အခန်း ၃၀၅
Vol. 30 Ch. 305
305 01
Chapter 305 နောက်ဆုံးတော့ ဆန္ဒလေးပြည့်သွားပြီ။
Extra Chapter 2: အရံဇာတ်ကြောင်း။
နှစ်သစ်ကူးပွဲတော်မှာ သူတို့၂ယောက်ဟာ အတူတူရှိခဲ့တယ်။
ရှန်ရန်ချင်းဘက်ကနေစပြီး နန်ကောကို မေးတာဖြစ်တယ်။
ဖျော်ဖြေပွဲတစ်ခုလုံး နှစ်သစ်ကူး countdown ရေနေတဲ့အချိန် ရှန်ရန်ချင်းဟာ အနားတိုးကာ သူမရဲ့နားထဲ တိုးတိုးလေး ပြောခဲ့တယ်။သူမ သူနဲ့အတူ တွဲချင်လားတဲ့။
အနားတစ်၀ိုက်မှာ အရမ်းဆူညံနေခဲ့တယ်။နန်ကောဟာ သူ့ကို အံ့ဩတကြီးမော့ ကြည့်ပြီး သူမ မှားများကြားမိလားလို့ တွေးတယ်။
ဖျော်ဖြေပွဲပြီးတော့ ၂ယောက်လုံးအတူတူ တိတ်တဆိတ် ထွက်လာခဲ့ကြတယ်။
ကားဆီပြန်ရောက်တော့မှ ရှန်ရန်ချင်းဟာ မေးတယ်။ “ကိုယ် မင်းကိုလန့်သွားစေမိပြီ ဟုတ်တယ်မလား။ နည်းနည်း ရုတ်တရက် ဆန်သွားပေမဲ့ သေချာပေါက် အခိုက်အတန့်တစ်ခုမှာပဲ မဟုတ်ပါဘူး”
သူဟာ သူမကို အွန်လိုင်းမိတ်ဆက်မှုနဲ့တူတဲ့ သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အသေးစိတ် ပြောပြတယ်။
“တကယ်တော့ ကိုယ် မင်းကိုစတွေ့တုန်းက ကိုယ့်မှာ မင်းအပေါ် ထင်မြင်ချက်ကောင်းရှိခဲ့ပြီးသား။ လအနည်းငယ်လောက် အတူတူ ဖြတ်သန်းပြီးတဲ့နောက်မှာ ဘယ်နေရာမဆို ကိုယ်တို့က အရမ်းလိုက်ဖက်တယ်လို့ ကိုယ် ထင်တယ်။ ဒါပေါ့ ဒါက ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်ပါ။ မင်းကို ကိုယ်စားပြုမရဘူး။ ဒါပေမဲ့ ကိုယ်တို့ရဲ့ဆက်ဆံရေးကို ပြန်လည်သတ်မှတ်ဖို့ ကိုယ်တကယ် မျှော်လင့်နေပါတယ်”
နန်ကောဟာ အံ့အားသင့်သွားတယ်။
သူမရဲ့မျက်နှာမှာ ဘာပျော်ရွှင်မှုမှ မရှိတာကို ခံစားမိတော့ ရှန်ရန်ချင်းဟာ အဖြေကို သိသွားတယ်။သူဟာ သူ့မျက်လုံးထဲက အထီးကျန်ဆန်မှုလေး မသိသာသွားအောင် ခေါင်းကိုအသာစောင်းလိုက်တယ်။သူဟာ ရယ်ပြီး သူမကို နှစ်သိမ့်တယ်။ “ကိုယ် မင်းကို ဖိအားမပေးပါဘူး။ မင်းက မလိုက်ဖက်ဘူးလို့ထင်ရင် ကိုယ်တို့သူငယ်ချင်းဖြစ်လို့ ရပါသေးတယ်။ မင်း တစ်မျိုးကြီး ဖြစ်နေဖို့မလိုဘူး။ ကိုယ်တို့ အရင်တိုင်းပဲ ဆက်သွားလို့ရတယ်”
“အာ မဟုတ်ဘူး” နန်ကောဟာ အသိပြန်၀င်လာတယ်။ “ကျွန်မ...ကျွန်မ အထဲမှာတုန်းက မှားကြားခဲ့တယ်ထင်လို့”
“တောင်းပန်ပါတယ်။ ခုဏက အထဲမှာ တကယ်ကို ဆူညံနေခဲ့တာ ကိုယ် ထပ်ပြောရမလား”
“နိုး နိုး ဟင့်အင်း”
သူမဟာ လက်ကို အထပ်ထပ်ခါတယ်။ “ကျွန်-ကျွန်မကြားပါတယ်”
“ဟုတ်ပြီ အရင်ပြန်ရအောင် မင်း ဖြည်းဖြည်းချင်း စဉ်းစားလို့ရပါတယ်”
ရှန်ရန်ချင်းဟာ သက်ပြင်းခိုးချပြီး ထွက်ခွာဖို့ ကားစက်နှိုးတယ်။သူတို့မောင်းထွက်လာပြီးမကြာဘဲ သူဟာ ခရီးသည်ခုံကနေ ထွက်လာတဲ့ သူမရဲ့အသံကို ကြားလိုက်ရတယ်။
“အခု ကျွန်မတို့တွဲနေပြီလို့ သတ်မှတ်လို့ရပြီလား။ အခုကစပြီး နှစ်သစ်ရဲ့ပထမဆုံးနေ့လေ” သူဟာ အနည်းငယ်အံ့ဩသွားရတယ်။သူဟာ ကားကို လမ်းဘေးထိုးရပ်ပြီး သူမမျက်နှာကို တစ်ဖန်ထပ်ကြည့်တယ်။
ပင်ကွင်းပေါက်လေးရဲ့မျက်လုံးတွေဟာ တောက်ပနေတယ်။သူမဟာ ခါးပတ်ကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး သူ့ကို မျှော်လင့်တကြီး မော့ကြည့်နေတယ်။
ထပ်ခါတလဲလဲ အတည်ပြုပြီးတဲ့နောက်မှာ သူဟာ ပြုံးပြီး သူမရဲ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးတယ်။ “ပျော်ရွှင်စရာနှစ်သစ်ပါ။ ကိုယ့်ကောင်မလေး”
သူမရဲ့ဒုတိယနှစ်အပြီး နွေရာသီပိတ်ရက်မှာ နန်ကောဟာ ရှန်ရန်ချင်းကို ပထမဆုံးအကြိမ် အိမ်ကိုခေါ်သွားခဲ့တယ်။
သိပ်မကြာဘဲ သူမတို့ရဲ့မိဘတွေဟာလည်း တွေ့ဆုံဖို့ စီစဉ်ကြခဲ့တယ်။
ရှန်ရန်ချင်းရဲ့သင်ရိုးညွှန်းတမ်းတွေနဲ့အတူ နန်ကောရဲ့ရလဒ်တွေဟာ သိပ်မဆိုး၀ါးခဲ့ဘူး။သူမဟာ ဟိုက်တက္ကသိုလ်မှာ ဘွဲ့လွန်နေရာတစ်ခုရခဲ့ပြီး ဘွဲ့လွန်ကျောင်းသူအနေနဲ့ ဆက်လက် သင်ယူတယ်။
တက္ကသိုလ်ပထမနှစ်အတွင်း နန်ကောဟာ ရှန်ရန်ချင်းရဲ့အမေအရင်းဖြစ်သူနဲ့ ပထမဆုံးအကြိမ် ဆုံတယ်။
တစ်ဖက်လူဟာ သူမကို တမင်သက်သက်ကို လာရှာတာဖြစ်တယ်။ယဉ်ကျေးမှုအရ နန်ကောဟာ သူမအနောက်လိုက်ပြီး အနီးနားက ကော်ဖီဆိုင်ကိုသွားကာ လိုက်ထိုင်ပေးတယ်။
ရှန်ရန်ချင်းရဲ့အမေဟာ ဘယ်လိုလူလဲဆိုတာကို သူမ ကြားခဲ့ဖူးပြီးသားဖြစ်ပြီး ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား။
“အန်တီ ဘာလို့ကျွန်မကို ရှာတာလဲ”
“မင်း ရှန်ရန်ချင်းနဲ့တွဲနေတာ ကြာပြီမလား”
“ဟုတ်ပါတယ်” တက္ကသိုလ်ပထမနှစ်ကနေ ဘွဲ့လွန်ပထမနှစ်အထိ သူမတို့ရဲ့ဆက်ဆံရေးဟာ အမြဲအရမ်းအဆင်ပြေပြေ ရှိခဲ့တယ်။သူမတို့ တစ်ခါမှ ရန်မဖြစ်ဖူးဘူး။
305 02
“ကြာပြီကို လက်ထပ်ဖို့ စိတ်မကူးသေးဘူးလား”
“ကျွန်မက ကျောင်းတက်နေတုန်းမို့ လောလောဆယ်တော့ အဲ့အကြောင်းကို မတွေးထားပါဘူး”
“ဒီလောက်နှစ်တွေ အများကြီး တွဲလာတာတောင် သူက လက်ထပ်ဖို့ အစီအစဉ်မရှိသေးဘူးပေါ့။ သူက မင်းထက် ၈နှစ်ကြီးတယ်။ ဒီအသက်အရွယ်မှာ သူ့အတန်းဖော်တွေဆို ကလေးတောင်ရနေကြပြီ”
နန်ကောဟာ သူမရဲ့အတွေးကို သိပ်နားမလည်ဘူး။ “ကျွန်မတို့ ဒါကို နောက်ပိုင်းကျ စဉ်းစားမှာပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ အချိန်မကျသေးဘူးလို့ ကျွန်မတို့ချင်း သဘောတူထားပါတယ်။ အခြားပြောစရာ ရှိသေးလား။ ကျွန်မမှာ အတန်းရှိသေးတာမို့ အဖော် မလုပ်ပေးနိုင်လောက်ဘူး”
“မင်းက သူ့ကိုဆွဲထားတာပဲ”
နန်ကောဟာ ဒီစာကြောင်းကြောင့် အံ့ဩသွားတယ်။ဒါပေမဲ့ သူမဟာ ဒေါသမထွက်ဘဲ နည်းနည်းရယ်ရတယ်လို့ ခံစားရရုံ။
သူမရဲ့ဆင်ခြင်တုံတရားကြောင့်သာ မဟုတ်ရင် သူမ နေရာမှာတင် အကျယ်ကြီး ထရယ်မိမှာ။
ဒါပေမဲ့ သူမပြန်လည်မချေပနိုင်ခင် ရှန်ရန်ချင်းဟာ သူမကို လာခေါ်တယ်။
နန်ကောဟာ ကားဆီကိုအရင်ပြန်လိုက်တယ်။အမေနဲ့သား ဘာတွေပြောခဲ့လဲဆိုတာ သူမ မသိဘူး။ဒါပေမဲ့ သူ့အမေအရင်း ထွက်လာတော့ မျက်နှာမကောင်းတာကိုတော့ သူမ တွေ့တယ်။
နန်ကောဟာ ဒီအမျိုးသမီးကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး။
သူမ ဘွဲ့လွန်ကနေ ဘွဲ့ရတဲ့နှစ်မှာ သူမတို့နှစ်ယောက် လက်ထပ်ဖို့ကိစ္စအကြောင်း ပြောခဲ့ကြတယ်။
နန်ကောဟာ မင်္ဂလာ၀တ်စုံကို သူမဟာသူမရွေး တယ်။ရှန်ရန်ချင်းဟာ ဒါကိုမသိသလို ကြိုလည်း မမြင်ခဲ့ရဘူး။သူမ ပြောတာတော့ စပရိုက်ဖြစ်အောင်လို့ ဒါကိုဖုံးဖွက်ထားဖို့ လိုတယ်တဲ့။
လက်ထပ်ပွဲမတိုင်ခင်ညမှာ ရှန်ရန်ချင်းဟာ ဟိုလှိမ့်ဒီလှိမ့်နဲ့ အကြာကြီး အိပ်မပျော်ဘဲ ဖြစ်နေခဲ့တယ်။သူ့သွေးတွေပွက်ပွက်ဆူနေတယ်။အထူးသဖြင့် သူ နေ့လည်တုန်းက နန်ကောကို သွားခေါ်ခဲ့တုန်းက။
ရင်ခွင်ထဲမှာ နန်ကောနဲ့အတူ နန်မိသားစုအိမ်ကနေထွက်လာတဲ့လမ်းမှာ သူဟာ စစ်ပွဲကို အနိုင်ရလာတဲ့စစ်သူကြီးလိုပဲ။သူ့မျက်နှာပေါ်က ပျော်ရွှင်မှုဟာ ဖုံးဖိထားလို့ ရမနေခဲ့ဘူး။
လက်ထပ်ပွဲမှာ နန်ကောဟာ သူမအဖေရဲ့လက်ကိုကိုင်ပြီး ဖြည်းဖြည်းချင်း လျှောက်၀င်လာတယ်။
ရှန်ရန်ချင်းဟာ သူမကို ကျောခိုင်းထားခဲ့တယ်။သူမအနားရောက်လာပြီး သူ့ရဲ့နာမည်ကို မခေါ်ခင်အထိပေါ့။
အရင်က သူ မင်္ဂလာဓာတ်ပုံတွေကို ရိုက်ခဲ့ရသေးတာမို့ ဒါဟာ သူ နန်ကောကို မင်္ဂလာ၀တ်စုံနဲ့ ပထမဆုံးတွေ့ဖူးတာ မဟုတ်ဘူး။ဒါပေမဲ့ အကြောင်းတချို့ကြောင့် သူမ သူ့အရှေ့မှာ မင်္ဂလာ၀တ်စုံနဲ့ မတ်တပ်ရပ်နေတာကိုမြင်တော့ သူ့မျက်လုံးတွေဟာ မနေနိုင်ဘဲ မျက်ရည်တွေ ရစ်သိုင်းလာတယ်။
သူ့မျက်လုံးတွေဟာ မြင်နိုင်တဲ့အရှိန်နှုန်းမှာ နီရဲသွားတယ်။ပထမဆုံးအကြိမ် သူဟာ ကျရှုံးသွားခဲ့တယ်။သူ့လက်ချောင်းတွေ ဘေးမှာ အကြိမ်ရေ အနည်းငယ် တွန့်ကွေးသွားပြီးမှ သူဟာ လက်မြှောက်ကာ သူမရဲ့လက်ကို ကိုင်ရဲတယ်။
“ကျွန်မ မလှဘူးလား” နန်ကောဟာ တောက်တောက်ပပပြုံးကာ သူ့ကို တိုးတိုးလေး မေးတယ်။
သူ ခေါင်းညိတ်လိုက်တယ်။အဲ့နောက် ထပ်မံခေါင်းညိတ်ပြီး သူမရဲ့မေးခွန်းကို အဖန်ဖန်အခါခါဖြေ တယ်။ “လှတယ်...”
လက်စွပ်တွေ မလဲခင် ၂ယောက်လုံးဟာ မျက်နှာချင်းဆိုင် ရပ်လိုက်ကြတယ်။ရှန်ရန်ချင်းရဲ့အကြည့်ဟာ သူမရဲ့မျက်ခုံးကနေတစ်ဆင့် လျှောဆင်းသွားတယ်။တဖြည်းဖြည်းချင်း တွယ်ငြိနေလျက်။
နန်ကောဟာ သူ့ကိုပြုံးပြပြီး ရွှတ်နောက်နောက်နဲ့ မျက်လုံး မှိတ်ပြတယ်။
မသိရင် ချက်ချင်းလက်ငင်း ဖြစ်ပျက်သွားသလိုမျိုး။ရုတ်တရက် သူဟာ သူ့ကိုယ်သူမ ထိန်းချုပ်နိုင်တော့ဘူး။သူ့မျက်လုံးထောင့်ကနေ မျက်ရည်တွေ တာကျိုးလာပြီး သူ့မျက်လုံးတွေ စိုစွတ်လာခဲ့တယ်။
သူအဝေးကို လှည့်လိုက်တယ်။သူ့ရင်ဘတ်ဟာ နိမ့်ချည်မြင့်ချည် ဖြစ်နေတယ်။သူ့အသက်ရှူသံဟာ ခပ်တိုတိုလေး ဟောဟဲလိုက်နေတယ်။
နန်ကောဟာ ခန္ဓာကိုယ်ပေါ်က လေးလံတဲ့မင်္ဂလာ၀တ်စုံကြီးကို မပြီး အနောက်ကနေ ရောက်လာတယ်။သူမဟာ သူ့ကို နူးနူးညံ့ညံ့လေးဖက်ရင်း “မငိုနဲ့ မငိုပါနဲ့ ကျွန်မ ရှင့်ကို ဖက်ထားပေးမယ်”
305 03
သူဟာ နာခံစွာနဲ့ သူမကို လှမ်းဖက်တယ်။နောက်ဆုံးတော့ သူ နှစ်သိမ့်မှုလေးကိုရလိုက်ပေမဲ့ သူ့ခံစားချက်တွေဟာတော့ မတည်ငြိမ်နိုင်သေးဘူး။
ရှည်လျားတဲ့ပွေ့ဖက်မှုနောက်မှာ အခမ်းအနားဟာ ဆက်လက်ရွေ့လျားတယ်။
သူဟာ စာတစ်စောင်ရေးခဲ့ပြီး လူတိုင်းရဲ့ရှေ့မှာ နန်ကောကို ပေးတယ်။
နန်ကောဟာ သူ ဒါကိုပြင်ဆင်ထားခဲ့တယ်ဆိုတာ မသိဘူး။သေချာပေါက်ကိုပဲ ရီဟာဇယ်ထဲ မပါခဲ့ဘူးလေ။
သူမဟာ သူနဲ့ဆန့်ကျင်ဘက်မှာ မှင်သက်ရင်း မတ်တပ်ရပ်နေခဲ့ပြီး သူ စာကို ဖြည်းဖြည်းချင်းဖြည်ကာ ပွဲစီစဉ်သူဆီ ကမိုက်ခရိုဖုန်းကို လက်တစ်ဖက်နဲ့ ကိုင်လိုက်တာကို ကြည့်နေခဲ့တယ်။
“ချစ်ရပါသောမိန်းကလေးနန် မင်္ဂလာပါ အခု ၁နာရီ၂၅မိနစ်ရှိပြီ။ ကိုယ် မင်းကို ၄နာရီအတွင်းမြင်ရတော့မယ်။ ဒါပေါ့ မင်း ဒီစာထဲကအကြောင်းအရာတွေကို ကြားရင် ကိုယ်တို့ လက်ထပ်ပွဲခန်းမထဲကို ရောက်နေပါပြီ။ မင်းက ကိုယ်နဲ့ခြေတစ်လှမ်းပဲ ဝေးပါတယ်။ ဖြစ်နိုင်တာက ကိုယ် အခုစကားတွေကိုပြင်ပြီး မင်းကို မစ္စရှန်လို့ခေါ်ရမယ် ထင်တယ်”
“ကိုယ် ဘောပင်ကို ကောက်မကိုင်ခင် ကိုယ့်မှာ မင်းကို ပြောစရာတွေ အများကြီးရှိတယ် ကိုယ်တို့ရဲ့အကြောင်းတွေကို မင်းနဲ့အတူ ကိုယ်အမှတ်တရတွေ ဖန်တီးချင်တယ်။ ကိုယ် မင်းကို တကယ်ချစ်ကြောင်း ပြောပြချင်တယ်။ အတွေ့အကြုံမရှိလို့ မင်း ကိုယ့်ကို အပြစ်တင်ရပါမယ်။ ကိုယ် ဒါကိုရေးတုန်းက မင်းကို ဒါတွေ ဘယ်လိုပြောပြရမလဲဆိုတာကို ကိုယ် မသိခဲ့ဘူး”
“ကိုယ် မင်းကိုပြောပြချင်တာကတော့ ကိုယ် အဲ့အင်တာဗျူးမှာ ပါခဲ့တာကို တကယ်နောင်တမရပါဘူး။ ညစာစားပွဲရော၊မင်းကို ဆုံတွေ့တာရော အခုအခိုက်အတန့်မှာ အဖိုး ကိုယ့်ကို တကယ်မလိမ်ခဲ့ဘူးလို့တောင် ကိုယ် တွေးမိပါတယ်။ သူထွက်မသွားခင်က သူ ကိုယ့်ကို ကောင်းကောင်း ကြီးပြင်းလာဖို့ တောက်လျှောက်မှာခဲ့တယ်။ အနာဂတ်မှာ ကိုယ့်ကိုစိတ်ရင်းမှန်နဲ့ဆက်ဆံတဲ့ တစ်စုံတစ်ယောက် သေချာပေါက် ရှိလာလိမ့်မယ်တဲ့။ ဒီလူဟာ သေချာပေါက် ပေါ်လာလိမ့်မယ်လို့ အဖိုးက ကတိပေးခဲ့တယ်”
“လွန်ခဲ့တဲ့နှစ်၂၀လုံး ကိုယ် ဒီလူကို ရှာနေခဲ့တာပါ။ ဒါပေမဲ့ စိတ်ပျက်မှုတွေကိုပဲ ထပ်ခါထပ်ခါ ကြုံခဲ့ရတော့ ကိုယ် တဖြည်းဖြည်းချင်း ဒီအကြံကို လက်လျှော့ခဲ့တယ်”
“မင်း ပေါ်မလာခင်အထိပေါ့? အဖိုးပြောတဲ့ ကိုယ့်ကို သူ့လိုမျိုး တန်ဖိုးထားလိမ့်မယ်ဆိုတဲ့လူနဲ့ ကိုယ်ဆုံတွေ့ခဲ့ရပြီ”
“ကိုယ် ငယ်ငယ်တုန်းက အဖိုးက အမြဲပြောခဲ့တယ်။ သူ ကိုယ့်ရဲ့အိမ်ထောင်ရေးကို ဘာအကျိုးစီးပွားတွေနဲ့မှ မရောယှက်စေချင်ဘူးတဲ့။ ဒီဆက်ဆံရေးက အမြဲတမ်း သန့်စင်ဖို့အတွက်ကို သူ မျှော်လင့်ခဲ့တယ်။ ကိုယ်လည်း သူ့ကို ကတိပေးခဲ့ပါတယ်။ ကိုယ့်ရဲ့သက်တမ်းတစ်လျှောက်ကို ကိုယ်သဘောကျတဲ့ မိန်းကလေးနဲ့ပဲ ဖြတ်သန်းသွားပါမယ်လို့ပေါ့။ အခုအခိုက်အတန့်မှာ နောက်ဆုံးတော့ ကိုယ့်ဆန္ဒလေး ပြည့်သွားခဲ့ပါပြီ...”
******