အခန်း ၂၆၄
Vol. 27 Ch. 264
264 01
Chapter 264 ကိုယ်၀န်။
Extra Chapter 2: ကိုယ်၀န်နဲ့ ကလေးမွေးဖွားခြင်း။
အဲ့နေ့ကမြင်ကွင်းဟာ ဖြတ်ခနဲ ပေါ်လာကာ ရှန်ရန်ချင်းရဲ့အတွေးရထားကို ဖြတ်တောက်သွားတယ်။
ရှန်ရန်ချင်းဟာ စက္ကန့်အနည်းငယ်လောက် အံ့ဩသွားတယ်။အဲ့နောက် သူဟာ တစ်ခုခုကို တွေးမိသွားပုံရပြီး မျက်လုံးကို စိတ်တိုတိုနဲ့ မှိတ်ချလိုက်တယ်။
သူဟာ လက်မြှောက်ပြီး မျက်ခုံး၂ခုံးကြားကနေရာကို ဆိတ်တယ်။ဘာလို့လဲဆိုတော့ သူမ သေချာလို့။သူ နန်ကောကို ကြောက်လန့်စေမိသွားမှာ စိုးရိမ်တယ်။ဒါကြောင့် သူ သူမကို အရင်တည်ငြိမ်အောင် လုပ်ရမယ်။
“ကောင်းပြီ။ ရေအရင်ချိုးလိုက်။ ကိုယ်အလုပ်ဖုန်း၀င်လာလို့ ပြီးမှ ထပ်ခေါ်လိုက်မယ်”
“ဟုတ် ဟုတ် အိုကေ”
ရှန်ရန်ချင်းဟာ သူမနဲ့ခွဲဖို့ကို တွန့်နေမိတယ်။သူဟာ တစ်ခုခုပြောချင်ပေမဲ့ တွန့်ဆုတ်နေတယ်။ “မင်း ထပ်အိပ်ပျော်သွားနိုင်တာမို့ နှိုးစက်ပေးထား။ ထွက်လာတဲ့အခါလည်း ကြမ်းပေါ်က ရေတွေကို ဂရုစိုက်။ မလဲစေနဲ့”
“စိတ်မပူပါနဲ့။ ကျွန်မကလေး မဟုတ်တော့ပါဘူး”
အဆုံးမှာတော့ နန်ကောဘက်က အရင်ဖုန်းချ သွားတယ်။
ရှန်ရန်ချင်းဟာ လသာဆောင်မှာ နောက်ထပ်၂မိနစ် မတ်တပ်ရပ်နေခဲ့တယ်။သူ လုံး၀အပြီးတိုင် နိုးကြားသွားတဲ့အခါ လသာဆောင်တံခါးကို တွန်းဖွင့်ကာ သူ့အခန်းဆီ အမြန်ပြန်တယ်။
တစ်ချိန်တည်းမှာပဲ ဥက္ကဌရုံးခန်းက ၀န်ထမ်းတွေဟာ အလုပ်ပြီးတော့ စုဝေးနေကြတယ်။
လက်ထောက်ယွမ်ဟာ အထူးခွင့်ပြုချက်ကို ရထားပြီး ဒီည ဘာမှလုပ်စရာ မရှိတာမို့ လွတ်လွတ်လပ်လပ် သောက်တယ်။ဆူညံသံတွေအလယ် သူဟာ မြောင်မြောင်နဲ့အတူ ဝိုင်တစ်ခွက်ပဲ သောက်ထားပြီးခါစ သူ့မျက်လုံးဟာ သူမရဲ့မျက်လုံးကို ရှောင်နေတယ်။သူ ရှက်သွေးတောင် မဖြာနိုင်သေးခင်မှာဘဲ စားပွဲပေါ်က ဖုန်းသံမြည်လာတယ်။
ခေါ်ဆိုသူနာမည်မှာ ထင်ရှားတဲ့စာလုံးတစ်လုံး ရှိတယ်: [အသက်မွေး၀မ်းကြောင်း]
ဝိုင်နီနဲ့ဝိုင်ဖြူတွေ အများကြီး သောက်ထားမိတာမို့ လက်ထောက်ယွမ်ဟာ ဘယ်သူမှန်း မသိခင် ခဏလောက် ကြောင်သွားသေးတယ်။
“ဘယ်သူ ခေါ်နေတာလဲ”
မြောင်မြောင်က ပြောတယ်။ “ယွမ်ယွမ် ရှင့်အမေ ခေါ်နေတယ်”
“ပေါက်ကရ” လက်ထောက်ယွမ်က ပြန်ပြောတယ်။သူဟာ ဖုန်းကိုကိုင်ပြီး သူမကို တိတ်တိတ်နေဖို့ အမူအရာပြတယ်။ “ရှူး ရှူး ရှူး ဘာမှမပြောနဲ့။ ဥက္ကဌရှန်”
“ဥက္ကဌရှန်” ဆိုတဲ့စကားကို ကြားတော့ စားပွဲက မူးရူးနေတဲ့လူတွေဟာ ချက်ချင်းလက်ငင်း မတ်မတ်ထထိုင်ကုန်ကြတယ်။သူတို့မျက်နှာထားတွေဟာ ရန်သူကြီးကို ရင်ဆိုင်နေရတဲ့အလားပဲ။
ဒီလိုအချိန်ကာလမျိုးမှာ ထုတ်ကုန်အသစ် စာရင်းသွင်းပြီးတာမို့ ကုမ္ပဏီမှာရှိတဲ့ လူတိုင်းဟာ နေ့တိုင်းအချိန်ပို ဆင်းရတယ်။
သူ့အတွက် ဒီနေ့အနားယူဖို့ဆိုတာ မလွယ်ခဲ့ဘူး။သူ့ကို ကုမ္ပဏီမှာ လိုနေတာတော့ မဟုတ်လောက်ဘူးမလား။
လူတစ်အုပ်ဟာ အာရုံစိုက်ပြီး သူတို့ပါ နားထောင်လို့ရအောင် လက်ထောက်ယွမ်ကို စပီကာဖွင့်ဖို့ မျက်လုံးနဲ့ အချက်ပြတယ်။
“စကားပြောဖို့ အဆင်ပြေလား” ရှန်ရန်ချင်းရဲ့အသံ ထွက်လာတယ်။သူ့လေသံဟာ နည်းနည်းစိုးရိမ်မှု ပါနေတယ်။အနောက်ကနေလည်း အိမ်အကူအသံကို ကြားနေရတယ်။ဥက္ကဌရှန်ကို ဘယ်သွားမှာလဲရယ်၊ဘာယူသွားမလဲရယ် ဆိုတာကို မေးနေပုံရတယ်။
ဘာပဲဖြစ်နေဖြစ်နေ လက်ထောက်ယွမ်ဟာ ပရိုတစ်ယောက်။ “ပြေတယ် ပြေတယ် ပြောပါ”
“ငါ့အတွက် ဟိုင်မြို့ကို အမြန်ဆုံးလေယာဉ် လက်မှတ်ဝယ်ပေး။ နောက်ပြီး ငါ့ကို ဟိုင်မြို့က ပုဂ္ဂလိကဆေးရုံနဲ့လည်း ဆက်သွယ်ပေး။ အကောင်းဆုံးဆေးရုံကို လိုချင်တယ်”
“နားလည်ပါပြီ နားလည်ပါပြီ” လက်ထောက်ယွမ်ဟာ အထပ်ထပ်အခါခါ ခေါင်းညိတ်တယ်။သူ့ဦးနှောက်ဟာ တစ်စက္ကန့်လောက် အလုပ်လုပ်တာ ရပ်သွားပြီးမှ သူက မေးကြည့်တယ်။ “အကောင်းဆုံးပုဂ္ဂလိကဆေးရုံ...ဘယ်သူ နေမကောင်းလို့လဲ။ မင်း ဘယ်လို အထူးကုကို လိုတာလဲ သိလား”
ဌာနတွေအများကြီးရှိပြီး ဆေးရုံတိုင်းမှာ ဝှက်ဖဲရှိတယ်။သူ ရှင်းရှင်းလင်းလင်းမေးဖို့ လိုတယ်။
“ကိုယ်၀န်အတွက် စစ်ဆေးတာ”
လက်ထောက်ယွမ်ဟာ ခေါင်းညိတ်တယ်။ “အော် အော် ကိုယ်၀န် ဟုတ်ပါပြီ။ ဒါဆို မိန်းကလေးနန်ကောက ဟိုင်မြို့မှာ...ခဏနေပါဦး သူ ကိုယ်၀န်ရှိပြီလား”
သူစကား ပြောလိုက်တာနဲ့ စားပွဲကလူတွေဟာလည်း အံ့အားသင့်သွားတယ်။ “ကိုယ်၀န်ပါဆို! မြန်လေကောင်းလေပဲ” ရှန်ရန်ချင်းဟာ မရှင်းပြဘဲ ထပ်ပြီးသာ တိုက်တွန်းတယ်။
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပါပြီ!” လက်ထောက်ယွမ်ဟာ အမြန်ဖုန်းချလိုက်တယ်။၁၅မိနစ်အတွင်း သူ အကုန်စီစဉ်လိုက်ပြီး ရှန်ရန်ချင်းကို ဖုန်းပြန်ခေါ်တယ်။ “ဥက္ကဌရှန် ကျွန်တော် အဖော် လိုက်ပေးဖို့လိုလား” ရှန်ရန်ချင်းဟာ သူတို့ စုဝေးပွဲ လုပ်နေကြတာကို သိတာမို့ ဘယ်သူ့ကိုမှ အဖော်မလိုက်ခိုင်းခဲ့ဘူး။
မိနစ်အနည်းငယ်ကြာတော့ လက်ထောက်ယွမ်ဟာ ခုံပေါ်မှာ မှင်သေသေနဲ့ ပြန်ထိုင်တယ်။သူဟာ စပ်စပ်စုစုရှိတဲ့ လူအုပ်ဆီကို လှမ်းကြည့်ပြီး ပြောတယ်။ “ငါ့လာမကြည့်နဲ့ ငါလည်း မသိဘူး”
အဲ့ညက ရှန်ရန်ချင်းဟာ ဟိုင်မြို့ကိုရောက်သွားတယ်။မနက်၂နာရီလောက်ရှိပြီ။
ရာသီဥတုကြောင့် လေယာဉ်ဟာ နာရီ၀က်လောက် နောက်ကျသွားသေးတယ်။
ဒီအချိန်ဆို လေဆိပ်ကားပါကင်မှာ ကားတွေ သိပ်မရှိဘူး။လှည့်ပတ်ကြည့်လိုက်တော့ သူ အဲ့မှာအကြာကြီးစောင့်နေခဲ့တဲ့ နန်ကျဲ့ကို အမြန်ရှာတွေ့သွားတယ်။
“ဒီဘက်” နန်ကျဲ့ဟာလည်း သူ့ကိုမြင်တယ်။သူဟာ ဆေးလိပ်ကိုထုတ်ကာ လက်လှမ်းပြတယ်။
264 02
သူ လေယာဉ်မဆိုက်ခင်က နန်ကျဲ့ကို ဆက်သွယ်ထားခဲ့တာ။အခြေအနေဟာ အရေးတကြီးမို့ သူ အများကြီး သိပ်မပြောခဲ့ဘူး။ရောက်မှ နန်ကျဲ့နဲ့တွေ့ပြီး အသေးစိတ် ပြောပြမယ်လို့ ပြောခဲ့တာ။
ကားထဲကို ရောက်တော့ နန်ကျဲ့ဟာ သူ့ကိုကြည့်တယ်။ “မင်း အရေးကြီးတဲ့ကိစ္စ ပြောဖို့ရှိရင် ကောင်းလိမ့်မယ်။ မင်း ငါ့ကို မနက်၂နာရီကြီး လာကြိုခိုင်းထားတာ။ ကားထဲကနေ ကန်ထုတ်ရအောင် မလုပ်နဲ့!”
သူ ရှန်ရန်ချင်းရဲ့အခမဲ့ အလုပ်သမား မဟုတ်ဘူး။
ရှန်ရန်ချင်း ခဏတုံ့ဆိုင်းနေခဲ့ပြီး လေးလေးနက်နက်နဲ့ ပြောလာတယ်။ “ကျွန်တော်လည်း အရင်က မင်းတွေးခဲ့တာနဲ့ အတွေးတူတယ်”
“ငါ အရင်က ဘာတွေးခဲ့လို့လဲ” နန်ကျဲ့ဟာ တုံ့ပြန်မှုမရှိဘူး။
“ကျွန်တော် ဒီကိုအမြန်လာတာ မနက်ဖြန်ကျ နန်ကောကို ခေါ်ပြီး ဆေးရုံမှာ ဆေး သွားစစ်ကြည့်မလို့”
၂မိနစ်လောက်ကြာတော့ နန်ကျဲ့ဟာ လမ်းဘေးကို ရှာကာ ကားရပ်တယ်။သူဟာ ရှန်ရန်ချင်းကို လှည့်ကြည့်ပြီး အခြားလက်တစ်ဖက်နဲ့ခါးပတ်ကိုလည်း မသိမသာ ဖြုတ်ထားလိုက်တယ်။ခဏနေချတဲ့အခါ ချရလွယ်အောင်လို့။
“မင်း အကာအကွယ် သုံးတယ်လို့ ငါ့ကို ဖုန်းထဲမှာ မပြောခဲ့ဘူးလား။ အခု ဘာကိုဆိုလိုတာလဲ” ပြောပြောဆိုဆိုနဲ့ သူ့လက်ဟာ ရှန်ရန်ချင်းရဲ့ပုခုံးဆီကို ရောက်နေပြီ ဖြစ်တယ်။
“အဲ့တာ တကယ်ကြီး ဒိတ်ကုန်သွားတာလား” သူက ခန့်မှန်းကြည့်တယ်။
ရှန်ရန်ချင်းဟာ ခေါင်းခါတယ်။ “တကယ်ကို မတော်တဆပါ။ ကျွန်တော့်အမှားပါ” ချက်ချင်းပဲ နန်ကျဲ့ဟာ လက်သီးဆုတ်ကာ အံကြိတ်ရင်း သူ့ကို ထိုးတယ်။ “မင်းတကယ် လူတွေရဲ့စိတ်ကို ဘယ်လိုနှော က်ရမလဲသိတာပဲ။ နန်ကောကို ပြောပြီးပြီလား”
“သူ မသိသေးဘူး။ ကျွန်တော်တို့ ဒီအကြောင်းကို မနက်ဖြန်ဆေးစစ်ပြီးမှပြောမှာ တကယ်လို့...မဟုတ်ခဲ့ရင်ရော။ ကျွန်တော် သူကြောက်သွားမှာစိုးတယ်”
ရှန်ရန်ချင်းဟာ ကိစ္စတွေကို ဒီလိုဖြစ်လာဖို့ မရည်ရွယ်ဘူး။
သူတို့ အဲ့နေ့က တကယ်ကို အကာအကွယ် သုံးခဲ့ပါတယ်။
ဒါပေမဲ့...
ဒါပေမဲ့ အဲ့အချိန်တွေတုန်းက နန်ကောဟာ ဟိုက်မြို့ကို ပြန်လာဖြစ်တာ ရှားတယ်။သူတို့နှစ်ယောက် အချိန်အများစုကို မြို့တော်မှာ ကုန်ဆုံးဖြစ်ခဲ့တာ။မြို့တော်မှာရှိတဲ့ သူမရဲ့တိုက်ခန်း ဒါမှမဟုတ် သူ့ဗီလာမှာ။
ရလဒ်အနေနဲ့ ဟိုက်မြို့က သူတို့ရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေကို ဖြည့်စွက်ဖို့ အချိန်မရခဲ့ဘူး။
နောက်တော့ နန်ကောဟာ ရုတ်တရက်ကြီး ပြန်လာတယ်။သူ ကြိုလည်း မသိထားခဲ့ရဘူး။အဲ့တာကြောင့် အိမ်မှာ သိပ်မကျန်တော့မှန်းကို သူ မသိလိုက်ဘူး။
အဲ့နောက် သူ့ကိုယ်သူ ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ကြိုးစားခဲ့ပေမဲ့ မိန်းမောနေတဲ့အချိန် သူ မတော်တဆ....
အဲ့နေ့က လေထုဟာ အရမ်းကောင်းလွန်းခဲ့တယ်။အဆုံးမှာ ကိစ္စတွေဟာ အနည်းငယ် ကိုင်တွယ်ရ ခက်သွားတယ်။
ဒါကိုတွေးမိတော့ ရှန်ရန်ချင်းဟာ နန်ကျဲ့ သူ့ကို ထိုးတာ ထားဦး။ပါး၂ချက်ရိုက်ရင်တောင်မှ ဘာမှပြောမှာ မဟုတ်ဘူး။
နန်ကျဲ့ဟာ ကားမှန်ချပြီး အနောက်ကို ပြန်မှီကာ ဆေးလိပ် မီးညှိတယ်။
သူ့လက်ချောင်းထိပ်က အနီရောင်ဟာ တစ်ချက် လက်ခနဲ ပေါ်လာပြီးနောက် လုံး၀ပျောက်ကွယ် သွားတယ်။သူဟာ သက်ပြင်းချရင်း ပြောတယ်။ “ထားလိုက်တော့ ဒါ မင်းကို ငါ အပြစ်တင်လို့မရဘူး။ မတော်တဆဆိုတော့ မင်းတို့ လက်ထပ်ထားတာ ၂နှစ်ရှိပြီပဲ။ ကလေးယူဖို့ဆိုတာ ပုံမှန်ပါပဲ”
“စိတ်မပူနဲ့ အရမ်းအတည်ကြီးမလုပ်နဲ့။ မင်းလန့်နေတာ မြင်ရင် သူပိုလန့်သွားလိမ့်မယ်”
“မနက်ဖြန်မနက် ဆေးစစ်ချက်ပြီးရင် မင်းတို့နှစ်ယောက် သေချာဆွေးနွေးပြီး ဆုံးဖြတ်ချက် ချလို့ရတယ်။ လိုချင်တယ်ဆို မွေး မလိုချင်ဘူးဆိုလည်း အဆင်ပြေတယ်”
“အဓိကက မင်း သူ့ကို စိတ်အေးအောင်လုပ်ပြီး စိတ်မလှုပ်ရှားစေနဲ့” နန်ကျဲ့ဟာ လေးနက်နေတဲ့အချိန်ဆို လူသားဘာ သာစကားတော့ ပြောတတ်သေးသား။
“မိဘတွေကို မပြောနဲ့ဦး။ မင်းတို့ ဆွေးနွေးလို့ပြီးမှ သူတို့ကို ပြောလို့ရတယ်။ အဓိကက နန်ကောအပေါ် မူတည်တယ်။ မင်း သူ့ကို လေးစားရမယ်”
“ဘာပဲဖြစ်ဖြစ် အခု သူဘယ်လိုလဲဆိုတာကို မင်းသိနေတာပဲ”
ရှန်ရန်ချင်းဟာ သဘောတူတယ်။ “အင်း မင်း ပြောတာ မှန်တယ်”
နန်ကျဲ့ဟာ ရှည်ရှည်ဝေးဝေး ထပ်ပြီး တက ယ်မစစ်ဆေးချင်တော့ဘူး။ဒါ ပုံမှန်အတွဲ တစ်တွဲပဲ။စပရိုက်တွေကတော့ အမြဲတမ်းရှိမှာပေါ့။သူ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။
တစ်ခါတလေ ဒါတွေ အကုန်လုံးဟာ ကံကြမ္မာပဲ။
264 03
နောက်တစ်နေ့မနက် ရောက်တော့ နန်ကောဟာ ဗိုက်ဆာလို့ နိုးလာတယ်။သူမဟာ အလျင်အမြန် ဆေးကြောသန့်စင်ပြီး မနက်စာအတွက် ထမင်းစားခန်းဆီကို ဆင်းသွားတယ်။
သူမ ထိုင်ပြီး သိပ်မကြာခင်မှာဘဲ သူမနဲ့ဆန့်ကျင်ဘက်က ထိုင်ခုံဟာ အဆွဲခံရပြီး သူမအပေါ် ခေါင်းစခြေဆုံး အရိပ်တစ်ရိပ်ကျလာတယ်။
နန်ကျဲ့လို့ထင်လိုက်ပေမဲ့ မော့ကြည့်လိုက်တဲ့အခါ သူမ ရှန်ရန်ချင်းကို မြင်လိုက်ရတယ်...။
******