← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

277 01

Chapter 277 ဒါ သူမဘ၀ရဲ့သတ္တိအရှိဆုံး အခိုက်အတန့်ပဲ။

Extra Chapter 1: အစ်ကိုကြီးရဲ့ဇာတ်လမ်း။

တက္ကသိုလ် တက်နေတဲ့အချိန်အတွင်း ချီယန်ဟာ အလုပ်သင် စဆင်းခဲ့တယ်။ဘွဲ့ရပြီးတဲ့နောက်မှာ မြို့တော်က စတူဒီယိုတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ၀င်နိုင်ခဲ့ပြီး အဆက်အသွယ်နဲ့ အရင်းအမြစ်တွေကို အများကြီး စုဆောင်းခဲ့တယ်။သူမရဲ့အရည်အချင်းတွေကြောင့် အနုပညာရှင် တော်တော်များများဟာ သူမနဲ့ လက်တွဲလုပ်ကိုင်ချင်ကြတယ်။

တစ်ဖက်လူဟာ အေအဆင့် အမျိုးသမီးအနုပညာရှင် တစ်ဦးဖြစ်ပြီး ချီယန်နဲ့ ဆက်ဆံရေးကောင်း ရှိတယ်။

ဒါကြောင့် သူမဟာ ဝေ့လည်ကြောင်ပတ် လုပ်တာမျိုး မရှိဘူး။

“မင်းအတွက် မြို့တော်မှာ နေတာထက် ငါ့နေရာကို သွားတာက ကျိန်းသေပေါက် ပိုကောင်းလိမ့်မယ်။ အခွင့်အရေးဖြစ်ရင်ဖြစ် ဒါမှမဟုတ် လစာဖြစ်ရင်ဖြစ်ပေါ့။ မင်း ဒီမှာရှိနေတာ ဘယ်နှစ်နှစ် ရှိပြီလဲ။ ရာထူးလည်း မတိုးသေးဘူး။ မင်းရဲ့ဘ၀ကို တကယ် ဒီလိုပဲကုန်ဆုံးသွားဖို့ စီစဉ်ထားတာလား”

ချီယန် တိတ်နေတာကိုမြင်တော့ တစ်ဖက်လူဟာ သူမကို လက်မောင်းနဲ့ တွတ်လိုက်တယ်။ “ဟေး ငါ မင်းကို စကားပြောနေတယ်၊ နားထောင်နေရဲ့လား”

အဲ့တော့မှပဲ ချီယန်ဟာ တုံ့ပြန်မှုရှိလာပြီး မော့ကြည့်တယ်။

“ငါ ပြောနေတာ မင်းမှာ တခြားအစီအစဉ် ရှိလားလို့။ မင်းအရည်အချင်းနဲ့ဆို မင်းဒီမှာဆက်နေဖို့ မလိုဘူး”

“ကျွန်မလည်း မြို့တော်မှာ တစ်သက်လုံး မနေချင်ပါဘူး” ချီယန်ဟာ သက်ပြင်းချရင်း အမျိုးသမီးအနုပညာရှင်ကို သူမရဲ့အစီအစဉ်အကြောင်း ပြောပြတယ်။ “ကျွန်မ ကိုယ်ပိုင်စတူဒီယို ဖွင့်ဖို့ စီစဉ်ထားတယ်”

တစ်ဖက်လူရဲ့မျက်လုံးဟာ အရောင် လက်သွားတယ်။ “‌သေချာပေါက်ပေါ့ ချီယန်။ ငါ မင်းကို ပံ့ပိုးပေးမယ်။ မင်းကို ငါနဲ့အတူ တကယ် အလုပ်လုပ်စေချင်တယ်ဆိုပေမဲ့လည်း ရပါတယ်လေ။ ဘယ်မှာဖွင့်ဖို့ စိတ်ကူးထားလဲ။ မြို့တော်မှာ မနေနဲ့တော့”

“ဟိုက်မြို့ကို လာရင်ရော”

နိုင်ငံထဲကအနုပညာရှင်အများစုဟာ မြို့တော် ဒါမှမဟုတ် ဟိုက်မြို့မှာ အနေ များကြတယ်။

“ဟိုက်မြို့” တစ်ခုခုကို သွား‌တွေးမိကာ ချီယန့်မျက်လုံးဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။သူမဟာ ခေါင်းညိတ်ပြီး “ကျွန်မ စဉ်းစားကြည့်လိုက်မယ်”

အဲ့ညမှာ ချီယန်ဟာ သူမရဲ့စုဆောင်းထားတဲ့ ငွေတွေကို စစ်ဆေးခဲ့တယ်။

သူမ ဒီနှစ်တွေထဲ တစ်လျှောက်လုံး‌ ချွေတာခဲ့ပြီး အများကြီး မသုံးဖြုန်းခဲ့ဘူး။နောက်ပြီး တက္ကသိုလ်တက်တုန်းက သူမ အချိန်ပိုင်း လုပ်ခဲ့သေးတယ်။သူမ စုဆောင်းမိထားတဲ့ငွေတွေဟာ သူမရဲ့လက်ရှိအစီအစဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်။

ဒါပေမဲ့ သူမဟာ သူမရဲ့မိဘတွေကို ပိုစိတ်ပူမိတယ်။

ချီယန်ဟာ ညစာတောင် မစားဘဲ ခဏလောက်တုံ့ဆိုင်း နေပြီးတဲ့နောက် မြောက်ပိုင်းမှာနေတဲ့သူမရဲ့မားကို ဖုန်းခေါ်လိုက်တယ်။

ဖုန်းသံမြည်တဲ့အချိန် သူမရဲ့တဒိတ်ဒိတ် ခုန်နေတဲ့နှလုံးခုန်သံကိုပါ ကြားနေရတယ်။

ဖုန်း၀င်သွားတဲ့အခါ သူမဟာ သူမကိုယ်သူမတောင် မိတ်ဆက်ဖို့ မေ့သွားကာ “မား သမီး အလုပ်ထွက်ပြီး ဟိုက်မြို့ကို သွားဖို့ စီစဉ်ထားတယ်”

အမေးလေသံမဟုတ်ခဲ့ဘဲ အသိပေးတဲ့လေသံနဲ့ ပိုတူနေခဲ့တယ်။

ဒါကို ပြောလိုက်တဲ့အခါ ဖုန်းရဲ့တစ်ဖက်မှာ တိတ်ဆိတ်မှုက ကြီးစိုးသွားတယ်။

ချီယန်ဟာ ဘယ်ဘက်လက်ကိုဆုပ်ပြီး ဒူးပေါ်တင်ထားမိတယ်။သူမဟာ စိုးရိမ်မိနေရင်း ထူးဆန်းတဲ့စိတ်လှုပ်ရှားမှုတစ်ခုဟာလည်း သူမရဲ့ရင်ထဲက‌နေ ထိုးထွက်လာနေတယ်။

အချိန်ဟာ နောက်ပြန်ရစ်သွားတယ်။ဒီခံစားချက်ဟာ သူမဆယ်ကျော်သက် အရွယ်တုန်းကနဲ့ အတော်လေး ဆင်တူတယ်။တစ်ယောက်ယောက်ရဲ့မွေးနေ့မှာ အဖော်ပြုပေးဖို့အတွက်နဲ့ သူမဟာ မားရဲ့တားဆီးမှုကို လစ်လျူရှုပြီး ညဘက်ကြီး အိမ်ကနေ ခိုးထွက်ခဲ့ဖူးတယ်။

277 02

စိတ်လှုပ်ရှားမှု၊စိတ်မသက်သာမှု၊တုန်လှုပ်မှုနဲ့ တက်ကြွမှုစသဖြင့် ဆယ်ကျော်သက်တွေမှာ ရှိရမဲ့ ပုန်ကန်မှုကို သူမဟာ သယ်ပိုးခဲ့ဖူးတယ်။

အခုပြန်တွေးကြည့်ကာမှ နည်းနည်းတော့ ရယ်စရာကောင်းပေမဲ့ နောင်တတော့ မရမိဘူး။

ကျန်းမြို့ကနေ ပြောင်းလာကတည်းက ဒီလိုခံစားချက်မျိုးကို သူမ တစ်ခါမှ ထပ်မခံစားခဲ့ရတော့ဘူး။

အတိတ်က ဖြစ်စဉ်တွေကို ပြန်တွေးမိတော့ စောင့်ဆိုင်းရခြင်းဆိုတာ အရင်ကလောက် ညှင်းပန်းမှု မရှိတော့ဘူးလို့ ချီယန် ထင်တယ်။

နောက်ဆုံးတော့ သူမရဲ့မားဟာ သက်ပြင်းချတယ်။ “ယန်ယန် သမီး တကယ်လုပ်ချင်တာက ဘာလဲ”

“အခု သမီးအလုပ်က အဆင်မပြေတော့ဘူးလား။ ဒါမှမဟုတ် သူဌေးက သမီးအပေါ် မကောင်းလို့လား”

ချီယန်က ပြောတယ်။ “မဟုတ်ပါဘူး တကယ်တော့ အဆင်ပြေပါတယ်”

“ဒါဆို သမီး ဘာလို့တောင်ပိုင်းကို သွားချင်ရတာလဲ။ အလုပ်က အဆင်ပြေနေတယ်ဆို ဘာလို့ အလုပ်ထွက်ချင်ရတာလဲ။ သမီးလိုမျိုး အခွင့်အရေးကိုရဖို့ လူဘယ်နှစ်ယောက်လောက် စောင့်စားနေကြလဲဆိုတာ သမီးသိလား။ ပုံမှန်ဆို မား သမီးကို ဘာပြောခဲ့လဲ။ လူငယ်တွေက အရမ်းကမူးရှူးထိုး ဆန်လို့မရဘူး။ အကျိုးဆက်တွေကို ထည့်စဉ်းစားရမယ်”

“ဟိုက်မြို့ကို သွားရင် သမီး အခုရထားတဲ့ အလုပ်ထက် ပိုကောင်းတဲ့ အလုပ်ရမယ်ဆိုတာ အာမခံနိုင်လား။ နောက်ပြီး ဒါတွေဖယ်ထားရင်တောင်မှ ပါးနဲ့မားက သမီးအဝေးကြီးကို သွားတာအတွက် စိတ်ပူတယ်”

“သမီးက အခုမြို့တော်မှာ မားအားရင် သမီးဆီ လာလည်လို့ရတယ်။ အရမ်းအဝေးကြီး မဟုတ်ဘူး။ ဒါပေမဲ့ ဟိုက်မြို့ကို သွားရင်ကျ မားက ဘယ်လိုလုပ်ရမလဲ။ သမီးပါးရဲ့ကျန်းမာရေးက အမြဲမကောင်းဘဲ မခံနိုင်တော့ဘူးဆိုတာကို သမီးလည်း သိပါတယ်။ သူ အဝေးကြီးအထိ သမီးဆီ လာမလည်နိုင်ဘူး”

“မြို့တော်မှာ မနေချင်တော့ဘူးဆိုလည်း ပြန်လာခဲ့ မား အလုပ်ရှာပေးမယ်။ မြို့တော်မှာတုန်းကလောက်တော့ လစာမရနိုင်ပေမဲ့ လွယ်တော့ လွယ်လိမ့်မယ်။ သမီး အိမ်မှာပါ နေလို့ရတယ်။ အဆင်ပြေသွားတာ‌ပေါ့။ မား သမီးကိုပြောပြဖူးတဲ့ ဒေါက်တာလီကို မှတ်မိသေးလား။ သမီးပြန်လာတဲ့အခါ သမီး...”

ဒီအခိုက်အတန့်မှာပဲ ချီယန်ဟာ ရုတ်တရက် ထပြောတယ်။ “မား သမီး ပြန်မလာချင်သေးဘူး။ သမီး ဒိတ်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး”

“သမီး တကယ် လိုချင်တာက ဘာလဲ”

“သမီး ဟိုက်မြို့ကိုသွားပြီး စီးပွားရေးတစ်ခုစပြီး ကိုယ်ပိုင်စတူဒီယိုထောင်ဖို့ စီစဉ်ထားတယ်။ မား ပြောသလိုပဲ။ သမီးက ငယ်သေးတယ်။ ဘာလို့သမီးမျက်စိရှေ့က အခွင့်အရေးကို လက်လွှတ်ခံရမှာလဲ။ သမီးက ဒီမှာ တစ်သက်လုံး အနာဂတ်ကို မမြင်ရတဲ့ဓာ တ်ပုံဆရာအသေးစားလေးပဲ လုပ်သွားလို့မရဘူးလေ မဟုတ်ဘူးလား”

“တကယ်တော့ သမီး ဒီအကြံကို ရုတ်တရက်ကြီး ထရတာမဟုတ်ဘူး။ ကြာခဲ့ပါပြီ။ မားကို မပြောရဲလို့သာ နောက်ရက်ထဲ ဟိုက်မြို့ကိုသွားပြီး အိမ်ရှာကြည့်ဖို့ လုပ်ထားတယ်။ လကုန်မှာ အလုပ်ထွက်မယ်။ မားနဲ့ပါး သမီးကို လာတွေ့ဖို့ မလိုပါဘူး။ အချိန်ရတာနဲ့ သမီးက ပြန်လာလာတွေ့ပေးမယ်။ မြို့တော်မှာ နေတာနဲ့ ဘာမှမကွာဘူး။ စိတ်ပူစရာ မလိုပါဘူး”

“ဘယ်လိုလုပ် စိတ်မပူဘဲနေပါ့မလဲ။ ချီယန် သမီး ဒါကို မားနဲ့ တကယ်ကြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတာရော ဟုတ်လား။ ငယ်ငယ်ကတည်းက ဘယ်နှစ်ကြိမ် ရှိနေပြီလဲ။ တစ်ခါလောက် မားတို့ကို စိတ်မပူရဘဲ ပေးမနေနိုင်ဘူးလား”

ချီယန်ဟာ ဖုန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ တိတ်ဆိတ်သွားတယ်။

“ချီ...” သူမမားရဲ့အသံဟာ ထပ်ထွက်လာပေမဲ့ အရင်ကလောက် မတည်ငြိမ်တော့ဘူး။

ဒါပေမဲ့ သူမ စကားပြန်စတဲ့အချိန်မှာပဲ နောက်ထပ်အသံတစ်သံက ကြားဖြတ် ဝင်လာတယ်။

“ငါ ဆက်ပြောလိုက်မယ်။ ထမင်းဟင်း သွားချက်တော့ သွား သွား ဒေါသမထွက်နဲ့”

အဲ့တာဟာ သူမရဲ့ပါး။

မားဟာ တိုးတိုးတိုးတိုးနဲ့ ရေရွတ်တယ်။ပါးကို သူမရဲ့အတွေးကို ဖယ်ရှားပေးဖို့ မှာနေတာ ဖြစ်လောက်မယ်။

မကြာဘူး။မားက ထွက်သွားတယ်။သူမရဲ့ပါးဟာ ဖုန်းကို နားနားကပ်ကာ တိုးတိုးလေး ပြောတယ်။ “ယန်ယန် နားထောင်နေသေးလား”

“ဟုတ်” ချီယန်က ပြန်ဖြေတယ်။ “ပါး သမီး ဒါကို တကယ်လုပ်ချင်တယ် အကောင်းဆုံး ကြိုးစားမှာပါ အဆုံးမှာ ကျရှုံးရင်တောင်မှ သမီးလက်ခံမှာပါ။ ဒါပေမဲ့ အခု သမီး အရင်လုပ်ကြည့်ဖို့ လိုတယ်”

သူမဟာ ပါးကို မားရဲ့ဘက်တော်‌သားလို့ ထင်ခဲ့တယ်။မထင်မှတ်ထားဘဲ ပါးဟာ သူမပြောတာကို ကြားတော့ ပြုံးသာပြုံးတယ်။ “ပါးသိတယ်”

277 03

“သမီးက ငယ်ငယ်ကတည်းက ကိုယ်ပိုင်အတွေးအခေါ် ရှိခဲ့တာပဲ။ ပါး နားလည်ပါတယ်။ ဒီတစ်ခေါက် သမီးရဲ့ဆုံးဖြတ်ချက်ကို မကောင်းတဲ့အရာလို့ ပါး မထင်ပါဘူး။ လူငယ်တွေဆိုတာ ဒီလိုဖြစ်နေရမှာ သူတို့က တိုက်ခိုက်ပြီး သူတို့ကိုယ်ပိုင်တန်ဖိုးကို ဖန်တီးရမှာ”

“ဒီနှစ်တွေထဲ သမီးအတွက် မလွယ်ကူဘူးဆိုတာ မိသားစုက သိပါတယ်။ အထူးသဖြင့် ပါးရဲ့မတော်တဆကိစ္စနောက်ပိုင်းမှာ သမီးရဲ့အကျင့်က အများကြီး ပြောင်းလဲသွားတယ်။ ပါး အမြဲအပြစ်ရှိသလို ခံစားခဲ့နေရတာ။ အခု သမီးကို ဒီလိုမြင်ရတော့ ပါး တကယ်ပျော်ရတယ်”

“ဒါကြောင့် ဒီတစ်ခေါက် သမီးစိတ်ပူစရာမလိုဘဲ သွားနိုင်တယ်။ သမီးမှာ တွေးထားတာတွေ ရှိတယ်ဆို သတ္တိရှိရှိသာ လုပ်ချလိုက် မကြောက်နဲ့။ သမီးငယ်ငယ်တုန်းက သမီး ဘယ်လောက်ရဲခဲ့လဲဆိုတာကြည့်‌။ သမီး အရင်လို ပြန်ဖြစ်ဖို့လိုတယ်။ ကျရှုံးမှာကို မကြောက်နဲ့! သမီးမားကိုက ပါးနဲ့ လွှဲထားလိုက်”

ဖုန်းချပြီးတဲ့ နောက်မှာတောင်မှ ချီယန်ဟာ ငေးငိုင်စွာနဲ့ မှင်သက်နေမိဆဲ။

တစ်နာရီကြာတော့ သူမရဲ့ဘဏ်ကတ်ကနေ အသိပေးစာ တစ်စောင်ရောက်လာတယ်။

သူမရဲ့ပါးဆီက ဖြစ်တယ်။

ချီယန်ဟာ မထိန်းနိုင်ဘဲ ငှားထားတဲ့ အိမ်လေးမှာ ငိုချမိတော့တယ်။

နောက်တစ်နေ့ သူမ နိုးလာတဲ့အခါမှာ သူမဟာ မတူညီတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပုံရတယ်။သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေကတောင်မှ ကောင်းတာ တစ်ခုခုဖြစ်ထားလို့လားဆိုပြီး မေးကြတယ်။သူမ တွဲနေတဲ့လူ ရှိသွားတာလား။ ဒါမှမဟုတ် ရာထူး တိုးသွားတာလား။

ချီယန်တစ်ယောက် မဖြေခဲ့ဘူး။သူမဟာ သူဌေးဆီက ၃ရက်ခွင့်ယူပြီး အဲ့ညမှာ ကျန်းမြို့ဆီကို လေယာဉ်နဲ့ သွားခဲ့တယ်။

လေယာဉ်ပေါ်မှာတော့ ချီယန်ဟာ ဓာတ်ပုံအယ်လ်ဘမ်ထဲကဓာတ်ပုံကို စစ်ဆေးဖို့ ဖုန်းကို ထပ်ခါထပ်ခါ ဖွင့်နေခဲ့မိတယ်။ပုံဟာ သူမ အရင်ကတွေ့ထားခဲ့တဲ့ ဆောင်းပါးအသစ်တစ်ခုက ဓာတ်ပုံတစ်ပုံ ဖြစ်တယ်။

သူမတို့နောက်ဆုံးတွေ့ခဲ့တာ နှစ်တွေအတော်လေး ကြာခဲ့ပြီ။အမျိုးသားငယ်ဟာ ကျောင်းယူနီဖောင်းကို ချွတ်ကာ အနောက်တိုင်း၀တ်စုံနဲ့ သားရေရှူးဖိနပ်ကို ၀တ်ဆင်ထားတယ်။ဒါပေမဲ့ သူ ကင်မရာကို ကြည့်တဲ့အချိန် သူ့မျက်လုံးထဲက အပြုံးဟာတော့ အရင်အတိုင်းပဲ။

ဒါဟာ သူမဘ၀ရဲ့သတ္တိအရှိဆုံး အခိုက်အတန့် ဖြစ်မယ်လို့ ချီယန်ဟာ တွေးမိတယ်...။

******

All Chapters