အခန်း ၂၅၅
Vol. 26 Ch. 255
255 01
Chapter 255 ခွဲခွာခြင်း။
လက်ထပ်ပွဲ ပြီးသွားတဲ့နောက်တစ်နေ့မှာတော့ နန်ကောနဲ့ရှန်ရန်ချင်းတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ဟာ တရား၀င်စတင်ပြီ။
ဒီအချိန်ကာလအတွင်း ရှန်ရန်ချင်းဟာ အလုပ်တွေအားလုံးကို ရပ်ပြီး နန်ကောကို စိတ်နှလုံးအကြွင်းမဲ့ အဖော်ပြုပေးတယ်။
နှမြောစရာကောင်းစွာပဲ သူတို့နှစ်ယောက်မှာ ဒီခရီးစဥ်အတွက် ၁၀ရက်သာရှိခဲ့တယ်။
ပြန်တဲ့လေယာဉ်ပေါ်မှာ နန်ကောဟာ အရေးကြီးတာ တစ်ခုခုကို ရုတ်တရက် သွားသတိရတယ်။
“ဟူး” သူမဟာ ဘေးကလူရဲ့လက်ဖမိုးကို အမြန်ပုတ်လိုက်တယ်။
ရှန်ရန်ချင်းဟာ မစ္စတာရှန်ရဲ့စာကိုပြန်နေတာဖြစ်ပြီး ချက်ချင်းမော့ကြည့်လာတယ်။
ပထမတန်းထိုင်ခုံ၂ခုံကြားမှာ ရှိတဲ့အကွာအဝေးဟာ နည်းနည်းကျယ်တယ်။နန်ကောဟာ လှည့်ပြီး သူ့ကိုမှီလိုက်ပေမဲ့ အကွာအဝေးနဲ့ပတ်သက်ပြီး သိပ်တော့ မကျေနပ်ဘူး။သူမဟာ အမြန်မျက်မှောင် ကြုတ်ပြီး လက်ယမ်းပြတယ်။ “ပိုနီးနီးလာ!”
အမျိုးသားဟာ ဖုန်းကိုဖယ်ပြီး ဘေးဘက်ကိုလှည့်ရင်း ခေါင်းငုံ့တယ်။
နှစ်ယောက်သားဟာ တစ်ယောက်ခေါင်း တစ်ယောက်မှီပြီး တိုးတိုးလေး ပြောကြတယ်။
“ကျွန်မ ဦးလေးငယ်ဆီကနေ သတင်းကြားထားတယ်”
ရှန်ရန်ချင်းဟာ မျက်ခုံးပင့်ပြီး “ဖေးယွင်အကြောင်း”
“ရှင် ဘယ်လို သိတာလဲ” နန်ကောဟာ အံ့ဩသွားတယ်။သူမဟာ သူ့ဆီကနေခွာလိုက်ပြီး သူ့ကို အလန့်တကြားသေချာကြည့်တယ်။
“ကိုယ် မှန်းလိုက်တာ” ရှန်ရန်ချင်းဟာ ပြုံးတယ်။ “မင်း ဘာသိထားလဲ”
နန်ကောရဲ့အတွေးတွေဟာ သူမမျက်နှာမှာ အကုန်ရေးထားတယ်။ခန့်မှန်းရ မခက်ပါဘူး။
နန်ကောဟာ နှုတ်ခမ်းကိုဖိပြီး “ဦးလေးငယ်ပြောတာ သူတို့နဲ့ ရှင့်လုပ်ငန်းကိစ္စက တကယ်ပြီးပြီတဲ့။ ဆက်ဖို့ မဖြစ်နိုင်ဘူးတဲ့။ အဓိကအကြောင်းအရင်းက ရုတ်တရက်ကြီး ထွက်သွားတဲ့အင်ဂျင်နီယာကြောင့်တဲ့။ ဖေးယွင်နည်းပညာက သူတို့အတွက် အပျော်ပဲလို့တောင် သူကပြော သေးတယ်”
“ဘာပဲဖြစ်ဖြစ် အဲ့တာကို စိတ်ထဲမထားနဲ့။ သူတို့က ရှင့်ကို နောက်ကျောဓားထိုးပြီး နောက်ထပ် ပါတနာ ရှာတာမဟုတ်ဘူး။ ဦးလေးငယ်ပြောတာ ဟွားရှန်က ဖေးယွင် အတူလက်အတွဲချင်ဆုံးကုမ္ပဏီတဲ့။ အခြားကုမ္ပဏီမရှိဘူး။ အဲ့တာက ဒီတိုင်း...ကံမကောင်းသွားတာ”
“အသေးစိတ်ကတော့ ဦးလေးငယ်က အသေးစိတ် မပြောပြသွားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရှင် အဲ့လူတွေကို သိပါတယ်။ သူတို့ဦးနှောက်တွေက မူမမှန်ဘူးလေ”
ချမ်းသာတဲ့ကလေးတွေရဲ့ဂိမ်းတစ်ခုသက်သက်ပါပဲ။
တစ်ချိန်တည်းမှာပဲ မြို့တော်မှာရှိတဲ့သူမရဲ့ဦးလေးငယ်ဟာ နှာချေ သွားတယ်။
“အိုကေ ကိုယ်နားလည်ပါတယ်” ရှန်ရန်ချင်းဟာ သူမရဲ့လက်ကို ဆုပ်ကိုင်တယ်။နန်ကော ပြောပြခဲ့တာတွေကို သူသိပြီးသား ဖြစ်ပေမဲ့လည်း သူဟာ သူမကို ချီးကျူးပေးတုန်းပဲ။ “ကံကောင်းလို့ မင်း ကိုယ့်ကို အချိန်မှီပြောပြလို့ပေါ့။ မဟုတ်ရင် ကိုယ် ကုမ္ပဏီကို ပြန်ရောက်ရင် ဒီကိစ္စကြောင့်နဲ့ အတော်လေး စိတ်ရှုပ်နေရမှာ”
နန်ကောဟာ သူမရဲ့အားနေတဲ့လက်ကို သူ့ပုခုံးတစ်ဝိုက်မှာပတ်လိုက်ပြီး ညင်ညင်သာသာလေး ပုတ်ပေးတယ်။ “ဟူး စိတ်မပူပါနဲ့”
“ကျောင်းစရင် အချိန်အများစုက ကျွန်မ မြို့တော်မှာရှိနေမှာ။ အဲ့အခါကျရင် ဖေးယွင်အင်ဂျင်နီယာ လှုပ်ရှားပြီဆိုတာနဲ့ ကျွန်မ ရှင့်ကို ပြောပြပါမယ်”
“ဟုတ်ပါပြီ”
ဂျူလိုင်လအကုန်မှာတော့ နန်ကောဟာ သူမမိသားစုရဲ့”အစောင့်အကြပ်”အောက်ကနေ မြို့တော်ကို ရောက်သွားတယ်။
သူမရဲ့ဦးလေးငယ်ဟာ သူမကို အထူးတလည် လာကြိုပြီး မိသားစုဟာ ထမင်းအတူ စားခဲ့ကြတယ်။
ထမင်းစားနေတုန်း မစ္စတာနန်ဟာ သူ့ကို ခဏခဏ သတိပေးတယ်။ “ချန်းစစ် နောက်ဆို မြို့တော်မှာ ရော့ရော့ကို ဂရုစိုက်ပေးဖို့ ငါ မင်းကို အပူကပ်ရမှာပဲ”
“အထွေအထူး မဟုတ်ပါဘူး” ဦးလေးငယ်ဟာ ပြုံးပြီး ဖန်ခွက်ကိုမြှောက်တယ်။ “အစ်ကိုကြီး ကျွန်တော်က သူ့အငယ်ဆုံးဦးလေးပါ။ ကျွန်တော် ဒီမှာရှိနေရင် စိတ်ပူစရာ မလိုပါဘူး”
“အကြီးအကဲဟောင်းချန်းကတော့...” မစ္စတာနန်ဟာ တုံ့ဆိုင်းသွားတယ်။
ဦးလေးငယ်ဟာလည်း တန့်သွားပြီး နန်ကောဟာ သူ့ကို ကြည့်လိုက်တယ်။
မစ္စနန်ဟာ မစ္စတာနန်ကို စားပွဲအောက်ကနေ မကျေမချမ်းအကြည့်မျိုးနဲ့ တွန်းတယ်။
ဦးလေးငယ်ဟာ အမြန်လက်ခါတယ်။သူ့မျက်နှာမှာ သာမန်အပြုံးဟာ ရှိနေသေးပြီး ဘာမှမဖြစ်သလို ပြောတယ်။ “ရော့ရော့က အငယ်လေးလေ။ ကျွန်တော့်အဖိုးက ကလေးတစ်ယောက်ကို ဒေါသ မထွက်နိုင်ပါဘူး။ ရော့ရော့က စာလေ့လာဖို့ လာတာလေ။ ကျွန်တော် သူ့တောင် ပြောပြထားသေးတယ်။ လူအိုကြီးက ကတိတည်လို့ဆိုပြီး သူ့ကို ချီးတောင် ကျူးနေသေးတယ်။ သူလာတဲ့အခါကျရင် ထမင်းအတူစားဖို့တောင် ကျွန်တော့်ကို ခေါ်လာခိုင်းသေးတယ်”
ချန်းစစ်ရဲ့အဖိုးဟာ နန်မိသားစုနဲ့ပတ်သက်ပြီး ထင်မြင်ချက် အများကြီးရှိကာ သူတို့ကို တစ်ခါမှ နှစ်သက်ခဲ့တာ မဟုတ်ဘူး။နှစ်တိုင်း ချန်းစစ်ဟာ ကျန်းမြို့ကို ခိုးခိုးပြီး ပြန်လာတာ။သူ့အဖိုး သူ့ကို မရိုက်လောက်ဘူးဆိုပေမဲ့လည်း သိသွားတဲ့အခါကျရင်တော့ နှုတ်နဲ့တတွတ်တွတ် ဆုံးမသြ၀ါဒခြွေတတ်တယ်။
ဒါပေမဲ့ နန်ကောကတော့ ကလေးပဲ ရှိသေးတယ်။ဘာတွေပဲဖြစ်ဖြစ် သူမဟာ သူ့ရဲ့တူမလေး။သူမဟာ သူ့မှာရှိတဲ့ အငယ်လေးတွေထဲက တစ်ယောက်ပဲ။အဖိုးဟာ သူ့ဒေါသကို ကလေးမအပေါ် ပုံချမှာမဟုတ်ဘူး။
သူ့စကားနဲ့ကျမှ မစ္စတာနန်နဲ့မစ္စနန်ဟာ စိတ်ပေါ့သွားတယ်။
255 02
ကျောင်းတွေစပြီး ကိစ္စတွေလည်း အသစ်သော အဆင့်တစ်ခုထဲ ၀င်လာတဲ့အခါ နန်ကောဟာ အလုပ်များလာပြီး ရှန်ရန်ချင်းနဲ့ တရား၀င် စတင်ခွဲနေရတော့တယ်။
ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ အလုပ်များနေပါစေ။ နှစ်ယောက်သားဟာ ဖုန်းခေါ်ဖို့အချိန်တော့ ရှိသေးပြီး အချင်းချင်းနေ့တိုင်း ဗီဒီယိုကောလ်ခေါ်ကြတယ်။
ရှန်ရန်ချင်းဟာ အပတ်တိုင်း ဟိုက်မြို့ကနေ လေယာဉ်နဲ့ရောက်လာတတ်ပြီး ပိတ်ရက်ပြီးရင် ပြန်သွားတတ်တယ်။
ကြာသပတေးနေ့နေ့လည်ပိုင်းဖြစ်ပြီး ဆောင်းဦးလယ်ပွဲတော်နဲ့ နီးနေပြီ။ကျောင်းအဆောက်အအုံကနေ ထွက်လာတဲ့လမ်းမှာ နန်ကောဟာ လမ်းလျှောက်ရင်း ရှန်ရန်ချင်းနဲ့ ဗီဒီယိုကောလ် ပြောနေတယ်။
သူမတို့ နောက်ဆုံးတွေ့ခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးတာကို အမျိုးသားကြည့်ရတာ ဝိတ်နည်းနည်း ကျသွားသလိုပဲ။အခုတလော ရှန်ရန်ချင်း အရမ်းအလုပ် များနေတယ်ဆိုတာကို သူမ မြောင်မြောင်ဆီကနေ ကြားရတယ်။
သူမဟာ မနေနိုင်ဘူး။ “ရှင် အလုပ်များတယ်ဆို ဒီအပတ်မလာနဲ့တော့”
ဒီနှစ် သူမဦးလေးငယ်ရဲ့အဖိုးဟာ သူမကို ဧည့်သည်အနေနဲ့ ဖိတ်ထားတယ်။လူကြီးက ဖိတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူမ ငြင်းဆိုလို့ မရဘူး။
ထပ်ဖြည့်ရရင် အားလပ်ရက်တွေကလည်း အရမ်းတိုတယ်။ဒီတော့ သူမ အားလပ်ရက်တွေမှာ အိမ်ပြန်ဖို့ အချိန်မရဘူး။ဒီနှစ်ဆောင်းဦးလယ်ပွဲတော်မှာတော့ သူမ မြို့တော်မှာပဲနေရဖို့ ကြမ္မာဖန်တယ်။
သူမ တစ်ယောက်တည်း ဖြစ်နေတာကို ကြောက်မှန်းသိနေတဲ့အတွက် ရှန်ရန်ချင်းဟာ စောလာပြီး ချန်းမိသားစုဆီ သူမနဲ့အတူ အဖော်လိုက်ပေးဖို့ဆုံး ဖြတ်လိုက်တယ်။
သူ သူမအတွက်ကြောင့် အချိန်ဇယားတွေကို အလွန်အကျွံပိုလုပ်နေတာ ဖြစ်တယ်။
“ဟင့်အင်း” ရှန်ရန်ချင်းဟာ စဉ်းစားမနေဘဲ ငြင်းတယ်။ “ဒီအလုပ်တွေက အားလပ်ရက်ပြီးတဲ့အထိ စောင့်မရဘူး။ ကိုယ် နောက်၂ရက်လောက်ပဲ အလုပ်ရှုပ်တော့မှာပါ”
မကြာဘူး။သူဟာ စကားလမ်းကြောင်း လွှဲသွားတယ်။ “မင်း ချန်းမိသားစုဆီ သွားမယ်ဆိုတဲ့အကြောင်း မင်းရဲ့မားနဲ့ပါးကို ပြောပြီးပြီလား”
“ရက်စ် ရက်စ် ဒီမနက်က သူတို့ကိုပြောပြီးပြီ ပါးက ပြောတယ်။ ကျွန်မတို့နှစ်ယောက် သွားမယ်လို့ ဆုံးဖြတ်ထားရင် ကျွန်မတို့ အပြုအမူနဲ့ကျင့်၀တ်ကို အာရုံစိုက်ရမယ်တဲ့ သူ ပြောတာ အဖိုးချန်းက ဒါတွေကို ပိုတန်ဖိုးထားတယ်တဲ့”
“မပူပါနဲ့ ကိုယ် ဒါတွေအားလုံးအတွက် ပြင်ဆင်ထားပါတယ်။ ဦးလေးငယ်ကရော…သူ ဘာပြောလဲ”
“ဦးလေးငယ်ကတော့ ကျွန်မကို မကြောက်နဲ့တဲ့။ ချန်းမိသားစုမှာ လူသိပ်မရှိဘူးတဲ့။ သူ့မျိုးဆက်မှာ သူတစ်ယောက်တည်းပဲ အခြားအငယ်တွေမရှိဘူးဆိုဘဲ။ သူပြောတာတော့ ကျွန်မတို့သွားရင် အဖိုး သေချာပေါက် ကျွန်မတို့ကို သဘောကျလိမ့်မယ်တဲ့”
ဒါတောင်မှ နန်ကောဟာ ရှန်ရန်ချင်းကို သူမနဲ့အတူ အဖော်လိုက်စေချင်တယ်။
ဘာပဲ ပြောပြော အဖိုးချန်းရဲ့ရာဇ၀င်တွေကို သူမအဖိုးအဖွားတွေဆီကနေ သူမ တော်တော်များများ ကြားဖူးထားတယ်။ဒါပေါ့။အဖိုးချန်းအကြောင်း ပြောတိုင်း သူမအဖိုးနဲ့အဖွားဟာ သူ့ကို ဆူပူရှုံ့ချတာ။ချုံပြောရရင်တော့ အကောင်းပြောတာ တစ်ခုမှမရှိဘူး။
ဒါဟာ သူမကို အဖိုးချန်းကို အနည်းငယ် ကြောက်သွားစေတယ်။
ဆောင်းဦးလယ်ပွဲတော်ညမှာတော့ သူမရဲ့ဦးလေးငယ်ဟာ စစ်၀င်းထဲကို ခေါ်သွားဖို့ သူမတို့နှစ်ယောက်ကို အထူးတလည် လာခေါ်ပေးတယ်။
၀င်သွားတဲ့အခါ ဦးလေးငယ် သူမကို လိမ်နေတာ မဟုတ်ဘူးဆိုတာ နန်ကော သိသွားတယ်။ချန်းမိသားစုမှာ တကယ်ကိုပဲ လူသိပ်မရှိဘဲ ဆိုဖာက ပြည့်တောင် မပြည့်ဘူး။
ဆိုဖာရဲ့အလယ်မှာ ချိုင်းထောက်နဲ့ထိုင်နေတဲ့လူအိုကြီးဟာ လွန်ခဲ့တဲ့တစ်စက္ကန့်လောက်က မျက်နှာတည်ကြီးနဲ့ ရှိနေခဲ့ပြီး သူမကိုလည်း မြင်ရော ချက်ချင်း ပြုံးပြတယ်။သူဟာ ကြမ်းပြင်ကို ချိုင်းထောက်နဲ့ခေါက်ပြီး လက်ပြတယ်။ “ရော့ရော့မလား။ မြန်မြန်၀င်လာခဲ့”
“မင်္ဂလာပါ အဘိုး” နန်ကောဟာ ဦးလေးငယ်ရဲ့လမ်းညွှန်မှုအောက်မှာ နှုတ်ဆက်တယ်။
အကြီးအကဲဟောင်းချန်းဟာ ချန်းစစ်ရဲ့အမေဘက်က အဖိုးဆိုပေမဲ့ ချန်းစစ်ဟာ ငယ်ငယ်လေးကတည်းက သူ့ကို အမြဲတမ်း အဖေဘက်က အဖိုးတစ်ယောက်လို ဆက်ဆံတယ်။
ဒါကြောင့် အသက်ကြီးမှုအပေါ် မူတည်ပြီး နန်ကောမှာ သူ့ကို အဲ့လိုပဲခေါ်နိုင်တယ်။
255 03
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ လာထိုင်ပါဦး။ ကလေး သမီးက အရမ်းလှတာပဲ။ လာ လာ လာ အဘိုးဘေးမှာ လာထိုင်”
နန်ကောကို ထိုင်ဖို့ပြောပြီးတဲ့နောက် အဖိုးချန်းဟာ လှည့်ကြည့်ပြီး ရှန်ရန်ချင်းကို မြင်သွားတယ်။ “ဒါက ရှန်မိသားစုက ကလေးလား။ နာမည်က ဘာပါလိမ့်...”
“ဟုတ်ကဲ့ အဘိုး ကျွန်တော့်နာမည် ရှန်ရန်ချင်းပါ ရှန်ငယ်လေးလို့ ခေါ်နိုင်ပါတယ်” ရှန်ရန်ချင်းဟာ ပြောရင်းနဲ့ ပြင်ဆင်လာတဲ့လက်ဆောင်ကိုပါ ချပေးတယ်။ “ဒါက ကျွန်တော်တို့ အဘိုးအတွက် ယူလာတဲ့ပစ္စည်းလေးပါ သဘောကျမယ်လို့ မျှော်လင့်ပါတယ်”
“အို ဘုရား အဘိုးက မင်းတို့ကို စားသောက်ဖို့ခေါ်တာပါ။ ယူလာဖို့ မလိုပါဘူး” သူဟာ အဲ့လိုပြောပေမဲ့လည်း အဖိုးချန်းရဲ့မျက်နှာပေါ်ကအပြုံးဟာ ပိုလို့နက်နဲ သွားတယ်။
အကြီးအကဲဟောင်းဟာ သူတို့ယူလာတဲ့ဟာကို ဂရုမစိုက်ဘူး။ကြည့်တောင် မကြည့်ဘူး။အနားမှာ ချန်းစစ် ရှိနေတာနဲ့တင် သူဟာ ဘာကိုမှ လိုအပ်မနေဘူး။မစ္စတာနန်ပြောသလိုပဲ သူဟာ စိတ်ရင်းကို ပိုတန်ဖိုးထားတယ်...
******