← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

234 01

Chapter 234 သည်းမခံနိုင်တဲ့စကားလုံးတွေ။

နန်ကျဲ့ ဖုန်းမခေါ်ခင်ကတည်းက ရှန်ရန်ချင်းဟာ တကယ်လည်း ဒါကိုသိထားပြီးသား။

ဒါပေမဲ့ နန်ကျဲ့ထက် အရမ်းကြီး စောသိထားတာတော့လည်း မဟုတ်ဘူး။

အစက သူ့‌မား မြို့တော်မှာ ဘာလုပ်ချင်လဲဆိုတာ သူ သိတယ်။သူနဲ့ ဘာမှမဆိုင်တာမို့ သူ ဘာကိုမှ မစုံစမ်းခဲ့ဘူး။

ဒါကြောင့် မြို့တော်မှာ သူ့မားဆီ တစ်ခုခု ဖြစ်သွားပြီဆိုတာကို သူ နောက်ကျမှ သိလိုက်ရတာ။

အစက သူ အခြေအနေ အတိအကျကို မသိခဲ့ဘူး။ဒါပေမဲ့ သူ့၀မ်းကွဲရဲ့စကားတွေကို ကြားပြီးတဲ့နောက် ဒီကိစ္စဟာ မရိုးရှင်းဘူးဆိုတာကို သဘောပေါက်သွားတယ်။

ဒါပေမဲ့ သူ သူ့မားကိုတော့ မဆက်သွယ်ခဲ့ဘူး။

နေ့လည်တုန်းကမှ သူ့ဆီ သူမားဆီကနေ ဖုန်း၀င်လာသေးတယ်။သူ အကျိုးနဲ့ အကြောင်းရယ်၊ဒီကိစ္စရဲ့ ပြင်းထန်မှုရယ်ကို သေသေချာချာ နားလည်တယ်။

လသာဆောင်မှာတော့ ရှန်ရန်ချင်းဟာ အနောက်ကို လှည့်ကြည့်မိတယ်။သူ့၀မ်းကွဲအငယ်လေးဟာ အနားက အမျိုးအိမ်က ကလေးတစ်ယောက်နဲ့ ဂိမ်းကစားနေပြီး သူ့ကို မမြင်ဘူး။

အကြည့်ကို ပြန်ရုတ်ရင်း နံရံကိုမှီပြီး သူဟာ မစဉ်းစားဘဲ ပြန်ပြောလိုက်တယ်။

“ကျွန်တော် ၀င်ပါဖို့ မရည်ရွယ်ထားဘူး”

ဒါကို ကြားတော့ နန်ကျဲ့ဟာ မျက်ခုံး ပင့်မိသွားတယ်။

“သူ လုပ်ထားတာတွေ အားလုံးကို မင်း သိပြီးပြီလား”

“အင်း ကျွန်တော် အခြေခံအားဖြင့်တော့ အကုန် သိထားပါတယ်” ရှန်ရန်ချင်းဟာ ဖုံးကွယ်ဖို့ ဘာရည်ရွယ်ချက်မှ ရှိမနေဘဲ လေးလေးနက်နက် ပြောလာတယ်။ “ကျွန်တော့်အမေ နေ့လည်က ကျွန်တော့်ကို ဆက်သွယ်တယ်”

“သူ မင်းကို မတောင်းဆိုဘူးလား။ ဒါမှမဟုတ် သူ မင်းကို အပြစ်ရှိစိတ် ခံစားရအောင် ထောင်ခြောက်ဆင်ပြီး ကူညီလာအောင် မကြိုးစားဘူးလား”

တောင်းဆိုတယ်လို့တော့ ထည့်စဉ်းစားလို့ မရဘူး။ဒါပေမဲ့ ရှန်ရန်ချင်းအမေရဲ့ အကျင့်စရိုက်အရ သူမဟာ ကျိန်းသေပေါက် အမေဆိုတဲ့သရုပ်ကို သုံးပြီး သူ့ကို သဘောတူဖို့ အတင်း တိုက်တွန်းလိမ့်မယ်။

“အင်း ကျွန်တော် ဖုန်းချလိုက်တော့ သူ ကျွန်တော့်ကို စာတွေ ဆက်ပို့တယ်။ ဒါပေမဲ့ ကျွန်တော် မဖတ်ပါဘူး”

ဒါဟာ သူ တစ်နေ့လည်လုံး ဖုန်းကို မထိရတဲ့ အကြောင်းအရင်းပဲ။

“အနာဂတ်မှာ ဒီပြဿနာရဲ့ ကျွန်တော့်အပေါ် သက်ရောက်မှုကို ဖယ်ထားရင်တောင် ကျွန်တော် ၀င်ပါတာနဲ့ပဲ သူ ‌မြို့တော်မှာ အထိုင်ကျနိုင်မယ် မထင်ဘူး။ နောက်ပြီး မြို့တော်မှာ နေတာက သူ့အတွက် ကောင်းတယ်လို့လည်း ကျွန်တော် မထင်ဘူး”

“ကျွန်တော် သိရသလောက်ဆို မြို့တော်မှာရှိတဲ့ မိသားစုတချို့ရဲ့အဓိက အင်အားတွေက ၃ဖွဲ့ ခွဲထားပြီးပြီ။ သူတို့ထဲက ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ် သူတို့ အချိန်တစ်ခုလောက်အထိ ဈေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ဦးမှာ မဟုတ်ဘူး”

“ကျွန်တော့်အမေအတွက်ကတော့ ပေါင်းစပ်တာ ဖြစ်ဖြစ်၊၄ခုမြောက်အဖွဲ့ပဲ ထောင်တာ ဖြစ်ဖြစ် သူ သေချာပေါက် ပစ်မှတ်ထားခံရမှာပဲ။ ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူး”

သူတို့၃ဖွဲ့တောင် အသေအကျေ ပြိုင်ဆိုင်နေကြတာကို ဘယ်လိုလုပ် အခြားလူတွေ ၀င်လာတာကို သည်းခံပြီး ကိတ်မုန့်ကို ခွဲပေးမှာတဲ့လဲ။တကယ်လို့ တစ်‌ယောက်ယောက်က တစ်ဖွဲ့နဲ့ ပူးပေါင်းသွားရင်တောင် အခြား၂ဖွဲ့က အလိုလို အင်အားပူပေါင်း သွားလိမ့်မယ်။ရန်သွားစလို့ရတဲ့ဟာတွေ မဟုတ်ဘူး။

“မင်း ဘာကိုစိုးရိမ်နေလဲဆိုတာ ကျွန်တော် သိပါတယ်” ရှန်ရန်ချင်းဟာ နန်ကျဲ့ခံစားချက်ကို နားလည်တယ်။ “ကျွန်တော် ၀င်မပါဘူးဆိုတာကို မင်း စိတ်ချလက်ချ ထားလို့ရပါတယ်”

“ကျွန်တော့်အမေ မြို့တော်မှာ နေချင်နေတယ်ဆိုတဲ့ အကြောင်းကို သိရကတည်းက ဒီလိုနေ့ ရောက်လာမယ်ဆိုတာကို သိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့်ခံစားချက်က အမြဲတမ်းလို မယိမ်းမယိုင်ပါဘဲ” ဒါကို ကြားတဲ့အခါ နန်ကျဲ့ဟာ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတယ်။ “မင်းက ဉာဏ်ကောင်းသားပဲ”

“မင်း နန်ကောဆီကနေ ငါတို့ဦးငယ်လေးအကြောင်း ကြားဖူးမှာပေါ့”

ရှန်ရန်ချင်းက တုံ့ပြန်တယ်။

အဲတော့မှပဲ နန်ကျဲ့မှာ နန်ကောအကြောင်း ထည့်ပြောရဲတယ်။ “ဦးငယ်လေးက ဒီနေ့အိမ်ကို လာသွားတယ်။ မင်းအမေအကြောင်း နန်ကောကို ပြောပြပြီး နန်ကော မင်းကို နားချလို့ရမယ် မျှော်လင့်နေတာ။ မင်းကို လာရှာတာ နန်ကော မဟုတ်လို့ မင်း ၀မ်းသာသင့်တယ်”

234 02

“နန်ကောသာ မင်းနဲ့ဒီကိစ္စပြောလို့ အဆင်မပြေရင် သူ ကျိန်းသေပေါက် မင်းနဲ့ လမ်းခွဲလိုက်ရလောက်ပြီ”

အမျိုးသားဟာ တိုးတိုးလေး ရယ်တယ်။သူ နန်ကျဲ့ဘာကို‌ ဆိုလိုချင်လဲဆိုတာ သိတယ်။

ဒီပြဿနာဟာ နန်မိသားစုကို သွားတွယ်နိုင်တယ်လေ။

“အခုတင် မဟုတ်ပါဘူး။ နောင်အနာဂတ်မှာလည်း ဒီလိုဆင်တူတဲ့ ကိစ္စရပ်တွေအပေါ်မှာ ကျွန်တော့်ရွေးချယ်မှုက အခုအတိုင်း အတူတူပါပဲ”

သူ့ရဲ့ကိုယ်ကျိုးအတွက်နဲ့ နန်ကောရော နန်မိသားစုကိုပါ ချောက်ကမ်းပါးအစွန်းကို တွန်းမပို့ပါဘူး။

“ကျွန်တော် ပြီးရင် နန်ကောကို ဖုန်းခေါ်လိုက်ပါမယ်”

နန်ကျဲ့က ‌ပြန်ပြောတယ်။ “မင်းပြောသလိုပဲ အနာဂတ်မှာ ငါတို့က မိသားစုတွေ ဖြစ်တာမို့ မင်း ငါတို့ကို လိုအပ်လာလို့ရှိရင် ပြောပါ။ အခုတော့ နန်ကောကို ဖုန်းခေါ်တော့”

အဲဒီလိုနဲ့ သူဟာ ရှန်ရန်ချင်း ပြန်ပြောတာကို မစောင့်ဘဲ ဖုန်းချ သွားတော့တယ်။

တံခါးခေါက်တဲ့ အသံနဲ့ ဖုန်းမြည်လာတဲ့ အသံဟာ တစ်ပြိုင်နက် ထွက်လာတယ်။

နန်ကောဟာ ဖုန်းကို ငုံ့ကြည့်လိုက်တော့ ရှန်ရန်ချင်း ဖြစ်နေတယ်။

ဒါပေမဲ့ နန်ကျဲ့ရဲ့ သတိပေးချက်ကြောင့် သူမ ဖုန်းမကိုင်ရဲဘူး။သူမ တံခါးကိုပဲ အရင်သွားဖွင့် လိုက်တယ်။

တံခါး ပွင့်သွားတယ်။နန်ကျဲ့ဟာ ဘေးဘက် လှည့်ထားပြီး သူမကို မကြည့်ဘူး။ “ရတယ် ဖုန်းကိုင်လိုက်”

နန်ကောရဲ့မျက်လုံးလေးတွေ တောက်ပသွားတယ်။နန်ကျဲ့တစ်ယောက် အနောက်လှည့်ကာ အောက်ထပ် ဆင်းသွားတာကို ကြည့်ပြီး သူမ သူမအခန်းဆီကို ပြန်လာလိုက်တယ်။ဖုန်းဟာ မြည်နေတုန်းဖြစ်ပြီး တစ်ဖက်လူဟာ တမင်သက်သက် သူမ ဖုန်းကိုင်ဖို့ကို စောင့်နေပုံရတယ်။

နန်ကောဟာ ဖုန်းကိုင်ဖို့ မစောင့်နိုင်တော့ဘူး။ “ရှန်ရန်ချင်း!”

ဖုန်းတစ်ဖက်က အမျိုးသားဟာ အနည်းငယ် လန့်သွားတယ်။

သူမဟာ သူမလေသံထဲက စိတ်လှုပ်ရှားမှုကို မဖုံးထားနိုင်ဘူး။

ရှန်ရန်ချင်းဟာလည်း ပြုံးလိုက်မိတယ်။ “မင်း အဲဒီလောက်တောင် ပျော်နေတာလား”

နန်ကောဟာ ပြန်ဖြေတော့မလို့ပေမဲ့ တစ်ခုခုကို သွားတွေးမိပြီး ရုတ်တရက် ညှိုးငယ်သွားတယ်။

“အာ ဘာမှ မဟုတ်ဘူး။ ဒီတိုင်း...အာ”

အခုလက်ရှိမှာ ရှန်ရန်ချင်းအမေဟာ ကို့ရို့ကားယားနိုင်တဲ့ အခြေအ‌နေထဲ ရောက်နေတာ။သူမ အရမ်းပျော်နေဖို့ မသင့်တော်ဘူးလေ။

သူမဟာ တန့်သွားပြီး ဘာမှဆက်မပြောဘူး။ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ သူမကို ကြောင်တောင်တောင် စကားဝိုင်းတွေထဲကနေ ကူဆွဲထုတ်ပေးနေကျ။ “ကိုယ့်အမေကိစ္စက ကိုယ်တို့ကို မထိခိုက်ပါဘူး”

“ဒါဆို ရှင် သူ့ကို မကူညီရင် သူ ရှင့်ကို ဒီတိုင်း အလွတ်ပေးပါ့မလား”

“ကိုယ် သူ့နံပါတ်ကို ဘလော့ထားတယ်။ ဒါပေမဲ့ သူ အခြားလူနံပါတ်ကို သုံးပြီး ကိုယ့်ကို စာတွေ ပို့နေတယ်။ ကိုယ်ကတော့ ကြည့်တောင် မကြည့်ပါဘူး”

“နောက်ပြီး ကိုယ် မနှစ်က သူနဲ့ စကားပြောခဲ့ပြီးပြီ။ ကိုယ်တို့အချင်းချင်း ဘာမှပတ်သက်စရာ မရှိတော့ဘူးဆိုပြီး”

အဲဒီလိုသာဆို...

နန်ကောဟာ အချိန်ကိုက် စကား‌လမ်းကြောင်း လွှဲလိုက်တယ်။ရှန်ရန်ချင်းဖုန်းမချခင် သူမတို့နှစ်ယောက် တစ်ခဏလောက် စကားတွေပြောနေခဲ့ကြသေးတယ်။

ဖုန်းချပြီး ရှန်ရန်ချင်းဟာ အနောက်လှည့်ကာ အခန်းကို ပြန်ဖို့လုပ်တယ်။သူ သူ့ပါးနဲ့ အကြည့်ချင်း သွားဆုံပြီး သူတို့နှစ်ယောက်လုံး ၀မ်းကွဲအငယ်လေးရဲ့ အကြည့်အောက်မှာ အခန်းထဲကနေ ထွက်လာကြတယ်။

စာကြည့်ခန်းထဲမှာ ရှန်ရန်ချင်းရဲ့ပါးဟာ စိတ်ပူတဲ့ မျက်နှာထားနဲ့ ထိုင်ချလိုက်တယ်။ “သူ မင်းကို ဘာတွေပြောလဲ”

သူ နာမည်ကို ထည့်မပြောပေမဲ့ ဘယ်သူ့ကို ဆိုလိုချင်လဲဆိုတာ အဖေရော၊သားရော သိတယ်။

သူ့ပါး ရုတ်တရက် ဒါကို မေးလာတော့ မားဟာ သူ့ကို ဆက်သွယ် မရတာမို့ ပါးကို ဆက်သွယ်ခဲ့တာ ဖြစ်လောက်မယ်လို့ ရှန်ရန်ချင်း ခန့်မှန်းမိလိုက်တယ်။

ဖြေမဲ့အစား သူဟာ နောက်ထပ်မေး ခွန်းတစ်ခုကို မေးလိုက်တယ်။

“မား အဖေ့ကို ဘာပြောပြန်ပြီလဲ”

“ဒီတိုင်း စိတ်မချမ်းသာစရာ စကားတွေပါ။ ထည့်ပြောဖို့ မတန်ဘူး” မစ္စတာရှန်ဟာ လက်သာခါပြပြီး မပြောချင်ဘူး။

တကယ်တော့ မပြောချင်တာ မဟုတ်ဘဲ ပါးစပ်ကနေ အဲဒီစကားတွေကို ပြောမထွက်တာ။

သူမဟာ တစ်ချိန်လုံး အဖေနဲ့သားကို ဝေဖန်‌ပြောဆို နေခဲ့တာ။အထူးသဖြင့် ရှန်ရန်ချင်းကို။သူမမှာ သူ့အပေါ် အတော်လေး ခိုင်မာတဲ့အမြင်တွေ ရှိနေတယ်။သူမရဲ့အချို့စကားလုံးတွေဆို နည်းနည်းတောင် ရက်စက်ကြမ်းကြုတ် သေးတယ်။ဒါက ဘယ်လိုလုပ် အမေတစ်ယောက်က သူ့သားကို ပြောတဲ့စကားတွေတုန်း။

ဒီစကားတွေကနေ အမေနဲ့သားကြားက ပဋိပက္ခ‌တွေကို သူ အကြမ်းဖျင်း နားလည်လိုက်တယ်။

ရှန်ရန်ချင်းလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တစ်ခုခု မှားတယ်လို့ကို သူ မထင်ဘူး။အဲဒီအစား သဘောတောင် တူသေးတယ်။

234 03

ရှန်ရန်ချင်းဟာ မျက်လွှာချပြီး ပြုံးတယ်။ “ကျွန်တော် သူ့ကို ငြင်းလိုက်တာမို့ မား ကျွန်တော့်ကို ပြောလောက်မဲ့ဟာတွေက ပါး ကြားခဲ့ရတာတွေနဲ့ ခပ်ဆင်ဆင်ပဲ ဖြစ်ပါလိမ့်မယ်”

သူ့သားကို ကြည့်ရင်း မစ္စတာရှန်ဟာ ရုတ်တရက် သက်ပြင်းချတယ်။ “မင်းလုပ်တာ အရမ်းကောင်းတယ်။ နောင်လည်း သူ့ကို မဆက်သွယ်နဲ့ နောင်ပြဿနာရှိရင် ပါးကိုပဲ ရှာဖို့ ပါး သူ့ကို ပြောထားတယ်”

“အဆင်ပြေပါတယ်” မစ္စတာရှန်ဟာ သူ့ပုခုံးကို ပုတ်ပေးတယ်။ “သူက အမြဲတစ်ကိုယ်ကောင်း ဆန်ခဲ့တာ။ မင်းရဲ့ရွေးချယ်မှုက မမှားဘူး။ မင်း ဒီတစ်ခေါက် သူ့ကို ကူညီလိုက်ရင်တောင် သူ့ရည်မှန်းချက်အရဆို ဒီလိုကိစ္စမျိုးတွေ ထပ်ဖြစ်ဦးမှာပဲ”

“ပါး နောက်ရက်ကျ သူနဲ့ မျက်နှာချင်းဆိုင် စကားပြောပြီး မင်းကို မနှောင့်ယှက်တော့ဖို့ ပြောလိုက်မယ်။ သူ့မှာ အခု မိသားစုအသစ်နဲ့ နိုင်ငံခြားမှာ ဘ၀အသစ်ရှိနေပြီပဲဟာကို ဘာလို့ပြန်လာပြီး ပါးတို့ ငြိမ်းချမ်းနေတာကို နှောင့်ယှက်ရတာလဲ”

ရှန်ရန်ချင်းဟာ မလုပ်ဖို့ ပြောချင်ပေမဲ့ မစ္စတာရှန်ရဲ့စိတ်ဓာတ်ဟာ အရမ်းခိုင်မာတယ်။မစ္စတာရှန် သူ့ကို ဒီလိုပုံစံမျိုးပြတာ ရှားတယ်။ဒါကြောင့်မို့ သူ အရမ်းဒေါသထွက်နေတာ ဖြစ်လောက်တယ်...။

******

All Chapters