← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

254 01

Chapter 254 ဒါ ရိုးရှင်းတဲ့အချစ်သီချင်းလေးတစ်ပုဒ်ပါ(၄)။

“ကြည့်ကောင်းတယ်” ရှန်ရန်ချင်းဟာ သူမဆီကနေ အကြည့်မခွာနိုင်ဘူး။

အဲ့အချိန်တုန်းက သူအထဲကို ၀င်လာတော့ သူဟာ သူမတစ်‌ယောက်တည်းကိုပဲ အာရုံ စိုက်ထားခဲ့တာ။သတို့သားအရံဆီကနေ သတိပေးမခံရခင်အထိ သူ အချိန်အကြာကြီး ငေးနေခဲ့မိတာ။

သူ ဒီ၀တ်စုံရဲ့ဓာတ်ပုံတွေကို မြင်ခဲ့ဖူးတယ်။နန်ကော ၀တ်ထားတာကိုတော့ ဒါ သူပထမဆုံးအကြိမ် မြင်ဖူးတာ။

ရှန်ရန်ချင်းနဲ့နန်ကောဟာ ကျန်းမြို့နဲ့ဟိုက်မြို့ကြား အကြိမ်ပေါင်းများစွာ လည်ပတ်သွားလာနေခဲ့တယ်။

ဒါပေမဲ့ ဒါဟာ ပထမဆုံးအကြိမ် သူတို့နှစ်ယောက်လုံး ရှုခင်းတွေကို အလေးအနက် ကြည့်မိတာပဲ။

အရင်တုန်းက သူတို့နှစ်ယောက်လုံး ဒီလမ်းမကို ရှည်လွန်းတယ်လို့ ခံစားခဲ့ရတာ။သူတို့တွေ့တဲ့အချိန်တိုင်း တစ်ယောက်ကို တစ်ယောက် တွေ့ရဖို့ တစ်နာရီထက် ပိုမောင်းနေခဲ့ရတယ်။

အကြောင်းတချို့ကြောင့် ဟိုက်မြို့အလယ်ကို သူမ အချိန်တစ်ခဏလေးအတွင်း ရောက်လာပုံပဲ။

နန်ကောဟာ မနေနိုင်ဘဲ အနည်းငယ် ခံစားသွားရတယ်။အထူးသဖြင့် လမ်းကြောင်းပြစနစ်ကနေ သူမတို့ ဟိုက်တောင်ပိုင်းအလယ်လမ်းမကို မောင်းနေပြီဖြစ်ကြောင်း ပြတဲ့အခါမှာပေါ့။

“ရှန်ရန်ချင်း ရှန်ရန်ချင်း!!!” သူမတို့ လမ်းဆုံကိုဖြတ်သွားတော့ သူမဟာ သူတို့ရဲ့လက်တွေကို စိတ်လှုပ်ရှားတက်ကြွစွာနဲ့ လှုပ်ခါတယ်။သူ့ကို အပြင်ဘက်ကိုကြည့်ဖို့ အချက်ပြနေတာ။ “ရှင် မှတ်မိသေးလား။ ဒီနေရာ ဒီနေရာ”

“ဒါပေါ့ ကိုယ် မှတ်မိတယ်”

ဒီလမ်းဆုံးပဲ ဖြစ်ပြန်တယ်။မိုးလည်း ရွာနေတယ်။သူမတို့နှစ်ယောက်ပဲ ထပ်ဖြစ်ပြန်တယ်။

မျက်မှန်အောက်မှာ ရှန်ရန်ချင်းရဲ့မျက်လုံးတွေဟာ နူးညံ့နေပြီး သူမကို ဖက်တယ်။ “မနေ့ညက ကိုယ်တို့ ဒီနေ့ ဒီကနေ ဖြတ်သွားရမယ်ဆိုတာ ကိုယ်သိတယ်။ တကယ်လို့သာ မိုးရွာနေတုန်းဆိုရင် ဒါကိုယ်တို့အတွက် ကောင်းချီး ဖြစ်မယ်လို့တောင် ကိုယ် တွေးခဲ့သေးတယ်”

မင်္ဂလာပွဲနေရာဟာ အပြင်အဆင်ကို ပန်းရောင်နဲ့ခရမ်းရောင်‌ ရောယှက်ထားတယ်။ပွဲနေရာမှာ နှင်းဆီပန်းတွေနဲ့ ပြည့်နှက်နေတယ်။ရှန်ရန်ချင်းဆေး သောက်ထားတာကို သိတာမို့ နန်ကောမှာ သိပ်မစိုးရိမ်ရဘူး။

လက်ထပ်တယ်ဆိုတာ အရမ်းပင်ပန်းမှန်း ဒါ နန်ကော ပထမဆုံးအကြိမ် သိရတာ။

ထင်ထားတဲ့အတိုင်းပဲ မင်္ဂလာ၀တ်စုံဟာ တကယ်လေးတယ်။သူမ မနက်တုန်းက အစားသိပ်မစားခဲ့ဘဲ အားလည်း သိပ်မရှိဘူး။တစ်ယောက်က သူမ၀တ်စုံရဲ့အနားစကို ကူမပေးတယ်ဆိုပေမဲ့လည်း သူမဟာ ရှန်ရန်ချင်းဆီ လျှောက်သွားတဲ့ အချိန်တုန်းက အားတွေအကုန် သုံးလိုက်ပြီးပြီ။ပြီးတော့ သူမဟာ မစ္စတာနန်ရဲ့လက်မောင်းကို တစ်ချိန်လုံး ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး သူမကိုယ်သူမ အရှက်မရမိအောင် အားနည်းနည်း ချေးငှားထားတာ ဖြစ်တယ်။

လုပ်ငန်းစဉ်တွေ အားလုံးပြီးဆုံးသွားတဲ့အခါ နန်ကောမှာ နောက်ဆုံးတော့ အသက်ရှူဖို့အချိန် ရသွားတယ်။

သူမပုံစံကြည့်ရတာ သိပ်အဆင်မပြေတာကို မြင်တော့ ဒီမနက်ကတည်းက သူမ ဘာမှမစားရသေးတာကို သူ သိလိုက်တယ်။

ရှန်ရန်ချင်းဟာ သူမ သကြားဓာတ် အားနည်းနေမှာကို စိုးရိမ်တာမို့ သူမ အစားစားဖို့ကို အမြန် ကူညီပေးတယ်။

နန်ကောဟာ ပင်ပန်းလွန်းလို့ ဇွန်း၊ခက်ရင်းကိုတောင် မမနိုင်တော့ဘူး။ဒါပေမဲ့ သူမမှာ အစားအသောက်နဲ့ ပတ်သက်ပြီး မြင့်မားတဲ့ လိုအပ်မှုရှိနေတယ်။ရှန်ရန်ချင်းမှာ သူမကို ခွံ့ကျွေးရပေမဲ့ စိတ်ထဲ မထားဘူး။

ညရောက်တော့ ပွဲအသေးလေး ရှိတယ်။လူငယ်တွေချည်း သက်သက်ပဲဆိုပေမဲ့ ဒီပွဲဟာ နန်ကောရဲ့အားအင်အများစုကို စုပ်ယူသွားတယ်။

ပြန်တဲ့လမ်းမှာတော့ သူမဟာ မခံနိုင်တော့ဘဲ အိပ်ပျော်သွားတော့တယ်။

အိပ်ရာဆီကို သယ်သွားခံရပြီးမှသာ သူမနိုး လာတယ်။

ဒါ သူမတို့ရဲ့မင်္ဂလာဦးည...ဒါပေမဲ့ သူမမှာ အဲဒါကို လုပ်ဖို့အတွက် အားအင်ရော၊စိတ်ခံစားချက်ရော ရှိမနေဘူး။ရှန်ရန်ချင်းဟာ သူမကို မနှိပ်စက်ချင်ဘူး။သူဟာ သူမ ရေချိုးတာကို ကူညီပေးပြီး သူမကို ဆက်မအိပ်ခင် သူမရဲ့မိတ်ကပ်တွေကို ဖယ်ရှားပေးတယ်။

ဒီည ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုတာဟာ စီစဉ်ထားပြီးသား။

ရှန်ရန်ချင်း ရေချိုးပြီးထွက်လာတော့ နန်ကောဟာ အိပ်ရာပေါ်လဲရင်း သီချင်းနားထောင်နေတယ်။

နားကြပ်တပ်ထားတာမို့ သူ သူမအနားချဉ်းကပ်သွားတော့မှပဲ သူမဟာ သတိထားမိတယ်။

“မင်း မအိပ်ချင်တော့ဘူးလား”

“နည်းနည်း” ရေချိုးလိုက်ပြီးတဲ့နောက် သူမဟာ အစကလောက် မအိပ်ချင်တော့ဘူး။သူက ရေချိုးနေတာဖြစ်ပြီး သူမမှာက ဘာမှလုပ်စရာ မရှိဘူး။သူမ အိပ်ရာဘေးကစားပွဲကို မွှေကြည့်ပြီး MP3 player ကို ရှာတွေ့သွားတယ်။

အဲဒါ သူမဟာလေး။အဲ့တုန်းက‌ပေါ့။သူမအထက်တန်းတက်တုန်းက နေခဲ့တဲ့ တိုက်ခန်းကပစ္စည်းတွေ ထည့်ထားတဲ့ဘူးတစ်ဘူးကို သူမနဲ့ရှန်ရန်ချင်း ပြန်သယ်လာခဲ့ဖူးတယ်။

သူမ အဲ့ဘူးကို ရှန်ရန်ချင်းဆီမှာ အမြဲထားထားခဲ့တာ။သူမရဲ့ ငယ်ဘ၀တစ်ခုလုံးက ပစ္စည်းတွေအများကြီး အဲ့ထဲမှာ ရှိတယ်။

ဒီ MP3 player အကြောင်းပြောမှပဲ ဒီဟာလေးမှာ ဇာတ်လမ်းရှိတယ်။

254 02

သူမ အထက်တန်းတက်တုန်းက တကယ်တော့ သူမမှာ ဖုန်းရှိခဲ့တယ်။ဒါပေမဲ့ သူမ အထက်တန်းတတိယနှစ်ရောက်တော့ နန်ကျဲ့က ဖုန်းသိမ်းသွားတယ်။

အဲ့တုန်းက အနားမှာရှိတဲ့ ကျောင်းသားတွေအားလုံးဟာ MP3 တွေကို သုံးနေခဲ့ကြတာမို့ သူမလည်း တစ်ခု ခိုး၀ယ်ခဲ့တယ်။

နောက်တော့ နန်ကျဲ့သိသွားပြီး ထပ်သိမ်းဖို့ လုပ်သေးတယ်။သူ သူမကို ပြန်မပေးခင်အထိ သူမမှာ အကြာကြီး ငိုခဲ့ရတယ်။

ရှန်ရန်ချင်းဟာ အိပ်ရာပေါ်တက်ပြီး သူမဘေးမှာ ၀င်လဲတယ်။သူဟာ စောင်ကို သူမအပေါ် ဆွဲပေးပြီး အနားကိုတိုးတယ်။ “မင်း ဘာနားထောင်နေတာလဲ”

နန်ကောဟာ ပြန်မဖြေဘူး။အဲ့အစား သူမဟာ သိလိုစိတ်နဲ့ မေးတယ်။ “ရှင် ဒါဘာလဲ သိလား”

ဒါကိုမေးရင်း သူမရဲ့မျက်လုံးတွေဟာ တလက်လက် တောက်ပနေတယ်။ခုဏကတင် သူမ အိပ်ချင်နေခဲ့တယ်ဆိုတာကို ပြောနိုင်ဖို့ခက်တယ်။

သူမဟာ သူ့ကို နောက်ဆုံးရာစုနှစ်က လူတစ်ယောက်လို ဆက်ဆံနေပုံ ရတယ်။ရှန်ရန်ချင်းမှာ ကူကယ်ရာမဲ့စွာနဲ့ပဲ ပြုံးမိတယ်။ “ကိုယ်တို့က ၈နှစ်ပဲကွာတာပါ။ ကိုယ် ဒါကို မသုံးဖူးတာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့အရွယ်လောက်ဆို ဒီပစ္စည်းက ဒိတ်အောက်သွားသင့်တာ‌ ကြာလှပြီ”

“မဖြစ်နိုင်တာ” နန်ကောဟာ ခေါင်းအုံးပေါ်လဲနေရင်း လက်ထဲက MP3 ကို ကလိကြည့်တယ်။ “အထက်တန်း ကျောင်းမှာတုန်းက အရမ်းခေတ်စားခဲ့တယ်ရော်။ ကျွန်မတို့အတန်းထဲက လူအများစုမှာ ဒါရှိခဲ့တယ်။ ဒါပေမဲ့ ဒါဘာလဲဆိုတာ အစက ကျွန်မ တကယ်မသိခဲ့ဘူး”

သူမမှာ ငယ်ငယ်လေးကတည်းက ကိုယ်ပိုင်ဖုန်းရှိပြီးသား။MP3 ဆိုတာ သူမအတွက် သိပ်အသုံးမ၀င်ဘူး။ဒါကြောင့် သူမ ဒါကို တစ်ခါမှ မထိတွေ့ခဲ့ဖူးဘူး။

“ကျွန်မ ဒါကို ကျောင်းနားကဆိုင်လေးတစ်ဆိုင်မှာ ခိုး၀ယ်ခဲ့တာ။ ကျွန်မရဲ့အထက်တန်း တတိယနှစ်တုန်းကတော့ ရှင်သန်နေထိုင်ဖို့ ကျွန်မ ဒါလေးကို မှီခိုခဲ့တာပေါ့”

“အမ် ရှင်နားထောင်ကြည့်ချင်လား”

သူမဟာ နားကြပ်ကြိုးကို ဖြုတ်ပြီး ဘေးကိုလှည့်ကြည့်တယ်။သူမရဲ့မျက်လုံးထဲက မျှော်လင့်ခြင်းတွေကို မဖုံးကွယ်ထားနိုင်ဘူး။

သူရဲ့အသံတိတ် သဘောတူမှုနဲ့အတူ နန်ကောဟာ သူ့ကို နားကြပ်ကြိုး ကူတပ်ပေးတယ်။

သူတို့အားလုံးမှာ နားကြပ်တွေ ရှိခဲ့ကြတယ်။သူမ အထက်တန်းမှာတုန်းက သူမရဲ့အတန်းထဲမှာ စားပွဲချင်းကပ်ထိုင်တဲ့ အတွဲတစ်တွဲ ရှိခဲ့တယ်။ဒါဟာ သူတို့ အတန်းထဲမှာ သီချင်း ခိုးနားထောင်ခဲ့တဲ့ပုံစံ‌ပဲ။

အဲ့တုန်းက သူမမှာ သိချင်စိတ်ရှိခဲ့ပြီး နားမလည်တာလည်း ရှိခဲ့တယ်။

တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့မှ ကိုယ်တိုင်စမ်းကြည့်ဖို့ အခွင့်အရေး ရလာမယ်လို့ သူမ မထင်ထားမိဘူး။

“ရှင် ဘာနားထောင်ချင်လဲ။ ကျွန်မမှာ ကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ သီချင်းတွေ အကုန်ရှိတယ်...။ရှင် နားမထောင်ဖူးလောက်ဘူးထင်တယ်”

ရှန်ရန်ချင်းဟာ သက်ပြင်းချပြီး သူမရဲ့ MP3 player ကို ယူတယ်။သူမရဲ့ “non-mainstream” သီချင်းတွေအကြား ရင်းရင်းနှီးနှီးရှိတဲ့တစ်ပုဒ်ကို တုံ့တုံ့ဆိုင်းဆိုင်း ရှာတွေ့သွားပြီး ဖွင့်ဖို့နှိပ်လိုက်တယ်။

နန်ကောဟာ သူ ရွေးနေတာကို မမြင်ရဘူး။

Electric current အသံနဲ့အဖော်ပြုပြီး သီချင်းအစပိုင်းလေး ထွက်လာတယ်။စက္ကန့်၄၀၀န်းကျင်လောက်ရောက်တော့ သူမ စာသားကို ကြားလိုက်ရတယ်။

ချက်ချင်းလိုလိုပဲ နန်ကောဟာ ပြတင်းအပြင်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်မိတယ်။

အပြင်ကမိုးဟာ မတိတ်သေးဘဲ ဆက်လက်ပြီး ရွာသွန်းနေတယ်။

သူမဟာ အကြည့်ကိုပြန်ရုတ်ပြီး အပြုံးလေးတစ်ပွင့်နဲ့အတူ သူ့ကို မေးတယ်။ “ရှန်ရန်ချင်း ရှင် ဒီသီချင်းကို နားထောင်ဖူးတယ်ပေါ့”

“နားထောင်ဖူးတယ်”

နန်ကောဟာ တမင်တကာဆက်ပြီး “ရှင် မဆိုပြမချင်း ကျွန်မ ရှင့်ကို မယုံဘူးရော်”

ဒီအခိုက်အတန့်မှာ သီချင်းဟာ chorus အပိုဒ်ကို ၀င်လာပြီ။ရှန်ရန်ချင်းရဲ့မျက်တောင်လေးတွေ လှုပ်ခတ်သွားပြီး သူ့ရဲ့အပေါ်နဲ့အောက် နှုတ်ခမ်းချင်း ထိကပ်သွားတယ်။

“မင်း သိပါတယ်။ မိုး‌ရေတွေ တစ်မြို့လုံးကို ပြောင်းပြန်လှန်ပစ်လိုက်ရင်တောင်မှ ကိုယ့်ရင်ခွင်ကို မင်းဆီပေးအပ်မယ်ဆိုတာ”

သူဟာ တိုးတိုးလေးညည်းတယ်။သူ့အသံဟာ နားကြပ်ထဲကသီချင်းနဲ့ ထပ်တူကျနေတယ်။

နန်ကောဟာ မျက်လုံးလေးတွေ လခြမ်းပုံစံ ပြောင်းသွားတဲ့အထိ ပြုံးတယ်။သူမဟာ ခေါင်းအုံးပေါ် လက်တင်ပြီး လဲနေကာ သူ့မျက်ခုံးတွေကို ဘေးတိုက်ကြည့်တယ်။

ရှန်ရန်ချင်းဟာ သီချင်းကို အလေးအနက်ဆိုပြီးတဲ့အချိန်အထိ သူ့မျက်နှာထားဟာ တည်ကြည်လျက် ရှိနေခဲ့တယ်။

“အို ရှင့်အသံက အရမ်းတိုးတာပဲ။ ကျွန်မ နားကြပ်တပ်ထားတော့ သေချာမကြားလိုက်ရဘူး။ ထပ်ဆိုပါဦး”

သူမ တမင်တကာ လုပ်တယ်ဆိုတာကို သူသိနေတာတောင်မှပဲ ရှန်ရန်ချင်းဟာ သူမရဲ့စကားကိုနားထောင်ပြီး အပြုံးလေးတစ်ပွင့်နဲ့အတူ သဘောတူတယ်။ “ကောင်းပြီ ကောင်းပြီ”

သူ ဘယ်နှစ်ကြိမ်လောက် ဆိုခဲ့လဲဆိုတာကို နန်ကောမသိပေမဲ့ သူမရဲ့မျက်တောင်လေးတွေဟာ တဖြည်းဖြည်း မှိတ်ကျလာတယ်။

သူမ အသိစိတ်မပျောက်ခင် ရှန်ရန်ချင်း သူမရဲ့နားကြပ်ကို ဖြုတ်ပေးတာလည်း ခံစားလိုက်ရသေးတယ်။

မကြာခင်ဘဲ သူမဟာ နွေးထွေးတဲ့ထွေးပွေ့မှုထဲ နစ်မြုပ်သွားတယ်။ဒါပေမဲ့ သူမနားနားက နူးညံ့ညင်သာတဲ့ အသံလေးဟာတော့ ရပ်မသွားခဲ့ဘူး။

တီးတိုးသံလေးလိုမျိုး သူမဟာ အိပ်မက်ထဲကို သူ့ရဲ့အသံလေးနဲ့အတူ ဝင်ရောက်သွားခဲ့တယ်။

သိပ်မကြာလိုက်ဘဲ သူဟာ ခဏနားပြီး စတင်ခြင်းအသစ်ကို ကြိုဆိုတယ်။ “ဒါ ရိုးရှင်းတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ပါ”

******

All Chapters