အခန်း ၂၈၀
Vol. 28 Ch. 280
280 01
Chapter 280 သူ့ကို တိတ်တဆိတ်အဖော်ပြုပေးတယ်။
Extra Chapter 4: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
မောင်နှမနှစ်ယောက်ဟာ ဆေးရုံစင်္ကြန်က ခုံတန်းမှာ ထိုင်လိုက်ကြတယ်။
နန်ကျဲ့ဟာ နန်ကော ယူလာပေးတဲ့အစားအသောက်တွေကို စားပြီးပြီဖြစ်ကာ သူမနဲ့စကား နည်းနည်းပါးပါး ပြောတယ်။
“ဒီတစ်ခေါက် အဖိုးရဲ့အခြေအနေက သိပ်မကောင်းဘူး”
“ငါ ကြားတယ်” နန်ကောဟာ ခေါင်းညိတ်တယ်။သူမရဲ့မျက်နှာထားဟာတော့ ပြောင်းလဲခြင်း မရှိဘူး။သူမဟာ ပျော်မနေသလို သေချာပေါက် ၀မ်းလည်း နည်းမနေဘူး။သူမဟာ ဒီတိုင်း အရမ်းတည်ငြိမ်နေတယ်။
ကောင်းကောင်း မသိတဲ့လူဆို သူမကို သွေးအေးတဲ့လူလို့ ထင်ကောင်း ထင်ကြမယ်။သူမရဲ့အဖိုးဟာ ဒီလိုအခြေအနေမှာ ရှိနေတာတောင်မှ သူမဟာ ဘာတုံ့ပြန်မှု မရှိဘူး။
“အဖိုး ထွက်သွားတဲ့အခါကျရင် အမွေခွဲတာနဲ့ ပတ်သက်ပြီး အများကြီးမတွေးနဲ့။ နင်က သူ့မြေးမလေး ဒီတိုင်းလက်ခံလိုက် လက်မခံရင် နင် ငတုံးလေး ဖြစ်သွားမယ်။ ဒီတိုင်း အခြားလူတွေကို အကြောင်းအရင်း မရှိဘဲ ပိုက်ဆံရခွင့် ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ နင် ငါပြောတာကို နားလည်လား”
“အင်း” နန်ကောဟာ သူ ပြောတာကို လက်မခံတာမျိုး မရှိဘူး။
ဒါကို နန်ကျဲ့ပြောတုန်းက သူ့အဖိုး နန်ကောအတွက် ပိုက်ဆံ ဘယ်လောက်ထားခဲ့လဲဆိုတာ သူ တစ်စက်လေးမှ မသိခဲ့ဘူး။
သူ့စိတ်ထဲမှာတော့ သူက ကုမ္ပဏီကို ဆက်ခံမှာမို့ သူ့ပါးနဲ့ သူ့ဦးလေး၂ယောက်ဟာ သူ့ထက်တော့ ပိုမရနိုင်ဘူး။နန်ကောဆို ပိုဆိုးမယ်။ဒါနဲ့ပတ်သက်ပြီး သူ တတ်နိုင်တာလည်း မရှိဘူး။
ဒါပေမဲ့ နန်ကောနဲ့နန်ရှီတို့ အမွေပမာဏအတူတူပဲ ရလိမ့်မယ်။လူအိုကြီးက သိပ်ဘက်မလိုက်ပါဘူး။
နန်ကျဲ့ဟာ ပြုံးလိုက်ရင်း သူမရဲ့ခေါင်းကို ပွတ်တယ်။ “ပြန်တော့ ဆေးရုံမှာ မနေနဲ့တော့”
ရက်အနည်းငယ်ကြာတော့ နန်မိသားစုရဲ့သခင်ကြီးဟာ ဖျားနာမှုကြောင့် ဆုံးပါးသွားခဲ့တယ်။
ချီယန်ဟာ သတင်းကို ယွမ်ချီနဲ့အခြားလူတွေဆီကနေ သိလိုက်ရတာ။သူမပါးရဲ့ကျန်းမာရေးဟာ ဒီရက်ထဲ သိပ်မကောင်းဘူး။ဒီတော့ သူမ မြောက်ပိုင်းကို ချက်ချင်းပြန်ရပြီး ဟိုက်မြို့မှာ ရှိမနေခဲ့ဘူး။နန်ကျဲ့ဟာ သိနေတာ ဖြစ်လောက်မယ်။ဒါကြောင့် သူ သူမကို အဖိုးဖြစ်သူရဲ့ဆုံးပါးမှုအကြောင်းကို မပြောပြခဲ့တာ။
သူမ ကျန်းမြို့ကို ပြန်ရောက်တဲ့အချိန် ဈာပနဟာ ပြီးနေခဲ့ပြီ။
အကြောင်းတစ်ချို့ကြောင့် သူမ နန်ကျဲ့ကို ဖုန်းခေါ်မရဘူး။သူမ ယွမ်ချီဆီကနေ နန်မိသားစုအိမ်အဟောင်းရဲ့လိပ်စာကိုရပြီး တစ်လမ်းလုံး ရှာခဲ့တယ်။
သူမ ရောက်သွားပြီး အထဲကို ၀င်သင့်၊မ၀င်သင့် တုံ့ဆိုင်းနေမိတုန်းမှာပဲ ဟွားရှန်ရဲ့ဥက္ကဌရှန်နဲ့ သွားဆုံတယ်။
ဥက္ကဌရှန်ဟာ နန်ကျဲ့ညီမလေးနဲ့ စေ့စပ်ထားသူ။အခု သူဟာ အပြင်မှာသာ စောင့်နေပေးဖို့ တတ်နိုင်တယ်။ပြီးတော့ သူမက နန်ကျဲ့ရဲ့ကောင်မလေး...။
တွေးကြည့်လိုက်ပြီးတဲ့နောက် သူမဟာ ဥက္ကဌရှန်နဲ့အတူ အပြင်မှာ စောင့်နေဖို့ကိုသာ ရွေးချယ်လိုက်တယ်။
သိပ်မကြာဘူး။နန်မိသားစုရဲ့ စေ့နေအောင် ပိတ်ထားတဲ့တံခါးဟာ ပွင့်လာတယ်။သူမ တစ်ချက် လှမ်းကြည့်လိုက်တော့ တစ်ချက်တည်းနဲ့ နန်ကောကို သွားတွေ့တယ်။သူမဟာ လူတစ်ယောက်ဆီကနေ အဆွဲထားခံရတယ်။
“အဲ့တာ သူတို့ဦးငယ်လေး” ရှန်ရန်ချင်းက ရှင်းပြတယ်။
“အာ… ကျွန်မ နန်ကျဲ့ဆီ ကြားဖူးတယ်”
ချီယန်ဟာ သူ့အကြောင်းတချို့ ကြားဖူးပေမဲ့ သူ့ဦးငယ်လေးကို လူကိုယ်တိုင်တော့ တစ်ခါမှ မတွေ့ဖူးဘူး။
သူတို့ဦးငယ်လေးနဲ့ နန်ကောဟာ ကောင်းမွန်တဲ့ အခြေအနေထဲရှိပုံ မပေါ်ဘူး။သိပ်မကြာခင်ဘဲ နန်ကျဲ့ဟာ သူတို့အနောက်ကို လိုက်လာတယ်။
အခု ကားထဲကနေ ထွက်လိုက်ရတော့မလားဆိုပြီး သူမ တုံ့ဆိုင်းနေမိတုန်းမှာပဲ ရှန်ရန်ချင်းဟာ ကားတံခါးကို ဖွင့်ပြီးနေပြီ။
“ဒီမှာ”
သူမဟာ တစ်ခဏ အံ့ဩသွားပြီး သူ့အနောက်ကို အမြန်လိုက်ရတယ်။
ဘာဖြစ်ကြလဲဆိုတာ သူမ မသိဘူး။နန်ကော သူမကိုတွေ့တော့ ခေါင်းတစ်ချက်သာ ညိတ်ပြကာ ကားထဲ ၀င်သွားတယ်။ရှန်ရန်ချင်းဟာလည်း နန်ကောအနောက်ကနေ အမြန်လိုက်၀င်တယ်။
280 02
နန်ကျဲ့ဟာ သူမကိုတွေ့တော့ အနည်းငယ် အံ့ဩသွားတယ်။သူဟာ အရှေ့ကိုတိုးပြီး သူမရဲ့လက်ကောက်၀တ်ကို ကိုင်ကာ ဘေးကို ဆွဲခေါ်တယ်။ဥက္ကဌရှန်ရဲ့ကား ထွက်သွားတဲ့အခါ သူဟာ အကြည့်ပြန်ရုတ်ပြီး သူမကို ကြည့်တယ်။
“နင် အိမ် ပြန်သွားတာ မဟုတ်ဘူးလား”
“အခုမှ ပြန်ရောက်လာတာ နင်...အဆင်ပြေရဲ့လား” ချီယန်ဟာ သူ့လက်ကို ဆုပ်ကိုင်လိုက်တယ်။သူ့လက်ဖဝါးတွေ အေးနေတာကိုသာ သွားခံစားမိတယ်။
သူမဟာ မလွှတ်လိုက်ဘဲ တင်းနေအောင် ဆုပ်ကိုင်ထားတယ်။
နန်ကျဲ့ဟာ အတင်းပြုံးယူပြီး ခေါင်းခါပြတယ်။
“အိမ်က အခုနည်းနည်း ရှုပ်နေတယ်။ ဒီမှာ ငါ့ကားသော့ ငါ့အိမ်ကို မောင်းသွားပြီး ငါ့ကို စောင့်နေ”
သူမ မမေးရသေးခင်မှာဘဲ နန်ကျဲ့ဟာ သူမကို လိပ်စာပေးတယ်။ “ဒါ ကုမ္ပဏီနားက ငါ့အိမ် ဘယ်သူမှ မရောက်ဖူးဘူး။ လျှို့ဝှက်နံပါတ်က နင်နဲ့ငါရဲ့မွေးနေ့ သွားပြီး အရင်နားလိုက်။ ငါ ပြီးမှ လိုက်လာခဲ့မယ်”
ချီယန်ဟာ သူ့ကို ဒီမှာ စောင့်ပေးချင်ပေမဲ့ နန်ကျဲ့ဟာ သူမရဲ့ပုခုံးကိုတွန်းကာ သူ့ကားဆီ လျှောက်လှမ်းသွားတယ်။ “ငါ့မိသားစုပြဿနာကို ဖြေရှင်းပြီးရင် ငါ နင့်ကို လာရှာလိုက်မယ်”
ဒါကိုကြားတော့ သူမဟာ အခုလေးတင် ထွက်သွားတဲ့ နန်ကောရဲ့ ဖျော့တော့တော့မျက်နှာကို ပြန်သွားတွေးမိတယ်။သူမ သူ့ကို အတင်းဖိအား ပေးမနေတော့ဘူး။အခုချိန်မှာ သူမ သူ့ကို စိတ်မပူစေချင်ဘူး။ “ကောင်းပြီ ရောက်တဲ့အခါ ငါ နင့်ကို စာပို့လိုက်မယ်။ နင် အထဲပြန်သွားလို့ရပြီ”
သူမ ကျန်းမြို့နဲ့ မရင်းနှီးတာ မဟုတ်ဘူး။ဒီကနေ နန်ကျဲ့ရဲ့အိမ်ဆီကို ၁၅မိနစ်ပဲ ကားမောင်းရတယ်။
အဲ့နေ့မှာ နန်ကျဲ့ဟာ အရမ်းနောက်ကျမှ ပြန်ရောက်လာခဲ့တယ်။
ဆူညံသံတချို့ကိုကြားတော့ သူမဟာ အမြန်ထပြီး သူ့ဆီ သွားလိုက်တယ်။ “နင် စားပြီးပြီလား”
နန်ကျဲ့ဟာ သူမ အိပ်ပျော်နေပြီလို့ ထင်ခဲ့တာ။သူဟာ အနောက်လှည့်ပြီး သူ့ဖိနပ်ကို လဲတယ်။ “နင်ရော စားပြီးပြီလား” သူဟာ ပြန်မေးလိုက်တယ်။
နန်ကျဲ့နဲ့အချိန်တွေ အများကြီး ကုန်ဆုံးပြီးတဲ့နောက်မှာ သူ ဘာတွေးနေလဲဆိုတာကို ချီယန် ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။
အဲ့ညက သူမ ပေါင်မုန့်တချို့ စားခဲ့ပြီး သိပ်ဗိုက်မဆာဘူးဆိုပေမဲ့လည်း သူမဟာ “ငါ နင့်ကို စောင့်နေတာ မစားရသေးဘူး။ နင်ရော စားပြီးပြီလား” လို့သာ ပြောလိုက်မိပါတယ်။
ထင်ထားတဲ့အတိုင်း နန်ကျဲ့ဟာ သူ ညစာမစားရသေးကြောင်း ပြောလာတယ်။
“ခဏနားလိုက်။ ငါ ချက်လိုက်မယ်”
“နင် ချက်မယ်” နန်ကျဲ့ဟာ အံ့အားသင့်သွားတယ်။
“ပြဿနာ ရှိလို့လား” ချီယန်ဟာ ခါးပေါ် လက်ထောက်ရင်း “ငါ ဆယ်ကျော်သက်ကတည်းက ကိုယ့်ဟာကိုယ် အိမ်မှာ ချက်စားလာတာပါ။ မပူပါနဲ့။ ငါ နင့်ကို အဆိပ်မခတ်ပါဘူး”
နန်ကျဲ့ဟာ ခေါင်းညိတ်ပြတယ်။ဒါပေမဲ့ ရေခဲသေတ္တာထဲမှာ ဘာမှမရှိမှန်း သူ အမြန်သတိရသွားတာမို့ အနောက်ကို ပြန်လှည့်တယ်။
“ဒါဆို ငါ ကုန်စုံဆိုင်မှာ သွား၀ယ်လိုက်ဦးမယ်”
“မလိုဘူး။ ငါ နေ့လည်က သွား၀ယ်ပြီးပြီ” ချီယန်ဟာ သူ့ကို ပြန်ဆွဲကာ သူ့လက်မောင်းကို ဆွဲရင်း သူ့ကို ဆိုဖာပေါ် ဖိချတယ်။
တိုက်ကွမ်ဒိုချန်ပီယံဆိုတဲ့အတိုင်း သူမဟာ တကယ်ကို အားသန်တယ်။နန်ကျဲ့မှာ ပြန်ခုခံခွင့်လေးတောင် မရလိုက်ဘူး။
“ဒီမှာထိုင်ပြီး ငါ့ကို စောင့်နေ”
ထွက်မသွားခင် ချီယန်ဟာ သူ့အတွက် ရေနွေးနွေးတစ်ခွက်ပါ ထည့်ပေးခဲ့သေးတယ်။
ချက်နေရင်း တစ်၀က်မှာ မီးဖိုချောင်တံခါးဟာ ဖြည်းဖြည်းလေး ပွင့်လာတယ်။သူမဟာ အနောက်လှည့်ပြီး တစ်ချက် ကြည့်လိုက်တယ်။ “ဧည့်ခန်းထဲမှာ စောင့်နေဖို့။ ငါ မပြောခဲ့ဘူးလား”
နန်ကျဲ့ဟာ ဘာဝေယျ၀စ္စမှ မလုပ်တဲ့ သခင်ငယ်လေးတစ်ယောက်။သူဟာ ကျိန်းသေပေါက် မီးဖိုချောင် မ၀င်ဖူးလောက်ဘူး။ဟင်းချက်ဖို့ ဆိုဝေး။
“ငါ နင့်ကို ကြည့်ချင်လို့” သူဟာ အထဲထိ၀င်မလာဘူး။သူဟာ လက်ကို ရင်ဘတ်နား ယှက်ထားရင်း တံခါးဘောင်ကို ပျင်းရိပျင်းတွဲနဲ့မှီကာ ကြီးကြပ်ချင်သလိုမျိုး ကြည့်နေတယ်။
280 03
ချီယန်ဟာ သူ့ကို လွှတ်ထားလိုက်တယ်။
ခဏလောက် ကြာသွားပြီး နောက်ဆုံးတော့ သူမဟာ နန်ကျဲ့အသံကို ကြားလိုက်ရတယ်။
တိုးလွန်းတာမို့ သူမသာ သေချာနားမထောင်မိဘူးဆိုရင် ဟင်းချက်နေတဲ့အသံနဲ့ ဖုံးသွားနိုင်တယ်။
သူက ပြောတယ်။ “အဖိုးနဲ့အဖွားက အမြဲဘက်လိုက်တယ်။ နန်ကော မွေးကတည်းက သူတို့ နန်ကောကို သိပ်သဘောမကျကြဘူး။ အဲ့တာက ဒီတိုင်း သူတို့ မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုနှစ်သက်ရုံပဲ...မဟုတ်ဘူး။ သူတို့က မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုနှစ်သက်တာ”
ချီယန်ဟာ ခဏတန့်သွားမိတယ်။သူမဟာ သူ့ကို မကြားသလို ဟန်ဆောင်လိုက်ပြီး အနောက်ကို မလှည့်ဘူး။နန်ကျဲ့ဟာ ဆက်ပြောတယ်။ “ဒီတစ်ခါ အမွေကိစ္စမှာတော့ အဖိုး နန်ကောကို ဆိုးဆိုးဝါးဝါး မဆက်ဆံလောက်ပါဘူးလို့ ငါ ထင်ခဲ့တာ။ ဒီလိုထပ်ဖြစ်မယ် မထင်ထားဘူး။ သူက ရှင်းရှင်းလင်းလင်းကိုပဲ နန်မိသားစုရဲ့အငယ်ဆုံးသမီးပါ ။ဘာလို့ သူ့ကို ငါတို့၃ယောက်နဲ့ မယှဥ်ပေးနိုင်တာလဲ”
“ငါ ငယ်ငယ်ကတည်းက သူတို့ ငါ့အပေါ် အရမ်းကောင်းတယ်။ ဒါပေမဲ့ နန်ကောကိုတော့ အခက်တွေ့အောင် အမြဲလုပ်ကြတယ်။ ခဏခဏပဲ သူတို့ ငါ့ကြောင့်နဲ့တောင်မှ နန်ကောကို အခက်တွေ့အောင် လုပ်တာမျိုးတွေ ရှိတယ်”
နန်ကျဲ့ဟာ လက်မြှောက်ကာ မျက်ခုံး၂ခုံးကြားက နေရာကို ဖိပွတ်တယ်။သူ အရမ်းစိတ်ရှုပ်နေတယ်။
ချီယန်ဟာ မီးပိတ်ကာ ပြောတယ်။ “ဒီတော့ ဒါကြောင့် နန်ကော ထွက်သွားတာလား”
“ဟုတ်တယ်။ သူ စိတ်အခြေအနေ မကောင်းဘူးဆိုတဲ့အကြောင်း ငါ ရှန်ရန်ချင်းဆီကနေ ကြားရတယ်။ သူ တစ်နေ့လည်လုံး ဘယ်သူ့ဖုန်းကိုမှ မကိုင်ဘူး”
ချီယန်ဟာ ခဏလောက် တွေးကြည့်ပြီး အကြံပေးတယ်။ “ညစာ စားပြီးရင် ငါတို့ဟိုက်မြို့ကို သွားလိုက်ရင်ရော။ နင် နန်ကောနဲ့ လူကိုယ်တိုင်တွေ့ပြီး စကားပြောလို့ ရတယ်။ ဒီလိုကိစ္စမျိုးက သူ့အတွက် ကြီးကြီးမားမား ရိုက်ခတ်မှုတစ်ခုဖြစ်နေမှာ။ နင် သူ့ကို ကိုယ်တိုင် သွားနှစ်သိမ့်ပေးတာ ပိုကောင်းတယ်။ ဖုန်းကောလ်တွေဆိုတာ အဓိပ္ပာယ် မရှိဘူး”
နန်ကျဲ့ဟာ ခေါင်းခါတယ်။ “ငါ့မပြောနဲ့။ သူ နေ့လည်က ရှန်ရန်ချင်း သူ့ကို စကားပြောတာတောင်မှ လစ်လျူရှုထားတာ။ သူ တောက်လျှောက် အိပ်နေတယ်လို့ ငါ ကြားတယ်”
“ဒါဆို မနက်ဖြန်။ ငါတို့ မနက်ဖြန်မနက် သွားကြမယ်။ စဉ်းစားကြည့်တော့ အခုက အတော်လေး နောက်ကျနေပြီ” ချီယန်က ပြောတယ်။
နန်ကျဲ့မှာလည်း တူညီတဲ့ရည်ရွယ်ချက် ရှိတယ်။
ညစာ စားပြီးတဲ့အခါ နန်ကျဲ့ဟာ အိပ်မပျော်နိုင်ဘူး။သူဟာ လသာဆောင်မှာရပ်ပြီး ဆေးလိပ် တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့တယ်။
ဒီတစ်ခေါက်မှာတော့ ချီယန်ဟာ သူ့ကို မတားခဲ့ဘူး။အဲ့အစား သူမဟာ အနားကိုသွားကာ သူ့ဘေး ၀င်ထိုင်ပြီး တိတ်တဆိတ် အဖော်ပြုပေးခဲ့တယ်...။
******