အခန်း ၂၃၆
Vol. 24 Ch. 236
236 01
Chapter 236 နည်းနည်းလောက်ထပ်စောင့်ဦး။
ဘွဲ့လွန်စာမေးပွဲ ပြီးသွားတဲ့နေ့ နန်ကောတစ်ယောက် စာမေးပွဲခန်းထဲကနေ ထွက်လာတဲ့အထိ ငူငူငိုင်ငိုင် ဖြစ်နေဆဲ။
သူမ စိတ်သက်သာရာ မရဘူး။သူမ လူအုပ်ကြီးနဲ့ အလိုက်သင့်ပဲ လိုက်လာခဲ့တယ်။ခြေသံတွေကလွဲလို့ သူမ အခြားအသံတွေကို မကြားရဘူး။မသိရင် တစ်ချိန်လုံး ဘယ်သူကမှ စကား မပြောကြသလိုဘဲ။
ရှန်ရန်ချင်းကို မမြင်ခင် အထိဘဲ။အမျိုးသားဟာ ကုတ်အင်္ကျီကို သူမ ပေးထားတဲ့ မီးခိုးရောင်လည်စည်းလေးနဲ့ တွဲ၀တ်ထားတယ်။သူဟာ လူအုပ်ကြားထဲက သူမရဲ့ ကိုယ်လုံးသေးသေးကို တစ်ချက်ကြည့်ရုံနဲ့ မြင်သွားပြီး လက်ကို လေထဲ မြှောက်လိုက်တယ်။
နန်ကောဟာ သူရှိတဲ့ဆီ ပြေးသွားပြီး သူ့ရင်ခွင်ထဲ ပစ်၀င်လိုက်တယ်။
“အို နိုး အို နိုး ကျွန်မတော့ စာမေးပွဲကျပြီ ထင်တယ်” သူမဟာ ခံစားချက်တွေကို မချုပ်တည်း ထားနိုင်တော့ဘူး။သူမဟာ နဖူးကို သူ့ရင်ဘတ်ပေါ်ဖိပြီး ညင်ညင်သာသာလေး ပစ်၀င်လိုက်တယ်။
“မကျပါဘူး”
ရှန်ရန်ချင်းဟာ လမ်းသွားလမ်းလာတွေ သူမကို ၀င်တိုက်မိမှာစိုးပြီး သူမကို ရင်ခွင်ထဲမှာ ကာကွယ် ပေးထားတယ်။သူဟာ သူမရဲ့ကျောပြင်လေးကို ပုတ်ပေးရင်း နှစ်သိမ့်တယ်။ “စာမေးပွဲ ဖြေပြီးပြီးချင်း အများကြီး မတွေးနဲ့။ ရလဒ်ကိုသာ စောင့်နေလိုက်ပါ။ မင်းကိုယ်မင်း ယုံကြည်ရမယ်လေ”
သူမကို အကြာကြီး နှစ်သိမ့်ပေးပြီးတဲ့အခါမှာတော့ နန်ကောရဲ့စိတ်ခံစားချက်ဟာ နည်းနည်း ပိုကောင်းလာတယ်။
ပြန်တဲ့လမ်းမှာ နန်ကောဟာ အနောက်ခုံမှာ ထိုင်ပြီး လက်ထဲက စတော်ဘယ်ရီ သကြားချောင်းလေးကို ငေးကြည့်နေတယ်။
ရှန်ရန်ချင်းဟာ ဘေးကို တစ်ချက် ငဲ့ကြည့်ပြီး “မစားဘူးလား”
သူမ အဲဒါကို ငေးကြည့်နေတာ နာရီ၀က်လောက် ရှိနေပြီ။
နန်ကောဟာ လောလောဆယ် စားချင်စိတ် ရှိမနေဘူး။သူမဟာ လက်ကိုချပြီး အဝေးကို ကြည့်လိုက်တယ်။ “ကျွန်မ မအောင်ရင် ဘာလုပ်သင့်တယ်လို့ ရှင် ထင်လဲ။ ထပ်ဖြေသင့်လား။ အတော်ပင်ပန်းဦးမှာပဲ...”
ရှန်ရန်ချင်းဘက်က အဖြေ ပြန်မပေးနိုင်သေးခင် သူမဟာ ဆက်ပြောတယ်။ “ဒါပေမဲ့ ကျွန်မ အကြာကြီး ပြင်ဆင်ထားခဲ့တာကို ဒီတိုင်း လက်လွှတ်လိုက်ဖို့ကျ သိပ်လုပ်ချင် မနေဘူး”
အမျိုးသားဟာ သူမရဲ့လက်ကို သူ့အားနေတဲ့ လက်တစ်ဖက်နဲ့ လှမ်းကိုင်တယ်။သူဟာ “မင်း အောင်လိမ့်မယ်” ဆိုတာကလွဲလို့ အခြားဘာမှ မပြောခဲ့ဘူး။
နန်ကောဟာ ခေါင်းလှည့်ကြည့်မိတယ်။ရှန်ရန်ချင်းက သူမကို အရမ်းယုံကြည်တာပဲ။
သူဟာ ကာယကံရှင်ဖြစ်တဲ့ သူမကိုယ်တိုင်ထက်တောင်မှ သူမကို ယုံသေးတယ်။
အဲဒီညက ၃ရက်ဆက်တိုက် အိပ်မပျော်တဲ့ ရောဂါကို ခံစားနေခဲ့ရတဲ့ နန်ကောဟာ နောက်ဆုံးမှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ရတယ်။
ဆောင်းရာသီပိတ်ရက် ရောက်တော့ ကျန်းမြို့ကို ပြန်ရောက်တာနဲ့ နန်ကောဟာ ယွီ့ဆီကနေ ဖုန်းလက်ခံ ရရှိတယ်။သူ သူမကို ညစာ အတူစားဖို့ ခေါ်တာဖြစ်တယ်။
ဒီတစ်ခါတော့ ဂျပန်စားသောက်ဆိုင်မှာ လူတွေ အများကြီး ရှိမနေဘူး။သူငယ်ချင်းတွေနဲ့ ထိုင်ပြီး ဝိုင်လေးသောက်၊စကားလေးပြောလို့ အဆင်ပြေတဲ့ နေရာလေးတစ်ခု ဖြစ်တယ်။
“နင် ဘာလို့ အဲလောက်ကြီး ပျော်မနေတာတုန်း” ယွီဟာ သူမကို ဝိုင်တစ်ခွက် ထည့်ပေးတယ်။သူဟာ မေးလိုက်တယ်ဆိုပေမဲ့ နန်ကော ဘာတွေးနေလဲဆိုတာကို သူ သိတယ်။ “နင် စာမေးပွဲ ပြီးပြီမလား။ ဘာလို့ အခုထိ တင်းမာနေတုန်းလဲ”
နန်ကောဟာ မျက်နှာကို အုပ်ကိုင်ပြီး သက်ပြင်းချတယ်။ “ပဏာမစာမေးပွဲရလဒ်တွေ ထွက်ဖို့ တစ်လပဲ လိုတော့တယ်”
“အဲဒါ ဘာစိုးရိမ်စရာရှိလဲ။ ဥက္ကဌရှန် နင့်ကို တစ်ချိန်လုံး စာပြနေခဲ့တာပဲ။ နင် ဘယ်လိုလုပ် မအောင်ဘဲနေမလဲ”
“မအောင်ခဲ့ရင်ရော” ကောလိပ်၀င်ခွင့်စာမေးပွဲအတွက် နန်ကောဟာ အရမ်းကိုမှ စိုးရိမ်ပူပန်နေမိတယ်။
“ဒါဆိုလည်း နောက်နှစ် ထပ်ကြိုးစားပေါ့” ယွီဟာ တည်တည်ငြိမ်ငြိမ်ပဲ အစားအသောက်တချို့ကို ယူပြီး “တကယ် မအောင်နိုင်ဘူးဆိုရင်လည်း နင့်တားဂတ်ကို ပြောင်းလိုက်”
နန်ကောဟာ မျက်လုံးတွေသာ လှည့်မိတယ်။ “နင်ပြောတော့လွယ်တာပေါ့ ငါ့အစ်ကိုက ကူညီမှာ မလို့လား”
236 02
ယွီက ပြန်ပြောတယ်။ “ဒူးထောက်ပြီး တောင်းဆိုလိုက်”
နန်ကော “.....”
နန်ကောခမျာ လွယ်ကူတဲ့ ဆောင်းပိတ်ရက်တွေကို မရခဲ့ရှာဘူး။နန်ကျဲ့တစ်ယောက် သူမရဲ့အာရုံကို တမင်တကာ ပြောင်းပြီး အထူးသဖြင့် သူမကို ကုမ္ပဏီအလုပ်တွေ လုပ်ဖို့ ဖြားယောင်းတယ်။နှစ်ကုန်ခါနီးမို့ သူမမှာ အလုပ်တွေ များနေပြီးသား။နန်ကျဲ့ကို ၂ရက်အတွင်း ၆ခါတိတိ ဖျော်ဖြေပေးပြီးတဲ့နောက်မှာတော့ နန်ကောတစ်ယောက် ထွက်ပြေးလာခဲ့တယ်။
သူမရဲ့အာရုံကို မပြောင်းတာ ပိုကောင်းတယ်လို့ ခံစားရတယ်။
ကုမ္ပဏီက တရား၀င် အားလပ်ရက် ယူပြီးတဲ့အခါ နန်ကျဲ့ဟာ နန်ကောကို ဦးငယ်လေးနဲ့တွေ့ဖို့ မြို့တော်ကို ခေါ်သွားတယ်။ပြီးတော့ နန်ကောရဲ့အသစ်စက်စက် ပြန်ပြုပြင်ထားတဲ့နေရာကိုလည်း တစ်ချက် သွားကြည့်ကြတယ်။
ပရိဘောဂတွေကိုတော့ အထဲမှာ မထည့်ရသေးဘူး။တိုက်ခန်းလေးဟာ သေးပေမဲ့ ကျယ်တော့ ကျယ်တယ်။နန်ကျဲ့ဟာ တိုက်ခန်းကို အလွန်စိတ်ကျေနပ် နေတော့တယ်။
နန်ကောဟာ ပုံလေးတွေ သေချာရိုက်ယူပြီး ရှန်ရန်ချင်းဆီကို ပို့တယ်။
“ရှန်ရန်ချင်း ဘာလို့ နင်နဲ့အတူ မလာတာလဲ” ဦးငယ်လေးဟာ ကိစ္စတစ်ခုခုရှိတာမို့ နောက်ကျမှ ရောက်လာတယ်။သူ့ပါးတွေဟာ အနီရောင်သန်းနေတယ်။သူ သောက်လာပြီး အခြားချိန်းဆိုမှုတစ်ခုခုကနေ ရောက်လာတယ်ဆိုတာ သိသာတယ်။
“ပြီးခဲ့တဲ့၂ရက်ထဲက လက်ထပ်ပြီးရင် နေမဲ့အိမ်ကိစ္စနဲ့ သူ အလုပ်ရှုပ်နေတာ” နန်ကောဟာ ဖုန်းကို အိတ်ကပ်ထဲ ထည့်ပြီး လှည့်ကာ ဘေးကနံရံကို လက်ညိုးထိုးတယ်။သူမဟာ ဒီဇိုင်နာနဲ့ တစ်ဖန်ထပ်ပြီး စကားပြောပြန်တယ်။
“မင်္ဂလာပွဲက ဘယ်တော့လဲ”
ဦးငယ်လေးဟာ မူးနေတာ ဖြစ်တယ်။သူဟာ မျက်မှောင်ကုတ်ပြီး အချိန်အကြာကြီး တွေးကြည့်ပေမဲ့လည်း မမှတ်မိဘူး။လက်သာ လျှော့လိုက်ရတယ်။
“ဩဂုတ်” နန်ကျဲ့ဟာ ပြန်ဖြေတယ်။ “ပြီးခဲ့တစ်ခေါက်က ငါ မင်းကို မပြောခဲ့ဘူးလား။ ကြိုပြီး အချိန်ဖယ်ထား”
ဦးငယ်လေးဟာ ဖုန်းကို ဖွင့်ပြီး သက်ပြင်းချကာ ရေရွတ်တယ်။ “ငါ မီမိုထဲ ချမှတ်ထားရမယ်”
“မင်း အရေးကြီးတဲ့ဟာတောင် မမှတ်နိုင်တော့ဘူး။ မင်းတ ကယ်အိုနေပြီပဲ” နန်ကျဲ့ဟာ သူ့ကို ဘလိန်းဖို့ အခွင့်အရေးကို လက်လွတ်မခံဘူး။
သူတို့ရဲ့ဦးငယ်လေးဟာ ခြေထောက် မြှောက်ပြီး သူ့ကို ကန်ဖို့လုပ်တယ်။ “အဲဒါ ငါအမှားလား။ နန်မိသားစုထဲက ကလေး၄ယောက်ထဲမှာ အကြီး၃ယောက်က လက်မထပ်ရသေးဘဲ အငယ်ဆုံးက အရင်လက်ထပ်တော့မယ်။ ငါ့မှတ်ဉာဏ်ထဲမှာတော့ နန်ကောက ကလေးလေးပဲ ရှိသေးတယ်။ အစ်ကိုအကြီးဆုံးတစ်ယောက်အနေနဲ့ မင်းကိုယ်မင်း ပြန်မသုံးသပ်သင့်ဘူးလား” နန်ကောဟာ သူမအစ်ကို ဘာပြန်ပြောမလဲ ကြားချင်တာမို့ နားစွင့်လိုက်တယ်။
မထင်မှတ်ထားဘဲ နန်ကျဲ့ဟာ တိတ်ဆိတ်နေခဲ့ပြီး ဘာမှမပြောဘူး။
ဦးငယ်လေးဟာ တစ်ခုခု မှားသွားမှန်း ခံစားလိုက်ရတယ်။သူဟာ အရှေ့တိုးပြီး နန်ကျဲ့ပုခုံးပေါ် လက်တင်တယ်။ “မင်း ဟိုကောင်မလေးနဲ့ပဲလား”
“အင်း ငါတို့ တွဲနေတယ်”
“ဒါဆို မကြာခင် မင်းအလှည့်ပေါ့ ဟုတ်”
“လက်ထပ်ဖို့ အလျင် မလိုဘူး”
ဦးငယ်လေးဟာ ပုခုံးတွန့်တယ်။ “မင်း မင်းကိုယ်မင်း ဒီစကားတွေနဲ့ပဲ နှစ်သိမ့်လို့ ရတာကိုး”
ဦးငယ်လေးတစ်ယောက်တည်းကသာ နန်ကျဲ့ရဲ့နှလုံးသားကို ဓားနဲ့ ထိုးရဲတာ။နန်ကောမှာတော့ အခုချိန် စကား မပြောရဲဘဲ ခိုးသာ နားထောင်ရတယ်။
ဒီနှစ်နွေဦးပွဲတော်ဟာတော့ မနှစ်ကနဲ့ ကွာတယ်။နှစ်သစ်ကူး ပွဲတော်မတိုင်ခင် တစ်ညအလိုကတည်းက နန်ကောဟာ ရှန်မိသားစုရဲ့အိမ်အဟောင်းမှာ နေတယ်။
ဘိုးဘေးခန်းမထဲမှာ နန်ကောဟာ ရှန်ရန်ချင်းကို အတုယူပြီး ကူရှင်ပေါ် ဒူးထောက်လိုက်တယ်။
“ဖြည်းဖြည်း မလဲစေနဲ့” သူမ ဒူးခေါင်းတွေကွေးပြီး ခပ်ပြင်းပြင်း ထောက်ချလိုက်တာကို မြင်တော့ ရှန်ရန်ချင်းတစ်ယောက် လန့်သွားတယ်။သူ အမြန်ပဲ သူမကို ကူထူ ပေးလိုက်တယ်။
နန်ကောဟာ ဒီမှာ စကားမပြောရဲဘူး။သူမဟာ ရှန်ရန်ချင်းပြောသမျှကို သဘောတူပြီး အမွှေးတိုင်ထွန်းဖို့ သူနဲ့အတူ ဒူးထောက်လိုက်တယ်။
ပြီးသွားတဲ့အခါမှ သူမဟာ တိုးတိုးလေး မေးကြည့်တယ်။ “ရှန်ရန်ချင်း ဘယ်ဘက်က ရှင့်အဖိုးလား”
သူမ နာမည်ကို သတိထားမိတာ။
ရှန်ရန်ချင်းဟာ သူမကို ကူရှင်ပေါ်ကနေ ကူထူပေးပြီး အပြုံးလေးနဲ့ ပြန်ဖြေတယ်။ “ဟုတ်တယ်။ ဒါပေမဲ့ အခု သူက မင်းရဲ့အဖိုးလည်း ဖြစ်သွားပြီ”
နှစ်သစ်ကူးသွားတော့ နန်ကောဟာ ရှန်ရန်ချင်းကို ဆွဲခေါ်ပြီး ကီလိုမီတာ၂၀၀ဝေးတဲ့ ဘုရားကျောင်းကို ဆုတောင်း၀တ်ပြုဖို့အတွက် ကားမောင်း သွားတယ်။လူတိုင်း ပြောကြတာက ဒီနေရာဟာ တကယ်သက်ရောက်မှုရှိပြီး သူမရဲ့ရလဒ်ကလည်း ထွက်တော့မယ်လေ။ဒီတော့ သူမဟာ ကံကောင်းမှုလေး တချို့ရဖို့ မျှော်လင့်နေမိတာ။
အလုပ်ဖြစ်တာ မဖြစ်တာတော့ အသာထား။အဲဒီညက တောင်ပေါ်ကနေ ပြန်ဆင်းလာတော့ သူမ အအေးမိသွားတော့တယ်။နည်းနည်း ပြင်းတယ်။
မစ္စတာရှန်ဟာ ရှန်ရန်ချင်းကို ဆက်တိုက် ဆူနေတော့တယ်။ “မင်း တောင်ပေါ်ကို ဘာလို့ရာသီဥတု မကောင်းတဲ့အချိန်ကျမှ ရွေးသွားရတာလဲ”
တကယ်က သူမရဲ့အကြံပါလို့ နန်ကောဟာ ပြောပြချင်ပေမဲ့ ရှန်ရန်ချင်းဟာ သူမကို ပြောခွင့်မပေးဘဲ တိတ်တိတ်လေး အပြစ်ကူခံပေးတယ်။
236 03
နန်ကောဟာ တစ်ပတ်လုံး ဖျားနေခဲ့ပြီး မသက်သာသေးဘူး။ “ဆေးသွင်းဖို့ ဆေးရုံကို သွားရအောင်။ အခုလို ကြာနေရင် ပိုဆိုးသွားလိမ့်မယ်”
တစ်ပတ်လုံး ဆေးတွေ သောက်ပြီးတာတောင် သူမဟာ ဒုံရင်းက ဒုံရင်းပဲ။သူမကို ဆေးရုံကို စောစော မခေါ်သွားမိတဲ့အတွက် ရှန်ရန်ချင်း နောင်တရမိတယ်။
“ဒါမှမဟုတ် ကိုယ် ဆရာ၀န် ခေါ်လိုက်ရမလား”
အိပ်ရာပေါ်မှာတော့ နန်ကောဟာ စောင်အောက်မှာ မြုပ်နေတယ်။သူ ပြောနေတာတွေကို ကြားတော့ သူမဟာ မျက်နှာတစ်၀က်ကို ကာဖို့ စောင်ကို မြင့်မြင့် ဆွဲတင်လိုက်ပြီး မှိုင်းထိုင်းစွာနဲ့ ပြောတယ်။
“မင်း ထပ်ရွှေ့လို့ မရတော့ဘူး” ဒီတစ်ခါတော့ ရှန်ရန်ချင်း သူမကို နားမထောင် ချင်တော့ဘူး။
သူဟာ သူမကိုယ်ပေါ်က စောင်ကိုဖယ်ဖို့ ကြိုးစားတယ်။နန်ကောဟာတော့ စောင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး လွှတ်မပေးဘူး။
ရှန်ရန်ချင်းဟာ သူမနဲ့ ထိပ်တိုက် ရန်မဖြစ်ဘူး။သူမ လှည့်သွားတော့မှ သူဟာ ဘေးမှာ လွတ်နေတဲ့ကြားထဲကနေ စောင်ထဲ လက်ထည့်လိုက်ပြီး သူမခါးကနေတဆင့် သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။
သူ သူမကို ဖမ်းလိုက်တော့မှ နန်ကောဟာ ငြိမ်သွားတယ်။သူမဟာ သူ့ခါးကို ဖက်ရင်း ညည်းတယ်။ “ဟင့်အင်း ကျွန်မ မကြာခင် ကောင်းတော့မှာ။ နည်းနည်းလောက် ထပ်စောင့်ပေး”
ရှန်ရန်ချင်းခမျာ ရယ်ပဲ ရယ်ရမလား၊ငိုပဲ ငိုရမလားမသိ။ “ဖျားနေတဲ့လူက မင်းလေ ကိုယ်တို့က ဘယ်လို စောင့်ပေးရမှာလဲ”
“ကျွန်မ ဂရုလည်း မစိုက်သလို စိတ်ထဲလည်း မထားဘူး။ ရှင် ကျွန်မကို ဆေးထိုးဖို့ခေါ် သွားလို့ကတော့ ကျွန်မ စိတ်ဆိုးမှာနော်” နန်ကောဟာ ခေါင်းမူနေပြီး သူ့ကို မနိုင်နိုင်ဘူး။သူမ ဂျီကျဖို့ပဲ တတ်နိုင်တော့တယ်..။
******