← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

272 01

Chapter 272 စကားတွေအမှန်တကယ်ဖြစ်လာတယ်။

Extra Chapter 10: ကိုယ်၀န်နဲ့ကလေးမွေးဖွားခြင်း။

ပူးပေါင်းဆောင်ရွက်မှုဟာ ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားခဲ့တယ်။အဲ့ညက နန်ကောဟာ ဟိုက်မြို့ကိုမပြန်ဘဲ နန်ကျဲ့နဲ့အတူ နန်မိသားစုဆီ ပြန်လာခဲ့တယ်။

သူမ ကလေး၂ယောက်ကို မွေးပြီးကတည်းက ပွဲတော်ရက်တွေကလွဲလို့ နန်ကော ကျန်းမြို့မှာ ညအိပ်ဖြစ်တာ ရှားတယ်။

မောင်နှမနှစ်ယောက် အလုပ်အတူ တွဲလုပ်နေမှန်းသိရတော့ မစ္စတာနန်ဟာ နားရွက်တက်ချိတ်မတတ် ပြုံးနေခဲ့ပေမဲ့ ဖုန်းကောလ်တစ်ခုက သူ့ကို ၀င်နှောင့်ယှက်သွားတယ်။

အမျိုးသမီးကြီးဟာ နေမကောင်းဖြစ်ပြီးလဲကာ ဆေးရုံဆီ သွားနေရပြီဖြစ်ကြောင်း ပြောတယ်။

မစ္စတာနန်၊မစ္စနန်နဲ့ နန်ကျဲ့တို့အတွက် မသွားဖို့ဆိုတာက မဖြစ်နိုင်ဘူး။

ဒါပေမဲ့...

“ပါး၊မား သွားလိုက်ပါ။ မသွားရင် မှားလိမ့်မယ်” သူမ နန်ကျဲ့ကို လှည့်ကြည့်လိုက်တယ်။ “အစ်ကိုလည်း သွားလိုက်။ ဒါပေမဲ့ ငါတော့ မသွားဘူး”

“အရင်စားနှင့် မကြာခင် ပြန်လာခဲ့မယ်” နန်ကျဲ့ဟာ သူမရဲ့ခေါင်းကို ပုတ်တယ်။

“အာဟာ”

သူတို့ ထွက်သွားတာကို ကြည့်ပြီး နန်ကောဟာ တစ်ယောက်တည်း သူမရဲ့ညစာကို တိတ်တဆိတ် အဆုံးသတ်လိုက်တယ်။

ဒါပေမဲ့ သူမ ဆက်မနေခဲ့ဘူး။အိမ်အကူဟာ သူမ ဘယ်သွားမလဲ မေးတာမို့ လုပ်စရာရှိပြီး ဟိုက်မြို့ကို ပြန်ရမှာဖြစ်ကြောင်း သူမ ပြောခဲ့လိုက်တယ်။

နန်ကျဲ့ဆေးရုံကို ရောက်တာနဲ့ နန်ကောဆီက ဖုန်း၀င်လာတယ်။

“အစ်ကို ပါးနဲ့မားကို ငါ ဒီည ညမအိပ်တော့ဘူးလို့ ပြောပေး။ ထွမ်ထွမ်နဲ့ယွမ်ယွမ် ငါ့ကို လွမ်းနေမှာစိုးလို့ အရင်ပြန်တော့မယ်။ အားတော့မှ သူတို့ကို အိမ်ခေါ်လာပေးမယ်”

ဒါပေါ့။ဒါဟာ ယဉ်ကျေးနေရုံ သက်သက်မှန်း နန်ကျဲ့ သိတယ်။သူ သူမကို‌ ဖော်တော့ မနေပါဘူး။ “ဟုတ်ပြီ ကားသေချာမောင်း။ ညဘက်ဆို လမ်းပေါ်မှာ ကားတွေ များတယ်။ အရမ်းမြန်မြန်မမောင်းနဲ့။ အိမ်ရောက်ရင် ငါ့ကိုစာပို့”

နောက်တော့ အဲ့ညက နန်မိသားစုမှာ ဘာဆက်ဖြစ်လဲဆိုတာ နန်ကော မသိရတော့သလို ဘယ်သူကမှလည်း သူမကို မပြောပြခဲ့ဘူး။

နောက်ရက်တွေမှာလည်း သူမ ပုံမှန်အတိုင်း အလုပ်ဆက်လုပ်ပြီး အနှောင့်ယှက် မခံခဲ့ရဘူး။

တစ်ပတ်လောက် ကြာတော့ နန်ကျဲ့ဟာ ဖုန်းခေါ်လာပြီး အမျိုးသမီးကြီး ဆုံးပါးသွားပြီဖြစ်ကြောင်း ပြောပြတယ်။အရင်က အဖိုးဆုံးတုန်းကလိုပဲ နန်ကောရဲ့ရင်ထဲ လှုပ်ခတ်ခြင်းမျိုး မရှိခဲ့ဘူး။

“နားလည်ပြီ။ ဈာပနက ဘယ်တော့လဲ။ ရှန်ရန်ချင်းနဲ့ လာခဲ့မယ်”

သူမ ဈာပနကိုတော့ သွားဖို့ လိုတယ်။ဒီတိုင်း ရိုသေသမှု ပြရုံသက်သက်။

ဈာပန ကျင်းပတဲ့မနက်မှာ နန်ကောဟာ ကုမ္ပဏီကို အရေးတကြီး ပြန်တောင် သွားလိုက်ရသေးတယ်။ရှန်ရန်ချင်းဟာ အချိန်တစ်ခုအထိ အောက်ထပ်မှာ သူမကို စောင့်နေ‌ပေးခဲ့တယ်။ပြီးသွားတဲ့အခါမှ သူမတို့နှစ်ယောက် ကျန်းမြို့ကို သွားလိုက်တယ်။

ဈာပနမှာတော့ နန်ကောနဲ့ ရှန်ရန်ချင်းဟာ နောက်ခံတွေလိုပဲ ဘေးမှာ တိတ်တိတ်လေး ရပ်နေတယ်။

ရှင်းရှင်းပြောရရင် အဖွားနဲ့ ပတ်သက်ပြီး သူမမှာ ဘာခံစားချက်ရယ်လို့မှ မရှိဘူး။နန်ကောမှာ ငိုပြီးတောင် မနေနိုင်ဘူး။

သူမတို့သုသာန်ကနေ ထွက်လာတော့ ရာသီဥတုဟာ ထိုင်းမှိုင်းပြီး ပူလောင်တယ်။မိုးရွာတော့မယ်ဆိုတာ မလွဲဧကန်ဘဲ။

272 02

နန်ကောဟာ ရင်ဘတ်က ပန်းအဖြူကို ဖြုတ်ပြီး ရှန်ရန်ချင်းရဲ့လက်ဖဝါးထဲ ထည့်တယ်။သူမဟာ လက်မြှောက်ကာ အပေါ်ထပ်ကို ချွတ်လိုက်တယ်။

ရှန်ရန်ချင်းဟာ အင်္ကျီကိုယူပြီး လက်ဖျံပေါ် တင်တယ်။သူဟာ သူမလည်ပင်းက ချွေးစတွေကို သုတ်ပေးဖို့ လက်ကိုင်ပုဝါကို ထုတ်လိုက်တယ်။ “ပြီးရင် ဘယ်သွားမှာလဲ”

သူ တကယ် မေးချင်တာကတော့ သူတို့ နန်မိသားစုဆီပြန်ပြီး အဖွားရဲ့ကိစ္စကို လူကြီးတွေနဲ့ ဆွေးနွေးဦးမလား ဒါမှမဟုတ် ဟိုက်မြို့ပဲ တန်းပြန်မလားလို့ဆိုပြီး ဖြစ်တယ်။

စဉ်းစားခြင်း မရှိဘဲ နန်ကောဟာ ပြောတယ်။ “ဒါပေါ့ ကျွန်မတို့ရဲ့ကိုယ်ပိုင်အိမ်လေးကို ပြန်မှာပေါ့”

“ကျွန်မ နေ့လည်ပိုင်း ရုံးမတက်တော့ဘူး။ အိမ်ပြန်ပြီး ထွမ်ထွမ်နဲ့ယွမ်ယွမ်အတွက် အဖော် လုပ်ပေးမယ် ရှင်ကရော။ ရုံးပြန်ဦးမှာလား”

သူမ စကားလမ်းကြောင်းလွှဲ ချင်နေတာကို သိတာမို့ ရှန်ရန်ချင်းဟာ သဘောပေါက်သွားတယ်။ “ကိုယ် ဒီနေ့အားတယ်။ အိမ်ပြန်ကြတာပေါ့။ ညကျ ဘာစားချင်လဲ။ ကိုယ် ချက်မယ်”

မိဘတွေကို နှုတ်ဆက်ပြီးတဲ့အခါ ရှန်ရန်ချင်းနဲ့နန်ကောတို့ဟာ အရင် ပြန်လာခဲ့ကြတယ်။

၂ရက် မကြာလိုက်ဘူး။နန်ကျဲ့ဟာ ကလေး၂ယောက်ဆီ လာလည်ဖို့ ဟိုက်မြို့ကို လာတယ်။သူ မပြန်ခင်မှာလည်း ကတ်တစ်ကတ်ချကာ ကလေးတွေအတွက်ဆိုပြီး ပြောခဲ့သေးတယ်။

အဲ့တုန်းက နန်ကောဟာ လုပ်ငန်းခရီး ထွက်နေတာမို့ မနက်ဖြန်မနက်မှ ပြန်ရောက်မှာဖြစ်ကာ ဒီကိစ္စကို မသိလိုက်ဘူး။

ရှန်ရန်ချင်းကသာ အိမ်မှာ ရှိနေခဲ့တာ။နန်ကျဲ့ရဲ့ကတ်က ဘာကိုဆိုလိုလဲဆိုတာ သူ နားမလည်ဘူး။

“မင်း ကျွန်တော်တို့ကို အမ်ပေါင်းပေးပြီးပြီ မဟုတ်ဘူးလား”

ကလေးတွေရဲ့ဦးလေးအနေနဲ့ အမြွာလေးတွေမွေးကတည်းက သူ သူတို့ကို အမ်ပေါင်းပေးခဲ့ပြီးသား။အဲ့နောက်ပိုင်းမှာလည်း လက်ဆောင်တွေ အများကြီး ပေးခဲ့ပြီး အရမ်းလက်ဖွာ ခဲ့သေးတယ်။

အခု အမြွာလေးတွေဟာ တစ်နှစ်ခွဲ ရှိနေပြီ။သူတို့ရဲ့မွေးနေ့တို့၊အားလပ်ရက်တို့လည်း မဟုတ်ဘူး။သူ ဘာလို့ ရုတ်တရက်ကြီး ဘဏ်ကတ် ပေးတာလဲ။

“ငါ တစ်နေ့က အဖွားရဲ့ပစ္စည်းတွေကို ရှင်းဖို့သွားရင်း ရှာတွေ့ခဲ့တာ။ သူက‌ သေတမ်းစာရေးခဲ့ပြီး ဒီကတ်က နန်ကောရဲ့ကလေးတွေအတွက်လို့ ပြောထားတယ်”

“စာထဲမှာ များများစားစားတော့ မပြောထားဘူး။ ကလေး၂ယောက်အတွက် အမ်ပေါင်းလို့ပဲ ပြောထားတယ်။ ကတ်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ မစစ်ရသေးဘူး။ လျှို့ဝှက်နံပါတ်က နန်ကောရဲ့မွေးနေ့”

“ငါလည်း အစကတော့ ယူမလာချင်ပါဘူး။ ဒါပေမဲ့ ထပ်တွေးကြည့်တော့ ဒါ သူတို့အတွက်လေ။ နန်ကော စိတ်မသက်မသာ မဖြစ်သင့်ဘူး။ ငါက ယူလာပေးရုံပဲ။ ဘယ်လိုဆက်လုပ်မလဲဆိုတာကို နန်ကော ပြန်ရောက်လာမှ မင်းတို့အချင်းချင်းကြား ဆွေးနွေးကြည့်ကြပေါ့”

“မလုပ်ပါနဲ့” သူ ပြောတာတောင်မှ ရှန်ရန်ချင်းဟာ ငြင်းဆန်ပြီး ကတ်ကို ပြန်ပေးသေးတယ်။

နန်ကျဲ့ မယူတာကို မြင်တော့ ရှန်ရန်ချင်းဟာ ကတ်ကို အိတ်ကပ်ထဲထည့်ကာ ပြုံးပြီး ပြောတယ်။ “ကျွန်တော် ဒီကိစ္စမှာ ၀င်မပါပါဘူး။ ပါခွင့်လည်း မရှိဘူး”

“ဒီကိစ္စကို မင်းတို့နှစ်ယောက်ကြား ဆွေးနွေးတာက ပိုကောင်းလိမ့်မယ်။ သင့်တော်တဲ့ အချိန်တစ်ခုကို ရှာပြီး ထိုင်ဆွေးနွေးကြပါ”

“အမြွာလေးတွေအတွက်ဆိုပေမဲ့ ဆုံးဖြတ်ချက်ကတော့ နန်ကောဆီမှာပဲ မူတည်တယ်။ ကျွန်တော်က ဆုံးဖြတ်ပြီး သူ့ကို ပေးလို့မရဘူး”

“ကျစ် ကောင်းပြီ” နန်ကျဲ့ဟာ သူ့အတွက် ခက်ခဲအောင် လုပ်မနေတော့ဘူး။

ခဏရပ်ပြီးတော့ သူ ကမေးတယ်။ “ပြီးခဲ့တဲ့၂ရက်လုံး နန်ကော စိတ်ခံစားချက် ကောင်းနေလား”

“သူ အဆင်ပြေပါတယ် အဆင်ပြေတယ်”

“ဟုတ်ပြီ။ ငါအရင်ပြန်တော့မယ်”

နန်ကျဲ့ဟာ ဆက်မနေခဲ့ဘူး။

နောက်ရက် အိမ်ပြန်ရောက်တော့ နန်ကောဟာ နန်ကျဲ့ဆီက ဖုန်းလက်ခံရရှိတယ်။သူ ဟိုက်မြို့မှာပဲ ရှိနေသေးတယ်။

နန်ကျဲ့ အမြန်ထပ်လာလည်ပြီး ကလေး၂ယောက်နဲ့ အတော်ကြာ ဆော့ကစား နေခဲ့တယ်။

272 03

“ရှန်ရန်ချင်း နင့်ကို ပြောပြလား”

“အင်း သူ ပြောပြပြီးပြီ” သူမအိမ်ထဲရောက်လို့ ရေသောက်ပြီးတော့ ရှန်ရန်ချင်း သူမကို မနေ့ကဖြစ်ခဲ့တာ အကုန်ပြောပြတယ်။

ရှန်ရန်ချင်းဟာ ကလေး၂ယောက်ကို အပေါ်ထပ်ခေါ်သွားတယ်။

မောင်နှမနှစ်ယောက်သာ ဧည့်ခန်းထဲ ကျန်ခဲ့တယ်။လေထုဟာ အနည်းငယ် လေးလံလျက်ရှိတယ်။

နန်ကျဲ့ဟာ သူမ ပေးတဲ့လက်ဖက်ရည်ကို မသောက်ဘဲ ဘဏ်ကတ်ကို ထုတ်ကာ စားပွဲပေါ် တင်တယ်။သူဟာ ကတ်ကို သူမရှေ့ ဖြည်းဖြည်းချင်း တွန်းပို့ရင်း “သူပြော ပြပြီးပြီဆိုတော့ ငါ လေကုန်မခံတော့ဘူး”

“လက်ခံချင်လား မခံချင်လားက နင့်သဘောပဲ”

နန်ကောဟာ စကားမပြောခင် ကတ်ကို ကောက်ကိုင်ကာ ကြည့်တယ်။တစ်အောင့်လောက်ကြာတော့ “ဒါဆိုလည်း သိမ်းထားလိုက် ဘယ်လိုပဲဖြစ်ဖြစ် ကလေး၂ယောက်အတွက်လေ။ ငါ့အတွက်မှ မဟုတ်တာ။ သူတို့ ကြီးလာရင် ဘယ်လိုသုံးမလဲဆိုတာ သူတို့ ဆုံးဖြတ်လို့ရတယ်”

အထဲမှာ ပိုက်ဆံဘယ်လောက် ရှိလဲဆိုတာကတော့ နန်ကော မစစ်ချင်ဘူး။သူမ မသိချင်ဘူး။

“ငါ့အထင် ငါ့တူအငယ်လေးက တဖြည်းဖြည်း နင် ငယ်ငယ်တုန်းကနဲ့ တူလာသလိုပဲ” နန်ကျဲ့ဟာ စကားလမ်းကြောင်း လွှဲလိုက်တယ်။

ဒါကိုကြားတော့ နန်ကောဟာ မျက်တောင် ခတ်မိတယ်။ “ထွမ်ထွမ်ကမှ ငါနဲ့တူတာ မဟုတ်ဘူးလား”

“သူတို့က အနည်းနဲ့အများတော့ နင်နဲ့ တူတာပဲ။ အမြွာတွေလေ တူညီတဲ့ပုံစံခွက်တစ်ခုထဲကနေ ထွင်းထုထားတာ။ ရှန်ရန်ချင်းရဲ့ အစိတ်အပိုင်းတွေလည်း ရှိတယ်။ ဒါပေမဲ့ အငယ်ကောင်က နင့်အကျင့်နဲ့ နည်းနည်းပိုတူတယ်။ အရမ်း နားငြီးတယ်”

“အဲ့လိုလား” နန်ကောဟာ သေချာပြန်တွေးကြည့်တယ်။

“ဟုတ်တယ်။ နင်ငယ်ငယ်တုန်းကလည်း အရမ်းငိုတာ နင့်သားအငယ်ကောင်က နင်နဲ့အတူတူပဲ။ နည်းနည်းလေးဆိုတာနဲ့ ငိုရော။ ယှဉ်ကြည့်ရင် အကြီးကောင်က ပိုတည်ငြိမ်တယ်။ နောက်၂နှစ်အတွင်း ပိုတောင် သိသာလာဦးမယ်”

“နင့်ဒုတိယသားရဲ့အကျင့်နဲ့ဆို ကျစ် နောင်ဆို နင်အရင်က ဘယ်လောက်တောင် စိတ်ရှုပ်စရာ ကောင်းခဲ့လဲဆိုတာ နင်ကိုယ်တိုင် သိလာလိမ့်မယ်”

ငယ်ငယ်တုန်းက နန်ကောဟာ အချိန်အများစုမှာ နန်ကျဲ့အနောက်ကနေပဲ တကောက်ကောက် လိုက်ခဲ့တာ။မောင်နှမနှစ်ယောက်ဟာ အသက်သိပ်မကွာပေမဲ့ သူမ လမ်းစလျှောက်တတ်ကတည်းက နန်ကျဲ့အနောက် လိုက်ရတာကို နှစ်သက်ခဲ့တယ်။မိဘတွေထက် စာရင် မောင်နှမနှစ်ယောက် အချင်းချင်း အချိန်ကုန်ဆုံး ဖြစ်ခဲ့တာက ပိုများတယ်။

သူမငယ်ငယ်က ဘယ်လိုပုံစံလဲဆိုတာကိုတော့ သူမ မမှတ်မိတော့ဘူး။

ဒါကြောင့် နန်ကောဟာ နန်ကျဲ့ရဲ့စကားတွေကို ခပ်ရေးရေးလေးတော့ သံသယ ၀င်ခဲ့တယ်။

သူတို့ဟာ သူမရဲ့ကလေးတွေမို့လည်း ဖြစ်နိုင်ပါတယ်။သူမရဲ့အမြင်မှာတော့ ထွမ်ထွမ်နဲ့ယွမ်ယွမ်ဟာ ၂ယောက်လုံး စကားနားထောင်ပြီး လိမ္မာပါတယ်။နန်ကျဲ့ပြောသလို မဟုတ်ပါဘူးရယ်။

မထင်မှတ်ဘဲ နန်ကျဲ့ရဲ့စကားတွေဟာ အမှန်တကယ် ဖြစ်လာတယ်...။

******

All Chapters