← Chapters

အခန်း ၂၈၅

Vol. 29 Ch. 285

အခန်း ၂၈၅

Vol. 29 Ch. 285

285 01

Chapter 285 နန်ကျဲ့အဖွားတံခါးလာခေါက်တယ်။

Extra Chapter 9: အစ်ကိုကြီးရဲ့ဇာတ်လမ်း။

ဒီပြဿနာ ထွက်လာတဲ့အခါ ချီယန့်အတွက် သေစေနိုင်တဲ့ရိုက်ခတ်မှုကြီး ဖြစ်သွားတယ်။

အထူးသဖြင့် သူမရဲ့မိဘတွေ ဒီသတင်းကို ကြားပြီးတဲ့အခါမှာပေါ့။

၃ရက်ကြာတော့ သူမဆီကို သူမရဲ့မားဆီက ဖုန်း၀င်လာတယ်။

ဖုန်း၀င်သွားတာနဲ့ မားဟာ သူမကို ရှိုးမှာပါ၀င်တာရယ်၊နန်ကျဲ့လိုလူနဲ့တွဲတာရယ်ကို ပြစ်တင်ရှုံ့ချတယ်။

ဖုန်းထဲမှာ သူမရဲ့မားဟာ စကားပြောနေရင်း စငိုတော့တယ်။သူမရဲ့ပါး ထောင်ထဲမှာရှိနေခဲ့တဲ့ နှစ်တွေမှာ ချီယန်ဟာ မားငိုတာကို တစ်ခါမှ မမြင်ဖူးဘူး။သူမရဲ့အရှေ့မှာ သူမရဲ့မားဟာ အမြဲတမ်း သန်မာချင်ယောင် ဆောင်ခဲ့တယ်။

မကြာခင်ဘဲ ဖုန်းကို သူမရဲ့ပါးက၀င်ယူပြီး သူမကို စိတ်မပူဖို့ပြောကာ အမြန်ဖုန်းချသွားတယ်။

တကယ်တော့ သူမရဲ့မိဘတွေဟာ သူမအတွက် အများကြီး လုပ်ပေးခဲ့ပြီးပါပြီ။သူမရဲ့အနာဂတ်ကို ထိခိုက်မှာစိုးပြီး လင်မယားနှစ်ယောက်ဟာ ပြန်လက်မထပ် ဖြစ်သေးတာ။

သူမရဲ့မားကိုနှစ်သိမ့်ပြီးတဲ့နောက်မှာ သူမရဲ့ပါးဟာ ညရောက်တော့ ဖုန်းပြန်ခေါ်တယ်။

“နန်ကျဲ့နဲ့တွဲနေတာ ဘယ်လောက်ကြာပြီလဲ။ ဘာလို့မိသားစုကို မပြောပြတာလဲ” မစ္စတာချီဟာ နန်ကျဲ့ဆိုတဲ့နာမည်နဲ့ မစိမ်းဘူး။

ဟိုးအရင် သူ ကျန်းမြို့မှာနေတုန်းက နန်မိသားစုနဲ့ တစ်ခါဆက်ဆံဖူးတယ်။သူ နန်ကျဲ့ကိုကြားဖူးတာ ကြာလှပြီ။နန်မိသားစုရဲ့သား။

ချီယန်နဲ့နန်ကျဲ့တို့ ဂျူနီယာအထက်တန်းမှာ အတန်းဖော်တွေဆိုတာကိုလည်း သူ သိတယ်။ဒါပေမဲ့ နှစ်တွေအများကြီးပြီးတော့ သူတို့နှစ်ယောက် တွဲနေမယ်လို့တော့ မထင်ထားမိဘူး။

မစ္စတာချီရဲ့လေသံဟာ ပုံမှန်ပဲ။သူဟာ မားနဲ့မတူဘဲ ဒီတိုင်းမေးကြည့်နေတာ။

“သိပ် မကြာသေးပါဘူး...” ချီယန်ဟာ အနည်းငယ်စိတ်ရှုပ်မိကာ သူမကိုယ်သူမ အပြစ်တင်တယ်။ “သူ့အမှားမဟုတ်ပါဘူး။ အစက သမီး ရှိုးကိုသွားတယ်ဆိုတာ လေ့လာသင်ယူဖို့ အခွင့်အရေး ပိုရအောင်လို့ပါ။ သူလည်း တမင်တကာကို ရှောင်ပါတယ်။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် သူ ဓာတ်ပုံ ရိုက်ခံလိုက်ရတာ။ သမီးလည်း ဒီလိုတွေ ဖြစ်သွားမယ်လို့ မထင်ထားဘူး။ သမီး အစကတည်းက သေချာမတွေးခဲ့မိတာ။ သမီးသာ ရှိုးကိုမသွားရင် ဒီလောက် ပြဿနာတွေဖြစ်လာမှာ မဟုတ်ဘူး”

“ပါး သမီးကို အပြစ်တင်ဖို့မဟုတ်ပါဘူး။ အဲ့အစား ပါးကြောင့် သမီးကိုပါ ဆွဲချမိပြီလို့ ခံစားရတယ်။ သမီးနဲ့နန်ကျဲ့ ပုံမှန်အတိုင်းတွဲနေသရွေ့ ပါးက သဘော မတူစရာမရှိပါဘူး။ ပါး သမီးမားကို ပိုဖြောင်းဖြပေးလိုက်မယ်။ အရေးကြီးဆုံးက သမီး ကိစ္စတွေကို အချိန်မှီဖြေရှင်းနိုင်ဖို့ ပါးမျှော်လင့်ပါတယ်”

“သမီးရဲ့မားနဲ့ပါး ကွာရှင်းထားတာကြာပြီလို့သာ ပြောလိုက်ပါ။ အသေးစိတ် သိကြတာမဟုတ်ဘူး။ ပါး သမီးကို ထိခိုက်စေတာ နှစ်တွေအများကြီးရှိပြီ။ သမီးရဲ့အနာဂတ်ကို ပါး ထပ်ပြီးနှောင့်နှေးစေလို့မရဘူး”

“ဒါမှမဟုတ်လည်း ပါးဗီဒီယိုရိုက်ပြီး သမီးက တင်ပေးလည်းရတယ်။ ပါး ပြောလိုက်မယ်” သူမရဲ့ပါးဆိုလိုချင်တာကို ချီယန် သဘောပေါက်တယ်။

ဒါပေမဲ့ အခုချိန်မှာ သူမရဲ့ပါးကိုတွန်းထုတ်ပြီး သူမရဲ့လက်ကို ပြောင်အောင်ဆေးတဲ့ ကိစ္စရပ်မျိုးကို သူ မမလုပ်ချင်ဘူး။

“မလိုပါဘူး ပါး… တကယ်တော့ အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။ လူတိုင်းက ဒါကို အခုလောလောဆယ်ပဲ ဇာတ်လမ်းတစ်ပုဒ်လို မြင်ကြတာပါ။ ရက်နည်းနည်းကြာရင် အဆင်ပြေသွားလိမ့်မယ်”

ဖုန်းချပြီးတဲ့အခါ ချီယန်တစ်ယောက် အကြာကြီး ထိုင်တွေးနေခဲ့တယ်။

နောက်တစ်နေ့မနက်ကျ ထုတ်လုပ်ရေးအဖွဲ့ဟာ သီးသန့် ဖုန်းခေါ်လာတယ်။တစ်ဖက်လူက ဘယ်လောက်ပဲ သိမ်သိမ်မွေ့မွေ့ ရှိနေပါစေ။ သူမ သူ ဆိုလိုချင်တာကို နားလည်တယ်။

သူ သူမကို ဒီရှိုးကနေထွက်စေချင်တာ။

“ချီလေး မင်း ဒီလောကထဲ နေဖူးပါတယ်။ မင်းလည်း ဒီအခြေအနေကို နားမလည်တာမျိုး မဟုတ်ပါဘူး။ မင်းအရမ်းထူးချွန်တာကို ငါတို့သိတယ်။ ရှိုးထဲမှာ သက်ရောက်မှုဖြစ်ဖြစ်၊ကျွမ်းကျင်ပိုင်နိုင်မှုဖြစ်ဖြစ် မင်းက အခြားလူတွေထက် မလျော့ပါဘူး။ ဒါပေမဲ့ ငါတို့က ရသစုံရှိုးလေ၊ အခု လူ‌အများကြီး‌က နိမ့်ကျတဲ့မှတ်ချက်တွေ ပေးနေကြတယ်။ ငါတို့ လိုင်းပေါ်က ကိုယ်ပိုင်မက်ဆေ့ခ်ျတွေကို ဖွင့်တောင် မကြည့်ရဲဘူး”

“နောက်ပြီး မင်း ရှိုးမှာဆက်ပါမယ်ဆို ဒီသတင်းရဲ့တင်းမာမှုက တစ်ခဏတော့ကျဦးမှာ မဟုတ်ဘူး။ မင်းထွက်သွားရင်က မင်း အလုပ်ဆက်လုပ်လို့ ရသေးတယ်လေ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့အလုပ်က နောက်ကွယ်မှာပဲမလို့ မင်းကို ထိခိုက်မှာမ ဟုတ်ဘူး”

“ကောင်းပြီ ကျွန်မ နားလည်ပါတယ်”

သူမ ရှိုးကနေ ထွက်လိုက်ပြီဆိုတဲ့ သတင်းကို နန်ကျဲ့ဟာ အင်တာနက်ပေါ်မှာ မြင်လိုက်ရတယ်။သူ သူမရဲ့နေရာကို ချက်ချင်းမောင်းထွက်သွားတယ်။

အထဲက လှုပ်ရှားမှုရေးရေးလေး မရှိခင်အထိ တံခါးဘဲလ်သံဟာ အကြာကြီး မြည်နေခဲ့တယ်။အဲ့နောက် တံခါးပွင့်သွားပြီး ချီယန်ဟာ သူမရဲ့ချောင်ကျနေတဲ့ ညအိပ်၀တ်စုံနဲ့အတူ သူ့အရှေ့မှာ ပေါ်လာတယ်။

285 02

သူမဟာ သူ့ကိုမြင်ရလို့ အံ့ဩမသွားသလို သူမရဲ့မျက်နှာမှာလည်း ဘာအပျော်မှ ရှိမနေဘူး။

သူမဟာ မျက်နှာသေနဲ့ ခေါင်းညိတ်ပြကာ သူ့ကို အထဲပေး၀င်တယ်။

“သူတို့ နင့်ကို ရှိုးကထွက်ဖို့ ဖိအားပေးတာလား” တံခါးပိတ်သွားတဲ့အခါ နန်ကျဲ့ဟာ သူမကို လမ်းပိတ်လိုက်ပြီး သူမကို တံခါးနဲ့သူ့ကြား ညှပ်ထားတယ်။

သူ ချီယန်ကို နားလည်တယ်လို့ ထင်ခဲ့တာ။သူမရဲ့အကျင့်အရဆိုရင် သေချာပေါက် သူမဘက်ကစပြီး ထွက်မှာမဟုတ်ဘူး။

“ဟင့်အင်း” ချီယန်ဟာပုခုံးတွန့်ပြီး သူ့ထက်တောင်မှ တည်ငြိမ်နေတယ်။ “ငါ သေချာတွေးခဲ့ပြီးပြီ။ အခုချိန်မှာ ထွက်တာက အကောင်းဆုံးရွေးချယ်မှုပဲ။ ငါ့မိဘတွေ အတွက်လည်း ပါတယ်”

“‌ဒေါသမထွက်ပါနဲ့။ ဒါ မကောင်းတဲ့ဟာ မဟုတ်ဘူး”

နန်ကျဲ့ဟာ အစက သူမအတွက် ရပ်တည်ပေးချင်ခဲ့တယ်။ရှိုးဟာ ဒုတိယတစ်၀က်ထဲ ရောက်နေပြီဖြစ်ပြီး သူမအတွက် အဆုံးမှာအနိုင်ရဖို့ မျှော်လင့်ချက်လည်း အများကြီးရှိတယ်။

ဒါပေမဲ့ သူမဆီက သူမရဲ့မိဘတွေအတွက်လို့ ပြောလာတဲ့အခါ သူ့ပါးစပ်ကနေ ထွက်တော့မဲ့စကားတွေကို သူ့မှာ ပြန်မျိုချဖို့သာ တတ်နိုင်တယ်။

“အဆင်ပြေပါတယ်။ ငါ့မှာ စတူဒီယို ရှိသေးတယ် မဟုတ်ဘူးလား။ ငါ့ကို အများကြီး မထိခိုက်ပါဘူး။ အနာဂတ်မှာ ငါပုံမှန်အတိုင်းပဲ ဆက်လုပ်သွားမှာပါ။ စိတ်မပူနဲ့ ငါ လိုင်းပေါ်ကဟာတွေကို ဂရုမစိုက်ဘူး”

သူမဘက်က အများကြီး ပြောပြီးမှတော့ နန်ကျဲ့မှာ ဒီအကြောင်းအရာကို လက်လျှော့ ပေးလိုက်ရတယ်။ “ငါအခုအချိန်ရတယ်။ ဒီတော့ အပြင်သွားကြမလား”

သူဟာ သူတို့၂ယောက် အကြာကြီး ဘေးဖယ်ထားခဲ့တဲ့ အားလပ်ရက်အစီအစဉ်ကို ဆိုလိုတာဖြစ်တယ်။

ချီယန့်မျက်လုံးဟာ တောက်ပသွားတယ်။ “ဒါပေါ့!” ရှိုးမှာပါမယ်ဆိုတဲ့အတွက်နဲ့ သူမဟာ သူမရဲ့အချိန်ဇယားတွေကို ဖယ်ထားခဲ့တာကြာပြီ။စတူဒီယိုက ဆက်လည်ပတ်နေတုန်းဆိုပေမဲ့ အဲ့တာဟာ အခြားအလုပ်ရှုပ်နေတဲ့ ဓာတ်ပုံဆရာတွေ။သူမနဲ့ ဘာမှမဆိုင်ဘူး။

အခုတလော သူမစိတ်ထဲ ကိစ္စတွေအများကြီး ရှိနေတယ်ဆိုတဲ့အချက်ကိုပါ တွဲလိုက်ရင် ဒါဟာ တကယ်ကို သူမအတွက် အပြင်ထွက်အနားယူရမဲ့အချိန်ပဲ။

တိဘက်ကိုသွားတာဟာ တကယ်ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ။သူမ သူမရဲ့ပုံမှန်မြန်ဆန်လွန်းလှတဲ့ဘ၀ကနေ ထွက်ပြေးပြီး ခဏအနားယူနိုင်တယ်။

“ဒီတော့ ဘယ်အချိန် သွားကြမလဲ”

“နင့်အပေါ် မူတည်တယ် အချိန်မရွေးဘဲ”

“နင့်ကုမ္ပဏီ...”

“ငါက ရတယ်”

သူက အဲ့လိုပြောပေမဲ့လည်း ချီယန်ဟာ သူ့အလုပ်တွေကို အတည်တကျ ထားခဲ့ဖို့အတွက် သူ့ကို အချိန်၂ရက် ပေးလိုက်တယ်။ဘာပဲဖြစ်ဖြစ် ကိစ္စသေးသေးလေး မဟုတ်တော့ကာ။

ပြီးခဲ့တဲ့၂ရက်လုံး ချီယန်ဟာ ဘာမှမလုပ်ဘဲ မနေဘူး။သူမဟာ ပစ္စည်းတွေကိုပြင်ဆင်ဖို့ အချိန်ယူတယ်။အစားအစာကနေ တချို့ရိုးရှင်းတဲ့ ကိရိယာတွေအထိ။

ဒီတစ်ခေါက် သူမတို့မှာ အချိန်တွေ အများကြီးရှိတယ်။သူမတို့နှစ်ယောက်လုံး ကိုယ်တိုင်မောင်းတဲ့ ခရီးစဉ်ကို စပြီး ပျော်ပျော်နေဖို့ စီစဉ်ထားတယ်။

သူမတို့ အချိန်အကြာကြီး ကိုယ့်ဟာကိုယ်ခရီးထွက်ကြမှာ။ဒီတော့ အတူတူနေတာနဲ့ ဘာမှမကွာဘူး။သူမတို့နှစ်ယောက် အတူရှိလာတာကြာပြီဆိုပေမဲ့ ဒါဟာ ပထမဆုံးအကြိမ် သူမတို့အချင်းချင်း တစ်လထက်ပိုပြီး တွေ့ခွင့်ရတာ ဖြစ်တယ်။

ချီယန်ဟာ မျှော်လင့်ထားမိတယ်။

အရင်က သူမတို့၂ယောက်လုံး အလုပ်ရှုပ်နေခဲ့တယ်။အပတ်တိုင်း ထမင်းအတူစားရတာကို သူမ ကျေနပ်ပြီးသားဆိုပေမဲ့ အခု သူမ တွေးတောင် မတွေးကြည့်ရဲတော့ဘူး။

နောက်တစ်နေ့နေ့လည်မှာ သူမတို့၂ယောက် ဖုန်းကနေတစ်ဆင့် ဆက်သွယ်ပြောဆိုကြပြီး မနက်ဖြန်မနက်မှာထွက်ခွာဖို့ကို သဘောတူလိုက်ကြတယ်။

သူမရဲ့ခရီးဆောင်အိတ်ကို ထုပ်ပိုးပြီးတဲ့အခါ ချီယန်ဟာ တံခါးဘဲလ်မြည်သံကို ကြားရတယ်။

ဒလီလာပို့တာလို့ သူမဟာ ထင်လိုက်တယ်။တံခါးကိုဖွင့်တဲ့အခါ မရင်းနှီးတဲ့လူနှစ်ယောက်ကို သူမ တွေ့လိုက်ရတယ်။

285 03

တစ်ယောက်က အသက်ကြီးကြီးအဖွားတစ်ယောက်ဖြစ်ပြီး ‌အခြားတစ်ယောက်က အသက်၄၀လောက်ရှိပုံပေါ်ပေမဲ့ သူမဟာ ကောင်းမွန်စွာ ထိန်းသိမ်းထား‌တယ်။အ၀တ်အစားတွေကနေ အကဲခတ် ကြည့်ရသလောက်တော့ သူမတို့ဟာ သာမန်လူတွေ ဟုတ်ပုံမရဘူး။

“ဘယ်သူ့ကို လာရှာတာလဲ” အကြောင်းတချို့ကြောင့် သူမရုတ်တရက် မကောင်းတဲ့ ခံစားချက်ကို ရလိုက်တယ်။

မိန်းမအိုကြီးဟာ သူမကို ခေါင်းစခြေဆုံးကြည့်ပြီး ဘာမှမပြောဘူး။အဲ့အစား သူမဘေးက အမျိုးသမီးက မေးလာတယ်။ “မင်းက ချီယန်လား”

“ဟုတ်ပါတယ် ရှင်က”

“ဒါက နန်ကျဲ့ရဲ့အဖွားပါ” အမျိုးသမီးဟာ ဘေးနားကမိန်းမအိုကြီးကို ပြောချင်တာဖြစ်ပြီး ခြိမ်းခြောက်သလိုလို ဘာလိုလိုပုံစံ ရှိတယ်။

ချီယန်ဟာ အံ့ဩသွားပြီး သူမကို အမြန်နှုတ်ဆက်တယ်။သူမရဲ့အကြည့်ဟာ အမျိုးသမီးရဲ့မျက်နှာဆီကို ရောက်သွားပြီး တုံ့ဆိုင်းသွားတယ်။ “ရှင်က နန်ကျဲ့အမေလား”

နန်ကျဲ့အမေက အသက် အတူတူလောက်ပဲမလား။

သူမရဲ့မှတ်ဉာဏ်ထဲမှာတော့ သူမ နန်ကျဲ့ရဲ့အမေကို တစ်ခါမှ မမြင်ဖူးဘူး။ဒါကြောင့် အသက်ကနေပဲ ခန့်မှန်းကြည့်နိုင်တယ်။

“ငါက နန်ကျဲ့ရဲ့ဒုတိယအဒေါ်ပါ။ ဒီနေ့ ငါနဲ့အဖွား မင်းကို နန်ကျဲ့အကြောင်း အဓိကပြောဖို့ ဒီကိုရောက်လာတာ...”

******

All Chapters