အခန်း ၂၅၇
Vol. 26 Ch. 257
257 01
Chapter 257 တရား၀င်ရာထူးအသစ်။
သူမရဲ့ဦးလေးငယ်နဲ့ သဘောတူညီချက် ရပြီးသွားတဲ့အခါ နန်ကောဟာ ဆောင်းရာသီပိတ်ရက်မှာ အိမ်ပြန်ဖို့ကို အလျင်လိုမနေခဲ့ဘူး။သူမဟာ အင်ဂျင်နီယာကို ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တယ်။တွေ့ဆုံပြီးတော့မှ တစ်ဖက်လူဟာ မိန်းကလေးဖြစ်နေမှန်းကို သူမ သိလိုက်ရတယ်။
တစ်ဖက်လူက သူမကို တလေးတစား ရှိနေတဲ့အခါမှာတော့ နန်ကောဟာလည်း နည်းနည်း စိုးရိမ်လာမိတယ်။
အစက တစ်ဖက်လူဟာ ဆက်သွယ်ပြောဆိုဖို့ ခက်မယ်လို့ ထင်ထားခဲ့ပြီး အလွယ်တကူ သဘောမတူလောက်ဘူးပေါ့။မထင်မှတ်ဘဲ တစ်ဖက်လူဟာ သူမ ၂ကြိမ်တိတိ နောက်ယောင်ခံလိုက်ကာ စောင့်ခဲ့ပြီးနောက်မှာတော့ အမြန်သဘောတူလိုက်တယ်။
ဒီကိစ္စရဲ့အောင်မြင်မှုဟာ ရုတ်တရက် ဆန်လွန်းတယ်။နန်ကောရဲ့အစကအကြံကို အနှောင့်ယှက် ဖြစ်သွားစေတယ်။
အစက သူမ ရှည်လျားတဲ့တိုက်ပွဲကို တိုက်ဖို့ပြင်ဆင်ထားခဲ့ပြီးသား။တစ်ပတ်တည်းနဲ့ သူမ အလွယ်တကူလေး နိုင်သွားမယ်လို့ ဘယ်သူကထင်ထားမှာလဲ။
ဒါကြောင့် နန်ကောဟာ သူမရဲ့ကျန်တဲ့အင်အားကို ဖေးယွင်မှာ ရင်းနှီးမြှုပ်နှံခြင်းအမှုပေါ် အသုံးချလိုက်တယ်။သူမ ဒီကိစ္စကို နှစ်သစ်ကူးမတိုင်ခင် အတည်တကျဖြစ်အောင် လုပ်ပြီး အိမ်ကို အောင်မြင်မှုနဲ့ပြန်ဖို့ စိတ်ကူးထားတယ်။ဒီလိုမှ သူမ နန်ကျဲ့ရှေ့မှာ မြောက်ကြွမြောက်ကြွ လုပ်လို့ရမှာ။
ဒါပေမဲ့ ရှယ်ယာရင်းနှီးမြှုပ်နှံတာဟာ သူမ ထင်သလောက် မရိုးရှင်းဘူး။ရှယ်ယာရှင်တွေရဲ့အစည်းအဝေးပွဲကို ကျင်းပမယ်ဆိုပေမဲ့ နှစ်ကုန်ခါနီး ရွှေ့ဆိုင်းလိုက်မှုကြောင့် သူမ ဒါကို ဘယ်အချိန်အပြီးသတ်ဖြစ်ပြီး အိမ်ကို ဘယ်အချိန်ပြန်ရမလဲ မသိသေးဘူး။
အနောက်ကျဆုံးအနေနဲ့ ဒီဇင်ဘာ၂၅၀န်းကျင်လောက်မှာပြန်ဖို့ သူမ ဆုံးဖြတ်ထားပြီးသား။ဒါကို ထင်ထားတာထက် ပိုရှုပ်ထွေးလိမ့်မယ်လို့ မထင်ထားမိဘူး။သူမဟာ ဟိုက်မြို့ပြန်ဖို့ လေယာဉ်ကို ၂၉ရက်နေ့အတွက်ပဲ ၀ယ်လိုက်ရတယ်။
အိမ်ကို ပြန်ရောက်တာနဲ့ နန်ကော ပထမဆုံးလုပ်တဲ့အရာဟာ ဟွားရှန်နဲ့ဖေးယွင်ကြားက ပူးပေါင်းဆောင်ရွက်မှုကို ရှန်ရန်ချင်းနဲ့အတူ ဆွေးနွေးတာပဲ။
“ဒီပရောဂျက်ကို နှစ်သစ်ကူးပြီးရင် ပြန်စလို့ရတယ် ရှင် ဟွားရှန်အတွက် ဒါကို ပြန်စဉ်းစားကြည့်ချင်လား? အဆင်ပြေတဲ့ပရောဂျက်တစ်ခုဆိုတော့ကာ”
သူတို့နှစ်ယောက်ကြား စားပွဲခြားနေတယ်။နန်ကောဟာ ဆန့်ကျင်ဘက်မှာ လေးနက်တဲ့ မျက်နှာထားနဲ့ ထိုင်နေတယ်။
သူမကို တစ်ပတ်လောက် မတွေ့ရတဲ့နောက်မှာ ရှန်ရန်ချင်းရဲ့အကြည့်ဟာ သူမအပေါ်မှာ ခေါက်တုံ့ခေါက်ပြန် ရှိနေတယ်။ဒါကြောင့် သူဟာ သူမရဲ့စကားတွေကို ချက်ချင်း အမှီမလိုက်နိုင်လိုက်ဘူး။
သူ့ဘက်က ပြန်မဖြေတော့ သူ ကျေနပ်မှုမရှိဘူးလို့ နန်ကောဟာ ထင်သွားတယ်။သူဟာ အရင်တစ်ခေါက်က ဖေးယွင်ဘက်က စာချုပ်ချိုးဖောက်မှုကို စိတ်ထဲ အဆင်မပြေနေတုန်းဘဲကိုး။သူမဟာ ထိုင်ခုံကို ရှေ့တိုးပြီး အချက်ကျကျ ပြောတယ်။ “အရင်တစ်ခေါက်က ဖေးယွင် ဟွားရှန်ကို ပြဿနာ တက်သွားစေတယ်ဆိုတာ ကျွန်မသိတယ်။ သူတို့ မလုပ်သင့်တဲ့တစ်ခုခုကို လုပ်ခဲ့တယ်။ ဟွားရှန်က လျော်ကြေးကို ဂရုမစိုက်တာလည်း ကျွန်မသိတယ်။ ကျိန်းသေပေါက် ဖေးယွင်ဘက်က မှားခဲ့တာ”
“ဒါပေမဲ့ အခု ညှိနှိုင်းလို့ရနိုင်သေးတယ်။ ဟွားရှန် ဖေးယွင်အပေါ် ဒေါသတချို့ ရှိနေတုန်းဆိုတာကို ကျွန်မသိတယ်။ ဒါပေမဲ့ သူတို့ရဲ့နည်းပညာက ဒီလောကရဲ့ထိပ်မှာဆိုတာကိုတော့ ကျွန်မ၀န်ခံရမယ်။ ဟွားရှန်ဘက်ကလည်း ဒါကို လက်ခံမယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဟွားရှန်က ဖေးယွင်ကို ကျွန်မထက် ပိုသိမှာပါ”
“ဒါကြောင့် ဒီတစ်ခါ ကျွန်မနဲ့ပါအတူဆို ကျွန်မတို့ ရေရှည်သဘောတူညီမှုအထိ သွားလို့ရနိုင်တယ်။ သမိုင်းက နောက်တစ်ဖန် ထပ်ဖြစ်လေ့မရှိပါဘူး။ ရှင့်မှာ အခြားတောင်းဆိုစရာ တစ်ခုခုရှိရင် ကျွန်မကို ပြောလို့ရတယ်။ စကားကောင်းကောင်း ပြောကြစို့ပါ”
ဒါကိုကြားတဲ့အခါ ရှန်ရန်ချင်းဟာ သူ့ရဲ့မိန်းမအသစ်လေးကို အံ့ဩတကြီး ကြည့်တယ်။
သူ မှားမှတ်မိတာများလား။သူတို့နှစ်ယောက် အချင်းချင်း မတွေ့ရတာ တစ်ပတ်ပဲ ရှိပါသေးတယ်။နန်ကော ဘာလို့အများကြီး ပြောင်းလဲသွားတာလဲ။
သူမရဲ့လေသံနဲ့အရှိန်အဝါဟာ အရင်ကနဲ့ လုံး၀ကွာခြားတယ်။
သူ့အရှေ့က စားပွဲဟာလည်း တစ်ခဏအတွင်းမှာပဲ ညှိနှိုင်းဆွေးနွေးရေးစားပွဲ ဖြစ်လာသလိုပဲ။
နန်ကောဟာ သူ့ကို သူ့ရဲ့မိန်းမအနေနဲ့ ပြောနေတာ မဟုတ်ဘူး။အဲ့အစား ဖေးယွင်ရဲ့အမြင့်ထဲက လူတစ်ယောက်အနေနဲ့ ပြောနေတာ။
သူသာ အသိစိတ် ကပ်မနေဘူးဆိုရင် သူမရဲ့တည်ကြည်လေးနက်ပြီး သတိကြီးမှုအတွက် သူ သူမကို စိတ်ပျက်အောင် လုပ်မိသွားတော့မလို့။
သူ့ဘက်က မလှုပ်မယှက် ရှိနေတာကို မြင်တော့ နန်ကောမှာ ကူကယ်ရာ မဲ့သွားတယ်။သူမဟာ သူ့ကို အသနားခံကတ်သာ ထုတ်သုံးရတော့တယ်။ “ရှင် သူတို့ကို မယုံကြည်ဘူးဆိုရင်တောင် ကျွန်မကိုတော့ ယုံကြည်သင့်တယ်။ ကျွန်မက အခု ဖေးယွင်ရဲ့ရှယ်ယာရှင်တွေထဲက တစ်ယောက်တင် မဟုတ်တော့ဘဲ အရောင်းဒါရိုက်တာဆိုလည်း ဟုတ်တယ်”
“ယောက်ျားဖြစ်သူနဲ့မိန်းမဖြစ်သူ ရှင်းရှင်းလင်းလင်း စာရင်း ရှင်းတယ်ဆိုလည်းပဲ ရှင် ကျွန်မကို နည်းနည်းတော့ မျက်နှာသာ ပေးသင့်တယ်လေ”
“ဒီတစ်ကြိမ် ဘာမှမှားမှာ မဟုတ်ပါဘူး။ ကျွန်မကတိပေးတယ်”
257 02
“ဒါပေါ့ ရှင် ဖေးယွင်နဲ့အလုပ်လုပ်ဖို့ကို ကျွန်မတို့ရဲ့ဆက်ဆံရေးကို အသုံးမချချင်ပါဘူး။ ကျွန်မ ရှင့်ကို ကျွန်မတို့နဲ့ ချက်ချင်းပူပေါင်း ဆောင်ရွက်ခိုင်းတာလည်း မဟုတ်ဘူး။ ကျွန်မပြောချင်တာက ဖေးယွင်ကို အရင်အခွင့်အရေး ပေးကြည့်ဖို့ပါ။ နှစ်သစ်ကူးပြီးသွားမှ ကျွန်မတို့ထိုင်ပြီး အတည်တကျ စကားပြောဆွေးနွေးလို့ရတယ်” သူမ မျှော်လင့်တာက ရှန်ရန်ချင်း သူမကို မျက်နှာသာ ပေးဖို့လေးရယ်၊ဖေးယွင်ကို ညှိနှိုင်းဖို့ အခွင့်အရေးလေးပေးဖို့ရယ်ပါပဲ။
အဆုံးမှာ အောင်မြင်လား၊မအောင်မြင်လားကတော့ ဖေးယွင်ရဲ့အစွမ်းအစပေါ်မှာပဲ မူတည်လိမ့်မယ်။
“ဒါပေါ့” ရှန်ရန်ချင်းဟာ ပြန်တုံ့ပြန်တယ်။သူသာ ပြန်မဖြေဘူးဆိုရင် နန်ကော ဒေါသတကြီးနဲ့ စားပွဲကို မှောက်ခုံလှန်ပစ်တော့မယ်လို့ ခံစားရတယ်။သူမရဲ့စိတ်ရှည်မှုက ကုန်စပြုလာပြီလေ။
“ကိုယ်တို့ ဒီကိစ္စကို နှစ်သစ်ကူးပြီးရင် အသေးစိတ် ပြောကြမယ်” အမျိုးသားဟာ စားပွဲပေါ်လက်တင်ပြီး သူမကို မျက်မှန်အောက်က မျက်လုံးနက်နက်တွေနဲ့ စိုက်ကြည့်တယ်။သူဟာ တရား၀င်လေသံနဲ့ ဆက်ပြောတယ်။ “ပထမဆုံးအနေနဲ့ မင်းပြောခဲ့သလိုပဲ။ ဖေးယွင်နည်းပညာက အရမ်းကောင်းလွန်းတယ် ဒီလောကရဲ့ခေါင်းဆောင်ဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုတာ”
“ဖေးယွင်နဲ့ဟွားရှန်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူနေသမျှကာလပတ်လုံး ကျိန်းသေပေါက် အရှုံးမရှိတဲ့ အခြေအနေဘဲ”
ဖေးယွင်ဟာ ကျော်ကြားလာပြီး ဒီအသိုင်းအဝိုင်းလောကထဲ အခိုင်အမာ ခြေချနိုင်ဖို့ဆို ဟွားရှန်ကို အသုံးချဖို့လိုအပ်သလို ဟွားရှန်ကလည်း အထူးစပယ်ရှယ် ဆန်းသစ်တီထွင်မှု တစ်ခုပြီးမြောက်ဖို့အတွက် ဖေးယွင်ရဲ့ချပ်စ်ကို လိုအပ်တယ်။
ဒါဟာ အရှုံးမရှိတဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး လူတိုင်း ပျော်ရွှင်ရလိမ့်မယ်။
“ဒုတိယအနေနဲ့...” ရှန်ရန်ချင်းဟာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရင်း “ကိုယ်တို့ဆက်ဆံရေးက ဒီနေရာမှာရှိတယ်။ ဒီတော့ ကိုယ်တို့ကအသင်းအဖွဲ့တစ်ခုပဲ စီးပွားရေးဆိုပေမဲ့လည်း ဒါက ကိုယ့်မိန်းမရဲ့ပထမဆုံးအကြိမ် စီးပွားရေးတစ်ခု စလုပ်တာဖြစ်ပြီး တရား၀င်ရာထူးအသစ်လည်း ဖြစ်သေးတယ်။ မင်းရဲ့ယောက်ျားအနေနဲ့ ကိုယ်က ဘယ်လိုလုပ် မကူညီဘဲ နေနိုင်ပါ့မလဲ”
“.....” နန်ကောဟာ မျက်တောင်ခတ်ပြီး တစ်ခဏ ကြောင်သွားတယ်။သူမဟာ အံ့သြတကြီးနဲ့ မေးတယ်။ “ရှင် ပူးပေါင်းဆောင်ရွက်ဖို့ကို သဘောတူတယ်ပေါ့”
“အင်း” ရှန်ရန်ချင်းဟာ ခေါင်းညိတ်ပြတယ်။ “ကိုယ်တို့အသေးစိတ်ကို နှစ်သစ်ကူးပြီးမှ ပြောကြမယ်”
“ကောင်းတယ်!”
နန်ကောဟာ ခေါင်းညိတ်ပြီး ပြောတယ်။ “ကျွန်မ အစကတော့ ရင်ဆိုင်ဖို့ ယုံကြည်ချက် သိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ ဦးလေးငယ်က ကျွန်မ ရှင့်ဆီလာပြီး စကားပြောဖို့ချည်း တိုက်တွန်းနေလို့”
အမှန်က သူမရဲ့အထောက်အထားက ဘာပဲဖြစ်နေဖြစ်နေ သူမဟာ ဖေးယွင်နဲ့ဟွားရှန်တို့ သဘောတူညီမှုရနိုင်ဖို့ကိုပဲ မျှော်လင့်တာ။
ဒါဟာ ဟွားရှန်အတွက် ဆိုးတဲ့အရာ မဟုတ်ဘူးဆိုတာ သူမ ကောင်းကောင်း သိတယ်။ဒါပေမဲ့လည်း ဖေးယွင်ဟာ စာချုပ်ကို ချိုးဖောက်ဖူးတယ်။အဲ့လိုဆင်တူတာမျိုးဟာ အရင်ကလည်း ဖြစ်ခဲ့ဖူးတယ်။အခြေခံအားဖြင့်ပြောရရင်တော့ ဟွားရှန်ဟာ ဒီကုမ္ပဏီနဲ့ ဘယ်တော့မှ ထပ်ပြီးပူးပေါင်းတော့မှာ မဟုတ်ဘူး။
တကယ်တော့ သူမရဲ့ဦးလေးငယ်နဲ့ ဒီတစ်ကြိမ် နောက်ကွယ်က လူတွေအတွက်သာ မဟုတ်ရင် ဟွားရှန်ဟာ ဖေးယွင်လိုကုမ္ပဏီလေးကို လွယ်လွယ် အလွတ်ပေးလိုက်မှာ မဟုတ်ဘူး။
ဒါကြောင့် ဟွားရှန်အတွက် အကျိုးရှိတယ်ဆိုတာကို သိနေတာတောင်မှ သူမ ရှန်ရန်ချင်းနဲ့ညှိနှိုင်းဖို့ကို ယုံကြည်ချက် မရှိခဲ့ဘူး။
ရှန်ရန်ချင်းက မေးတယ်။ “ဦးလေးငယ်က မင်းကို ဒီရာထူး ပေးလိုက်တာလား”
နန်ကောရဲ့လက်ရှိအရည်အချင်းနဲ့ဆို အရောင်းဒါရိုက်တာဆိုတဲ့ရာထူးဟာ နည်းနည်း ခက်တယ်။
ဒါဟာ သူ နန်ကောကို ကူညီချင်တယ်လို့ ပြောရတဲ့ အကြောင်းအရင်းပဲ။သူတို့ဦးလေးငယ်မှာလည်း တူညီတဲ့ရည်ရွယ်ချက် ရှိခဲ့လောက်တယ်။ဦးလေးငယ်ဟာလည်း ဟွားရှန်ကို အမှီပြုပြီး နန်ကောကို ဖေးယွင်မှာ ကိုယ့်ခြေထောက်ကိုယ် ရပ်နိုင်စေချင်တယ်။အဲ့လိုမှ ကုမ္ပဏီထဲက အခြားလူတွေဟာ သူမနဲ့ပတ်သက်ပြီး အထင်အမြင်တွေ အများကြီး သိပ်ရှိတော့မှာ မဟုတ်ဘူး။
“အိုကေ” နန်ကောဟာ တကယ်တော့ သူမကိုယ်သူမ ဘာဖြစ်နေလဲဆိုတာသိတာမို့ ရယ်ပြီး သူ့ကို တိတ်တိတ်လေး ပြောတယ်။ “ကျွန်မအထင်တော့ ဦးလေးငယ် ကျွန်မကို ဒီရာထူးပေးတာ ကျွန်မတို့ဆက်ဆံရေးကြောင့် ဖြစ်မယ်။ အခြားလူသာဆို အလုပ် မဖြစ်လောက်ဘူးထင်ပြီး ကျွန်မသာ ရှင့်ကို လာရှာရင် သေချာပေါက် အောင်မြင်မယ်လို့ထင်တာ။ ဒီတော့ သူ ကျွန်မကို ရာထူးပေးတာပေါ့။ ဒီတော့မှ ကျွန်မမှာ ရှင့်နဲ့စကားပြောဖို့ အကြောင်းအရင်း ရှိလာမှာလေ”
257 03
နန်ကောရဲ့အတွေးဟာ အဓိပ္ပာယ်ရှိတယ်။ဒါပေမဲ့ သူမဟာ နည်းနည်းလေး နုံနေတုန်းပဲ။
သူမဟာ အခုမှ ဒီလောကထဲ ခြေလှမ်းရုံပဲ ရှိသေးတယ်။ဒီတော့ သူမဘယ်လောက်ပဲ ရင့်ကျက်ချင်ယောင် ဆောင်ပါစေ။ သူတို့လိုမြေခွေးအိုတွေနဲ့တော့ ယှဉ်လို့ရမှာ မဟုတ်ဘူး။
ရှန်ရန်ချင်းဟာ မရှင်းပြတော့ဘူး။သူမရဲ့စိတ်ဝိဉာဏ်ကို ညှိုးနွမ်းမသွားစေချင်တာမို့ သူဟာ ပြုံးပြပြီး သဘောတူလိုက်တယ်။
သူမဟာ ကြီးကြီးမားမား ကိစ္စတစ်ခုကို လုပ်ခဲ့ပြန်ပြီ။နန်ကောဟာ ခံစားချက် ကောင်းနေတယ်။နှစ်သစ်ကူးအတွင်း လွန်ခဲ့တဲ့၂ရက်ကတည်းက သူမဟာ လမ်းလျှောက်တိုင်း သီချင်းလေး တညည်းညည်းနဲ့။
ရှန်မိသားစုအိမ်အဟောင်းမှာ နှစ်သစ်ကူးပြီးတော့ သူမတို့နှစ်ယောက် ကျန်းမြို့က နန်မိသားစုရဲ့အိမ်ကို နှစ်သစ်ရဲ့ဒုတိယမြောက်နေ့စောစောမှာ ထွက်လာခဲ့တယ်။
ဒါဟာ နန်ကောနဲ့ရှန်ရန်ချင်းတို့ လက်ထပ်ပြီးတော့ ပထမဆုံးကျရောက်တဲ့ နှစ်သစ်ကူးပွဲတော် ဖြစ်တယ်။ဒါဟာ နွေဦးပွဲတော်အတွင်း သူမတို့နှစ်ယောက် သူမမိဘတွေရဲ့အိမ်ကို တရား၀င် ပြန်လာတဲ့ ပထမဆုံးအကြိမ်ဆိုလည်း ဟုတ်တယ်။
တံခါးဆီမရောက်ခင် နန်ကောဟာ ခပ်လှမ်းလှမ်းကနေ တံခါး၀မှာ စောင့်နေတဲ့ ပုံရိပ်တစ်ခုကို တွေ့တယ်။
အဲဒါဟာ နန်ကျဲ့။
သူမ သူ့အနား ရောက်ခါနီးတော့ နန်ကောဟာ ကားပြတင်းပေါက်ကို ချပြီး ခေါင်းပြူထွက်ကာ လက်ပြလိုက်တယ်။ “အစ်ကို!”
******