အခန်း ၂၈၁
Vol. 29 Ch. 281
281 01
Chapter 281 အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ။
Extra Chapter 5: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
ညလယ်လောက်ရောက်တော့ ချီယန်ဟာ လသာဆောင်ကခုံပေါ်မှာ အိပ်ပျော်သွားတယ်။နန်ကျဲ့ဟာ လက်ထဲကဆေးလိပ်ကို မီးသတ်ပြီးထကာ သူမကို အိပ်ခန်းဆီ ညင်ညင်သာသာသာ ပြန်သယ်သွားပေးတယ်။
သူမရဲ့ခန္ဓာကိုယ် အိပ်ရာကို ထိလိုက်တာနဲ့ သူမဟာ အနည်းငယ် မျက်မှောင် ကြုတ်သွားကာ ထွက်မသွားရသေးတဲ့လူကို ကြည့်ဖို့ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်တယ်။
အမျိုးသားရဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ ရစ်သီနေတဲ့ ဆေးလိပ်ငွေ့တွေဟာ ပျောက်ကွယ်သွားပုံ မရဘူး။ဒီအကွာအဝေးကနေ ဆေးလိပ်ငွေ့ရဲ့အနံ့အသက်ကို သူမ ရှင်းရှင်းလင်းလင်း ရတယ်။
သူမ အမှတ်တမဲ့ နှာခေါင်း ရှုံ့လိုက်တာကိုမြင်တော့ နန်ကျဲ့ဟာ လက်ကို ပြန်ရုတ်ပြီး သူမနဲ့ ခပ်ခွာခွာနေတယ်။ “အိပ်တော့ ငါ ဘေးအခန်းကို သွားလိုက်မယ်” သူတို့နှစ်ယောက် စတွဲနေတာကြာပြီဆိုပေမဲ့ ခုတင်တစ်လုံးတည်းတော့ တစ်ခါမှ မအိပ်ဖူးသေးဘူး။ဟိုရက်က သူတို့အတူ ထွက်လည်ခဲ့တုန်းကတောင် ၂ယောက်အခန်းကို ဘိုကင်ယူခဲ့တာဖြစ်ပြီး အိပ်ခန်းတစ်ခန်းဆီ ပါတယ်။
နန်ကျဲ့မှာ ရဲတင်းတဲ့ အသွင်အပြင်မျိုးရှိပြီး တိုက်ပွဲတွေ အများကြီး နွှဲခဲ့ဖူးပုံပေါ်ပေမဲ့ အမှန်က ဆယ်ကျော်သက်အရွယ်ကတည်းက သူ မိန်းကလေးတစ်ယောက်နဲ့ တစ်ခါမှ မအိပ်ခဲ့ဖူးဘူး။သူ ဆယ်ကျော်သက် မရောက်ခင်တုန်းကဆို နန်ကောဟာ မူလတန်းမှာပဲ ရှိသေးတယ်။သူမ နေ့လည်ဘက် တစ်ရေးတစ်မောအိပ်ပြီဆို သူက ချော့သိပ်ပေးခဲ့ရတယ်။တစ်ခါတလေ သူလည်း ပင်ပန်းလာပြီဆို အိပ်ရာအစွန်းလေးမှာလဲပြီး တစ်ရေး အိပ်တတ်တယ်။
တစ်ခါတလေ ယွမ်ချီနဲ့အခြားလူတွေဟာ သူ့ကို ဒါနဲ့ စနောက်တတ်ကြတယ်။သူ့မှာ ရုပ်ရည်ရှိတာကလွဲလို့ သူ့ထက်ငယ်တဲ့ ယွီယွီတောင်မှ မိန်းကလေးတွေကြား သူ့ထက် ပိုနာမည်ကြီးသေးတယ်။သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကို ကြည့်တာနဲ့တင် သူ့ဘေးမှာ မိန်းကလေးတစ်ယောက်မှ မရှိခဲ့ဖူးဘူးဆိုတာ ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး။
အမှန်တကယ်က နန်ကျဲ့ဟာ သန့်ရှင်းမှုနဲ့ပတ်သက်ပြီး နည်းနည်း အစွဲကြီးတယ်။သူက လွယ်ကူတဲ့လူ မဟုတ်ဘူး။ပိုဆိုးတာက သူဟာ ထူးကဲသာလွန်တဲ့ နောက်ခံကနေလာပြီး ကောင်းမွန်စွာ ကြီးပြင်းလာတာ။သူဟာ ရှန်ရန်ချင်းနဲ့ ဘာမှမကွာဘူး။
အိမ်ထောင် မပြုသေးခင်မှာတောင်မှ အနည်းဆုံးတော့ သူ စပြီးဒိတ်လုပ်တဲ့အခါမှာ တစ်ဖက်လူက မေးလာတာမျိုး ဒါမှမဟုတ် သဲလွန်စပေးတာမျိုး မလုပ်လာဘူးဆိုရင် သူ့ဘက်ကစပြီး ဘာမှတောင်းဆိုမှာ မဟုတ်ဘူး။
သူ့ကိုယ်သူ ပြန်မတ်မလို့လုပ်တဲ့အချိန်မှာပဲ ချီယန်ဟာ ရုတ်တရက်လက်မြှောက်ပြီး သူ့လက်ကို လှမ်းဆွဲတယ်။
နန်ကျဲ့ဟာ အံ့ဩသွားပြီး နေရာမှာ တောင့်တောင့်ကြီး။သူဟာ သူမကို အသက်ရှူရကြပ်စွာ စိုက်ကြည့်မိတယ်။
“ငါ မရင်းနှီးတဲ့အိပ်ရာတွေမှာ မအိပ်တတ်ဘူး။ ဘာလို့...နင်လည်း လာမအိပ်တာလဲ”
သူမစကားပြောတဲ့အခါ သူမရဲ့အသံဟာ အနည်းငယ် ဗလုံးဗထွေးဖြစ်နေဆဲ။သူမရဲ့မျက်လုံးတွေဟာ သူ့ကိုကြည့်တဲ့အချိန် မြူအလွှာနဲ့ အုပ်နေပုံပေါ်တယ်။ရီဝေကာ ဝေဝါးနေတယ်။
နန်ကျဲ့ဟာ အကြာကြီး စကားမပြောဘဲ နေနေမိတယ်။သူဟာ သူ့ရဲ့ခပ်တောင့်တောင့် ကိုယ်အနေအထားကြီးကို ထိန်းထားပြီး သူမကို သေချာကြည့်ကြည့်တယ်။
သူ့ရဲ့မှတ်ဉာဏ်ထဲမှာတော့ ချီယန်ကို သူ ပထမဆုံးတွေ့ဖူးတဲ့အကြိမ်ဟာ ဂျူနီယာအထက်တန်း နောက်ပိုင်းဖြစ်တယ်။
သူဟာ ယွမ်ချီရဲ့ငယ်သူငယ်ချင်းဖြစ်ပေမဲ့ ဂျူနီယာအထက်တန်းပြီးတော့ သူတို့၂ယောက် အခန်းမတူခဲ့ဘူး။အဲ့တုန်းက ယွမ်ချီဟာ စာသိပ်မတော်တာမို့ နောက်ဆုံးအခန်းကို ရောက်သွားတယ်။ဒါပေမဲ့လည်း အတန်းဆင်းပြီဆိုတာနဲ့ ယွမ်ချီဟာ သူ့ကို လာလာရှာတတ်တယ်။
သူတို့စာသင်ခန်းတွေဟာ အထပ်တစ်ထပ်ခြားတယ်။သူက အောက်ထပ်မှာ ဖြစ်တယ်။
နေ့လည်ပိုင်း ကာယအချိန်။ပုံမှန်လိုပဲ သူ စင်္ကြန်လက်ရန်းကိုမှီရင်း အောက်ထပ်ကို ပျင်းရိစွာနဲ့ ငုံ့ကြည့်နေခဲ့တယ်။
သူ့ဘေးမှာ စကားပြောနေကြတဲ့ အခြားငယ်သူငယ်ချင်းတွေလည်း ရှိနေခဲ့တယ်။သူတို့ဟာ ဘတ်စကတ်ဘောကစားဖို့ ယွမ်ချီ အောက်ထပ် ဆင်းလာတာကို စောင့်နေကြတာ။
တစ်အောင့်လောက်စောင့်ပြီးတဲ့နောက် ယွမ်ချီရော က်လာတယ်။သူပြောတာတော့ သူ့အမှတ်တွေ တော်တော်ကျသွားလို့ ဆရာမဆီက ဆိုဆုံးမခံနေခဲ့ရတယ်တဲ့။
လူစုံပြီမို့ လူတိုင်းဟာ အောက်ထပ်ကို ဆင်းဖို့ လုပ်ကြတယ်။
အဲ့အချိန်မှာပဲ ယွမ်ချီဟာ အောက်ထပ်ကို ရုတ်တရက် လက်လှမ်းပြတယ်။ “ချီယန်!”
281 02
သူတို့အားလုံး အလိုအလျောက်ပဲ သူ့အကြည့်နောက်ကို လိုက်ကြည့်မိတယ်။
နန်ကျဲ့လည်း ခြွင်းချက် မရှိခဲ့ဘူး။
ဒီနာမည်ကိုကြားတော့ အခြားလူတွေလိုပဲ သူလည်း ကောင်လေးတစ်ယောက်လို့ ထင်ခဲ့တာ။ယွမ်ချီရဲ့သူငယ်ချင်းကောင်း ဖြစ်လောက်မယ်ပေါ့ဆိုပြီး။
မျက်လုံးက မြင်နေရသလောက် အောက်ထပ်ကလူတွေအများကြီးကြားထဲမှာ ဘာလို့လဲတော့မသိပေမဲ့ နန်ကျဲ့ဟာ မော့ကြည့်လာတဲ့ ပုံရိပ်တစ်ခုကို ချက်ချင်း မြင်လိုက်တယ်။
ဒီရှုထောင့်ကနေဆို တစ်ဖက်လူဟာ ဆံပင်တိုတိုရှိပြီး ကွက်တိကျတဲ့ အဖြူနဲ့အပြာကျောင်း၀တ်စုံကို ၀တ်ဆင်ထားတယ်။ယောက်ျားလေးတွေကြားထဲတော့ သူမဟာ အရပ်မရှည်ပေမဲ့ ဒီအရွယ်မှာ အရပ်တော့ မပုဘူး။ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ ရှည်လာဦးမှာ။
အကွာအဝေးကြောင့် သူ တစ်ဖက်လူရဲ့မျက်နှာက သံသယကိုတောင် မြင်နိုင်တယ်။ဒါပေမဲ့ ယွမ်ချီဟာ အမြန်ထပ်ပြီး လက်လှမ်းပြလိုက်တယ်။ “မလှုပ်နဲ့ဦး ငါ့ကိုစောင့်!”
အသံကို ကြားတော့မှ တစ်ဖက်လူဟာ နောက်ဆုံးတော့ ယွမ်ချီရဲ့တည်နေရာကို ရှာတွေ့သွားတယ်။
ဒါပေမဲ့ တစ်ဖက်လူ လှမ်းကြည့်လာတဲ့အခါ သူမရဲ့အကြည့်ဟာ ယွမ်ချီ့ဆီမှာ ရှိမနေခဲ့ဘူး။
အဲ့အစား သူမဟာ အနည်းငယ် အံ့ဩတဲ့မျက်နှာထားနဲ့ စက္ကန့်အနည်းငယ်လောက် ရပ်သွားခဲ့တယ်။အဲ့နောက်မှ သူမဟာ ယွမ်ချီကို ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြတယ်။
အဲ့နေ့က သူတို့အုပ်စု အောက်ထပ်ကိုဆင်းသွားတော့ တစ်ဖက်လူဟာ မိန်းကလေးမှန်း ဆိုတာကို သူတို့ မသိခဲ့ကြဘူး။သူတို့စိတ်ထဲ သူမမှာ မျက်နှာနုနုလေးနဲ့ မျက်နှာပေါက် သေးသေးလေးရှိတယ်လို့ပဲ ထင်ခဲ့ကြတာ။သူမဟာ ယောက်ျားလေးတွေကြားထဲ နည်းနည်း ကြော့ကြော့မော့မော့ရှိတယ်။
သူမဘက်က နှုတ်ဆက်စကား ပြောလာတော့မှသာ သူမဟာ မိန်းကလေးဖြစ်မှန်းကို သူ သိခဲ့ရတယ်။
သူ ဂျူနီယာအထက်တန်းမှာတုန်းက မိန်းကလေးတွေနဲ့သူငယ်ချင်းလုပ်ရတာကို မကြိုက်ဘူး။ဘာလို့လဲဆိုတော့ မိန်းကလေးတွေအားလုံး နန်ကောလိုပဲ ကိုင်တွယ်ရ ခက်မယ်ထင်ခဲ့လို့။သူ နန်ကောဆီကနေ အနှိပ်စက်ခံခဲ့ရပြီး အခြားလူတွေကို စိတ်ရှည်ပေးချင်စိတ်လည်း မရှိခဲ့ဘူး။
ဒါပေမဲ့ ယွမ်ချီဟာ တောက်လျှောက် ချီယန်ကို ကစားဖို့ ခေါ်ခေါ်လာတယ်။သူတို့ဆက်ဆံရေး ကောင်းတယ်ဆိုတာ သူ ပြောနိုင်တယ်။အခြားလူတွေလိုပဲ ယွမ်ချီလည်း ချီယန့်ကို ကြိုက်နေတယ်လို့တောင် သူ သံသယ၀င်ခဲ့သေးတယ်။
သူမက ငယ်သေးတယ်ဆိုပေမဲ့ ကျောင်းမှာ ငယ်ရွယ်တဲ့အချစ်ကို တွေ့ကြုံခံစားနေကြသူများက ရှိခဲ့တယ်လေ။
အစကတော့ သူ ယွမ်ချီ့ဆန္ဒကို လိုက်လျောပေးချင်ခဲ့တာ။နောက်တော့ သူ ချီယန်ကို စိတ်ရင်းနဲ့ လက်ခံပေးခဲ့တယ်။ကျောင်းအပြင်မှာ သူတို့ရန်ဖြစ်ပြီဆို ချီယန်ဟာ ဘယ်ကမှန်းမသိ ရောက်ရောက်လာတတ်လို့။သူ ဒီမိန်းကလေးကို ကာကွယ်ပေးချင်ပေမဲ့ ချီယန်က သူ့ထက် ပိုမြန်နေတယ်။
ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးနေမှန်းတောင် မသိတော့ဘူး။
ချီယန် ငယ်ငယ်ကတည်းက တိုက်ကွမ်ဒို ကစားခဲ့တယ်ဆိုတာကို သိခဲ့ရတာလည်း အဲ့တုန်းကပေါ့။သူမရဲ့ဦးလေးဟာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ပညာရေးတက္ကသိုလ်က ဆရာတစ်ယောက်ဖြစ်ပြီး ပေါင်းစပ်အတတ်ပညာရဲ့ကမ္ဘာ့ချန်ပီယံလည်း ဖြစ်သေးတယ်။
အဲ့ကတည်းကစပြီး ချီယန်ဟာ သူတို့အုပ်စုထဲကို တရား၀င် ၀င်ရောက်လာခဲ့တယ်။ချီယန် အခန်းပြောင်းလာတဲ့အချိန်မှာတော့ သူမဟာ ယွမ်ချီ့နေရာကိုတောင်မှ အစားထိုး ၀င်လာခဲ့တယ်။သူတို့နှစ်ယောက်ဟာ တဖြည်းဖြည်းချင်း ခွဲမရဘဲ ဖြစ်လာခဲ့တယ်။
သူ့လက်ပေါ်က လက်ချောင်းလေးတွေဟာ အသာအယာ ထပ်မံဆုပ်တင်း သွားပြန်တယ်။သူ့ရဲ့လက်ချောင်းတွေဟာ အေးစက်စက်ရှိတဲ့ အသားကို အမှတ်တမဲ့ ပွတ်တိုက်မိသွားတယ်။သူ့အရှေ့ကလူဟာ ကြည်လင်တဲ့ မျက်လုံး၊မျက်ခုံးတို့နဲ့အတူ ဟိုအရင်ကနဲ့ယှဉ်ရင် သူမဟာ အတော်လေး အရွယ်ရောက်လာပုံပဲ။အဲ့တော့မှသာ နန်ကျဲ့ဟာ သူ့အတွေးတွေကို ဖယ်လိုက်ပြီး “ကောင်းပြီ”
သူဟာ သဘောတူလိုက်ပြီး ဆေးလိပ်နံ့ ပျောက်သွားအောင် နောက်တစ်ခါ ရေထပ်ချိုးချင်တယ်။
“နောက်ကျနေပြီ လာနားတော့” ချီယန်က သူ့ကိုတားတယ်။နန်ကျဲ့ဟာ တုံ့ဆိုင်းစွာနဲ့ပဲ သူမရဲ့ဘေးမှာ ၀င်လဲတယ်။
သူဟာ ပက်လက်လှန်လဲပြီး သူ့အကြည့်ကို မျက်နှာကျက်ဆီ ပို့ထားတယ်။
လိုက်ကာတွေဟာ တစ်၀က်ပဲ ဆွဲထားတာမို့ မျက်နှာကျက်မှာ ပြတင်းပေါက်အပြင်က လရောင်ဟာ ရောင်ပြန်ဟပ်နေတယ်။
281 03
သူ အိပ်ချင်မနေတော့ဘူး။ခဏလောက်ကြာတော့ သူ ထိန်းမချုပ်နိုင်စွာ လှိမ့်ပြီး သူမဘက်ကို ကျောပေးလိုက်တယ်။
ချက်ချင်းပဲ တစ်ယောက်ယောက်ဟာ အနောက်ကနေ သူ့ရဲ့ခါးကိုလာဖက်ပြီး လက်ချောင်းတွေဟာ သူ့၀မ်းဗိုက်ကြွက်သားတွေပေါ်မှာ နေရာယူတယ်။
မသိတဲ့လူသာဆို သူမကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ထင်ကြမယ်။
နန်ကျဲ့ဟာ ခေါင်းကို စောင်းလိုက်ပြီး သူမကိုကြည့်ချင်ပေမဲ့ ချီယန်ဟာ ကြည့်ခွင့် မပေးဘူး။သူမဟာ ပိုတိုးလာပြီး သူမရဲ့ပါးကို သူ့ကျောပြင်နဲ့ဖိကာ သူ့ကို အားတချို့ လွှဲပြောင်းပေးတယ်။
“အစ်ကိုနန် နင်အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ”
ချီယန် သူ့ကို နေဖို့ မေးခဲ့တယ်ဆိုတာ သူ တခြားအခန်းကိုသွားရင် ကျိန်းသေပေါက် အိပ်ပျော်မှာ မဟုတ်ဘူးဆိုတာကို သိနေလို့ဘဲ။
ဒီရက်တွေထဲ သူ အရမ်းပင်ပန်းခဲ့ရပြီးပြီ။ပထမက သူ သူ့အဖိုးကို ဆေးရုံ စောင့်ပေးခဲ့ရတယ်။နောက်တော့ အဖိုးရဲ့ဈာပနာကို ပြင်ဆင်ပေးရတယ်။ကုမ္ပဏီကိစ္စ၊အမွေကိစ္စနဲ့ အခု နန်ကောကိစ္စအထိပါ။သူ စိတ်ရောကိုယ်ရော ပင်ပန်းနေပြီဆိုတာကို ချီယန် သိတယ်။သူ ကောင်းကောင်းအိပ်စက်ဖို့ လိုတယ်။
ရက်အနည်းငယ်နဲ့တင် သူ့မှာ အရင်ကလို တက်ကြွတဲ့ စိတ်ဝိဉာဏ် မရှိတော့ဘူး။ဒီကိစ္စတွေကြောင့် သူ့ခန္ဓာကိုယ်နဲ့စိတ်အစုံဟာ ပြင်းပြင်းထန်ထန် ဖျက်စီးခဲ့ခံရပြီးပြီ။
နန်ကျဲ့ဟာလည်း သူမရဲ့ရည်ရွယ်ချက်ကို သဘောပေါက်တယ်။သူ့လက်ဟာ ခေါင်းအုံးကနေ လျှောကျသွားပြီး သူမရဲ့လက်ကို ဆုပ်ကိုင်တယ်။ “ကောင်းသောညပါ”
အဲ့ဒီညရဲ့ညလယ်မှာတော့ ချီယန်ဟာ သူမကိုယ်သူ နိုးနေအောင် အတင်းဖိအားပေးကာ ထပ်ပြီးအိပ်မပျော်သွားခဲ့ဘူး။နန်ကျဲ့ရဲ့ကမောက်မက အသက်ရှူသံ တဖြည်းဖြည်း မှန်သွားတော့မှ သူမဟာ သူမရဲ့မျက်လုံးတွေကို စိတ်သက်သာစွာနဲ့ မှိတ်စက်ခဲ့တယ်...။
******