အခန်း ၂၆၈
Vol. 27 Ch. 268
Chapter 268 ကျွန်မတော့ထပ်မမွေးဘူး။
Extra Chapter 6: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။
နန်ကောဟာ ကိုယ်၀န်ဆောင်ချိန်အတွင်း အတော်လေးငိုခဲ့တယ်။ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ သူမရဲ့ဘေးမှာအမြဲရှိနေခဲ့တယ်။သူ သူမကို အချိန်မှီနှစ်သိမ့်ပေးပြီး အပြီးတိုင်ပြိုလဲကျသွားမဲ့အဖြစ်ကနေ တားဆီးပေးတယ်။
ဒီအချိန်ကာလအတွင်း ရှန်ရန်ချင်းဟာ ပျင်းရိမနေခဲ့ဘူး။သူဟာ သူ့အားလပ်ချိန်တွေကို များပြားတဲ့စာအုပ်တွေဖတ်ရင်း အသုံးချတယ်။
ဒီကာလမှာ သူ သူမနဲ့အတူ လုံး၀စာနာနိုင်မှာမဟုတ်ဘူးဆိုတာကို သူသိတယ်။ဒါကြောင့် တခြားဘက်တွေကနေပဲ နန်ကောအတွက် သူလုပ်ပေးဖို့တတ်နိုင်တယ်။
နှစ်ကုန်ခါနီးမှာတော့ နန်ကောဟာ ဆိုးဆိုးဝါးဝါးစိတ်တိုတတ်လာတယ်။
ပြဿာနာကြီးရယ်တော့မဟုတ်ဘူး။သူမဟာ အာဟာရစွပ်ပြုတ်ကို ချွဲကျိကျိနိုင်လွန်းတယ်ခံစားရပြီး ဘာပဲဖြစ်နေဖြစ်နေ မသောက်ချင်ဘူး။ဒါပေမဲ့ လူကြီးတွေဟာ ဒါ သူမ ကောင်းဖို့အတွက်ထင်ကြတယ်။သူမတွန်းလိုက်တော့ စွပ်ပြုတ်ပန်းကန်ဟာ မှောက်ကျသွားတယ်။
ရှန်မိသားစုရဲ့လူကြီးတွေလည်း အနားမှာရှိနေတာမို့ သူမရဲ့အစ်ကိုအနေနဲ့ နန်ကျဲ့ဟာ သူအရင်စကားစပြီး ဆုံးမဖို့လိုတယ်လို့ထင်မိတယ်။ဒါပေမဲ့လည်း သူတောင် စကားမစရသေးခင် ရှန်ရန်ချင်းကတားတယ်။
“ရတယ် ရတယ် မင်းသောက်ဖို့မလိုတော့ပါဘူး”
“မင်းအပူလောင်သွားသေးလား။ ကိုယ်တစ်ချက်ကြည့်ရအောင် အပူမလောင်လို့တော်သေးတယ် မင်းဘာသောက်ချင်လဲ။ ကိုယ်လုပ်ပေးမယ် ဟုတ်ပြီလား”
“ကျွန်မဘာမှမသောက်ချင်ဘူး အခု အန်ပဲအန်ချင်တယ်” နန်ကောဟာ သူ့လည်ပင်းတစ်ဝိုက်ကို ဖက်ကာငိုပြန်တယ်။
ရှန်ရန်ချင်းဟာ သူမရဲ့ကျောပြင်ကို ညင်ညင်သာသာလေးပုတ်ပေးတယ်။ “မငိုနဲ့ မငိုပါနဲ့ မင်းထပ်ငိုရင် မျက်လုံးတွေဖောင်းလာလိမ့်မယ် မင်းမျက်လုံးလေးတွေက အရမ်းလှတယ်လေ ထပ်ငိုလို့မရတော့ဘူးနော်”
“အိုကေ ဒါဆို မနက်ဖြန် အရသာရှိတာတွေစားဖို့ ကိုယ် မင်းကိုအပြင်ခေါ်သွားမယ် ကုမ္ပဏီနားမှာ စားသောက်ဆိုင်အသစ်ဖွင့်တယ်လို့ ကိုယ်ကြားတယ် ဥက္ကဌရုံးခန်းက၀န်ထမ်းတွေပြောတာ အရသာကောင်းတယ်တဲ့”
“နှစ်ကူးပွဲတော်ကျရင် မင်း မီးရှူးမီးပန်းတွေကြည့်ချင်လား။ ကိုယ် မင်းကြည့်ဖို့ခေါ်သွားပေးမယ်လေ ကိုယ်တို့၂ယောက်တည်းလေ”
“ကျွန်မလမ်းမလျှောက်ချင်ဘူး ကျွန်မဗိုက်နဲ့ခြေဖဝါးတွေလည်းနာတယ် အကုန်နာနေတယ်လို့”
“မင်းလမ်းမလျှောက်ရပါဘူး ကိုယ် မင်းကိုသယ်သွားပေးမယ် မင်းက ကြည့်ပေါ့”
“အဲ့တာလည်းမရဘူး ကျွန်မက အခုအရမ်း၀နေပြီ ရှင် ကျွန်မကို သယ်လို့မရဘူး” သူမမှာ လူတစ်ယောက်တည်းရဲ့ဝိတ်မဟုတ်တော့ဘူး။
အစတုန်းကတော့ ရှန်ရန်ချင်းအတွက် သူမကိုသယ်ရတာလွယ်ပေမဲ့ အခုတော့ အလုပ်မဖြစ်တော့ဘူး။
“ကိုယ် မင်းကိုမသယ်နိုင်ဘူးလို့ဘယ်သူပြောလဲ။ မင်းဥယျာဉ်ထဲမှာ အိပ်တုန်းကရော၊တလောက ဧည့်ခန်းထဲမှာအိပ်တုန်းကရော ကြည့်ပါဦး ကိုယ် မင်းကိုသယ်ခဲ့တာမဟုတ်ဘူးလား။ မင်းသတိမထားမိဘူးလား။ မင်းအခန်းထဲမှာ မင်းဘယ်လိုနိုးလာတယ်ထင်လို့လဲ” ရှန်ရန်ချင်းဟာ ပြုံးရင်း သူမရဲ့ခေါင်းကိုပွတ်တယ်။ “ပြီးတော့ မင်း ဝိတ်အများကြီးမတက်လာပါဘူး မွေးပြီးရင် မင်း အရင်တိုင်းပြန်ဖြစ်သွားမှာ”
“အဓိပ္ပာယ်မရှိတာ!” နန်ကောဟာ အငိုရပ်ပြီး ခေါင်းစောင်းကာ သူ့ကိုစိုက်ကြည့်တယ်။ “ရှင် ကျွန်မကို ၃နှစ်ကလေးထင်နေလား”
“စဉ်းစားကြည့်ရုံနဲ့တင် ကျွန်မခေါင်းကိုက်တယ် အနာဂတ်မှာ ကျွန်မ ဘယ်လိုပြန်သက်သာမှာလဲ” သူမဟာ သက်ပြင်းချတယ်။
မိန်းကလေးတွေဟာ အလှကြိုက်တယ်။နန်ကောလည်း ခြွင်းချက်မရှိဘူး။
ကိုယ်၀န်ဆောင်တာဟာ ခန္ဓာကိုယ်ကို နောက်ပြန်မလှည့်နိုင်တဲ့ပျက်စီးမှုကို ဖြစ်စေတယ်။
လွန်ခဲ့တဲ့ရက်တွေက ဖုန်းထဲမှာ အခြားကလေးအမေတွေရဲ့အတွေ့အကြုံကို နန်ကောမြင်ပြီးတဲ့နောက် ကြောက်လွန်းအားကြီးလို့ တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။ညကျတော့ အနာဂတ်မှာ ဘယ်လိုပိန်အောင်လုပ်ရမလဲ၊အသားအရည်နဲ့ C-section က ဒဏ်ရာတွေကို ဘယ်လိုပျောက်အောင်လုပ်ရမလဲဆိုတဲ့အကြောင်းတွေကို အိပ်မက်ပါမက်တယ်။
မတွေးခဲ့မိရင် ကောင်းသား။ဒါကိုတွေးမိတော့ သူမ ပိုလို့တောင်ငိုချင်လာပြန်တယ်။
“ဘာလို့ ရှင်တို့ယောက်ျားတွေက ကလေးမွေးမရတာလဲ။!”
“ဝူး ဝူး ဝူး ဝူး လူတွေ ဒီပြဿနာကို ဘယ်အချိန်ဖြေရှင်းနိုင်ကြမှာလဲ။!”
“နောက်ဘ၀ကျရင် ဘယ်သူမွေးမွေး ကျွန်မဂရုမစိုက်ဘူး ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ထပ်မမွေးဘူး ဝူးဝူး!”
“ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပါပြီ” ရှန်ရန်ချင်းဟာ သူမကို နားထောင်ပေးတယ်။ “မင်းမွေးပြီးတော့ ခဏလောက်အနားယူပြီးရင် ကိုယ် မင်းနဲ့အတူလေ့ကျင့်ပေးမယ် မင်းခန္ဓာကိုယ် အရင်တိုင်းပြန်ဖြစ်မယ်ဆိုတာ ကိုယ်အာမခံတယ်”
ဒီဖြစ်စဉ်တစ်ခုလုံးမှာ အမျိုးသားဟာ စိတ်မရှည်တဲ့အရိပ်အယောင်တစ်စက်လေးမှမပြခဲ့ဘူး။
နန်ကောရဲ့အတွေးတွေထူးဆန်းပြီး သူမရဲ့စကားတွေခန့်မှန်းမရပေမဲ့ ရှန်ရန်ချင်းရဲ့လေသံဟာ နူးညံ့မြဲနူးညံ့နေဆဲ။သူဟာ တစ်၀က်ထိုင်ချပြီး မရွေ့ဘဲ သူမကိုပွေ့ဖက်ထားတယ်။
နေ့လည်ရောက်တော့ နန်ကောဟာ သီချင်းနားထောင်ချင်တယ်။ရှန်ရန်ချင်းဟာ သူမအတွက် စန္ဒယားကိုလည်း ၁နာရီကျော်ကျော်တီးပေးခဲ့တယ်။သူမအိပ်ပျော်သွားတော့မှသာ သူရပ်ခဲ့တယ်။
နန်ကျဲ့ဟာ အဲ့တာကိုမြင်ပြီး သူ့ခံစားချက်ကို စကားတစ်လုံးနဲ့သာ ဖော်ပြနိုင်တော့တယ်:ရင်သပ်ရှုမောလောက်စရာ။
သူဟာ ရှန်ရန်ချင်းကို တိတ်တိတ်လေးလက်မထောင်မိတယ်။
သူတို့နှစ်ယောက်စကားပြောဖို့ လသာဆောင်ကိုသွားလိုက်ကြတယ်။
“မင်းက အရမ်းစိတ်ရှည်ပြီး သူ့အကြိုက်လိုက်နေပေးနေတာပဲ မင်းအတွက် တော်တော်ခက်ခဲသွားပြီ”
ရှန်ရန်ချင်းဟာ ပြုံးရင်း “သူနဲ့ယှဉ်ရင် ကျွန်တော်လုပ်နေတာက ဘာမှမဟုတ်သေးပါဘူး ထုတ်ပြောဖို့တောင်မတန်ဘူး သူ့ခံစားချက်တွေက ကိုယ်၀န်ဆောင်နေတဲ့အချိန် မတည်ငြိမ်ဘူး ပြီးတော့ ပိုပြီးလည်း ဆတ်ဆတ်ထိမခံဖြစ်တတ်တယ် သူ့ခန္ဓာကိုယ်သက်တောင့်သက်သာမရှိတဲ့အချက်ကိုပါ ထည့်တွေးရင် သူကသာ အဘက်ဘက်ကနေအခံစားနေရဆုံးသူပါ”
“ကျွန်တော်က သူ့ကို အာရုံပြောင်းဖို့ရယ်၊အနားယူလို့ရအောင်ရယ်အတွက် ဒီကိစ္စသေးသေးလေးတွေကို လုပ်ပေးဖို့ပဲတတ်နိုင်တယ်”
“အင်း” နန်ကျဲ့ဟာ ခေါင်းညိတ်တယ်။ “စကားမစပ် မွေးမဲ့နေ့က ဘယ်နေ့လဲ”
“နှစ်ကူးပြီးမတ်လပါ ၃လပဲကျန်တော့တယ်”
နန်ကျဲ့ဟာ ရက်ကိုမှတ်ပြီး စနောက်တယ်။ “အနာဂတ်မှာရော။ နောက်ကလေးယူဖို့ မစီစဉ်ထားဘူးလား”
သူ ဒါကို မမေးဘူးဆိုတာ သူတို့နောက်ထပ်ကလေးယူမယ်လို့ သူမျှော်လင့်ထားတာမို့။သူလည်း မလိုချင်ပါဘူး။စနေရုံသက်သက်ပဲ။ရှန်ရန်ချင်း “နာကျင်စရာ” အတွေ့အကြုံကို တကျော့ပြန်ဖို့ကိုကြောက်လားဆိုတာ သူသိချင်တာ။
ရှန်ရန်ချင်းဟာ ဖြည်းဖြည်းအသက်ရှူထုတ်ပြီး ခေါင်းကို အသာခါတယ်။
“ကျွန်တော် ဒီအခြေအနေမှာ သူ့ကုမ္ပဏီကိုကြည့်ပေးနေတာ ကျွန်တော် သူ့ကိုထားခဲ့ရင်တောင် ၃နာရီထက်မကြာဘူး သူ့အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်”
“မင်း နေ့လည်တုန်းကမြင်ခဲ့တာက အပိုင်းအစတစ်ခုပဲရှိသေးတယ် ညဘက်ဆို သူအိပ်မပျော်တဲ့အချိန်တွေရှိတယ် အော့အန်တာက အခြေအနေဆိုးရင်လည်း သူတစ်ယောက်တည်း ရေချိုးခန်းထဲ၀င်ပုန်းပြီးငိုတယ်”
“သူက ကျွန်တော့်ကို ဒုက္ခပေးရမှာကြောက်တယ် ညဘက်တွေ ခဏခဏအန်တော့လည်း ကျွန်တော့်ကိုရှောင်ပြီး ရေချိုးခန်းထဲမှာအိပ်တော့မဲ့အထိပဲ အခုလိုပဲ ညဘက်တွေ သူအသက်မရှူနိုင်တဲ့အချိန်တွေလည်း ရှိသေးတယ် နေလို့မကောင်းရင် သူ့မှာ စကားထုတ်ပြောဖို့အားမရှိဘူး”
“ကျွန်တော်တို့က လက်ထပ်ထားတယ် ဒါပေမဲ့ အဲ့တာက ကလေးတွေအတွက်မဟုတ်ဘူးလေ”
“ဒီလိုအတွေ့အကြုံက တစ်ခါဆိုလုံလောက်ပါတယ်”
“နောက်ပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အန္တာရယ်အများဆုံးနဲ့ အနာကျင်ဆုံးအချိန်ဆိုတာ မင်းလည်းသိပါတယ် ကျွန်တော်ငယ်ငယ်က ကျွန်တော့်မား ကျွန်တော့်ကိုမွေးတုန်းက အခက်အခဲရှိခဲ့ပြီး မတော်တဆဖြစ်တော့မဲ့အထိပါ ဖြစ်ခဲ့တယ်လို့ အဖိုးက ပြောပြဖူးတယ်”
ဒါကြောင့်လည်း သူငယ်ငယ်တုန်းက သူ့မား သူ့ကို အေးတိအေးစက်ဆက်ဆံခဲ့တာ။သူကတော့ သူမကို အများကြီးလေးစားဆဲဖြစ်ပြီး လုံး၀အဆက်အသွယ်မဖြတ်တောက်နိုင်ခဲ့ဘူး။
အမေတစ်ယောက်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ သူအမြဲခံစားခဲ့ရတယ်။အထူးသဖြင့် ကလေးမွေးတဲ့အချိန်မှာပေါ့။အဲ့တာဟာ သူမ တစ်ခါ “သေ” ခဲ့ပြီးသလိုပဲ။
သူ့မှတ်ဉာဏ်ထဲမှာ သူ့အဖိုး သူ့မားရဲ့ခက်ခဲတဲ့မွေးဖွားမှုကိုပြောပြတော့ သူ့မျက်နှာထားဟာ လေးနက်နေခဲ့တယ်။ဒါကြောင့် သူ လတ်တလောမှာ နန်ကောအတွက် အရမ်းစိတ်ပူနေမိတာ။
အထူးသဖြင့် မွေးမဲ့ရက်က ပိုပိုနီးလာလေ ပိုစိတ်ပူမိလေပဲ။နန်ကောစိတ်လှုပ်ရှားနေတဲ့အချိန်မှာ သူဟာလည်းပဲ စိတ်လှုပ်ရှားနေတာ။
နွေဦးပွဲတော်ရောက်လာခါနီးတော့ သက်တောင့်သက်သာရှိဖို့အတွက် နန်ကောဟာ ရှန်မိသားစုရဲ့လူကြီးတွေနဲ့အတူ အိမ်အဟောင်းကိုပြန်လာခဲ့တယ်။
ဘိုးဘေးကန်တော့တဲ့နေ့မှာ နန်ကောဟာ မသွားခဲ့ဘဲ ရှန်ရန်ချင်းနဲ့အစားထိုးခဲ့တယ်။
“ပါးနဲ့မား ရှန်ရန်ချင်းပြန်မလာသေးဘူးလား” တစ်ယောက်ပြီးတစ်ယောက် ဘိုးဘေးခန်းမကနေ ပြန်လာတာကို မြင်ရပြီး ရှန်ရန်ချင်းကိုတော့ ဘယ်မှာမှမမြင်ရတာမို့ နန်ကောဟာ သိပ်မပျော်ဘူးဖြစ်သွားတယ်။
သူမကိုယ်၀န်စရကတည်းက ပိုပိုပြီးစိတ်မလုံခြုံမှုဖြစ်လာတယ်။သူမ ရှန်ရန်ချင်းနဲ့ခွဲမနေချင်ဘူး။
“သူ ဘိုးဘေးခန်းမထဲမှာပဲရှိသေးတယ် ခဏနေပြန်လာမယ်ပြောတယ်” အန်တီ၀မ်ဟာ သူမကို ထိုင်ဖို့ကူညီပေးချင်တယ်။နန်ကောဟာ ခဏတုံ့ဆိုင်းနေမိပြီး ပြောတယ်။ “သမီးပါသွားလိုက်ရင်ရော”
အန်တီ၀မ်က “ဝေးတယ် သမီးက အခု၀န်ကြီးနဲ့ လမ်းလျှောက်ရင် မောလိမ့်မယ် မား သမီးနဲ့အတူ ရုပ်ရှင်ကြည့်ပေးမယ်လေ”
နန်ကောဟာ အခုလမ်းလျှောက်ရင် ခါးတစ်ဖက်ကိုကိုင်ထားနေရပြီ။
“ဟုတ်” နန်ကောမှာ နူးညံ့တဲ့အကျင့်စရိုက်ရှိတယ်။ဒီတော့ သူမဟာ ထပ်ပြီးရှုပ်မနေတော့ဘူး။
၂နာရီရုပ်ရှင်ဟာ တစ်၀က်လောက်ပြီးတော့မဲ့အခါ ရှန်ရန်ချင်းဟာ အပြင်ကနေအထဲ၀င်လာတယ်။
“ရှင်အေးလား” နန်ကောဟာ သူ့ကိုလှမ်းဖက်တယ်။
ရှန်ရန်ချင်းဟာ ဂျက်ကတ်ကိုချွတ်တယ်။သူ့ခန္ဓာကိုယ်ကအအေးဓာတ် သူမဆီရောက်သွားမှာကိုစိုးရိမ်ပြီး သူမလာဖက်တဲ့ခါ သူ့မှာ သူ့လက်ကို သူမအပေါ်မတင်ရဲရှာဘူး...
++++++