အခန်း ၂၈၈
Vol. 29 Ch. 288
288 01
Chapter 288 ဒီမှာပဲပြီးလိုက်ရအောင်။
Extra Chapter 12: အစ်ကိုကြီးရဲ့ဇာတ်လမ်း။
လွန်ခဲ့တဲ့ရက်တွေထဲ နန်ကျဲ့တစ်ယောက် နန်မိသားစုကို မသိအောင် ဖုန်းခေါ်ခဲ့တာ ဖြစ်လောက်တယ်။မဟုတ်ရင် နန်မိသားစုက ရုတ်တရက်ကြီး သူမမိဘတွေကိုရှာ ပြီး ခြိမ်းခြောက်မှာ မဟုတ်ဘူး။နန်ကျဲ့ စိတ်လွတ်သွားခဲ့လောက်တယ်။
သူမ ဘယ်လိုခံစားနေရလဲဆိုတာကို သူမ မဖော်ပြနိုင်ဘူး။သူမစိတ်ထဲ ဖရိုဖရဲ ဖြစ်နေတယ်။
သူမ နန်ကျဲ့နဲ့ အဲ့လိုပဲ အပြီးသတ်လိုက်လို့မ ရဘူးဆိုတာကို သူမ ကောင်းကောင်းသိတယ်။သူမ သူနဲ့အတူ အဆုံးထိရှိဖို့ မမျှော်လင့်ထားဘူးဆိုပေမဲ့လည်း တကယ်လို့ အဆုံးသတ်ရမယ်ဆိုရင် သူမတို့၂ယောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လမ်းခွဲနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာ။ဒါဟာ သူမ သူ့ကိုမချစ်တော့လို့မဟုတ်ဘဲ အခုချိန်မှာ လမ်းခွဲလိုက်တာက ပိုကောင်းမယ်ထင်လို့။
ဒါပေမဲ့ ဒီတစ်ခေါက်မှာ အမှန်တရားဟာ သူမကို အတင်းခေါင်းညွတ်ခိုင်းနေတယ်။
ကျန်တဲ့ခရီးစဉ်အတွင်း ချီယန်ဟာ အချိန်ယူပြီး နန်ကျဲ့ရဲ့အဖွားကို ဖုန်းခေါ်ခဲ့တယ်။ဘာမှမဖြစ်ခဲ့သလို သူမကိုယ်သူမ တတ်နိုင်သမျှ ဟန်ထိန်းပြီး နန်ကျဲ့ကို လွဲချော်တာလေးတစ်ခုတောင်မှ မသိစေခဲ့ဘူး။
သူတို့၂ယောက်လုံး လာဆကို တန်းသွားခဲ့ကြတယ်။ဒါဟာ သူမတို့ရဲ့နောက်ဆုံးခရီးစဉ် ဖြစ်တာကို ချီယန်သိတာမို့ လေထုကိုမဖျက်စီးချင်ဘူး။သူမ နန်ကျဲ့ကို ဒီမှာ ဘာနောင်တမှ မကျန်သွားစေချင်ဘူး။
ဒါကြောင့် ဒီခရီးစဉ်ပြီးမှ သူနဲ့လမ်းခွဲပြီး ဟိုက်မြို့ကိုပြန်မယ်လို့ သူမဟာ စီစဉ်ထားတယ်။
ဒီအချိန်ကာလအတွင်း အသင့်တော်ဆုံးအကြောင်းပြချက်ကို ရှာနိုင်ဖို့ကိုလည်း မျှော်လင့်နေမိပြီး ကိစ္စတွေကို အတတ်နိုင်ဆုံး ပြီးပြည့်စုံအောင် အဆုံးသတ်ဖို့ ကြိုးစားမယ်။ဒါမှ သူမတို့၂ယောက် ဆိုးဆိုးဝါးဝါး အဆုံးမသတ်ရအောင်လို့။
ဒါပေမဲ့ နန်ကျဲ့ရဲ့စိတ်အရဆို လမ်းခွဲဖို့အကြောင်း သူမပြောပြီးရင် သူ သူမတို့၂ယောက်ကို သူငယ်ချင်းဆက်ဖြစ်ခွင့် ကျိန်းသေပေါက်ပေးမှာ မဟုတ်ဘူး။
သူမတို့ ကောင်းကောင်းမွန်မွန် မခွဲခွာနိုင်ရုံတင်မကဘဲ သူ အနာဂတ်မှာ သူမကို တွေ့ချင်လောက်တော့မှာ မဟုတ်ဘူး။
အပြန်ခရီးမတိုင်ခင်၂ရက်မှာ သူမ ဂုဏ်သိက္ခာနဲ့ ထွက်ခွာမလို့ လုပ်နေတဲ့အချိန်မှာပဲ နန်ကျဲ့ဟာ သူမကို လက်ထပ်ခွင့် တောင်းလာခဲ့တယ်။
နေရောင်ခြည်ဟာ ရွှေအိုရောင်တောင်ပေါ်ကို ဖြာကျနေတယ်။ချီယန်ဟာ ဆန့်ကျင်ဘက်က နှင်းဖုံးနေတဲ့တောင်ကိုကြည့်ရင်း အနည်းငယ် ခံစားသွားရတယ်။သူမဟာ အမြန်အနောက်လှည့်ပြီး နန်ကျဲ့ကို တစ်ချက် လာကြည့်ဖို့ခေါ်တယ်။
“အစ်ကိုနန်!” သူမ ခန္ဓာကိုယ်ကို အသာစောင်းလိုက်တယ်။အကြည့်တစ်ချက်မှာ သိပ်မဝေးတဲ့နားက သူမကိုယ်တိုင် ထားခဲ့တဲ့ကင်မရာကိုပဲ သတိထားမိတယ်။သူမ လမ်းတစ်လျှောက်လုံး ဓာတ်ပုံတွေရော၊ဗီဒီယိုတွေရော အများကြီးရိုက်လာခဲ့ပြီး နောင်အတွက် အမှတ်တရတွေအနေနဲ့ သိမ်းဆည်းဖို့ စိတ်ကူးထားတယ်။
သူမ ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တော့ ဒုတိယအကြည့်တစ်ချက်မှာ နန်ကျဲ့ကို တွေ့တယ်။
အမျိုးသားဟာ ဘယ်အချိန်ကတည်းကမှန်းမသိ ဒူးတစ်ဖက် ထောက်ထားခဲ့တယ်။
ခုနက သူမ ရှုခင်းကိုအရမ်းအာရုံစိုက်လွန်းနေတာမို့ သူ အသံတစ်စက်မှမပြုတာကို သတိမထားမိလိုက်ဘူး။သူ သူမလှည့်လာဖို့ကို စောင့်နေခဲ့တာပဲ။
သူ့လက်ထဲကလက်စွပ်နဲ့ သူ့မျက်နှာကအပြုံးကိုကြည့်ရင်း သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားတာကို ချီယန် ခံစားမိတယ်။
“ငါ နင့်ကို လန့်သွားစေမိလား”
သူမ အနောက်ဆုတ်လိုက်တာကို သူ သတိထားမိသွားတယ်။သူဟာ ပြုံးပြရင်း မထဘူး။ “နင် သေချာတော့ မမှတ်မိလောက်ဘူး”
288 02
“အရင်က နင်မေးဖူးတယ်။ ငါ ဘာလို့ ဒီကို ဇွတ်လာချင်ရတာလဲဆိုတာ ငါရေးရေးလေး မှတ်မိသေးတယ်။ ငါတို့ကျောင်းတက်နေတုန်းက နင် ယွမ်ချီ၀ယ်ထားတဲ့ မဂ္ဂဇင်းကိုယူပြီး ဒီနေရာအကြောင်း အထပ်ထပ်အခါခါ ဖတ်ခဲ့တယ်။ အနာဂတ်မှာ အခွင့်အရေးရရင် ဒီကို နင် သဘောကျတဲ့လူနဲ့ လာမယ်လို့ ယွမ်ချီ့ကို နင် ပြောခဲ့တယ်။ နှင်းတွေဖုံးနေတဲ့တောင်အောက်မှာ ဓာတ်ပုံရိုက်ယူတာ အကောင်းဆုံးပဲဆိုပြီး”
“ယွမ်ချီက နွေရာသီပိတ်ရက်ကျရင် နင်နဲ့ အတူလာမယ်လို့ ပြောခဲ့တာကိုလည်း ငါမှတ်မိသေးတယ်။ အဲ့တုန်းက နင်က ဘာမှမပြောခဲ့ဘူးလေ။ အဲ့တော့ အချိန်တစ်ခုအထိ ငါ နင် သူ့ကို တကယ်ကြိုက်နေတယ်လို့ အမြဲထင်ခဲ့တာ”
“ငါ...” ချီယန်ဟာ နှုတ်ခမ်းကိုလှုပ်ပြီး ခက်ခက်ခဲခဲပြောတယ်။ “ငါ...တကယ် မမှတ်မိဘူးဆိုပေမဲ့ ငါ သူ့ကို မကြိုက်ပါဘူး”
သူမ ကျောင်းတက်နေခဲ့တဲ့ အစောပိုင်းနှစ်တွေတုန်းက သူမ ယွမ်ချီနဲ့ အတော်လေး ရင်းနှီးခဲ့တယ်။ဒါပေမဲ့ သူမတို့နှစ်ယောက်ဟာ တကယ်ရိုးရှင်းတဲ့ သူငယ်ချင်းတွေသက်သက်ပဲ။ရှင်းရှင်းပြောရရင်တော့ ညီအစ်ကိုကောင်းတွေ ဖြစ်ခဲ့တာ။ယွမ်ချီဟာ သူမကို လုံး၀ယောက်ျားလေးလို ဆက်ဆံခဲ့တာ။အဲ့တုန်းက သူမတို့ ပထမဆုံးတွေ့တဲ့အချိန်တုန်းကဆို ရေချိုးခန်းသုံးဖို့အတွက် သူ သူမကို ယောက်ျားလေးသုံး ရေချိုးခန်းထဲကို ခေါ်သွားခဲ့တာ။
သူမတို့ဆက်ဆံရေးဟာ ဒီထက်ပိုပြီး မဖြူစင်နိုင်ဘဲ မရှိပါဘူး။
“အဆင်ပြေပါတယ်။ ငါ မှတ်မိနေသရွေ့”
နန်ကျဲ့ဟာ မအံ့ဩဘူး။သူဟာ လက်ထဲက လက်စွပ်ကို ငုံ့ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောတယ်။ “ငါ ရုတ်တရက်ကြီး မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ငါတို့ကြားထဲ လတ်တလောမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားတယ်။ နင် အခုတလော ကြိုစားနေခဲ့တယ်ဆိုတာ ငါသိပါတယ်။ တစ်ခဏလောက် နင် ဒီဆက်ဆံရေးကို လက်လျှော့ချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ငါလည်း ငါတို့၂ယောက်ကြားက ပြဿနာတွေကို ဖြေရှင်းဖို့နည်းလမ်းတွေကို စဉ်းစားနေခဲ့တာပါ။ ငါ နင့်ကို စိတ်သက်သာစေချင်တယ်”
“ငါ စကားချိုချိုတွေ မပြောတတ်ဘူးဆိုတာ နင် သိပါတယ်။ စဉ်းစားကြည့်ပြီးတဲ့နောက်မှာ ငါ ဖော်ပြဖို့အတွက်ကို သက်သေပြချင်သေးတယ် ငါတို့ဆက်ဆံရေးက တည်ငြိမ်တယ်လို့ ငါထင်တယ်။ ငါတို့ဒီအဆင့်ကို ကျော်လွှားနိုင်ဖို့ အချိန်တစ်ခုပဲ လိုတာပါ။ ဒီလိုနည်းနဲ့ ငါတို့ တစ်ယောက်ကို တစ်ယောက် လုံလောက်တဲ့ လုံခြုံမှုကို ပေးလို့ရတယ်”
“ဒီတော့ ချီယန် နင်...”
“နန်ကျဲ့ လောလောဆယ်မှာ ငါ လက်ထပ်ဖို့အကြောင်းကို မစဉ်းစားထားဘူး” ချီယန်ဟာ သူမရဲ့လက်ကို အိတ်ကပ်ထဲဖွက်ထားကာ ခပ်တင်းတင်း ဆုပ်လိုက်တယ်။သူမဟာ အတင်းပြုံးယူရင်း ခါးသက်သက်နဲ့ပြောတယ်။ “ငါတို့ အစက တစ်နှစ်ပဲ တွဲမယ်လို့ သဘောမတူခဲ့ဘူးလား”
သူမ ငြင်းမယ်ဆိုတာကို နန်ကျဲ့ဟာ တွေးခဲ့ပါတယ်။သူပြင်ဆင်နေရင်း လက်လျှော့ဖို့လည်း တွေးခဲ့သေးတယ်။ဒါပေမဲ့ လတ်တလောမှာ အိမ်ကလူကြီးတွေ သူမကို တွေ့သွားပြီ။ချီယန်စိတ်မချမ်းသာနေဘူးဆိုတာ သူ ခံစားလို့ရတယ်။ဒီကိစ္စက သူတို့ရဲ့ဆက်ဆံရေးကို ထိခိုက်မှာကို သူ အရမ်းစိတ်ပူတယ်။
ဒါကြောင့် သူ ကမူးရှူးထိုးဆန်တဲ့ နည်းလမ်းကို ရွေးချယ်ပြီး လက်ထပ်တာကနေတစ်ဆင့် သူတို့ရဲ့ဆက်ဆံရေးကို ချည်နှောင်ချင်တာ။
သူ ချီယန်နဲ့ လမ်းခွဲရလိမ့်မယ်လို့ သူ တစ်ခါမှမတွေးခဲ့ဖူးဘူး။သူ့ရဲ့အမြင်မှာတော့ သူတို့၂ယောက်လက်မထပ်ခင်အထိ အချိန်တစ်ခုပဲ လိုအပ်တာ။
ဒါပေါ့။သူမ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို သူ ခံစားသိနိုင်ပါတယ်။သူအငြင်းခံရလည်းပဲ ပြဿနာမရှိဘူး။အနာဂတ်မှာ သူမ လက်မထပ်ချင်ဘူးဆိုလည်းပဲ ပြဿနာ မရှိဘူး။သူတို့၂ယောက်အတူတူရှိနေသရွေ့ အဆင်ပြေတယ်။သူ့ခံစားချက်တွေကို ချီယန့်ကို သိစေချင်ရုံပဲ။သူ တစ်ခါမှ မပြောင်းလဲသွားခဲ့ဘူး။
ဒါပေမဲ့ ချီယန် အဲ့ဒီ့ရယ်စရာကောင်းတဲ့ သဘောတူညီမှုကို ထည့်ပြောလာမယ်လို့ သူ မထင်ထားဘူး။
288 03
“ဘာကို ဆိုလိုတာလဲ” နန်ကျဲ့ မော့ကြည့်လိုက်တယ်။သူ့မျက်နှာက အပြုံးဟာ လွင့်ပြယ်သွားတယ်။သူ ရုတ်တရက် ခံစားချက် မကောင်းတော့ဘူး။
“တစ်နှစ်ပြီးလို့ ငါတို့အချင်းချင်း မသင့်တော်ဘူးလို့ ခံစားရတယ်ဆိုရင် ငါတို့...”
ချီယန်ဟာ သူ့ကို ထပ်မံ၀င်ဖြတ်ကာ ခပ်တင်းတင်း ပြောတယ်။ “အင်း ငါတို့ လိုက်ဖက်တယ်လို့ ငါ မထင်ဘူး” နန်ကျဲ့ဟာ အံ့အားသင့်သွားရတယ်။
သူဟာ ချက်ချင်း မတ်တပ်ထရပ်တယ်။မြေကြီးပေါ် ပြုတ်ကျသွားတဲ့ လက်စွပ်ကို လစ်လျူရှုကာ သူဟာ အံကြိတ်ရင်း မေးတယ်။ “ဘယ်လိုလုပ် မလိုက်ဖက်ရမှာလဲ။ ငါတို့အကြာကြီး တွဲလာတာ ရန်ဖြစ်တာမျိုး ရှိခဲ့ဖူးလို့လား။ လတ်တလောကကိစ္စတွေကို ဘေးဖယ်ထားရင် ဒီဆက်ဆံရေးက ချောမွေ့နေတယ်လို့ ငါတို့ မခံစားခဲ့ရဘူးလား”
“ငါတို့က မလိုက်ဖက်ဘူးဆိုပြီး နင်က ဘယ်ကနေ ကောက်ချက်ချရတာလဲ”
ချီယန်ဟာ သူမရဲ့ခြေထောက် ကျောက်တုံးတစ်တုံးကို သွားမထိခင်အထိ အနောက်ကို အဖန်ဖန်ဆုတ်ဖို့ ဖိအားပေးခံရတယ်။အနားမှာ ဘယ်သူမှ မရှိဘူး။နှင်းဖုံးနေတဲ့တောင်ကလွဲလို့ သူမတို့၂ယောက်ပဲ ရှိတယ်။
တကယ်ကောင်းတဲ့နေရာလေးတစ်ခုပါ။ဒီနေရာမှာ အဆုံးသတ်ရမယ်လို့ သူမ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
ဒါပေမဲ့ အခုချိန်မှာ ကြည့်ရတာ သူမထပ်ပြီး စောင့်မရတော့ဘူးထင်ပါရဲ့။
ချီယန်ဟာ ပြုံးပြီး မေးလိုက်တယ်။ “ငါတို့ ဘာလို့ ငါတို့ရဲ့လတ်လောကကိစ္စတွေကို ဘေးဖယ်ထားရမှာလဲ။ ငါတို့ အဲ့တာကို အခုလိုမျိုး တစ်သက်လုံး လစ်လျူရှုသွားလို့ရမှာလား”
“ငါတို့စတွဲတုန်းက ငါတို့က မလိုက်ဖက်ဘူးလို့ ငါပြောခဲ့တယ်။ မှန်တယ် ငါတို့ ရန်မဖြစ်ခဲ့ဘူး။ နင်က အမြဲအလိုက်သင့် နေပေးခဲ့တာ။ နင်အမြဲ ငါ့အပေါ် အရမ်းကောင်းခဲ့တယ်။ နင် မမှားဘူး။ ဒါပေမဲ့ ဒီတိုင်း ငါတို့ကိုက မလိုက်ဖက်တာ မသင့်တော်တာ”
“ငါတို့မိသားစုတွေရဲ့ နောက်ခံနဲ့အသိုင်းအဝိုင်းက သဟဇာတ မဖြစ်ဘူး။ နင့်မျက်လုံးထဲမှာတော့ ဒါက ဘယ်တုန်းကမှ ပြဿနာမဟုတ်ခဲ့ပေမဲ့ ငါ့အတွက်တော့ မဟုတ်ဘူး၊ ငါ သိမ်ငယ်တယ်လို့ ခံစားရတာမဟုတ်ဘူး။ ငါ အရမ်းထူးချွန်တယ်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ နင်နဲ့ယှဥ်ရင် အဝေးကြီး ငါတို့ကြားကအကွာအဝေးက ဝေးလွန်းတယ်”
“ငါတို့ကြားမှာ လှေကားထစ်အရှည်ကြီး ရှိနေသလိုပဲ။ ငါက အစကတည်းက တစ်ထစ်ချင်းတစ်ထစ် ဖြည်းဖြည်းချင်း လှမ်းတတ်တဲ့လူ။ ဒါပေမဲ့ နင်နဲ့ရှိတဲ့နှစ်မှာ ငါ ရူးခါသွားပြီး နင့်ကို အမှီလိုက်ချင်ခဲ့တယ်။ ငါ ပိုပိုပြီး နီးစပ်ချင်ခဲ့တယ်။ ငါ လမ်းလျှောက်တာကနေ စတယ်။ အဲ့နောက်မှာ ပြေးတယ်။ ငါ အကွာအဝေးကို ခြေတစ်လှမ်းစီနဲ့ ကျော်လွှားဖို့ ကြိုးစားခဲ့တယ်”
“ငါ အရှေ့ကို ဆက်လျှောက်ဖို့အတွက်ကိုပဲ ဂရုစိုက်ခဲ့ပြီး မော့မကြည့်ရဲခဲ့ဘူး”
“အကြာကြီး အကြာကြီးကြာလို့ ငါ ပြန်လှည့်ကြည့်တော့ ငါ အရှည်ကြီး လှမ်းလာခဲ့ပြီဖြစ်မှန်းကို ငါသိလိုက်ရတယ်။ ငါ မော့ကြည့်ဖို့ သတ္တိမွေးပြီး ငါတို့ကြား အကွာအဝေးသေးသေးလေးပဲ ကျန်ပြီလားဆိုတာကို ကြည့်ခဲ့တယ်”
“အဆုံးသတ်ကျ ငါ့အရှေ့မှာ အဆုံးမရှိတဲ့လှေကားထစ်တွေ ကျန်နေသေးတယ်၊။ ငါ တစ်နေရာတည်းမှာပဲ လျှောက်လှမ်းနေခဲ့ပုံရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တွေထဲ ငါ အရှင်းကြီးကို အလုပ်ကြိုးစားခဲ့တယ်။ ငါ့မှာ အသက်ရှူဖို့ အခွင့်တောင်မရခဲ့ဘူး။ ဆက်လျှောက်ဖို့ ငါ့ကိုယ်ငါ တွန်းအားပေးခဲ့တယ် ဒါပေမဲ့...”
“ငါ အနာဂတ်ကို မမြင်ရဘူး...”
“သေချာစဉ်းစားကြည့်ရင် ဒါကမှ တကယ့်ပြဿနာပဲ တစ်နှစ်အတွင်း ငါ နင့်ကို ဘယ်လို အမှီလိုက်ရမှာလဲ။ ငါမရင့်ကျက်ဘဲ မျက်ကွယ်ပြုခဲ့လို့သာ အိပ်မက်မက်ရဲခဲ့တာ။ ဒီဘ၀မှာတော့ လုံး၀မဖြစ်နိုင်ဘူး”
“ဒီခရီးစဉ်ပြီးမှ ငါ ဒါတွေကိုပြောမလို့ပါပဲ။ ဒီတိုင်း ငါမထင်ထားခဲ့တာ...အနာဂတ်မှာ ငါ နင့်ကို လက်ထပ်နိုင်လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးရဲခဲ့ဘူး။ ငါ့အမြင်မှာတော့ နင် ငါ့လိုလူကို လက်ထပ်လို့မရဘူး။ ပြီးတော့ ငါ့ရဲ့လက်တွဲဖော်ကလည်း နင့်လိုလူ မဟုတ်ရဘူး”
“ငါတို့အားလုံး ကောင်းခဲ့ပါတယ်။ အထူးသဖြင့် နင်ပေါ့။ နင်က ငါ့အချစ်ဦးပါ။ နင်ဆိုတာ ငါ အရင်က မမျှော်မှန်းရဲခဲ့တဲ့ ဖြစ်တည်မှုတစ်ခု။ ဒီနှစ်မှာ ငါ တကယ်အရမ်းပျော်ခဲ့ရပါတယ်။ နောင်တမရပါဘူး။ တစ်နှစ်တွဲဖို့ အကြံပေးတဲ့နင့်ကို ငါ ကျေးဇူးတောင်မှ တင်မိပါတယ်”
“ဒါပေမဲ့ ငါတို့ လက်တွေ့ဆန်ဖို့လိုတယ်။ နင်နဲ့ဆက်သွားမယ်ဆိုတဲ့ ရွေးချယ်မှုက အနာဂတ်အတွက် ရွေးချယ်မှုတစ်ခု မဟုတ်ဘူး”
“အစ်ကိုနန် ဒီမှာတင်ပဲ ဒီတိုင်းပြီးလိုက်ရအောင်...”
******