← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

248 01

Chapter 248 သူတို့လမ်းခွဲလိုက်တာလား။

ရှန်ရန်ချင်း အခန်းထဲက ထွက်သွားပြီး သိပ်မကြာဘဲ နန်ကောဟာ နိုးလာတယ်။သူမဟာ ခုနကနှိုးစက်သံကြောင့် နိုးတာမဟုတ်ဘဲ နန်ကျဲ့ဖုန်းကြောင့် နိုးသွားတာ ဖြစ်တယ်။

“ဟယ်လို...”

သူမဟာ အိပ်ချင်မူးတူးနဲ့ ဖုန်းဖြေပြီး မျက်လုံးတောင်မဖွင့်ဘဲ ခေါ်ဆိုသူနာမည်ကိုလည်း မကြည့်ဘူး။

ဘယ်လိုအသိတရား မရှိတဲ့လူက သူမကို မနက်အစောကြီး ဖုန်းခေါ်တာလဲ။

သူမရဲ့တစ်၀က် သေနေတဲ့အသံကို ကြားတော့ နန်ကျဲ့ဟာ သူမအိပ်နေသေးမှန်းကို သိသွားတယ်။ “ဘယ်အချိန်ရှိပြီလဲ။ နင်နဲ့ရှန်ရန်ချင်း လုပ်မဲ့ကိစ္စကို နင်သိလား”

“ပုံမှန်ဆို အိပ်တာက ရတယ်။ ဒါပေမဲ့ အခုလိုအရေးကြီးတဲ့နေ့မှာတောင်မှ နင်က အိပ်နိုင်သေးတယ်။ နင် ဘယ်လောက်တောင် အသည်းနှလုံး မရှိတာလဲ နန်ကော”

နန်ကော “.....”

အကြောင်းပြချက်မရှိ အဆူခံလိုက်ရပြီးတဲ့နောက် သူမမှာ ရွေးချယ်စရာ မရှိဘဲ ထရတော့တယ်။

“မြန်မြန်လုပ်ပြီး ထစမ်း”

“အိုကေ သိပြီ” နန်ကောဟာ ဖုန်းကို ချမလိုလုပ်လိုက်ပေမဲ့ နန်ကျဲ့ဟာ ဆက်‌ပြီး တတွတ်တွတ်နဲ့ ပြောလာပြန်တယ်။ “ငါ လမ်းအခြေအနေကို ကြည့်ပြီးပြီ။ ကျုံးရှန်းလမ်းမမှာ ကားနည်းနည်း ကြပ်တယ်။ တခြားလမ်းကသွား”

“အော် ပြီးတော့ သပ်သပ်ရပ်ရပ်၀တ်သွား”

“သိပါတယ်”

“ရှန်ရန်ချင်းကို လမ်းမှာ ဖြည်းဖြည်းမောင်းဖို့ပြော။ နင် မမောင်းနဲ့”

၁၀မိနစ်လောက် သူ့ရဲ့သူမကို နားပူနားဆာလုပ်ခြင်းအမှုကို နားထောင်ပြီးတဲ့နောက် နန်ကောမှာ အပြည့်အ၀ နိုးသွားပြီ။

သူမအစ်ကိုရဲ့ အလေးအနက် ဖြစ်နေမှုကြီးနဲ့ မသိတဲ့လူသာဆို သူမကို ဒီနှစ်မှ ၃နှစ်သမီးပဲရှိသေးပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်ဘူးဆိုပြီး ထင်ကြမယ်။

ဖုန်းချပြီးတဲ့နောက် သူမဟာ ထပြီး ဟိုဟိုဒီဒီ ကြည့်တယ်။သူမ ရှန်ရန်ချင်းကို မတွေ့မိဘူး။

သူ့ကို လိုက်ရှာဖို့တော့ သူမ အလျင်မလိုပါဘူး။ဆေးကြောသန့်စင်ပြီးတဲ့အခါ သူမဟာ မာစတာအိပ်ခန်းတံခါးကို ဖွင့်ပြီး တံခါးဘောင်ကို မှီတယ်။သူမဟာ အော်လိုက်တယ်။ “ရှန်ရန်ချင်း!”

ဘယ်သူမှ မဖြေတာကို မြင်တော့ သူမဟာ အသက်ကို ပြင်းပြင်းရှူပြီး အားအင်တွေ စုလိုက်တယ်။

“ရှန်-”

“မင်း အစောကြီး နိုးတယ်” ရှန်ရန်ချင်းရဲ့အသံဟာ လူကို မမြင်ရခင် ထောင့်နားက‌နေ အရင်ထွက်လာတယ်။

နန်ကောဟာ မျက်တောင် ခတ်မိသွားတယ်။ “အစောကြီး။ ကျွန်မအစ်ကို ဖုန်းထဲမှာ ကျွန်မကို ဆူနေတာ”

သူမဟာ အလိုလို ကွန်ပလိန်း တက်လိုက်တယ်။သူမရဲ့အသံဟာ တိုးတိုးလေးနဲ့ အိပ်ရာထခါစမို့ နှာသံ ပါနေတယ်။ဒေါသထွက်ထွက်နဲ့ ချွဲတွဲတွဲအသံလေး။

ရှန်ရန်ချင်းဟာ ကြောင်သွားတယ်။ “ကိုယ် မင်းအတွက် အသံပိတ်ပေးဖို့ မေ့သွားတယ်”

သူဟာ အရှေ့ကိုတိုးပြီး သူမကိုဖက်ကာ အခန်းထဲကို ပြန်တယ်။ “နည်းနည်းလောက် ထပ်အိပ်မလား။ မင်း ဒီနေ့ အလျင်လိုစရာ မလိုပါဘူး”

အရပ်ဘက်ရေးရာဗျူရို ပိတ်ဖို့ကလည်း စောနေပါသေးတယ်။

သူ မနက်ပိုင်း အစောကြီး သွားဖို့ မစီစဉ်ထားဘူး။ဒီတိုင်း မနေ့ညက နန်ကောဟာ အိပ်ရာမ၀င်ခင် မနက်အတွက် နှိုးစက်ပေးထားပြီး ဒီနေ့ ပထမဆုံးမှတ်ပုံတင်တဲ့အတွဲက သူတို့အတွဲ ဖြစ်ရမယ်ဆိုပြီး စိတ်အား ထက်နေသန်နေလို့သာ။

ဘာပဲဖြစ်ဖြစ် အခု သူတို့ ပထမ မဖြစ်နိုင်တော့ဘူး။

ဒါကို ကြားတဲ့အခါ နန်ကောဟာ လက်ခါပြီး “မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မအစ်ကိုက ကျွန်မတို့ကို လာကြီးကြပ်နေတာ အရမ်းစိတ်ရှုပ်ဖို့ ကောင်းတယ်”

“ကျွန်မ အ၀တ်အစား သွားလဲပြီး မိတ်ကပ် လိမ်းလိုက်မယ်။ တစ်အောင့်လောက် ကြာရင် ကျွန်မတို့ ထွက်မယ်”

သူမဟာ စကားဆုံးတာနဲ့သန်းရင်း အ၀တ်ခန်းထဲ ၀င်သွားတယ်။

ရှန်ရန်ချင်းဟာ သူမရဲ့ “တစ်အောင့်လောက်” ဆိုတာဟာ တကယ် “တစ်အောင့်လောက်” လို့မထင်ဘူး။သူ သူမကို လောပြီးလည်း မနှောင့်ယှက်ရဲဘူး။သူဟာ သူ့အ၀တ်တွေကိုလဲပြီး သူမကို အပြင်မှာ စောင့်နေလိုက်တယ်။

ထင်ထားတဲ့အတိုင်း နန်ကော ပြန်ထွက်လာတဲ့အခါ ၁၁ထိုးတော့မယ်။

ဒီအချိန်အတောအတွင်း နန်ကျဲ့မှာ နန်ကောကို ဖုန်းခေါ် မရဘူး။သူဟာ နှစ်ယောက်သား လက်ထပ်မှတ်ပုံတင်ပြီးပြီလားမေးဖို့ သူ့ဆီကို ဆက်တိုက် စာတွေပို့တယ်။လုပ်ငန်းစဉ်တစ်ခုလုံးမှာ နန်ကျဲ့ဟာ စုစုပေါင်း၈ကြိမ် မေးခဲ့တယ်။

သူ့အဖြေဟာ အကြိမ်တိုင်းအတူတူပဲ။ “ကျွန်တော်တို့ အပြင်မထွက်ရသေးဘူး”

နန်ကျဲ့ဟာလည်း အကြိမ်တိုင်း ဆဲတယ်။

၈ကြိမ်လုံး တစ်ခုမှ ထပ်တာမျိုး မရှိဘူး။

248 02

“ကျွန်မ ဘယ်လိုနေလဲ” နန်ကောဟာ ထွက်လာပြီး သူ့ရှေ့မှာ လျှောက်ပြတယ်။

ဒီနေ့ သူမ ၀တ်ထားတဲ့ အ၀တ်တွေဟာ လွန်ခဲ့တဲ့၂ရက်က ပြင်ဆင်ထားတာ။ရှန်ရန်ချင်းဟာ မြင်ဖူးပြီးသားဆိုပေမဲ့ သူမကို ချီးမွမ်းစကား ဆိုပေးတုန်းပဲ။ “မင်းက အရမ်းလှတယ်”

“မိတ်ကပ်ကရော” သူ ရှင်းရှင်းလင်းလင်း မမြင်ရမှာစိုးပြီး သူမဟာ အရှေ့ကို တိုးပေးကာ မျှော်လင့်ချက်တို့နဲ့ မျက်တောင် တဖျတ်ဖျတ်ခတ်နေတယ်။ “ကျွန်မ ဒီနေ့ ပေါ့ပေါ့ပါးပါးပဲ လိမ်းထားတာ။ ရှင်ပြောနိုင်လား”

ရှန်ရန်ချင်းဟာ အဝေးမှုန်ရုံပဲဖြစ်ပြီး ကန်းတော့မကန်းဘူး။သူဟာ သူမကို ဆက်ချီးမွမ်းခန်းဖွင့်တယ်။

သူက ကောင်းတယ်ပြောရင် အဲဒါဟာ ကောင်းလို့ပဲ။နန်ကောဟာ စိတ်ကောင်း ၀င်သွားတယ်။ “အိုကေ သွားကြစို့!”

သွားတဲ့လမ်းမှာ နန်ကောဆီကို နန်ကျဲ့ဆီက ဝီချက်မက်ဆေ့ခ်ျ ၀င်လာတယ်။အဲ့တာဟာ တစ်ဖန်ထပ်ပြီး ဖော်ဖော်ရွေရွေရှိတဲ့ နှုတ်ဆက်စကားအတန်းလိုက်ပါပဲ။

နန်ကျဲ့: [နင်တို့နှစ်ယောက်က တကယ်နှေးတာပဲ။နင်တို့ အချိန်ရော မှီသေးလား။အရပ်ဘက်ရေးရာဗျူရိုက ပိတ်တော့မယ်!]

ဒါကို တွေ့တော့ နန်ကောဟာ လန့်သွားတယ်။

အရပ်ဘက်ရေးရာဗျူရိုဖွင်တဲ့ အချိန်ကိုပဲ သူမ သိတာ။ပိတ်တဲ့အချိန်ကိုတော့ အာရုံ မထားလိုက်မိဘူး။

သူမဟာ စခရင်ကနေ အကြည့်ခွာပြီး ကားမောင်းနေတဲ့ရှန်ရန်ချင်းကို ကြည့်ကာ မေးလိုက်တယ်။ “အရပ်ဘက်‌ရေးရာဗျူရိုက နေ့လည်ပိုင်းဆို ဘယ်အချိန် ပိတ်တာလဲ”

“ကိုယ်မှတ်မိတာ မှန်မယ်ဆိုရင် ၁၂နာရီ၀န်းကျင်လောက် ထင်တယ်”

နန်ကောဟာ အချိန်ကိုအမြန်ကြည့်တယ်။ “အရမ်းနောက်ကျနေပြီလား”

၁၁နာရီထိုးနေပြီရယ်။

ရှန်ရန်ချင်းဟာ စခရင်ပေါ်ကအချိန်ကို ကြည့်ပြီး ပြုံးတယ်။ “စိတ်မပူပါနဲ့ အချိန် ရှိပါသေးတယ်”

“ကိုယ် ကိုယ့်လက်ထပ်ထားတဲ့ အတန်းဖော်ကို အရင်က မေးထားတယ်။ သူတို့ပြောတာ မှတ်ပုံတင်တာက နည်းနည်းမြန်တယ်တဲ့ ၁၀မိနစ်လောက်ပဲ ကြာမယ်။ အခုချိန်ထွက်တာ အရမ်းမနောက်ကျ‌ပါဘူး” နန်ကောဟာ စိတ်သက်သာရာရပြီး သက်ပြင်းချတယ်။

“ရပါတယ် တကယ် နောက်ကျသွားခဲ့ရင်လည်း ရပါတယ်။ ကိုယ်တို့ အနီးအနားမှာ နေ့လည်စာ စားပြီး လျှောက်ပတ်ကြည့်လို့ရတယ်။ ကိုယ် မင်းနဲ့ဈေး၀ယ် အတူမထွက်ဖြစ်တာလည်း ကြာပြီလေ”

ဒီအချိန်ကာလအတွင်းမှာ သူဟာ လက်ထပ်ပွဲနဲ့ အလုပ်ရှုပ်နေခဲ့ပြီး နန်ကောဟာ ကျောင်းနဲ့ အလုပ်ရှုပ်နေခဲ့တယ်။သူတို့နှစ်ယောက် တိတိကျကျ ဒိတ်လေးမဒိတ်ဖြစ်တာ ကြာပြီ။

ဂျူလိုင်ကျ နန်ကောမှာ ဘွဲ့ရပြီးခရီးစဉ် ရှိသေးတယ်။လက်ထပ်ပွဲကကျ နောက်တစ်လ။

ကြည့်ရသလောက်တော့ သူတို့နှစ်ယောက်ရဲ့ တရား၀င်ဒိတ်ဟာ လက်ထပ်ပွဲပြီးမှ သွားဖြစ်လိမ့်မယ်။

“ဘွဲ့ရခရီးစဉ်အတွက် မင်းတို့ ဘယ်ကိုသွားဖို့ စိတ်ကူးထားလဲ” အရပ်ဘက်ရေးရာဗျူရိုကို ရောက်ဖို့ နည်းနည်း ဝေးသေးတယ်။ရှန်ရန်ချင်းဟာ သူမကို အာရုံပြောင်းဖို့ အကြောင်းအရာ ရှာလိုက်တယ်။

သူမရဲ့အတွေးတွေကို အလုပ်ပေးလိုက်ရင်း နန်ကောဟာ ခေါင်းခါပြီး ပြောတယ်။ “ကျွန်မတို့ မဆုံးဖြတ်ရသေးဘူး။ ကျွန်မတို့၄ယောက် နိုင်ငံခြားကိုသွားဖို့တော့ စီစဉ်ထားပေမဲ့ ဘယ်နိုင်ငံကို သွားရမလဲ မစဉ်းစားရသေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ သိပ်အဝေးကြီးတော့ မသွားချင်ဘူး”

မိန်းကလေးတွေချည်းပဲ ဖြစ်တာရယ်၊လုံခြုံမှုက သူမတို့ရဲ့ပူပန်စရာတွေထဲက တစ်ခုဖြစ်တာမို့ သူမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေထဲကပဲ ရွေးဖို့ကို တညီတညွတ်တည်း ဆုံးဖြတ်ထားကြတယ်။ “ထိုင်း။ ဒီရာသီဆို အဲ့ကိုသွားတာလည်း မဆိုးပါဘူး”

ရှန်ရန်ချင်းဟာ ကူအစီစဉ် ချပေးတယ်။

“အဲ့တာက ရွေးမဲ့ထဲက တစ်ခုပဲ”

“မင်းတို့ခရီးစဉ်ရဲ့ကြာချိန်ကိုရော စဉ်းစားပြီးပြီလား”

“၂ပတ်” သူမဟာ ပြောလိုက်ပြီးတာနဲ့ သူ့ကို ခိုးကြည့်တယ်။ “အရမ်းကြာသွားလား။ ရှင် အိမ်မှာ တစ်ယောက်တည်း နေနိုင်လား”

သူမရဲ့စနောက်တဲ့လေသံဟာ ရှန်ရန်ချင်းကို ရယ်မိသွားစေတယ်။သူဟာ သူမရဲ့စကားနောက်လိုက်ကာ ပြောတယ်။ “ကိုယ်တို့ အခုမှ တရား၀င် လက်ထပ်ထားတဲ့အတွဲလေး ဖြစ်လာတာကို ကိုယ်က ဘာမှမရှိတဲ့အခန်းထဲမှာ တစ်ယောက်တည်း နေရဦးမယ်။ ကိုယ် ညဘက်တွေ အိပ်မပျော်မှာ ကြောက်တယ်”

နန်ကောမှာ အသည်းအသန် ရယ်လိုက်ရပြီး နောက်ပြန်ပါ လန်ကျတယ်။

“ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ။ ဒီဘွဲ့ရခရီးစဉ်က အရမ်းအရေးပါတယ်။ မိသားစု၀င်တွေကို ခေါ်လာတာကကျ မကောင်းဘူးမလား”

ရှန်ရန်ချင်းဟာ အရင်တစ်ခေါက်က သူမတို့ရဲ့ခရီးစဉ်ကို နှောင့်ယှက်ခဲ့ပြီးပြီ။ဒါက ဘွဲ့ရပြီးခရီးစဉ်ဖြစ်တာမို့ သေချာပေါက် သူ သူမတို့နောက်ကို မလိုက်ပါဘူး။

သူသာ သူမနောက်ကို ဆက်လိုက်နေရင် အဲ့တာဟာ အရမ်းမသင့်တော်သလို ဖြစ်သွားလိမ့်မယ်။

ကားမောင်းသူခုံကနေ သက်ပြင်းလေးဟာ ထွက်လာတယ်။ “ရပါတယ် လတစ်၀က်လေးပဲဟာ။ ရက်နည်းနည်းနဲ့တင် ကုန်သွားပါလိမ့်မယ်လေ”

248 03

နန်ကောဟာ သူမမျက်လုံးထောင့်က မျက်ရည်တွေကို သုတ်တယ်။ “အတည်ပြောတာ ကျွန်မ အကြာကြီးသွားတာ တကယ် အဆင်ပြေလို့လား။ ရှင် ကျွန်မကို တခြားတစ်ခုခု လုပ်စေချင်လား”

သူမဟာ လက်ထပ်ပွဲကို ဆိုလိုချင်နေတာ။

“ကိုယ်တော့ တခြားတစ်ခုခု ရှိမယ် မထင်ပါဘူး” သူမဟာ သူမရဲ့မင်္ဂလာ၀တ်စုံကိုလည်း စမ်းကြည့်ပြီးပြီ ဖြစ်ပြီး သူမသဘောကျတဲ့တစ်ထည်ကိုလည်း ရွေးခဲ့ပြီးပြီ။လက်ထပ်ပွဲ ရီဟာဇယ်အတွက်ကျတော့ နည်းနည်း စောနေသေးတာမို့ အခုလောလောဆယ် ဒီအကြောင်း သူမ စိတ်ပူဖို့ မလိုပါဘူး။

“ဒါဆို ကျွန်မ အားလပ်ရက်ကို စိတ်ပူစရာမလိုဘဲ သွားနိုင်ပြီ။ တကယ်လို့ ရှင် အိမ်မှာ ပျင်းလို့ရှိရင် ကိုယ့်ကိုယ်ကို အနားပေးပြီး ကျွန်မအစ်ကိုနဲ့ ငါးသွားမျှားလေ”

“သူ အခုတလော အားနေတယ်” နန်ကောဟာ စုတ်သပ်တယ်။ “သူတို့ လမ်းခွဲလိုက်ပြီလားလို့ သိချင်နေတာ။ ဒါပေမဲ့ ကျွန်မ မမေးရဲဘူး”

“ထားပါ မေ့လိုက်တော့” သူမဟာ အကြောင်းအရာကို အမြန်ပဲ ကျော်သွားတယ်။ “ဘာပဲဖြစ်ဖြစ် သူ့မှာ ပလန်တွေ အများကြီးရှိတာပဲ။ ရှင်ပျင်းရင် သူ့ကို ခေါ်လိုက်”

ရှန်ရန်ချင်းဟာ ဒါကိုမတုံ့ပြန်ဘူး။ “ကိုယ်လည်း နောက်လကျ လုပ်ငန်းခရီးတစ်ခု သွားဖို့ရှိတယ်။ ကိုယ်လည်ဖို့ အချိန်ရမယ်မထင်ဘူး...”

******

All Chapters