အခန်း ၂၈၄
Vol. 29 Ch. 284
284 01
Chapter 284 လူထုအမြင်မုန်တိုင်း။
Extra Chapter 8: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
ပထမဆုံးနေ့မှာ သူမရဲ့အသက်နဲ့ပညာရေး သက်ရောက်မှုကြောင့်ကလွဲလို့ ချီယန်ဟာ အေးဆေး ဖြစ်နေသေးတယ်။အဲ့ညမှာ ရိုက်ကူးရေးပြီးသွားတော့ သူမ သိတဲ့စီနီယာတစ်ယောက်ဟာ သူမကို အထူးတလည် လာရှာပြီး ဒီနေ့ရဲ့သူမလုပ်ဆောင်ချက် အရမ်းထူးချွန်ကြောင်း ပြောတယ်။
“ဒီလိုပါပဲ” ချီယန်ဟာ နှိမ့်ချစွာနဲ့ ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမစိတ်ကူးထားတာထက် တကယ်ကို ပိုကောင်းတယ်။သူမ ဒုက္ခများတဲ့ အခြေအနေတွေမကြုံသလို အမှားလည်း မလုပ်မိသေးဘူး။ “ဒါပေမဲ့ သူတို့နဲ့ကျွန်မကြား ကွာဟချက်ရှိတယ်လို့တော့ ခံစားနေရတုန်းပဲ”
“ဒါပေါ့ မင်းက အတွေ့အကြုံ အရမ်းများတယ်လေ” စီနီယာက ချီးကျူးတယ်။
“မဟုတ်ဘူး မဟုတ်ဘူး” စီနီယာတစ်ယောက် သူမဆိုလိုချင်တာကို အထင်လွဲသွားတယ်။ “ကျွန်မ ဆိုလိုချင်တာက သူတို့အားလုံးက နာမည်ကြီးကျောင်းတွေကချည်းပဲလို့ပါ၊ ယှဉ်ကြည့်လိုက်ရင် ကျွန်မရဲ့ပညာရေးအဆင့်က ထည့်ပြောဖို့တောင် မတန်ဘူး”
ဒီနေ့ ခေါင်းဆောင်၄ယောက်ဟာ အခြားအကယ်ဒမီတွေကအလုပ်သင်တွေကို အလိုရှိကြတယ်။ဘာပဲဖြစ်ဖြစ် သူမမှာက အတော်လေး အတည်တကျဖြစ်တဲ့ အလုပ်လေးရှိတာမို့ အနာဂတ်ကျ သူတို့ရဲ့ကုမ္ပဏီတွေမှာလည်း နေမှာ မဟုတ်ပါဘူး။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” စီနီယာဟာ သူမကိုနှစ်သိမ့်ပေးတယ်။ “လူတိုင်းမှာ သူတို့ကိုယ်ပိုင် အနားသတ်နဲ့ပါ။ ငါ့အမြင်မှာတော့ မင်းရဲ့အတွေ့အကြုံက အတော်လေး ပိုအဖိုးတန်တယ်။ နောက်ပြီး မင်းက နာမည်ကြီးနိုင်ငံခြားကျောင်းက မဟုတ်ဘူးဆိုပေမဲ့ မင်းရဲ့ကျောင်းကလည်း မဆိုးပါဘူး။ မင်း ထင်သလောက် မဆိုးဘူး”
“မင်း တကယ် ဒီပြဿနာကို ဂရုစိုက်တယ်ဆိုရင် အဆုံးထိကြိုးစား။ ခေါင်းဆောင်နဲ့ နိုင်ငံခြားမှာ ပညာသင်ယူရဖို့ အရည်းအချင်းတွေကို ရယူနိုင်အောင် အကောင်းဆုံးကြိုးစား။ ငါ မင်းကို အထင်ကြီးထားတယ်နော်”
“အိုကေ”
အလုပ်ပြီးတော့ ချီယန်ဟာ အခြားအလုပ်သင်တွေကို နှုတ်ဆက်ခဲ့ပြီး အခြားလူတွေဟာလည်း တက္ကစီငှားကာ ပြန်ကြတယ်။
ချီယန်ဟာ ဟိုက်မြို့မှာနေတာ အချိန်တစ်ခုလောက်ရှိပြီမို့ ဒီလိုအချိန်မှာ မြေအောက်ရထားသုံးတာဟာ ပိုအဆင်ပြေမှန်း သိတယ်။
သူမရဲ့အိတ်ကိုသယ်ရင်း ရထားဘူတာရုံရှိရာကို လမ်းလျှောက် လာလိုက်တယ်။ဘူတာရုံနဲ့သိပ်မဝေးဘူး။၃၊၄မိနစ်လောက်ပဲ သွားရတယ်။
ဒီနေ့ အလုပ်လည်းမများတာမို့ သူမဟာ လမ်းလျှောက်ဖို့ဆုံး ဖြတ်လိုက်တယ်။
ခဏလောက်လမ်းလျှောက်ပြီးတော့ သူမအနောက်ကနေ ကားမီးတစ်စုံဟာ လင်းလာတယ်။ချီယန်ဟာ သတိလက်လွတ်နဲ့ ဘေးကို ရွှေ့ပေးလိုက်တယ်။နောက်တော့မှ သူမ လမ်းပေါ်မှာ လျှောက်နေတာ မဟုတ်ဘဲ လမ်းကိုလည်း ပိတ်မနေဘူးဆိုတာကို သတိရသွားတယ်။
ဘာဖြစ်နေလဲဆိုတာ လှည့်ပြီးမကြည့်နိုင်ခင်မှာဘဲ ဟွန်းတီးသံဟာ သူမအနောက်က ထွက်လာတယ်။ခပ်တိုတို၊ခပ်တိုးတိုးလေးမို့ သူမကို လန့်စေတဲ့အထိတော့ မဖြစ်သွားဘူး။
သူမ အံ့သြစွာနဲ့အနောက်လှည့်ကြည့်လိုက်တော့ တူညီတဲ့နံပါတ်တွေရှိတဲ့လိုင်စင်ပြားနဲ့ နန်ကျဲ့ရဲ့ Mercedes ကို ချက်ချင်းတွေ့လိုက်ရတယ်။
အရင်က သူ့ရဲ့အဆင့်မြင့်အားကစားကားတွေနဲ့ယှဉ်ရင် သူမအရှေ့ကကားဟာ အတော်လေးနိမ့်တယ် ပြောရမယ်။ဒါပေါ့။ဒီဈေးကြီးလိုင်စင်ပြား မပါရင် ပိုတောင် နိမ့်သွားဦးမယ်။
ကားထဲကို၀င်ပြီးတော့ ချီယန်ဟာ လက်တစ်ဖက်နဲ့ခါးပတ်ပတ်ပြီး သူ့ကို ကြည့်လိုက်တယ်။ “နင် ဘယ်ကရောက်လာတာလဲ။ ကျန်းမြို့”
“ငါ နေ့လည်ကတည်းက ကျန်းမြို့မှာ” အနားမှာ လူတွေ အများကြီးရှိတာမို့ နန်ကျဲ့ဟာ ကားကို အရင်မောင်းထွက်လိုက်တယ်။တစ်အောင့်ကြာတော့ သူက ဆက်ပြောတယ်။ “ငါ နေ့လည်က လူကြီးတစ်ယောက်နဲ့တွေ့ဖို့ ဒီကိုလာတာ။ အဲ့ဒါနဲ့ အခု နင့်ကိုပါ လာကြိုလိုက်တာ”
“ဘာလို့ ငါ့ကို အသိမပေးထားတာလဲ”
“ငါအခုမှရောက်တာပါ” နန်ကျဲ့ဟာ အမှန်တိုင်း မပြောဘူး။
သူ့ကားဟာ သူမရိုက်ကူးရေးလုပ်နေတဲ့ကုမ္ပဏီနဲ့ ဘယ်လောက်မှ မဝေးဘူး။သူမ ထွက်လာတာကို မြင်တော့ သူ အနောက်ကနေ လိုက်လာတာ။သူမ ကုမ္ပဏီနဲ့ နည်းနည်းဝေးသွားပြီဆိုတာကို အတည်ပြုပြီးမှ သူမကို ကားထဲ၀င်ဖို့ အချက်ပေးလိုက်တာ။ “နင် ဒီနေ့ ဘယ်လိုလဲ။ဘယ်လိုခံစားရလဲ”
“ခြုံပြောရရင်တော့ မဆိုးပါဘူး။ ငါ ဒီနေ့ ပြဿနာလေးတချို့ကို ကူဖြေရှင်းပေးခဲ့တယ်” ဒါကို ပြောတဲ့အခါ ချီယန့်မျက်လုံးထဲ ယုံကြည်ချက် ခပ်ရေးရေးလေး ပေါ်လာကာ သူမဟာ ကျေနပ်မှုရှိသလို ပြုံးတယ်။ “ငါ မနက်ကတော့ နည်းနည်းစိတ်ပူခဲ့တယ်။ ဒါပေမဲ့ နေ့လည်ကစပြီး စိတ်ပူတာကို မခံစားရတော့တာဘဲ”
“ပြီးတော့ အခုညလည်း စီနီယာတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့သေးတယ်”
284 02
သူမ စိတ်ခံစားချက် ကောင်းနေတာကိုမြင်တော့ နန်ကျဲ့ဟာ စိတ်သက်သာရာရတယ်။ “နင် ဒီည ဘာစားမလဲ”
“ဘာဖြစ်ဖြစ် ရတယ်” ချီယန်ဟာ အင်္ကျီလက်ကိုခေါက်တင်ကာ သူမရဲ့ပုံမှန်တက်ကြွတဲ့ပုံစံကို ပြန်ရောက်သွားတယ်။ “ငါ အခု အရမ်းဗိုက်ဆာလွန်းလို့ ထမင်း၅ပန်းကန်လောက် စားနိုင်မယ်တောင် ထင်မိတယ်”
“နင် အတော်ဆာနေတာပဲ” နန်ကျဲ့ဟာ လှောင်တယ်။ “နင် နေ့လည်စာ၀အောင် မစားခဲ့ဘူးလား”
“နည်းနည်း အဲ့မှာ ကန်တင်း အသေးလေးရှိတယ်။ အစားအသောက်ကတော့ပျမ်းမျှပဲ။ ငါ့အကြိုက် မဟုတ်လို့ စားရတာ အရသာမရှိဘူး။ အရမ်းထူးဆန်းတယ်။ ငါ မှာစားချင်ပေမဲ့ လူတိုင်းက ပထမနေ့မှာ ကန်တင်းမှာပဲဆိုတော့ ငါ အထူးတလည် ဘာမှမလုပ်လိုက်တော့တာ”
“မနက်ဖြန် နင့်ကိုယ်နင် မခံစားခိုင်းနဲ့။ ငါ နင့်အတွက် မှာပြီး ပို့ပေးလိုက်မယ်”
“မလိုပါဘူး။ သူတို့လည်း ကန်တင်းမှာ စားရတာကြိုက်တယ်လို့ ငါမထင်ဘူး။ အချိန်ကျရင် လူတိုင်း အတူမှာကြပါလိမ့်မယ်”
“နင်က အရမ်းဂရုစိုက်နေတာပဲ။ နင့်မှာ ကောင်လေးရှိတာကို အခြားလူတွေ သိသွားမှာ ကြောက်တာလား” နန်ကျဲ့ဟာ သ၀န်တိုချင်ယောင် ဆောင်ကာ တမင်တကာ မေးလိုက်တယ်။
ချီယန်ဟာ သူမရဲ့ဆံပင်ရှည်ရှည်ကို သေသေသပ်သပ် စုချီပြီး “သူတို့ ငါ့မှာ ကောင်လေးရှိတာ သိတယ်”
နန်ကျဲ့ဟာ တအံ့တဩ မျက်ခုံးပင့်မိတယ်။
“နင်က အရင်စပြောတာလား”
“နေ့လည် နားတုန်းက တစ်ယောက်မေးလာတော့ ငါ သူတို့ကို ပြောပြလိုက်တာ။ ဘာဖုံးကွယ်ထားစရာ ရှိလို့လဲ”
သာမန်ဆက်ဆံရေး တစ်ခုပဲဟာ။ဖုံးကွယ်ထားစရာ မလိုပါဘူး။
ဒါပေမဲ့ နန်ကျဲ့ဟာ လူထုပုံရိပ်လို့ တစ်၀က် ထည့်စဥ်းစားလို့ရနိုင်ပြီး ဖျော်ဖြေရေးလောကထဲမှာလည်း အာရုံစိုက်ခံရမှုတချို့ ရှိတယ်။သူမ သူ့ကို စခရင်ပေါ် မပေါ်လာစေဘူးဆိုတာ အဓိကက လူထုအမြင်ကို စိုးရိမ်လို့ဖြစ်တယ်။ဆင်တူစွာပဲ နန်ကျဲ့ဟာလည်း ဒီကိစ္စကြောင့် သူ့မျက်နှာကိုမပြဖို့ ရွေးချယ်ထားတယ်။
ဒီကိစ္စမှာ သူတို့နှစ်ယောက်လုံး သဘောတူညီမှု ပြုထားတယ်။
တစ်ဖက်လူက ဘယ်လိုလူလဲဆိုတာ သူတို့သိပေမဲ့ အင်တာနက်သုံးစွဲသူတွေမြင်တာက ရေခဲတောင်ထိပ်ကိုပဲ မြင်ကြတာ။အရမ်းတစ်ဖက်သတ် ဆန်တယ်။
ထပ်ပြောရရင် သူ့နောက်ခံဟာ မရိုးရှင်းဘူး။ဘယ်သူကမှ သူ အမှန်တကယ် ချစ်မိတယ်လို့ယုံကြမှာမဟုတ်ဘူး။အဲ့အစား သူ့ကို ပတ်ရှုပ်နေတယ်သာထင်ကြမယ်။
နန်ကျဲ့ဟာ ဒီလိုလူထုအမြင်ကို သိပ်ဂရုမစိုက်ဘူး။ဒါပေမဲ့ ချီယန်ဟာ သန့်ရှင်းဖြူစင်တဲ့မိန်းကလေးလို့ သူ ထင်တယ်။သူ့ကြောင့်နဲ့ သူမကို မလိုအပ်တဲ့ ပြဿနာတွေထဲ ရောမပါစေချင်ဘူး။
နောက်ပြီး သူမရဲ့မိဘတွေလည်း ဒါကိုမြင်မှာပဲ။အချိန်ကျလို့ရှိရင် လူကြီးတွေအပေါ် မကောင်းတဲ့ ထင်မြင်ချက် ကျန်စေလိမ့်မယ်။ရှင်းပြဖို့ ခက်လိမ့်မယ်။
သူမရဲ့ရှိုးမှာပါ၀င်မှုကြောင့် သူတို့၂ယောက်လုံး တိဘက်ကိုသွားမဲ့အစီအစဉ်လည်း ယာယီ ရွှေ့ဆိုင်းထားတယ်။နန်ကျဲ့ဟာ သိပ်တော့၀မ်းမနည်းပါဘူး။သူတို့၂ယောက်လုံး အခုအလုပ်များနေကြတာ ဖြစ်ပြီး တမင်တကာမသွားတာမှ မဟုတ်တာဘဲ။နားလည်ပေးလို့ ရပါတယ်။
ရှိုးရဲ့ဒုတိယတစ်၀က်ကိုရိုက်ကူးတဲ့အခါ တရား၀င်ရုပ်သံ စလွှင့်တော့တယ်။အစကတော့ ကြည့်ရှုနှုန်းဟာ စိတ်ကျေနပ်စရာ မကောင်းဘူး။နောက်တော့ ကြည့်ရှုနှုန်းပမာဏအများကြီးဟာ ရုတ်တရက် ထိုးတက်သွားပြီး ရှိုးဟာလည်း အကြောင်းအရာတွေနဲ့ ပြည့်နှက်ကုန်တယ်။
ဒီအလှည့်အပြောင်းဟာ နန်ကျဲ့နဲ့ချီယန်ရဲ့ဆက်ဆံရေး ရိုက်ကူးခံရပြီး အဖော် ခံလိုက်ရတာကြောင့် ဖြစ်တယ်။
နန်ကျဲ့နာမည်ပေါ်လာတာနဲ့ နှစ်ပေါင်းများစွာ သူနဲ့ သတင်းထွက်နေခဲ့တဲ့ ချီဟွမ်ဟာလည်းပဲ ထရန်းဖြစ်တဲ့ အကြောင်းအရာ ဖြစ်လာတယ်။အချို့လူတွေဟာ ဒီအတွဲ တကယ်ပြီးသွားပြီဆိုပြီး သက်ပြင်းချကြတဲ့အချိန် တစ်ဖက်မှာ အခြားလူတွေဟာ နန်ကျဲ့ရဲ့ကောင်မလေးအသစ်အကြောင်းကို ပိုပြီးအတွင်းကျကျ စတူးဖော်ကြတယ်။
ဒါကြောင့် ချီယန့်နာမည်ဟာလည်း ရှိုးနဲ့အတူ ထရန်းဖြစ်နေတော့တယ်။
အချိန်တစ်ခုအထိ ချီယန်ဟာ လူထုအမြင်မုန်တိုင်းရဲ့အလယ်မှာ ရပ်နေခဲ့ရတယ်။လိုင်းပေါ်မှာ အမြင်တွေအမျိုးမျိုး ရှိတယ်။
အရင်တစ်ခေါက် ကချီဟွမ့်ကြောင့် သူမ ထရန်းဖြစ်ဖူးသေးတာကိုလည်း လူတိုင်းဟာ အမြန် သတိထားမိသွားကြတယ်။ဖြစ်ချင်တော့ အရာအားလုံးဟာ ခြေရာခံလို့ ရနေခဲ့တာပဲ။
284 03
အစကတော့ ချီယန်ဟာ မှတ်ချက်တွေကိုသိပ်ဂရုမစိုက်ခဲ့ဘူး။
နန်ကျဲ့နဲ့ချီဟွမ်ဟာ အရင်က တစ်ခါမှ မတွဲခဲ့ဖူးဘူး။ဘယ်သူကမှ သူမကို မယုံကြည်ဘူးဆိုတောင် ဒါကြောင့်နဲ့ သူမ၀မ်းနည်းမှာ မဟုတ်ဘူး။
နန်ကျဲ့လည်း သူမကိုလာနှစ်သိမ့်ပြီး လူထုအမြင်ကို ထိန်းပေးမယ်လို့ပြောပါတယ်။
အဲ့နောက်ချက်ချင်းပဲ နန်ကျဲ့ဟာ ဒီကိစ္စကို ကိုယ်တိုင်သီးသန့်ပြောခဲ့တယ်။
“ကျွန်တော်တို့အချင်းချင်းသိလာတာ ၁၂နှစ်ကြာပါပြီ။ ကျွန်တော်တို့က အတန်းဖော်တွေ၊အချစ်ဦးတွေဖြစ်ပြီး အခု ချစ်သူတွေပါ”
အဆုံးမှာ သူတို့၂ယောက် အတူရိုက်ထားတဲ့ ဓာတ်ပုံလေးပါ ပါသေးတယ်။ဂျူနီယာအထက်တန်းတုန်းက တစ်တန်းလုံး ရိုက်ထားတဲ့ ဓာတ်ပုံလေး။သူတို့၂ယောက်ဟာ ကျောင်း၀တ်စုံတွေနဲ့ တစ်ယောက်ရှေ့တစ်ယောက် ရပ်နေခဲ့ကြတာဖြစ်ပြီး နန်ကျဲ့ဟာ အဲ့နားလေးကို အထူး၀ိုင်းပြထားတယ်။
သူတို့၂ယောက်ကြားက ဆက်ဆံရေးကို သိပြီးတဲ့အခါ အင်တာနက်ပေါ်က ထရန်းဟာ ပြောင်းလဲသွားတယ်။သူတို့၂ယောက် အတူရှိတာကို သဘောကျတဲ့လူတွေတောင် ရှိလာတယ်။
ဒီကိစ္စဟာ ဒီလိုပဲ ပြီးသွားမယ်လို့ သူမဟာထင်ခဲ့တယ်။ဒါပေမဲ့ ၂ရက်ကြာတော့ တစ်ယောက်ယောက်က ချီယန့်အဖေဟာ အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် အဖမ်းခံခဲ့ရတဲ့အကြောင်းကို ရုတ်တရက်ကြီး ဖော်ထုတ်လိုက်တယ်...။
******