အခန်း ၂၄၂
Vol. 25 Ch. 242
242 01
Chapter 242 ရှန်ရန်ချင်းက မင်းကို သေချာပေါက်ကြိုက်မှာ။
ရှန်ရန်ချင်းပုံစံ သိပ်အဆင်ပြေမနေတာကို မြင်ပြီး ဆရာ၀န်ဟာ သက်ပြင်းသာချကာ ဆုံးမဩဝါဒခြွေတာကို ရပ်လိုက်တယ်။သူက သူ့ကို နှစ်သိမ့်ပေးတယ်။ “ပြင်းထန်တာမျိုး မဟုတ်ပါဘူး။ မင်းတို့က မြို့ခံတွေ မဟုတ်ဘူးကိုး။ မင်းတို့အတွက် ဒီနေရာနဲ့ နေသားမကျဘူးဆိုတာ ပုံမှန်ပါပဲ။ ဒီကအပူချိန်က အရမ်းနိမ့်တယ်လေ။ အဲ့တော့ အအေးမိတာတို့ ဖျားတာတို့ဆိုတာ ပုံမှန်ပဲ”
“သူက ဆေး၂ပုလင်းပဲ သွင်းဖို့လိုတာပါ။ စောင့်ကြည့်ထားလိုက်။ ပြီးရင် ကျုပ်ကို ခေါ်လိုက်ပါ”
ဆရာ၀န်ဟာ အသက်၃၀လောက် ရှိပြီ။သူစကားပြောတဲ့အခါ ဒေသိယလေသံနဲ့ ပြောတယ်။သူ ထွက်သွားတော့လည်း သူဟာ ရှန်ရန်ချင်းနဲ့ လက်ထောက်ယွမ်ကို လက်ညှိုးထိုးပြီး “ဒီစင်္ကြန်မှာက လောလောဆယ် ရေနွေးမရှိဘူး။ လိုအပ်တယ်ဆိုရင် မင်းတို့ ကျုပ်ရုံးခန်းထဲမှာ လာယူ”
“ကောင်းပါပြီ ကျွန်တော် ခင်ဗျားနဲ့ လိုက်မယ်လေ” လက်ထောက်ယွမ်ဟာ ရေယူဖို့ရယ်၊ငွေရှင်းဖို့ရယ်အတွက် ဆရာ၀န်နောက်ကို လိုက်သွားတယ်။
ရှန်ရန်ချင်းဟာတော့ နန်ကောကို စောင့်ကြည့်ဖို့ နေရစ်ခဲ့တယ်။
သူတို့ ဟိုတယ်ကနေ ထွက်လာကတည်းက နန်ကောဟာ တစ်ကြိမ်ပဲ နိုးလာသေးတယ်။
လမ်းတစ်၀က်မှာ သူမဟာ အဖျားကြောင့် မိန်းမောနေတယ်။သူမဟာ သူ့ပုခုံးပေါ်မှီထားရင်း ဗလုံးဗထွေးနဲ့ မေးတယ်။ “ကျွန်မတို့ ဘယ်မှာလဲ”
သူတို့ဆေးရုံကို သွားနေတာလို့ ရှန်ရန်ချင်းပြောခဲ့ပေမဲ့ သူမ သေချာကြားလိုက်ရဲ့လားဆိုတာကိုတော့ သူ မသိဘူး။သူမမှာ သူ့ပုခုံးပေါ်ကနေ ထဖို့ ရုန်းကန်နေရတယ်။
သူ သူမကို မလှုပ်ဖို့ရယ်၊မျက်နှာကိုအုပ်ထားဖို့ရယ် ပြောခဲ့တယ်။လေကြောင့် သူမ အဖျားပိုဆိုးလာမှာကို စိုးရိမ်လို့။
တစ်အောင့်လောက်ကြာတော့ နန်ကောဟာ လှုပ်ရှားတာ ရပ်သွားတယ်။
အခုလိုမျိုးပေါ့။အိပ်ရာပေါ် လဲနေရင်း သူမရဲ့ပါးနှစ်ဖက်ဟာ ရဲနေပြီး လည်ပင်းဟာလည်း ပူခြစ်နေတယ်။အမျိုးသားရဲ့ခန္ဓာကိုယ်အပူချိန်နဲ့ လုံး၀ကွဲပြားနေတယ်။ဒီညပြီးရင် ရှန်ရန်ချင်း ဖျားလောက်မယ်ဆိုတာကို လက်ထောက်ယွမ် သိတယ်။သူဟာ အထူးတလည် ဆရာ၀န်ဆီက ဆေးညွှန်းတွေ ကြိုယူလာလိုက်ပြီး သူကိုယ်တိုင်လည်း နည်းနည်း သောက်ထားလိုက်တယ်။
“မင်း ဒီည တော်တော်ခက်ခဲသွားမှာပဲ” ရှန်ရန်ချင်းဟာ အနည်းငယ် အားနာစိတ် ဖြစ်မိတယ်။
ဆေးသောက်နေတုန်း ရှန်ရန်ချင်းဆီက ဒါကိုကြားရတော့ လက်ထောက်ယွမ်မှာ သီးတော့မလို့။
“မဟုတ်ပါဘူး” သူဟာ လက်ခါတယ်။ “ဥက္ကဌရှန် မင်း ကျွန်တော့်ကို ဒီလိုပြောပြီး အပြင်လူတစ်ယောက်လို ဆက်ဆံနေတာပဲ”
သူဟာ အစကတည်းက ရှန်ရန်ချင်းရဲ့အထူးလက်ထောက်ပါ။သူ ဟွားရှန်အဖွဲ့အစည်းထဲကို စစ၀င်တုန်းက သူဟာ ရှန်ရန်ချင်းရဲ့အလုပ်တွေကိုသာ စိတ်ပူရတဲ့ အသေးစား လက်ထောက်လေးသက်သက်ပဲ။ဒါပေမဲ့ သူ ရှန်ရန်ချင်းအတွက် အလုပ်လုပ်ပေးရင်း အချိန်ကြာလာတဲ့အခါ သူဟာ သူ့ကို နားလည်တဲ့ ရှားရှားပါးပါးလူတွေထဲက တစ်ယောက် ဖြစ်လာတယ်။ဒါကြောင့် သူ့ထင်မြင်ချက်ကို မေးပြီး ရှန်ရန်ချင်းဟာ သူ့ကို ရာထူး တိုးပေးခဲ့တယ်။သူ့အလုပ်အတွက် ထပ်ပေါင်းအနေနဲ့ကတော့ သူ ရှန်ရန်ချင်းရဲ့နေ့စဉ်ဘ၀ကိုပါ ဂရုစိုက်ပေးရတယ်။
နောက်ဆုံးတော့လည်း ဒါက သူ့အလုပ်ပဲလေ။ရှန်ရန်ချင်းဘက်က အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။
“နောက်ကျနေပြီ။ ဘေးအခန်းက လွတ်နေတယ်။ ဆရာ၀န်ကို ပြောပြီး ခဏလောက်သွားနားလိုက်။ ဟိုတယ်ကို အရုဏ်တက်မှာ ပြန်ကြမယ်”
လက်ထောက်ယွမ်ဟာ ငြင်းချင်တယ်။ဒါပေမဲ့ သူဟာ အိပ်ရာပေါ်က နန်ကောကို ကြည့်ပြီး နောက်ဆုံးမှာတော့ ထွက်သွားတယ်။
သူပါကူပြီး နန်ကောကို ကြည့်ပေးမယ်လို့ပြောရင် ဥက္ကဌရှန်ဟာ လက်ခံမှာ မဟုတ်ဘူး။
နောက်ပြီး အခုလိုအချိန်မှာ ဥက္ကဌရှန်ဟာ သူမကို သူ့ဟာသူပဲ ဂရုစိုက်ပေးချင်မှာ ကျိန်းသေတယ်။
နန်ကောဟာ အရမ်းအရမ်းကိုမှ ရှည်လျားတဲ့အိပ်မက်တစ်ခုကို မက်နေခဲ့တယ်။
အိပ်မက်ထဲမှာ သူမဟာ အသက်၁၇နှစ်အရွယ်ကို ပြန်ရောက်သွားတယ်။အချိန်ဟာ ရှန်ရန်ချင်းရဲ့အင်တာဗျူးကို နားထောင်ပြီးရုံအချိန်လေး။
ကောလိပ်၀င်ခွင့်စာမေးပွဲတွေပြီးလို့ ပိတ်ပေးထားတဲ့ နွေရာသီအားလပ်ရက်ဟာ ပြီးဖို့လိုသေးတယ်။
သူမရဲ့၀င်ခွင့်လျှောက်လွှာကို ဖြည့်ပြီး သိပ်မကြာသေးတဲ့ ပူပူပြင်းပြင်း နွေရာသီအားလပ်ရက်ဆိုလည်း ဟုတ်တယ်။နောက်ဆုံးတော့ သူမဟာ သူမလိုချင်တာကို ရခဲ့ပြီး လုပ်ငန်းညစာစားပွဲတစ်ပွဲမှာ ရှန်ရန်ချင်းနဲ့ လူကိုယ်တိုင် တွေ့ဆုံရပြီ။
242 02
အင်တာနက်က ဒေါင်းလုတ် လုပ်ခဲ့တဲ့အသံဖိုင်ကနေ ခွဲထားမခံရတော့ဘူး။အဲ့အစား သူမ သူနဲ့ လူကိုယ်တိုင် ဆုံရပြီ။
အဲဒါဟာ အသက်၂၅နှစ်အရွယ်ရှန်ရန်ချင်း။
သူပေါ်လာတဲ့အခါ အခုလက်ရှိလိုမျိုးပဲ သူဟာ အာရုံစိုက်မှုတွေရဲ့အလယ်မှာ။
နန်ကောအတွက် သူ့အနားကိုသွားပြီး သူနဲ့စကားပြောခွင့်ရဖို့ အချိန်တစ်ခုလောက် ယူလိုက်ရတယ်။
“ရှန်...ရှန်ရန်ချင်း”
သူမရဲ့မျက်လုံးတွေထဲ လေးစားမှုတွေနဲ့ ပြည့်နေတယ်။
အမျိုးသားဟာ အစက သူ့ဘေးက သူဌေးနဲ့ စကားပြောနေခဲ့တယ်။တစ်ယောက်ယောက် သူ့ကိုခေါ်သံကြားတဲ့အခါ သူဟာ သူမဆီကို အလိုလို လှည့်ကြည့်လာတယ်။
“မင်္ဂလာပါ” သူဟာ ပြုံးပြီး ခေါင်းညိတ်တယ်။ “ကျွန်တော် ဘာကူညီပေးရမလဲ”
“ကျွန်မနာမည်က နန်ကောပါ နန်ကျန်းနင်းရဲ့သမီးပါ။ မကြာခင် ရှင့်ဂျူနီယာဖြစ်တော့မှာ...”
သူဟာ ပြုံးနေသေးပြီး အရမ်းလည်း အံ့ဩမသွားဘူး။သူ့မျက်လုံးတွေဟာ သူမကိုနှုတ်ဆက်တဲ့အချိန်မှာ တည်ငြိမ်နေတယ်။ဒါပေမဲ့ အဲ့တာ အကုန်ပဲ။
ဘာကကွာနေလဲဆိုတာ သူမ မပြောပြတတ်ဘူး။၂၅နှစ်အရွယ် ရှန်ရန်ချင်း သူမကို ကြည့်ပြီး ပြုံးပြတဲ့အခါ သူက ရိုးသားမနေဘူးဆိုတာကို သူမ ပြောနိုင်တယ်။သူ သူမကို သာမန်ကာလျှံကာပဲ ဆက်ဆံနေတယ်ဆိုတာ သိသိသာသာပဲ။
တကယ်တမ်း တွေးကြည့်တော့လည်း အဲ့တုန်းက သူမဟာ သူ့အတွက် သူစိမ်းတစ်ယောက်ပဲလေ။
သူ့ကို လေးစားတဲ့ အခြားမိန်းကလေးတွေလိုမျိုး ဒီလိုအခမ်းအနားမျိုးမှာ သူမလိုရည်ရွယ်ချက်နဲ့လူတွေ အများကြီးရှိမှာပဲ။
သူဟာ တစ်ချိန်လုံးပြုံးနေခဲ့ပြီး ထုံတောင်ထုံနေပြီ။
သူ့မျက်လုံးထဲမှာတော့ သူမဟာ အခြားလူတွေနဲ့ ဘာမှမကွာဘူး။ဒီတော့ အခြားလူတွေအပေါ်ရှိတဲ့ သူ့သဘောထားနဲ့ သူမအပေါ်ရှိတဲ့ သူ့သဘောထားဟာ အတူတူပဲ။
သူ သိမ်မွေ့လား။သူ သိမ်မွေ့ပါတယ်။ဒါပေမဲ့ ကောလဟလတွေအတိုင်း သူတို့နှစ်ယောက်ကြားမှာ အကာတစ်ခု ခြားထားသလိုပဲ။ဖြတ်ကျော်လို့မရနိုင်တဲ့ အကွာအဝေးတစ်ခုပေါ့။
ဒါပေမဲ့ အဲ့အချိန်တုန်းက သူ ဒီလိုလုပ်နေတာနဲ့ ပတ်သက်ပြီး တစ်ခုခုမှားတယ်လို့ သူမ မထင်မိခဲ့ဘူး။
မကြာဘူး။သူမတို့ ဒုတိယပွဲတစ်ပွဲမှာ “တိုက်ဆိုင်စွာနဲ့” သွားဆုံကြပြန်တယ်။
“ရှန်ရန်ချင်း!” ဒီတစ်ခါတော့ သူမဘက်ကနေ ခြေတစ်လှမ်းတက်ဖို့ အစပျိုးလိုက်တယ်။
ဒါပေမဲ့လည်း ရှန်ရန်ချင်း သူမကို မမှတ်မိဘူး။
ဘာပဲဖြစ်ဖြစ် သူမတို့ တစ်ခါပဲဆုံဖူးတာမို့ သူ သူမကို အလေးအနက် သဘောမထားဘူးဆိုတာ ပုံမှန်ပါလေ။
သူမကိုယ်သူမ အခုလိုနှစ်သိမ့်ပေးမဲ့လည်း မတတ်နိုင်ဘဲ နည်းနည်းတော့ ၀မ်းနည်းမိတယ်။
အထူးသဖြင့် လူတိုင်းအပေါ် သူ့ဆက်ဆံပုံကို မြင်ပြီးတဲ့နောက်ပေါ့။
ကြည့်ရတာ သူမနဲ့ပတ်သက်ပြီးလည်း ဘာမှမကွာပုံဘဲ။
လူလိမ်။သူမက အောင်နိုင်သူ မဟုတ်ပါဘူး။သူ့နယ်မြေထဲမှာ သူကသာ တစ်ယောက်တည်းသော ဘုရင်ပါ။အဲ့အချိန်တုန်းက ဘယ်သူ့အတွက်မှ ဘာအခန်းမှ မရှိခဲ့ဘူး။သူမရောအပါအ၀င် ဖြစ်ခဲ့တာ။
နန်ကော နိုးလာတဲ့အခါ မနက်ရောက်နေပြီ။သူမနိုးလာပြီး ပထမဆုံး မြင်လိုက်ရတဲ့လူဟာ ရှန်ရန်ချင်းဖြစ်တယ်။
အဲ့နောက် ဘာမှမပြောဘဲ သူမဟာ သူ့ကိုဖက်ပြီး စငိုတော့တယ်။
စောစောဆုံတွေ့တာဟာ သူမစိတ်ကူးထားခဲ့သလို မကောင်းဘူးဘဲ။
သူမဆီက ငိုနေရင်းနဲ့ သူမရဲ့အိပ်မက်အကြောင်းကို ကြားပြီးတဲ့အခါ ရှန်ရန်ချင်းဟာ သက်ပြင်းချတယ်။ “ဒါ အိပ်မက် သက်သက်ပါပဲ”
“တကယ်လို့ ကိုယ်သာ မင်းကို အရင်ကတွေ့ခဲ့ပြီး ကိုယ် မင်းကို စောစော မကြိုက်မိခဲ့ဘူးဆိုရင်တောင်မှ ကိုယ့်စိတ်ထဲမှာ မင်းက ကျိန်းသေပေါက် အခြားလူတွေနဲ့ကွဲပြားမယ်ဆိုတာကိုတော့ ကိုယ်သေချာပါတယ်”
“ဘာလို့လဲ” နန်ကောဟာ နီရဲနေတဲ့မျက်လုံးတွေနဲ့ မေးလာတယ်။
“ပထမဆုံးအနေနဲ့ အဲ့တုန်းက မင်းက အရွယ် မရောက်သေးဘူး။ ကိုယ်က နည်းနည်းလေး စိတ်စွဲမိသွားတယ်ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကို ထုတ်ပြခွင့်ပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အလိုလိုက်လို့ မရဘူးလေ”
“ဒုတိယအနေနဲ့ အဲ့အချိန်တုန်းကဆို မင်း ကိုယ့်ကိုပြန်ကြိုက်လိမ့်မယ်လို့ ကိုယ်မထင်ဘူး။ အဲ့တုန်းက ကိုယ့်အကျင့်စရိုက်နဲ့ပုံစံက မင်းအကြိုက် မဟုတ်ဘူး။ အခုလက်ရှိကိုယ်လောက် ကျိန်းသေပေါက် မကောင်းဘူး”
“အဲ့အချိန်တုန်းက ကိုယ် ဘာကိုမှ ကောင်းကောင်းမလုပ်နိုင်ဘူး။ အခုနဲ့အဲ့တုန်းကဆိုတဲ့ ကွာခြားချက်ရှိတယ်။ ကိုယ်တို့သာ အဲ့တုန်းကဆုံခဲ့ရင် ကိုယ့်အပေါ်ထားတဲ့ မင်းရဲ့လေးစားမှုက ကြာကြာခံမှာ မဟုတ်ဘူးလို့ ကိုယ်အမြဲ တွေးပူနေခဲ့တာ။ ရှင်းရှင်းပြောရရင် အဲ့အချိန်မှာ ကိုယ်က မင်းရဲ့အချစ်နဲ့ မထိုက်တန်ဘူး”
242 03
လူတွေဟာ ဖြည်းဖြည်းချင်း ကြီးပြင်းလာကြတာ။ကြီးပြင်းလာတယ်ဆိုတာ အခြေကျတည်ငြိမ်ဖို့အတွက် လုပ်ငန်းစဉ်တစ်ခုပဲ။သူဟာ ငယ်ငယ်လေးကတည်းက အခုလိုမျိုးဖြစ်နေခဲ့တာ မဟုတ်ဘူး။
“တကယ်တော့ အခုတောင်မှ အခြားလူတွေရဲ့ခံစားချက်ကို ဘယ်လို ဂရုစိုက်ရမလဲကို မသိဘူး။ ဒါမှမဟုတ် တကယ် ဂရုမစိုက်ချင်ဘူး။ ဒါပေမဲ့ မင်းသာဆို ကိုယ် လုပ်နိုင်တယ်” သူဟာ အမြဲတမ်း လူတိုင်းကို အရမ်းစဉ်းစားတွေးတော ပေးတတ်ပြီး နူးညံ့နေတာ မဟုတ်ပါဘူး။
သူဟာ အရင်ကထက်တော့ တကယ် ပိုစိတ်ရှည်လာပါတယ်။ဒါပေမဲ့ လူတိုင်းကိုတော့ မဟုတ်ဘူး။
“မပူပါနဲ့ ကိုယ်တို့ အတူတူရှိဖြစ်ဖို့ အခုလောက် မချောမွေ့ခဲ့ဘူးဆိုရင်တောင် မင်းရဲ့အိပ်မက်ထဲကအတိုင်း ဖြစ်နိုင်ပါတယ်။ ကိုယ်တို့ ပထမဆုံးတွေ့တဲ့အခါ ကိုယ်က နည်းနည်းအေးစက်စက်နဲ့ မရိုးမသား ဖြစ်နေမယ်”
“ဒါပေမဲ့ ဘယ်အခြေအနေမှာပဲ ကိုယ် မင်းကိုတွေ့ခဲ့တွေ့ခဲ့ ကိုယ် ကိုယ့်နှလုံးသားကို ဆန့်ကျင်မှာ မဟုတ်ဘူး။ မင်း ကိုယ့်ကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ် သေချာပေါက် မင်းဆီကနေ ဆွဲဆောင်ခံလိုက်ရမှာပဲ”
“နန်ကော မင်း ကိုယ့်ကို မယုံတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ် ဒါကိုပြောဖို့ လိုနေတုန်းပဲ”
“ကံကြမ္မာက ဘယ်လိုပဲအလုပ်လုပ်ပါစေ။ ကိုယ်တို့ ဘယ်လိုဆုံမှတ်မျိုးမှာပဲ ဆုံပါစေ။ ရှန်ရန်ချင်းက မင်းကို သေချာပေါက် ကြိုက်လိမ့်မယ်”
“ကိုယ်တို့အတူတူ မရှိဖြစ်ခင် လိုအပ်ခဲ့တဲ့ အချိန်လေးသက်သက်ပါပဲ...”
******