← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း (၄၂၉) ညစာစားပြီးနောက် ဝမ်းကွဲအစ်မနှင့် လမ်းလျှောက်ထွက်ရာ ပညာတတ်လူငယ်မလေး မြင်သွားခြင်း

ကင်ထားသော သမင်ပေါင်သားမှာ အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းဘက်တွင်မူ နူးညံ့နေကာ ကိုက်လိုက်တိုင်း ဆီများ စိမ့်ထွက်လာသည်။

ဂျုံဖြူမုန့်ပေါင်းကြီးများနှင့် ချဉ်စပ် အရသာရှိသော အာလူးမျှင်ကြော် တစ်ပွဲလည်း ရှိသေး၏။

အသားရော ဟင်းသီးဟင်းရွက်ပါ ပါဝင်ပြီး အရသာရှိကာ လတ်ဆတ်လှသဖြင့် ဤအငတ်ဘေးနှစ်တွင် အလွန် ခမ်းနားသော အစားအစာတစ်နပ် ဖြစ်နေပေသည်။

ကျန်းဝေ အလည်လာသောအခါ လီတာ့ဟိုင်သည် အစားအသောက် မလောက်ငှမည်ကို စိုးရိမ်သဖြင့် မုန့်ပေါင်း သုံးလေးလုံးခန့်ပင် ပို၍ ပေါင်းထားလိုက်သေးသည်။

"ဦးလေး ကင်ထားတဲ့ သမင်ပေါင်သားက သိပ်အရသာရှိတာပဲ..."

"အရသာရှိရင် များများစားသွားလေ နောက်ကျရင် မင်းမိဘတွေ မြည်းကြည့်လို့ရအောင် သမင်ပေါင်တစ်ဖက် ထည့်ပေးလိုက်မယ်..."

လီတာ့ဟိုင်သည် သူ့တူမလေးအပေါ် အလွန် သဘောကောင်းလေပြီး သူတို့အားလုံးမှာ မိသားစုဝင်များပင် ဖြစ်ကြသည်။

လီလန်ကလည်း ကြားဝင်၍ ပြောလိုက်၏။

"မနေ့က မြို့ပေါ်တက်ပြီး ပစ္စည်းတွေ သွားဝယ်ရင်း ဂျုံဖြူနဲ့ ဆန် နည်းနည်းဝယ်လာခဲ့တယ် အစ်မပြန်ရင် တစ်ခါတည်း ယူသွားလိုက်..."

သူ၏ အဒေါ်မိသားစုမှာ သူ့အား ငယ်စဉ်ကတည်းက အလိုလိုက်ခဲ့ကြသဖြင့် ယခု လီလန် အောင်မြင်လာချိန်တွင် သူကလည်း နှမြောတွန့်တိုနေမည် မဟုတ်ပေ။

ကျေးဇူးရှိလျှင် ကျေးဇူးဆပ်ရမည်သာ ဖြစ်သည်။

မိမိအပေါ် ကောင်းသလို ပြန်လည်ကောင်းမွန်ရမည်ဖြစ်ပြီး စေတနာကို စေတနာဖြင့်သာ တုံ့ပြန်ရမည်ဖြစ်သည်။

အဒေါ်နှင့် မိခင်ဘက်မှ အဒေါ်တို့မှာ ငယ်စဉ်ကတည်းက လီလန်အပေါ် အမြဲတမ်း ကောင်းမွန်ခဲ့ကြသဖြင့် ယခု လီလန် ငွေရှာနိုင်လာသောအခါ တူတစ်ယောက်အနေဖြင့် သူ၏ သိတတ်မှုကို သေချာပေါက် ပြသရမည် ဖြစ်သည်။

အခြားသော ဦးလေးနှစ်ယောက်နှင့်မူကား အဆက်အသွယ် ဖြတ်တောက်ထားပြီးဖြစ်ရာ ထည့်တွေးနေစရာပင် မလိုတော့ပေ။

ကျန်းဝေက ခေါင်းခါရင်း ပြောလိုက်သည်။

"သမင်ပေါင်သားနဲ့တင် လုံလောက်နေပါပြီ ဂျုံဖြူနဲ့ ဆန်တွေ မလိုတော့ပါဘူး အစ်မမှာ လစာနဲ့ အလုပ်ကရတဲ့ လက်မှတ်တွေ ရှိတဲ့အပြင် ရုံးပိတ်ရက်တွေဆိုရင်လည်း စက်ရုံက ထောက်ပံ့ကြေးတွေ ပေးသေးတာမို့ မိသားစုမှာ စားစရာမရှိမှာ ပူစရာမလိုပါဘူး..."

"ပြီးခဲ့တဲ့တစ်ခေါက် ကျူးဟောက် မိဘတွေကို လာတွေ့တုန်းကလည်း ဆန်နဲ့ ဂျုံတွေ အများကြီး ဝယ်လာပေးတာ အခုထိ စားလို့တောင် မကုန်သေးဘူး..."

"လီလန် မင်း မြို့ပေါ်လာဖို့ အချိန်ရရင် မင်းရဲ့ ယောက္ခဖလောင်းကို စားသောက်ဆိုင် လိုက်ကျွေးခိုင်းမယ် စက်ရုံနားမှာ နိုင်ငံပိုင်စားသောက်ဆိုင် တစ်ဆိုင်ရှိတယ် စားဖိုမှူးက စီချွမ်းကလာတာ စီချွမ်ဟင်းလျာတွေကို အရမ်းကောင်းအောင် ချက်နိုင်ပြီး တကယ့်ကို အရသာရှိတယ်..."

ကျန်းဝေသည် သမင်ပေါင်သားကို ကိုက်ဝါးနေရင်းက ပီပီသသ မဟုတ်ဘဲ ပြောလိုက်သည်။

လီလန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ..."

"အချိန်ဆွဲမနေဘဲ မနက်ဖြန်ပဲ သွားရအောင် ကျွန်တော်လည်း မနက်ဖြန် မြို့ပေါ်တက်ပြီး ဆေးမြစ်တွေ သွားပို့စရာ ရှိတယ် မနက်ဖြန်ကျရင် အစ်မရဲ့ ခင်ပွန်းလောင်းကို သွားတွေ့ကြမလား..."

ထမင်းစားပွဲ၌ လီလန်သည် သူ၏ ပန်းကန်နှင့် တူကို ချထားကာ ရုတ်တရက် ပြောလိုက်ခြင်း ဖြစ်သည်။

ကျန်းဝေသည် သမင်ပေါင်ကို ချလိုက်ပြီး အနည်းငယ် ကြောင်အမ်းသွားသည်။

"ဟင် မနက်ဖြန်လား..."

"အစ်မ ဘာဖြစ်လို့လဲ အဆင်မပြေလို့လား..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"မနက်ဖြန်က တနင်္ဂနွေနေ့ မဟုတ်ဘူးလား အလုပ်သမားတွေ နားရက်နဲ့ အံကိုက်ဖြစ်နေတာပဲ..."

ကျန်းဝေက ခဏမျှ စဉ်းစားပြီးနောက် ရှင်းပြလိုက်သည်။

"နားရက်တော့ နားရက်ပါ ဒါပေမဲ့ မင်းရဲ့ ယောက်ဖက အချိန်ရမရတော့ မသိဘူး သူက အလုပ်တော်တော်များတယ် အလုပ်ရုံမှာလည်း လုပ်စရာတွေ အများကြီးရှိတယ်..."

"အစ်မက ကျွန်တော့်ရဲ့ တစ်ယောက်တည်းသော ဝမ်းကွဲအစ်မလေ အစ်မ အိမ်ထောင်ပြုတော့မယ်ဆိုရင် ညီတစ်ယောက်အနေနဲ့ သူက ဘယ်လိုလူမျိုးလဲဆိုတာ ကူပြီး အကဲဖြတ်ပေးသင့်တယ် မဟုတ်ဘူးလား..."

လီလန်က သူ့အဖေ လီတာ့ဟိုင်ကို ကြည့်လိုက်သည်။

"အဖေရော သဘောမတူဘူးလား..."

လီတာ့ဟိုင်မှာ အစပိုင်းတွင် ကြောင်အမ်းသွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားကာ ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်သည်။

"ဟုတ်တယ် လီလန်ပြောတာ အဓိပ္ပာယ်ရှိတယ် သူက အခု ငါတို့ရွာရဲ့ မုဆိုးအဖွဲ့ခေါင်းဆောင် ဖြစ်နေပြီဆိုတော့ လူသိလည်း များတယ် လူကဲခတ်လည်း တော်တယ် ဒါကြောင့် သူ့ကို မင်းအတွက် အကဲဖြတ်ပေးခိုင်းလိုက်လေ အဲဒီအခါကျရင် ဦးလေးတို့ရော မင်းမိဘတွေပါ စိတ်အေးရတာပေါ့..."

မိသားစုအနေဖြင့် မည်သို့ပင်ဖြစ်စေ စိုးရိမ်ပူပန်မှုအချို့တော့ ရှိနေဆဲပင်။ ကျူးဟောက်၏ မိသားစုနောက်ခံမှာ ကောင်းမွန်သော်လည်း လီတာ့ဟိုင်ကမူ ကျန်းဝေတစ်ယောက် လူမှားရွေးမိမည်ကို စိုးရိမ်နေမိသည်။

"ဦးလေး စိတ်မပူပါနဲ့ ကျူးဟောက်က သမီးအပေါ် အရမ်းကောင်းပါတယ်..."

လီလန်သည် သူ၏ဝမ်းကွဲအစ်မ စရိုက်ကို ကောင်းကောင်းသိထားသဖြင့် ကျန်းဝေကို တမင်သက်သက် ရန်စလိုက်ခြင်း ဖြစ်သည်။

"ဒါဆိုလည်း မနက်ဖြန်ပဲ သတ်မှတ်လိုက်ကြတာပေါ့ အစ်မက ကျွန်တော့်ကို သူ့ဆီ ခေါ်သွားပေး အရုပ်ဆိုးတဲ့ ချွေးမတောင် ယောက္ခမတွေနဲ့ တွေ့ရသေးတာပဲ အစ်မက ဘာကို ကြောက်နေရတာလဲ..."

ထင်သည့်အတိုင်းပင် အနည်းငယ် ရန်စလိုက်သည်နှင့် ကျန်းဝေမှာ ထောင်ချောက်ထဲ ကျသွားတော့သည်။

"ဘယ်သူက ကြောက်နေလို့လဲ လိုအပ်မယ် မထင်လို့ပါ ကျူးဟောက်က လူကောင်းတစ်ယောက်ပါ ပြီးတော့ သူက ရိုးသားတယ် ဘာကိစ္စပဲဖြစ်ဖြစ် ငါ့ကို အမြဲဦးစားပေးတယ်..."

"ထားပါတော့ ထားပါတော့ ဒါဆိုလည်း မနက်ဖြန်ပဲ သွားကြတာပေါ့ ငါ သူ့ကို နောက်မှ ပြောလိုက်မယ်..."

"ဒါဆိုလည်း ဆုံးဖြတ်ပြီးပြီနော်..."

မနက်ဖြန် မြို့ပေါ်သို့ သွားမည်ဖြစ်သောကြောင့် လီလန်သည် သူ၏ စက်ဘီးကို ကျန်းဝေအား ငှားမလိုက်တော့ပေ။ ညစာစားပြီးချိန်တွင် စောသေးသဖြင့် လီလန်သည် ကျန်းဝေကို ရွာထဲတွင် လမ်းလျှောက်ရန် ခေါ်သွားလေသည်။

ထိုစဉ် ကျိုးချွန်းယန်နှင့် ဝမ်ယန်တို့သည် ဟင်းသီးဟင်းရွက် ခြင်းတောင်းများကို လက်မောင်းတွင် ချိတ်ဆွဲကာ အနီးနားရှိ တောင်ကုန်းပေါ်မှ ဆင်းလာကြသည်။

ဝမ်ယန်သည် မျက်မှန်တပ်ထားရသော်လည်း သူမ၏ အမြင်အာရုံကမူ စူးရှလှပေသည်။

သူမက မော့ကြည့်လိုက်ရာ ရွာအဝင်လမ်းပေါ်တွင် လမ်းလျှောက်နေသော လူနှစ်ယောက်ကို မြင်လိုက်ရ၏။

ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်ပြီး အရပ်ရှည်ရှည်တစ်ယောက်နှင့် အရပ်ပုပုတစ်ယောက် ဖြစ်သည်။

ထိုမိန်းကလေးရဲဘော်ကို မမှတ်မိသော်လည်း အရပ်ရှည်ရှည်နှင့် ယောကျ်ားလေးရဲဘော်ကိုမူ ဝမ်ယန် အလွန်ရင်းနှီးနေလေသည်။

ဝမ်ယန်သည် အရပ်ရှည်သော ယောကျ်ားလေးရဲဘော်ကို လက်ညှိုးထိုးပြရင်း ကျိုးချွန်းယန်အား ပြောလိုက်သည်။

"ချွန်းယန် မြန်မြန် ကြည့်လိုက်စမ်း ဟိုမှာ အဖွဲ့ခေါင်းဆောင်လီ မဟုတ်လား..."

ကျိုးချွန်းယန်သည် ဝမ်ယန် ညွှန်ပြရာဘက်သို့ အလျင်အမြန် ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရလေသည်။

အမှန်တကယ်ပင် လီလန်ဖြစ်နေ၏။

လီလန်ကို မြင်လိုက်ရသည်နှင့် ကျိုးချွန်းယန်မှာ ဒေါသထွက်လာတော့သည်။

ပြီးခဲ့သည့်အကြိမ်က သူမ အဝတ်အစားများ ချွတ်ပစ်ခဲ့သော်လည်း လီလန်မှာ မည်သို့မျှ တုန်လှုပ်ခြင်း မရှိသည့်အပြင် တုံ့ပြန်မှုပင် မပြဘဲ သူမကို အဝတ်အစားများ ပြန်ဝတ်ရန်ပင် ပြောခဲ့သေးသည်။

မိန်းမလှလေးတစ်ယောက်၏ မြှူဆွယ်မှုကပင် ဤလူ့အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ ကျိုးချွန်းယန်သည် လီလန်တစ်ယောက် ပန်းသေပန်းညှိုးရောဂါ ရှိနေပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ကျောက်ကပ်များ ပျက်စီးနေပြီလားဟုပင် သံသယဝင်မိလေသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် အရပ်ရှည်ပြီး ခြေတံရှည်များရှိကာ ကောက်ကြောင်းများလည်း အချိုးကျလှပေသည်။ သူမ၏ မျက်နှာမှာ လုအန်းနာလောက် မလှသော်လည်း မျက်မှန်တပ်ထားသော ထိုဝမ်ယန်ထက်မူ အများကြီး ပို၍ ကြည့်ကောင်းလေသည်။

သို့သော် လီလန်သည် သူမအား တစ်ချက်လေးပင် လှည့်မကြည့်ခဲ့ဘဲ ခြံထဲမှပင် နှင်ထုတ်ခဲ့သေးသည်။

ဤကိစ္စကြောင့် ကျိုးချွန်းယန်က အလွန် မျက်နှာပျက်ခဲ့ရပြီး သူမ အငြိုးထားခဲ့သည်။

ကျိုးချွန်းယန်သည် လုအန်းနာကို မနာလိုဖြစ်ပြီး သူမ၏ ချစ်သူကို လုယူချင်ခဲ့သော်လည်း အောင်မြင်မှုမရသည့်အပြင် လူပြက်တစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့ရာ သူမအနေဖြင့် ဒေါသထွက်နေသည်မှာ သဘာဝပင်ဖြစ်၏။

"ချွန်းယန် ဒီရဲဘော်မလေးက ဘယ်သူလဲ အဖွဲ့ခေါင်းဆောင်လီနဲ့ ဘာလို့ ဒီလောက်တောင် နီးနီးကပ်ကပ် လျှောက်နေရတာလဲ သူတို့တွေ ရယ်ရယ်မောမောနဲ့ စကားတွေတောင် ပြောနေကြသေးတယ်..."

"အဖွဲ့ခေါင်းဆောင်လီရဲ့ ရည်းစားသစ်များလား..."

"အဲဒီလိုတော့ မဖြစ်သင့်ဘူးလေ အဖွဲ့ခေါင်းဆောင်လီရဲ့ ရည်းစားက အန်းနာ မဟုတ်ဘူးလား..."

ဝမ်ယန်က ရှုပ်ထွေးသွားကာ သူမ၏ ဆံပင်ကို ကုတ်လိုက်လေသည်။

လုအန်းနာနှင့် လီလန်တို့ ချစ်သူတွေဖြစ်နေကြသည်မှာ ပညာတတ်လူငယ်ရုံး တစ်ခုလုံး သိထားကြသည့် ကိစ္စဖြစ်သည်။

လီလန်အတွက် လုအန်းနာသည် ဟင်းချက်ရန် သင်ယူခဲ့ပြီး အဝတ်များ ကူလျှော်ပေးခြင်း၊ မြေရိုင်းရှင်းလင်းပေးခြင်း၊ သီးနှံများ စိုက်ပျိုးပေးခြင်းတို့အပြင် သူ၏ ညီမငယ်နှစ်ယောက်ကိုပါ စာရေးစာဖတ် ကူညီသင်ကြားပေးခဲ့သေးသည်။

အကယ်၍ လီလန်သာ ထိုရဲဘော်မလေးနှင့် တကယ် ချစ်သူဖြစ်သွားပါက သူသည် လှေနံနှစ်ဖက်နင်းပြီး လုအန်းနာကို သစ္စာဖောက်ခြင်းပင် ဖြစ်လိမ့်မည်။

"အန်းနာသာ ဒါကို သိသွားရင် ဘယ်လောက်တောင် ဝမ်းနည်းလိုက်မလဲ သူ ငိုမှာသေချာတယ်..."

"မဖြစ်ဘူး ငါ အဖွဲ့ခေါင်းဆောင်လီကို သွားမေးရမယ်..."

ဝမ်ယန်သည် စကားပြောရင်း လီလန်အား သွားရောက်ရင်ဆိုင်ရန် ပြေးထွက်သွားတော့မည် ပြုလိုက်သည်။

ကျိုးချွန်းယန်က သူမကို ဆွဲထားလိုက်သည်။

"နင်က ဘာဝင်စွက်ဖက်ချင်နေတာလဲ နင်က လုအန်းနာလည်း မဟုတ်ဘဲနဲ့ ငါတို့ ပြန်ကြမယ် ဘာမှမမြင်ခဲ့သလိုပဲ ဟန်ဆောင်နေလိုက်..."

"ဟာ ဒါက ဒါက မကောင်းပါဘူး..."

ဝမ်ယန်က အနည်းငယ် တုံ့ဆိုင်းသွားလေသည်။

"အန်းနာက ငါတို့သူငယ်ချင်းလေ..."

"ပြန်မယ် သူတို့ ချစ်သူတွေဖြစ်နေတာလေ ငါတို့က အပြင်လူတွေပဲ ဘာလို့ ဝင်စွက်ဖက်နေမှာလဲ..."

ကျိုးချွန်းယန်သည် ဝမ်ယန်ကို ဆွဲခေါ်သွားလေတော့သည်။

ပညာတတ်လူငယ်ရုံးသို့ ပြန်ရောက်သောအခါ ကျိုးချွန်းယန်နှင့် ဝမ်ယန်တို့ ခြံဝင်းအတွင်း ဝင်လိုက်သည်နှင့် လုအန်းနာ အပေါက်ဝတွင် ထိုင်ကာ အရည်အသွေးကောင်းမွန်သော မှိုအကြီးများကို ရွေးချယ်ခွဲခြားနေသည်ကို မြင်လိုက်ရသည်။

ကျိုးချွန်းယန်သည် လုအန်းနာကို တစ်ချက်ကြည့်လိုက်ပြီး အသံကိုမြှင့်ကာ တမင်သက်သက် ပြောလိုက်လေသည်။

"ယန်ဇီ ငါတို့ အပြန်လမ်းမှာ အဖွဲ့ခေါင်းဆောင်လီကို မြင်ခဲ့တယ် မဟုတ်လား..."

"အဖွဲ့ခေါင်းဆောင်လီ" ဟူသော စကားကို ကြားလိုက်ရသည်နှင့် မှိုရွေးနေသော လုအန်းနာမှာ ချက်ချင်းပင် နားစွင့်လိုက်လေသည်။

ဝမ်ယန်မှာ ကျိုးချွန်းယန် မည်သို့ဟန်ဆောင်နေသည်ကို နားမလည်နိုင်ဘဲ အနည်းငယ် ရှုပ်ထွေးသွားလေသည်။

"ဟင်..."

ကျိုးချွန်းယန်က ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ မဟုတ်ဘူးလား ငါ မှတ်မိပါတယ်..."

"ငါက အဖွဲ့ခေါင်းဆောင်လီကို နှုတ်ဆက်မလို့ပဲ ဒါပေမဲ့ သူ့ဘေးမှာ ရဲဘော်မလေးတစ်ယောက် ရှိနေတာ မြင်လိုက်လို့..."

ကျိုးချွန်းယန်သည် စကားပြောနေရင်း မျက်လုံးထောင့်မှနေ၍ လုအန်းနာ၏ တုံ့ပြန်မှုကို အကဲခတ်နေသည်။

"အဲဒီရဲဘော်မလေးက အရမ်းလှတာပဲ အသားက ဖြူဖြူလေးနဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း လှတယ် သူက သိပ်နူးညံ့တဲ့ပုံပဲ အဖွဲ့ခေါင်းဆောင်လီနဲ့လည်း ရယ်ရယ်မောမော စကားတွေ ပြောနေကြသေးတာ..."

ထင်သည့်အတိုင်းပင် ထိုစကားနှစ်ခွန်းကို ကြားပြီးနောက် လုအန်းနာ၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

လုအန်းနာသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ရာ သူမပေါင်ပေါ်ရှိ မှိုများမှာ ကြမ်းပြင်တစ်ခုလုံး ပြန့်ကျဲသွားလေတော့သည်။

"ယန်ဇီ အဲဒါ တကယ်ပဲလား..."

ဝမ်ယန်က ခေါင်းညိတ်ပြလိုက်သည်။

"အင်း အင်း..."

လုအန်းနာသည် အလွန်ဝမ်းနည်းနေပုံပေါက်ကာ တံခါးပေါက်မှနေ၍ အပြင်သို့ ပြေးထွက်သွားတော့သည်။

"အိုး ချွန်းယန် နင် ဘာတွေပြောနေတာလဲ..."

"ငါတို့ အန်းနာကို မပြောဘူးလို့ သဘောတူထားတာ မဟုတ်ဘူးလား..."

"ဘာလို့ ထပ်ပြောလိုက်ရတာလဲ..."

ဝမ်ယန်သည် အလွန်ဒေါသထွက်နေပြီး နားမလည်နိုင်သော အမူအရာ ဖြစ်နေလေသည်။

အခန်း (၄၃၀) သဝန်တိုဘုရင်၊ ဆရာမလု သဝန်တိုပြန်ပြီ

လုအန်းနာ ပြေးထွက်သွားသည်ကို ကြည့်ရင်း ကျိုးချွန်းယန်သည် အလွန်ပင် ကျေနပ်သွားသည်။

"ဟွန့်..."

"ငါ့ဆီကနေ ယောက်ျားလုချင်တာလား... ငါမရနိုင်တဲ့ ယောက်ျားကို နင်လည်း ရမှာမဟုတ်ဘူး..."

"ဝမ်ယန် သွားကြစို့ ငါတို့ ဇာတ်လမ်းကောင်းသွားကြည့်ရအောင်..."

ကျိုးချွန်းယန်သည် ဝမ်ယန်၏လက်ကိုဆွဲ၍ စိတ်လှုပ်ရှားဖွယ်ရာများကို သွားကြည့်ရန် ပြင်လိုက်သည်။

မမျှော်လင့်ဘဲ ဝမ်ယန်သည် သူမ၏လက်ကို ရုန်းထွက်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

"နင့်ဘာသာနင် သွား… ငါ မသွားချင်ဘူး..."

ထိုစကားများကို ချန်ရစ်ခဲ့ပြီးနောက် ဝမ်ယန်သည် နောက်သို့ လှည့်မကြည့်တော့ဘဲ တံခါးဝမှ ထွက်ခွာသွားလေသည်။

"နင်မသွားချင်ရင်လည်း နေပေါ့... ဘာများ အရေးကြီးလို့လဲ... ဘာလို့ မျက်နှာကြီး ရှုံ့မဲ့နေရတာလဲ..."

ကျိုးချွန်းယန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ပွဲလန့်တက်ကြည့်ရန် တံခါးဝမှ ထွက်သွားတော့သည်။

နံရံနားတွင် စာဖတ်နေသော စာအုပ်ပိုးကောင် ကျန်းချောင်ရင် အရာအားလုံးကို မြင်သွားသည်ကိုမူ ကျိုးချွန်းယန် သတိမထားမိခဲ့ပေ။

ကျန်းချောင်ရင်က ခေါင်းယမ်းလိုက်သည်။

"မိန်းမတွေ…အိုး မိန်းမတွေ… မြွေတွေ ကင်းမြီးကောက်တွေလို အဆိပ်ပြင်းတဲ့ နှလုံးသားရှိကြတာပဲ... စာအုပ်တွေထဲမှာ ရေးထားတာ မမှားဘူးထင်တယ်..."

"နောက်ဆိုရင် သူတို့ကို ရှောင်တာ ပိုကောင်းမယ်... အဲ့ရဲဘော်တွေကို သွားမစ‌ကြနဲ့..."

"အစ်မ…ကျွန်တော် မေ့တော့မလို့ သန်ဘက်ခါ ကျွန်တော် အမဲလိုက်ထွက်ရမယ်... မနက်ဖြန် စောစောလေး ယောက်ဖဆီကို ခေါ်သွားပေးရင် ပိုကောင်းမယ်..."

လီလန်သည် မနက်ဖြန် ကျားခေါင်းတောင်သို့ နွေဦးရာသီ အမဲလိုက်ပွဲအတွက် သွားရမည်ဟု အမြဲတမ်း ထင်မှတ်ထားခဲ့သော်လည်း လမ်းတွင် ကျိုးလျဲ့ရှန်း၏ မုဆိုးအဖွဲ့ဝင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရာ ထိုသူက နွေဦးရာသီ အမဲလိုက်ပွဲမှာ မနက်ဖြန်မဟုတ်ဘဲ သန်ဘက်ခါဖြစ်ကြောင်း ပြောပြခဲ့လေသည်။

လီလန်သည် မကြာသေးမီက အလွန်အလုပ်များနေခဲ့သဖြင့် ရက်စွဲများကို ရောထွေးသွားခဲ့ခြင်း ဖြစ်သည်။

"ကောင်းပြီလေ မင်း သူ့ကို လာတွေ့မယ်ဆိုတာ သိရင် မင်းရဲ့ယောက်ဖ အရမ်းဝမ်းသာနေမှာ..."

ကျန်းဝေက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လီလန်က အခွင့်ကောင်းယူ၍ သွယ်ဝိုက်သောနည်းဖြင့် မေးလိုက်သည်။

"ယောက်ဖက ပုံမှန်အားဖြင့် ဘာတွေလုပ်ရတာ ကြိုက်တတ်လဲ... ဘောလုံးကန်တာတို့ သိုင်းကျင့်တာတို့ အဲဒီလိုမျိုးပေါ့..."

"မဟုတ်ဘူး ကျူးဟောက်က အဲဒါတွေကို မကြိုက်ဘူး... သူက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျတယ်... ပုံမှန်အားဖြင့် သူက စာဖတ်တတ်တယ်... အော် ဟုတ်သားပဲ သူက ဝတ္ထုတွေ ဖတ်ရတာ ကြိုက်တယ်..."

ကျန်းဝေက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"အော်… သူက စာဖတ်ရတာ ကြိုက်တယ်ပေါ့လေ..."

လီလန်က စိတ်ထဲမှ လှောင်ပြောင်လိုက်လေသည်။

ထိုယောက်ဖဆိုသူမှာ မိမိကိုယ်ကို မည်သို့ ဟန်ဆောင်ရမည်ကို သေချာပေါက် သိနေပေသည်။ အကြမ်းဖက်တတ်သည့် အရူးတစ်ယောက်ဖြစ်ပြီး သူ၏ ပုံမှန်ဝါသနာတစ်ခုက စာဖတ်ခြင်းတဲ့လား။

ဝတ္ထုတွေဖတ်တယ်ဆိုသည်မှာ တကယ်ပင် ဖြစ်နိုင်ပါ့မလား။

လီလန်သည် ၎င်းမှာ အလွန်တုပလွန်းသည်ဟု အမြဲတမ်း ခံစားနေရသည်။

သို့သော်လည်း သေချာစွာ စဉ်းစားကြည့်မည်ဆိုပါက အကယ်၍ ၎င်းသာ အမှန်ဖြစ်ခဲ့လျှင် ခြားနားချက်မှာ အလွန်ကြီးမားလွန်းနေပေလိမ့်မည်။

အိမ်ထောင်မကျမီနှင့် အိမ်ထောင်ကျပြီးနောက် မျက်နှာနှစ်မျိုးရှိသော လူတစ်ယောက်ပင် ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူနှင့် အရင်းနှီးဆုံး အဖော်ဖြစ်သော ဝမ်းကွဲအစ်မ ကျန်းဝေသည် ၎င်းကို တစ်ခါမျှပင် သတိမထားမိခဲ့ခြင်းပင် ဖြစ်သည်။

ဤသရုပ်ဆောင်မှုက အလွန်ကောင်းမွန်လွန်းလှသည်။ သူသည် ဝါရင့်သရုပ်ဆောင်များနှင့်ပင် သွားရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။

"စာဖတ်တာကလွဲရင် ယောက်ဖက တခြားဘာတွေလုပ်ရတာ ကြိုက်သေးလဲ..."

လီလန်က ထပ်မေးလိုက်ပြန်သည်။

လီလန်၏ ဇွတ်တရွတ် မေးခွန်းထုတ်နေမှုများကို မြင်လိုက်ရသောအခါ ကျန်းဝေက တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

"လီလန် ငါ့ကို ရိုးရိုးသားသားပြောစမ်း နင်တကယ် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."

မိန်းမတစ်ယောက်၏ စိတ်မှာ တကယ်ကိုပင် သိမ်မွေ့လှပေသည်။

လီလန်သည် သူမအား စမ်းသပ်မေးမြန်းနေကြောင်း ကျန်းဝေ ကြားသိခဲ့ပြီးဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး ကျွန်တော်က သာမန်ကာလျှံကာ မေးကြည့်တာပါ ယောက်ဖအကြောင်းကို နည်းနည်းပါးပါး သိထားတော့ ကျွန်တော်တို့ တွေ့တဲ့အခါ သူနဲ့စကားပြောဖို့ အကြောင်းအရာတွေ ရှိနေမှာပေါ့..."

လီလန်က ပေါ့ပေါ့ပါးပါးပင် အခြေအနေကို ဖုံးကွယ်ပြောဆိုလိုက်သည်။

"အဲဒီအတွက် စိတ်မပူပါနဲ့ နင့်ယောက်ဖက အလုပ်သမားတစ်ယောက်ဆိုပေမယ့် အရမ်းစကားပြောကောင်းတယ်... သူက ပညာတတ်တယ် အထက်တန်းကျောင်းဆင်းလေ..."

ကျန်းဝေက ခေါင်းယမ်းလိုက်သည်။

အထက်တန်းပညာအရည်အချင်းဆိုသည်မှာ ဤခေတ်ဤအခါတွင် အလွန်ပင် အထင်ကြီးလေးစားဖွယ်ကောင်းလှပြီး အဆင့်မြင့်ပညာတတ်အဖြစ် သတ်မှတ်ခံရသည်။

ဤပညာအရည်အချင်းဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုနိုင်သလို အလုပ်သမားတစ်ယောက်အဖြစ် တိုက်ရိုက်အလုပ်ဝင်နိုင်ပေသည်။

ပညာတတ်လူငယ်တစ်ဦးလည်း ဖြစ်လာနိုင်သော်လည်း ပညာတတ်လူငယ်အများစုမှာ မြို့ကြီးများ၊ အထူးသဖြင့် မြို့တော်ကြီးများမှ လာကြခြင်း ဖြစ်သည်။

ကျန်းချောင်ရင်နှင့် လုအန်းနာကဲ့သို့သော လူများမှာ မြို့မှလာသော ပညာတတ်လူငယ်များ ဖြစ်ကြသည်။

"ဟေး… အဲဒီမိန်းမက ဘယ်သူလဲ..."

ထိုစဉ် ကျန်းဝေသည် မော့ကြည့်လိုက်ရာ အလွန်လှပသော မိန်းမတစ်ဦး သူတို့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည်။

အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ဖရဲစေ့ပုံစံမျက်နှာနှင့် မျက်လုံးဝိုင်းကြီးများရှိကာ အဝတ်အစား ဝတ်ဆင်မှုပုံစံ အလွန်ကောင်းမွန်သော အလွန်လှပသည့် မိန်းမတစ်ဦး ဖြစ်သည်။

"သူမပုံစံက နင်တို့ရွာကလူနဲ့ လုံးဝမတူဘူး... သူမက မြို့ကလား..."

"သူမမှာ ပညာတတ်အငွေ့အသက်တွေ အတော်လေးရှိနေတယ် ပညာတတ်လူငယ်လေးလား..."

ကျန်းဝေက လီလန်ကို အမြန်ကြည့်လိုက်သည်။

လီလန်သည် ခေါင်းညိတ်၍ သူမကို မိတ်ဆက်ပေးရန် ပြင်လိုက်စဉ်

"သူမက ပညာတတ်လူငယ်ရုံးကလု..."

သူ၏ "အန်းနာ" ဟူသော စကားလုံးနှစ်လုံး အဆုံးမသတ်ရသေးခင်မှာပင် ပညာတတ်လူငယ်မလေး လုအန်းနာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူမ၏ မျက်လုံးများမှာ ငိုထားသကဲ့သို့ နီရဲနေပြီး သူမ၏ မျက်နှာအမူအရာမှာ အလွန်နာကြည်းနေပုံရသည်။

"ဆရာမလု ဘာဖြစ်လို့လဲ... ဘယ်သူက မင်းကို အနိုင်ကျင့်လိုက်လို့လဲ..."

လီလန်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ကျန်းဝေသည်လည်း ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး ပညာတတ်လူငယ်မလေးကို ကြည့်လိုက်သည်။

မိန်းမအချင်းချင်းသာ မိန်းမများကို အကောင်းဆုံး နားလည်ကြသည်။ ပညာတတ်လူငယ်မလေး၏ မျက်နှာအမူအရာအရ သူမနှင့် လီလန်၏ ဆက်ဆံရေးမှာ သေချာပေါက် ရိုးရှင်းလှမည် မဟုတ်ပေ။

"သူက ဦးလေးပြောတဲ့ ပညာတတ်လူငယ်ရုံးက ပညာတတ်လူငယ်မလေးလား... လီလန်ရဲ့ ချစ်သူလား..."

လုအန်းနာသည် လီလန်ကို နာကြည်းနေသော အမူအရာဖြင့် စိုက်ကြည့်နေကာ သူမ၏အသံမှာ ငိုသံပါနေပြီး ကျန်းဝေကို လက်ညှိုးထိုးပြလိုက်သည်။

"သူမက ဘယ်သူလဲ..."

"သူမက တကယ် ဘယ်သူလဲလို့..."

လီလန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

ကျန်းဝေမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။

“အိုး..ဘုရားရေ… ဘယ်သူကများ သဝန်တိုတဲ့ ရှလကာကြီးကို မှောက်ချလိုက်တာလဲ သဝန်တိုတဲ့ အနံ့အသက်တွေက အတော်လေး ပြင်းထန်လှပါလား”

ကျန်းဝေသည် လီလန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းစွန်းတွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာလေသည်။

သူမက ရည်ရွယ်ချက်ရှိရှိပင် အသံကို စူးစူးနှင့် ချိုသာစွာ ပြောလိုက်သည်။

"အို... ငါ့ရဲ့ ညီမလေးရေ... ငါက ဘယ်သူဖြစ်ရမှာလဲ..."

"ဝမ်းကွဲအစ်မ..."

ကျန်းဝေသည် ပထမဆုံးအချစ်တွင် နစ်မွန်းနေသော ဤကောင်မလေးကို နောက်ပြောင်ရန် ပြင်လိုက်သော်လည်း မမျှော်လင့်ဘဲ လီလန်က သူမကို ရုတ်တရက် မျက်စောင်းထိုးကြည့်လိုက်လေသည်။

"အကောင်စုတ်လေး... နင့်ကောင်မလေးအတွက်နဲ့ နင့်ရဲ့ ကိုယ်ပိုင်ဝမ်းကွဲအစ်မကိုတောင် အော်ရဲတယ်ပေါ့လေ..."

ကျန်းဝေ၏ မျက်ခုံးများက မြင့်တက်သွားတော့သည်။

"ဝမ်းကွဲအစ်မ လျှောက်မနောက်ပါနဲ့တော့... ဆရာမလု ငိုတော့မယ်..."

လီလန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

လုအန်းနာခမျာ ကြောင်တောင်တောင်ဖြင့် နားထောင်နေရင်း လုံးဝ အံ့အားသင့်သွားတော့သည်။

“ဘာ…”

“ဒီရဲဘော်က အစ်ကိုလီရဲ့ ဝမ်းကွဲအစ်မလား…”

ဤသည်က…

သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားကာ နားရွက်ဖျားများအထိပင် ရဲတက်လာပြီး ခေါင်းငုံ့၍ အလွန်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"အစ်ကိုလီ..ကျွန်မ... ကျွန်မ..."

လုအန်းနာသည် ယခုချက်ချင်းပင် ဝင်ပုန်းရန် မြေကျင်းတစ်ကျင်းလောက် ရှာတွေ့ချင်စိတ် ပေါက်သွားသည်။ အလွန်ကြီးမားသော နားလည်မှုလွဲမှားခြင်းကြီးဖြစ်ပြီး အလွန် ရှက်စရာကောင်းလှပေသည်။

"အစ်ကိုလီ ကျွန်မ မထင်ထားမိဘူး... ကျွန်မ မထင်ထားမိတာက သူမက... သူမက..."

လုအန်းနာသည် ရှင်းပြရန် ကြိုးစားသော်လည်း သူမ၏ စကားများမှာ ထစ်ငေါ့နေပြီး စာကြောင်းအပြည့်အစုံ မပြောနိုင်တော့ပေ။

၎င်းကို မြင်လိုက်ရသောအခါ ကျန်းဝေက နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်လေသည်။

ဤကောင်မလေးသည် လီလန်ကို ချစ်မိသွားခဲ့ပြီ ဖြစ်သည်။

ကျန်းဝေသည် လီလန်ကို အမြန်အကဲခတ်ကြည့်လိုက်ပြီး 'ကံကောင်းတဲ့ကောင်လေး၊ မင်း ဒီလောက်လှပတဲ့ ဇနီးလေးတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ...' ဟု ပြောလိုက်သကဲ့သို့ ရှိနေသည်။

လီလန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ ဤအရာက ဘာကိုဆိုလိုသနည်း။ ဘာတစ်ခုမှပင် သေချာရေရာခြင်း မရှိသေးပေ။

"ဆရာမလု သူက ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်မ ကျန်းဝေပါ..."

လီလန်က မိတ်ဆက်ပေးလိုက်သည်။

"ဝမ်းကွဲအစ်မ မင်္ဂလာပါ..."

လုအန်းနာသည် ချက်ချင်းပင် ကျန်းဝေကို ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။

သူမ၏ လှုပ်ရှားမှုများမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ အလွန်တောင့်တင်းနေပြီး အလွန်အဆင်မပြေဖြစ်နေပုံရသည်။

"ဆရာမလု နင် ကြောက်နေစရာ မလိုပါဘူး... နင့်ရဲ့ယောက်ျားကို ကျွန်မ မလုပါဘူး... ကျွန်မမှာ ချစ်သူရှိတယ်၊ တကယ်တော့ မကြာခင် ကျွန်မ အိမ်ထောင်ပြုတော့မှာပါ..."

"ကျွန်မရဲ့ ဝမ်းကွဲမောင်လေးကလေ သူက ငယ်ငယ်ကတည်းက ဆိုးသွမ်းတတ်ပြီး အခုအရွယ်ရောက်လာတာတောင် ကောင်းမွန်တဲ့ အမူအကျင့် မရှိသေးဘူး..."

"နောင်ကျရင် နင် သူ့အတွက် အများကြီး ဒုက္ခခံရလိမ့်မယ်..."

All Chapters