အခန်း ၂၃၈
Vol. 24 Ch. 238
238 01
Chapter 238 မြင်မြင်ချင်းအချစ်။
မနေ့ညက လမ်းပေါ်မှာ လူတွေရှေ့ လဲကျတာနဲ့တင် သူမကိုယ်သူမ အရှက်ရစေပြီးပြီလို့ နန်ကော ထင်တယ်။
မထင်မှတ်ဘဲ နှင်းလျှောစီးခါမှ သူမ ပိုပြီး အရှက်ကွဲသွားသေးတယ်။
တစ်ခါမှ နှင်းလျှော မစီးခဲ့ဖူးတဲ့ ဖုန်းယွမ်ယွမ်နဲ့ယှဉ်ရင် သူမမှာ အခြေခံတော့ ရှိတယ်။သူမ နည်းပြတောင် လိုမနေဘူးရယ်။တစ်ခုပဲ။နောက်တော့ ကိုယ့်ကိုယ်ကို စိန်ခေါ်မယ်ဆိုပြီး အဆင့်မြင့်တဲ့ ကွင်းကို သွားလိုက်တာ။
ညနေရောက်လို့ နှင်းလျှောစီးတဲ့ နေရာကနေ ထွက်လာတော့ နန်ကောမှာ ကိုယ့်ဖင်ကိုယ်တောင် မခံစားမိတော့ဘူး။
ညရောက်တော့ စုဟွေးဟာ သူမတို့၃ယောက်ကို သူမမိသားစု စားသောက်ဆိုင်ဆီ ခေါ်သွားတယ်။မြို့မှာ အရမ်းနာမည်ကြီးပြီး နိုင်ငံခြားခရီးသွားတွေ ပထမဆုံး ရွေးချယ်တတ်တဲ့ နေရာဆိုလည်း ဟုတ်တယ်။
သူမမိသားစုရဲ့စားသောက်ဆိုင်မှာ မြို့တွင်းဆိုင်ခွဲတွေ ရှိတယ်။သူမဟာ တစ်ဦးတည်းသော သမီးလည်း ဖြစ်တာမို့ ဘွဲ့ရပြီးတဲ့နောက် အိမ်ကို ပြန်လာရတယ်။
စုဟွေးရဲ့မိဘတွေဟာ အရမ်းတက်တက်ကြွကြွ ရှိတယ်။သူမတို့ ရောက်နေတယ်ဆိုတာကို သိတော့ သူတို့ဟာ သူမတို့နဲ့တွေ့ဖို့ အထူးတလည်တောင် အချိန်ဖယ် ပေးသေးတယ်။သူမတို့ကို တစ်ချိန်လုံး ဖော်ဖော်ရွေရွေ ဆက်ဆံပြီး စုဟွေးဦးလေးရဲ့ ညီငယ်ကိုတောင်မှ လွှတ်ကာ သူမတို့ကို ဟိုတယ်ကို ပြန်လိုက်ပို့ပေးတယ်။
ညစာ စားပြီးတော့ နန်ကောနဲ့ ဖုန်းယွမ်ယွမ်ဟာ ကားထဲကနေ ထွက်ပြီး လိုအပ်တာတွေ ၀ယ်ဖို့ မားကတ်ကို သွားကြတယ်။စုဟွေးရဲ့၀မ်းကွဲလေးဟာ ပြတင်းပေါက်အပြင်ဘက်က သူမတို့ ကျောပြင်တွေကို ကြည့်ပြီး စုဟွေးကို အသံတိုးတိုးနဲ့ လှည့်မေးတယ်။ “အစ်မ ဘယ်ဘက်က အစ်မရဲ့နာမည်က ဘာလဲ”
“ဘယ်ဘက်” စုဟွေးဟာ ဖုန်းကို ပိတ်ပြီး မော့ကြည့်တယ်။ “အရပ်ပိုရှည်တဲ့ တစ်ယောက်လား”
“ဟုတ်တယ်။ ၀က်ဝံဦးထုပ်နဲ့ တစ်ယောက်”
ဒါကို ကြားတဲ့အခါ စုဟွေးနဲ့ချန်ရှားဟာ တစ်စက္ကန့်လောက် အချင်းချင်း ကြည့်လိုက်ကြပြီး အတူတူ ထရယ်ကြတယ်။
စုဟွေးရဲ့၀မ်းကွဲလေးဟာ ကြောင်သွားတယ်။ “မဟုတ်သေးပါဘူး။ ဘာလို့ ရယ်နေကြတာလဲ”
“ငါ နင့်ကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်။ သူ့မှာ ကောင်လေး ရှိတယ်” သူမရဲ့မောင် စကားစလိုက်ကတည်းက သူ ဘာကို တွေးနေမှန်း စုဟွေး သိတယ်။
တကယ်လို့သာ သူမရဲ့၀မ်းကွဲလေး ဖုန်းယွမ်ယွမ်ကို ကြိုက်တယ်ဆိုရင် အခွင့်အရေး နည်းနည်းလေး ရှိသေးတယ်။ဘာပဲဖြစ်ဖြစ် သူမက တစ်နှစ်၊နှစ်နှစ်ပဲကွာတာမို့ စုဟွေး အောင်သွယ်ပေးဖို့ စိတ်မရှိပါဘူး။
တိုက်ဆိုင်စွာပဲ သူမရဲ့၀မ်းကွဲလေးက နန်ကောကိုသွားကြိုက်တယ်။
သူမက သဘောတူရင်တောင်မှ ဥက္ကဌရှန်က သဘောတူမှာ မဟုတ်ဘူး။
“ဒါဆို ကျွန်တော်က နောက်လူ ဖြစ်လို့ မရဘူးလား” သူမ၀မ်းကွဲလေးဟာ နောက်ပြောင်ပြီး ပြောတယ်။
စုဟွေးဟာ ထပြီး ညှာတာခြင်းအလျင်းမရှိ သူ့ဇာတ်ပိုးကို ပိတ်အုပ်လိုက်တယ်။ “သူတို့ ဒီနှစ်နွေမှာ လက်ထပ်တော့မှာ။ ကိုယ့်ကိစ္စသာ ကိုယ်လုပ်စမ်းပါ”
“နောက်ပြီး သူ့ကောင်လေးက ဘယ်သူလဲဆိုတာ နင်သိလား”
“ဘယ်သူလဲ” ၀မ်းကွဲလေးဟာ ဇာတ်ပိုးကို ပွတ်ရင်း ဆဲလိုက်မိပြီး မေးတယ်။စုဟွေးက တော်တော် ရက်စက်တာပဲ။သူ့ခေါင်း တဝီဝီမြည်နေပြီ။
“နင် ဟွားရှန်အဖွဲ့အစည်းကို သိလား”
“အာဟာ”
“သူ့ကောင်လေးက ဟွားရှန်ရဲ့ဥက္ကဌပဲ”
သူမ၀မ်းကွဲလေးဟာ မျက်နှာမှာ အံ့ဩမှုအပြည့်နဲ့ ဂုတ်ပိုးကလက်ကို ဖြည်းဖြည်းချင်း ပြန်ချတယ်။
စုဟွေးက နှာရှုံ့တယ်။ “နင် ကျန်းမြို့က နန်မိသားစုကို သိလား။ သူက နန်မိသားစုရဲ့အငယ်ဆုံးသမီးပဲ။ သူတို့မိသားစုတွေက သင့်မြတ်တယ်။ နင့်မှာ အခွင့်အရေး ရှိတယ်လို့ ထင်လား”
“နင် ငါ့ကို မယုံရင် ငါ သူ့အတွက် သတို့သမီးအရံ လုပ်ပေးတဲ့အခါကျရင် ဗီဒီယို ရိုက်ယူလာပေးမယ်”
စုဟွေးရဲ့ရိုးရှင်းတဲ့စကားတွေဟာ သူမ၀မ်းကွဲလေးကို သိမ်ငယ်သလို ခံစားသွားစေရတယ်။
တက်သစ်စ အချစ်ကလေးဟာ ချက်ချင်း ကွဲအက်သွားရှာတယ်။
ဒီကိစ္စကို နန်ကောဟာ ဟိုတယ်ပြန်ရောက်မှ သိတယ်။
စုဟွေးဟာ သူမတို့နဲ့ အချိန်ဖြုန်းချင်တာမို့ ပြီးခဲ့တဲ့၂ရက်ကတည်းက ဟိုတယ်မှာ လာနေတယ်။စုဟွေးရဲ့၀မ်းကွဲလေး သူမကို ကြိုက်ကြောင်း ကြားတော့ နန်ကောမှာ အံ့ဩသွားရလွန်းလို့ ပါးစပ်တောင် မစေ့နိုင်ဘူး။ပိုကာကတ်ကို ကိုင်ထားတဲ့ သူမရဲ့လက်ဟာလည်း အနည်းငယ် တုန်သွားတယ်။ “သူ ငါ့ကို အခုမှ မြင်ဖူးတာ မဟုတ်ဘူးလား” ဒီအချစ်က ဘယ်ကနေ ရောက်လာတာတုန်း။
စုဟွေးဟာ မျက်နှာကပ် မက်စ်ကို ခွာပြီး “မြင်မြင်ချင်း အချစ်လေ။ စိတ်မပူပါနဲ့။ ငါ အဲဒီကလေးကို ဆုံးမပြီးပြီ”
238 02
နန်ကောဟာ ကတ်နှစ်ကတ်ကို ကစားရင်း သက်ပြင်းချတယ်။ “ငါ အ၀တ်တွေ တနင့်တပိုးကြီး ၀တ်ထားတာတောင်မှ သူက မြင်မြင်ချင်း ချစ်မိသွားသေးတယ်”
သူမရဲ့၀မ်းကွဲလေး ရောက်လာတုန်းက သူမတို့ စားလို့ပြီးနေပြီ။
အဲဒီတုန်းက သူမဟာ ခန္ဓာကိုယ်အပြည့် ၀တ်စားထားတာ။ဦးထုပ်ဆောင်းပြီး လည်စည်းလည်း ပတ်ထားသေးတယ်။အများဆုံးမှ သူမရဲ့မျက်လုံးတွေကိုပဲ ဖော်ထားတာ။ကားထဲမှာလည်း သူမ စကား၂ခွန်း၊၃ခွန်းပဲ ပြောခဲ့တာပါ။စုဟွေးကသာ တစ်ချိန်လုံး စကားပြောနေခဲ့တာ။
သူ ဘာလို့ သူမကို ကြိုက်မှန်း သူမ မသိဘူး။သူမရဲ့ ဆိုးဝါးတဲ့အရှေ့မြောက်ပိုင်း လေသံကြောင့်လား။
“ဘာဖြစ်လို့လဲ။ နင့်ပုံစံနဲ့ အခြားလူတွေ နင့်ကို မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား” ဒါကို ပြောပြီးမှ စုဟွေးဟာ တစ်ခုခုကို သတိရသွားတယ်။ “ဥက္ကဌရှန် နင့်ကို မြင်မြင်ချင်း ချစ်မိသွားတာ မဟုတ်ဘူးလား”
“.....” နန်ကောဟာ ကတ်ကစားနေတာ ရပ်ပြီး သူမတို့၃ယောက်ကို တုံ့ဆိုင်းစွာ မော့ကြည့်လာတယ်။
သူမဟာ နည်းနည်းပဟေဠိ ဖြစ်နေမိတယ်။ “အဲဒီလိုလား”
စုဟွေးဟာ နန်ကောတို့ ဆက်ဆံရေးကို ပြန်စဉ်းစားကြည့်လိုက်ပြီး သူမကိုယ်သူမ အမှန်ပြ င်လိုက်တယ်။ “နင် ဥက္ကဌရှန်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာလား”
နန်ကောလည်းပဲ သေချာပြန်စဉ်းစား ကြည့်တယ်။သူမ ဒီမေးခွန်းကို အရင်က တစ်ခါမှ မတွေးခဲ့ဖူးဘူး။
“အဲဒီလိုဖြစ်မယ် ထင်တယ်”
သူမတို့ ငယ်ငယ်က ဆုံဖူးတဲ့ကိစ္စကို ဖယ်ထားလိုက်ရင် သူမ ရှန်ရန်ချင်းကို ပထမဆုံး တွေ့ဖူးတုန်းက သူ့ကို တကယ်ပဲ သဘောကျမိသွားခဲ့တာ။
မြင်မြင်ချင်း အချစ်လားဆိုတာတော့ ပြောဖို့ခက်တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူမ ကျိန်းသေပေါက် သူ့အပေါ် ခံစားချက် ရှိခဲ့တယ်။
အဲဒီတုန်းက သူမ ရှန်ရန်ချင်းမျက်နှာကို သေချာ မမြင်ရသေးဘူးထင်တယ်။ဝါးတားတား ဘေးတစောင်းပုံရိပ်လေးဟာ ထီးပေါ်က သူမရဲ့လက်ကို အချစ်ရဲ့တိုကင်လေး ဖြစ်စေခဲ့တယ်။
ဒါကို တွေးမိတော့ နန်ကောဟာ စုဟွေးရဲ့၀မ်းကွဲလေးကို နည်းနည်း နားလည်သွားတယ်။
နန်ကောဟာ ဒီအပိုင်းတိုလေးကို စိတ်ထဲ မထားဘူး။ဒါပေမဲ့ အဲဒီညက ကတ်ကစားပြီးတော့ သူမ ပုံမှန်လိုပဲ ရှန်ရန်ချင်းနဲ့ စကားပြောဖြစ်ပြီး အဲဒီအကြောင်းကို ပြောပြမိတယ်။
သူမ တကယ် ဒီတိုင်း ပြောပြလိုက်တယ်ဆိုတာ ကျိန်ရဲပါတယ်။မထင်မှတ်ဘဲ ရှန်ရန်ချင်းဟာ အကြာကြီး ငြိမ်ကျသွားတယ်။
သူမ ဆေးသောက်နေတုန်း ဖုန်းရဲ့တစ်ဖက်ဟာ တိတ်နေခဲ့တယ်။ဆေးသောက်ပြီးလို့ ဖုန်း သွားပြန်ယူတော့ ဖုန်းကျသွားတာကြာပြီလို့ ထင်ခဲ့တာ။စစ်ဆေးကြည့်လိုက်တော့မှ မကျသေးမှန်း တွေ့လိုက်ရတယ်။
“ရှင် ဘာလို့ ဘာမှမပြောတာလဲ” သူမ တောင်ပေါ်မှာ နေနေတာလည်း မဟုတ်ဘူး။သေချာပေါက် လိုင်းကောင်းပါတယ်။ဟုတ်တယ်မလား။
ရှန်ရန်ချင်းဟာ ဒီမေးခွန်းကို မဖြေဘူး။ “မင်း ဆေးသောက်ပြီးပြီလား”
“အင်း ကျွန်မ နောက်၂ရက်လောက် ဆေးထပ်သောက်ပြီးရင် ကောင်းသွားတော့မယ်လို့ ခံစားနေရတယ်” သူမ ဒါကို ပြောလိုက်တဲ့အခါ သူမအသံဟာ နှာသံ ပါနေတုန်းပဲ။ဒါပေမဲ့ လွန်ခဲ့တဲ့၂ရက်တုန်းကလောက် မဟုတ်တော့ဘူး။
“ကောင်းတာပေါ့” သူမတို့နှစ်ယောက် ပုံမှန်အတိုင်းထပ်ပြီး စကားပြောကြပြန်တယ်။ဖုန်းချခါနီးကျမှ ရှန်ရန်ချင်းဟာ ရုတ်တရက် မေးလာတယ်။ “မင်း မနက်ဖြန် ဘယ်သွားမှာလဲ”
“တောင်ပေါ်ကို” အဲဒါဟာ အနီးအနားက နာမည်အကြီးဆုံး ရှုခင်းနေရာ ဖြစ်တယ်။
“စုဟွေးမောင်လေး မင်းတို့ကို လာခေါ်မှာလား”
“ထင်တာပဲ” နန်ကောဟာ ဒီအကြောင်းသိပ်မတွေးမိဘူး။ “စုဟွေးအမေ ပြောတာတော့ သူ့၀မ်းကွဲလေးက လောလောဆယ် ဘာမှ လုပ်စရာမရှိဘူးတဲ့။ သူ ကျွန်မတို့ ဒရိုင်ဘာ လုပ်ပေးလို့ရတယ်။ ပိုပြီးအန္တရာယ် ကင်းတာပေါ့” သူမတို့က မိန်းကလေးတွေချည်းပဲမို့ စုဟွေးအမေဟာ ဒီကိစ္စကို အရမ်းစိတ်ပူတယ်။နေ့ခင်းပိုင်းဆို အဆင်ပြေပေမဲ့ ည ရောက်သွားရင်ကျတော့ ရှုခင်းနေရာက သူမတို့ နေတဲ့နေရာနဲ့ ဝေးတယ်။သူတို့ မကောင်းတဲ့ ဒရိုင်ဘာနဲ့ တွေ့နိုင်တာမို့ တက္ကစီစီးဖို့ တကယ်အဆင်မပြေဘူး။
238 03
ရှန်ရန်ချင်းဟာ တိတ်သွားပြန်တယ်။
ခဏလောက်ကြာတော့ သူက ပြောတယ်။ “မနက်ဖြန် ဂရုစိုက်ဦး။ လှေကားထစ်တွေကို တက်ရင် ခြေလှမ်းကို သေချာကြည့်။ မလဲစေနဲ့”
နန်ကောဟာ နာနာခံခံနဲ့ သဘောတူတယ်။
အစကတော့ ဒီကိစ္စပြီးသွားပြီလို့ သူမ ထင်ခဲ့တာ။
နောက်တစ်နေ့ နေ့လည် သူမတို့ ရှုခင်းနေရာကနေ ဟိုတယ်ကို ပြန်လာတော့ ကား မရပ်ရသေးခင်မှာဘဲ မီတာအနည်းငယ် အကွာကနေ ဟိုတယ်အ၀မှာ ရပ်နေတဲ့ပုံရိပ်ကို နန်ကော တွေ့လိုက်ရတယ်။
အမျိုးသားဟာ သိပ်မဝေးတဲ့နားက မောင်းလာတဲ့ ကားကို သတိမထားမိဘူး။သူဟာ တံခါး၀က လုံခြုံရေးအစောင့်နဲ့ စကားပြောနေတယ်။အရှေ့မြောက်ပိုင်းက လူတွေဟာ စကားပြောကောင်းပြီး ဟာသဉာဏ် ရွှင်တယ်။အဝေးကနေတောင်မှ အမျိုးသားရဲ့မျက်နှာပေါ်က ပျော်နေတဲ့ အမူအရာကို သူမဟာ မြင်နိုင်သလိုဘဲ။
ဒါပေါ့။တစ်ချက်ကြည့်ရုံနဲ့ သူမ ရှန်ရန်ချင်းကို မှတ်မိပါတယ်။ဘေးနားမှာ အာရုံပျံ့လွင့်နေတဲ့ လက်ထောက်ယွမ်ကြောင့်ပေါ့။
ကားရပ်သွားတော့ နန်ကောဟာ ပထမဆုံး ထွက်လာတဲ့လူဖြစ်တယ်။ရှန်ရန်ချင်းဆီ ပြေးနေရင်း သူမချော်ပြီး ခလုတ်တိုက် သွားတယ်...။
******