမ အလွယ်တကူပဲ ကျေနပ်တယ်။
မုန့်ဖိုးလည်း မလိုဘူး။အ၀တ်အစားတွေ၊အိတ်တွေနဲ့ လက်၀တ်ရတနာတွေလည်း ရှိတယ်။
သူမဟာ စာသင်ခန်းရှေ့ထိုင်ပြီး ၂မိနစ်၊၃မိနစ်လောက် စဉ်းစားကြည့်တယ်။ဒါပေမဲ့ ဘာအကြံမှ ထွက်မလာဘူး။ “ဒီနှစ် ငါ လိုချင်တာ ဘာမှမရှိဘူး”
“ဒါဆို ငါ နင့်ကို ဘာမှမပေးတော့ဘူး။ ပိုက်ဆံပဲ စုလိုက်ပါတော့မယ်လေ”
“ဟေး! နေဦး! မရဘူး!” နန်ကောဟာ နှုတ်ခမ်းကိုက်ပြီး “ငါ ဘာမှ စဉ်းစားလို့မရဘူး။ ဒီနှစ် အားသာ ပိုစိုက်ထည့်လိုက်။ နင် ငါ့ကို ဘာဖြစ်ဖြစ် ပေးလို့ရတယ်”
သူ ဘာပြောလာမလဲဆိုတာကို ခန့်မှန်းမိပြီး သူမဟာ အမြန်ထပ်ဖြည့် ပြောတယ်။ “ငါ ဈေးပေါတာ ဘာမှမလိုချင်ဘူးနော်”
219 03
“သိုက်တူးမ” နန်ကျဲ့ဟာရှုံ့ချတယ်။ “တော်ပြီ ဖုန်းချပြီ”
“ဟေး နေပါဦး ငါ ဒီနှစ်မွေးနေ့ အိမ်ပြန်မှာ မဟုတ်ဘူး ငါ ဟိုက်မြို့မှာနေရမယ်...”
ဒါကိုကြားတဲ့အခါ နန်ကျဲ့ဟာ တမင်တကာပြောလိုက်တယ်။ “နင့်မွေးနေ့က စနေနေ့ မဟုတ်ဘူးလား။ နင့်မှာ အတန်း သိပ်မရှိပါဘူး။ အိမ်ပြန်လာဖို့ အချိန်ကောင်း မဟုတ်ဘူးလား။ ဘာလို့ ဟိုက်မြို့မှာနေမှာလဲ”
အရင်နှစ်တွေကဆို နန်ကောဟာ မွေးနေ့ဆိုအိမ်ပြန်နေကျ။
နန်ကောဟာ သူ့မှာ စိတ်ခံစားချက် မရှိဘူးလို့ ခံစားလိုက်ရတယ်။ “ဒီနှစ် ငါမွေးနေ့ကို ရှန်ရန်ချင်းနဲ့အတူ ကုန်ဆုံးမယ်ဆိုတာ နင်တော့ သိသင့်တယ်လ!”
“ဒီတော့ အခု ရည်းစားရှိပြီဆိုတော့ မိဘတွေနဲ့အစ်ကိုကို နင် မလိုအပ်တော့ဘူးပေါ့။ ဟုတ်တယ်မလား?”
“...နောက်နှစ်တွေ ကျန်ပါသေးတယ်။ ဒီတစ်နှစ်ပဲ ရှိတာမှ မဟုတ်တာ”
နန်ကျဲ့ဟာ ပြန်ပြောတယ်။ “အိုကေ အိုဟောင်းနေတဲ့ကောင်ကြီး နင်နဲ့အတူ မမေ့နိုင်တဲ့ မွေးနေ့လေး ကျင်းပနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ နင်ငိုယိုပြီး အဆုံးမသတ်သွားဖို့ဘဲ မျှော်လင့်တယ်”
နန်ကောတစ်ယောက် ကြောင်အ သွားတယ်...
******