← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အပိုင်း (၄၁)

​ရေချိုးခန်းထဲတွင် ရေနွေးငွေ့များဖြင့် ဝေမှိုင်းနေခဲ့သည်။

​ စုချင်းရွှယ်သည် သမီးဖြစ်သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးကို ဂရုတစိုက် ပွေ့ချီကာ ရေချိုးကန်ထဲသို့ အသာအယာ ချပေးလိုက်သည်။

​ "နျန်နျန်လေး... ရေချိုးရအောင်နော်..."

​ သူမ၏ နူးညံ့လှသော အသံလေးမှာ ရင်ထဲအထိ အေးမြသွားစေနိုင်ပြီး စုချင်းရွှယ်က သမီးဖြစ်သူ၏ နူးညံ့ချောမွေ့သော အသားအရေလေးကို ရေစိုဝတ်ကလေးဖြင့် အသာအယာ ပွတ်သပ်ပေးနေခဲ့သည်။

​ သူမ၏ မျက်နှာထက်တွင် မိခင်တစ်ယောက်၏ မေတ္တာရိပ်များ လွှမ်းမိုးနေခဲ့သဖြင့် ပို၍ပင် ဝင်းပတောက်ပနေခဲ့သည်။

​ "မမ... ရေက အရမ်းပူနေမလား။ ကျွန်မ စမ်းကြည့်ပေးရမလား"

​ စုယွီမော့က ဝင်ကူညီရန် ကြိုးစားလိုက်စဉ်မှာတင် စုချင်းရွှယ်က လက်ညှိုးပင် အထိမခံဘဲ မျက်စောင်းတစ်ချက်ဖြင့် တားမြစ်လိုက်သည်။

​ "လာရှုပ်မနေနဲ့... ဟိုဘက်က ဘဲဝါလေးပုံစံ ရေချိုးဆပ်ပြာရည် သွားယူပေးချေ"

​ "ဟုတ်..."

​ စုယွီမော့က ဆပ်ပြာရည်ပုလင်းကို သွားယူပေးလိုက်သည်။

​ လျူနျန်လေးကတော့ ရေနွေးနွေးလေးထဲတွင် သူမ၏ ခြေထောက်သေးသေးလေးများကို သဘောကျတကြီး ကန်ကျောက်နေခဲ့သဖြင့် ရေများ နေရာအနှံ့ စင်ကုန်တော့သည်။ သူမက ရေချိုးရသည်ကို တကယ့်ကို သဘောကျပုံရပြီး ချစ်စရာကောင်းလောက်အောင် တတွတ်တွတ် အော်မြည်နေခဲ့သည်။

​ ကွက်တိဆိုသလိုပင်... လျူနျန်လေးမှာ ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားခဲ့သည်။

​ သူမ၏ စူးစမ်းလိုစိတ်အပြည့်ရှိသော မျက်ဝန်းလေးက ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ... ကောင်းကင်မျက်စိ [လောကမျက်စိ] ၏ အရောင်အသွေးစုံလင်လှသော မျက်ဝန်းနက်ထဲတွင် ဝတ်စုံဖြူဝတ်ဆင်ထားသည့် အလွန်လှပသော အမျိုးသမီးတစ်ဦး၏ အရိပ်အယောင်က ဖျတ်ခနဲ ထင်ဟပ်သွားခဲ့သည်။

​ "ဟင်..."

​ တစ်ချိန်တည်းမှာပင် စုချင်းရွှယ်သည်လည်း ထိုရင်းနှီးနေသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး သတိကြီးစွာ ထားလိုက်မိသည်။

​ "ဆရာ ရောက်လာပြီ..."

​ "ဘာ..." ထိုစကားကို ကြားလိုက်ရသဖြင့် စုယွီမော့၏ လက်များ တုန်ရီသွားခဲ့ပြီး ရေချိုးဆပ်ပြာရည်ဘူးတစ်ခုလုံးကို ရေချိုးကန်ထဲသို့ ညှစ်ချမိလုနီးပါး ဖြစ်သွားခဲ့သည် - "အဲဒီ မိန်းမအိုကြီး ယွန်းမြောင် ရောက်လာတာလား"

​ စုချင်းရွှယ်က ချက်ချင်းပင် ညီမဖြစ်သူကို အမိန့်ပေးလိုက်သည် - "နျန်နျန်ကို သေချာကြည့်ထား"

​ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူမက ရေချိုးခန်းထဲမှ ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။

​ သူမ၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ခင်ပွန်းဖြစ်သူကို ချက်ချင်း သွားရောက်သတိပေးရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။

​ သို့သော်လည်း...

​ သူမ၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးကွေးသွားခဲ့ပြီး မျက်စိရှေ့မှ ကမ္ဘာကြီးတစ်ခုလုံးသည် နှေးကွေးလွန်းလှသော ဗီဒီယိုတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရသည်။

​ "မကောင်းတော့ဘူး... အချိန်တွေ ရပ်တန့်သွားပြီ"

​ သူမ၏ ခြေဖဝါးတစ်ဖက် ရေချိုးခန်းတံခါးအပြင်ဘက်သို့ လှမ်းထွက်လိုက်သည့် အချိန်မှာတင် ရှေ့သို့ တစ်လက်မမျှပင် ဆက်မတိုးနိုင်တော့ချေ။

​ သူမသည် ဧည့်ခန်းထဲက လျူယွမ်ကို လှမ်းအော်ရန် ပါးစပ်ကို အစွမ်းကုန် ဟလိုက်သော်လည်း ဘာအသံမှ ထွက်မလာခဲ့ချေ။

​ သူမသည် အချိန်ကာလထဲတွင် အေးခဲသွားခဲ့သည့် အနုပညာမြောက် ရုပ်တုတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။

​ သူမ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများနှင့် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ပြီး ဗလာကျင်းနေသော ခြေဖဝါးတစ်ဖက်မှာ လေထုထဲတွင် အနည်းငယ် ကြွနေခဲ့ကာ သူမ၏ လှပသော ခြေခုံးကွေးလေးကို ပေါ်လွင်စေခဲ့သည်။

​ နောက်ကွယ်တွင်မူ...

​ စုယွီမော့သည် တူမလေး၏ လက်မောင်းကို ကိုင်ထားဆဲဖြစ်ပြီး ရေကန်ထဲမှ စင်တက်လာခဲ့သော ရေစက်တစ်စက်မှာ သူမ၏ အံ့ဩမှင်တက်နေသော ပါးပြင်ပေါ်သို့ စီးကျလာခဲ့ကာ လမ်းတစ်ဝက်တွင်တင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

​ ဧည့်ခန်းထဲတွင်မူ...

​ ဟောင်းနွမ်းနေသော နံရံကပ်နာရီ၏ စက္ကန့်တံမှာ 'ချက်ခနဲ' မြည်ပြီး ရပ်တန့်သွားသည့် အချိန်မှာတင် လုံးဝ ငြိမ်သက်သွားခဲ့တော့သည်။

​ အချိန်ကာလကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့လေပြီဖြစ်သည်။

​ ဟွာရှစတိုင်ဖြင့် ဆောက်လုပ်ထားသော ရှေးဟောင်း ခြံဝင်းကြီးထဲတွင်...

​ လောကတ်ပင်အိုကြီးဆီမှ မကြာသေးခင်မှ ကြွေကျလာခဲ့သော သစ်ရွက်အချို့မှာ လေထုထဲတွင် ပျံလွင့်နေရင်းတန်းလန်း ရပ်တန့်သွားခဲ့သည်။

​ အဘိုးချင်သည် တံမြက်စည်းကို ကိုင်ထားရင်း သစ်ရွက်ခြောက်များကို လှည်းကျင်းနေသည့် ပုံစံဖြင့် ကုန်းကုန်းကြီး ဖြစ်နေခဲ့သည်။

​ အဘိုးဝမ်မူ သူ၏ ပစ္စတိုသေနတ်မောင်းကို နောက်သို့ ဆွဲလိုက်သည့် ပုံစံဖြင့် ငြိမ်သက်နေခဲ့သည်။

​ အဘိုးချန်သည် ပန်းအိုးရှေ့တွင် ဆောင့်ကြောင့်ထိုင်နေခဲ့ပြီး လက်ထဲက ကတ်ကြေးမှာ ပိုနေသော သစ်ကိုင်းတစ်ကိုင်းကို ညှပ်ရန် အနေအထားတွင် ရှိနေခဲ့သည်။

​ အဘိုးလီကမူ ရေနွေးဓာတ်ဘူးကို ကိုင်ထားရင်း ခေါင်းကို အနည်းငယ် စောင်းကာ ရေသောက်ရန် ပါးစပ်ဟထားခဲ့သော်လည်း ရေနွေးများက ဖန်ခွက်နှုတ်ခမ်းဝမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လေထဲတွင် ခဲသွားခဲ့ရသည်။

​ ချန်းမိုက စုတ်တံကို ကိုင်ထားပြီး စုတ်တံထိပ်ဖျားမှ မှင်စက်မှာ ကျလုနီးပါး ဖြစ်နေခဲ့သည်။

​ အဘွားစွန်းကမူ အချင်းတုံးကို စိုက်ကြည့်နေရင်း မျက်လုံးများ တောင့်တင်းနေခဲ့သည်။

​ အဘိုးကျိုး၏ လက်ဖဝါးထဲတွင်မူ လက်နက်သွန်းလုပ်ရန် ပြင်ဆင်နေခဲ့သည့် ဆန်းပြားသော မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေခဲ့သော်လည်း ထိုမီးတောက်များမှာလည်း လှုပ်ခတ်ခြင်း မရှိတော့ချေ။

​ အဘိုးကျန်းကမူ ဖုန်းဖြင့် ဝတ္ထုဖတ်ရင်း စိတ်ဝင်တစား ရှိနေခဲ့သည်။ စိတ်လှုပ်ရှားစရာ အခန်းသို့ ရောက်သောအခါ ထွက်လာလုနီးပါး ဖြစ်နေခဲ့သော ရယ်သံမှာ လည်ချောင်းဝတွင်တင် အေးခဲသွားခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ ပုံပျက်ပန်းပျက်ဖြင့် ကြောက်စရာကြီး ဖြစ်နေခဲ့တော့သည်။

​

​ လင်အန်းမြို့၏ လမ်းဟောင်းကြီးပေါ်တွင်မူ...

​ မြို့ကို ဖြတ်သန်းသွားခဲ့သည့် ဧရာမ အက်ကွဲကြောင်းကြီးကို ဝိုင်းအုံကြည့်ရှုနေကြသော မရေမတွက်နိုင်သည့် မြို့ခံလူထုကြီးမှာ မျက်နှာများတွင် ကြောက်ရွံ့မှုများနှင့် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့ကြပြီး တီးတိုး ပြောဆိုနေကြသည်။

​ "ဘုရားရေ... ဒီအက်ကွဲကြောင်းကြီးက တကယ့်ကို မယုံနိုင်စရာပဲ။ ငလျင်လှုပ်လိုက်တာလား"

​ "ဘာငလျင်လဲဟ။ အက်ကွဲကြောင်းကြီးက ဓားနဲ့လှီးထားသလို ညီညာနေတာ မမြင်ဘူးလား။ အတွင်းသိတွေ ပြောတာတော့ မနေ့ညက ငါတို့ လင်အန်းမြို့ရဲ့ ကောင်းကင်ယံထက်မှာ တိုက်ပွဲကြီး ဖြစ်ပွားခဲ့တာတဲ့ကွ"

​ " နတ်ဘုရားအိုကြီးအပြင် တခြား နတ်ဘုရားတွေလည်း ရှိနေသေးတာလား။ ဒါဆိုရင်တော့ ငါ နောက်ထပ် တစ်ညလောက် အသက်ရှင်ခွင့်ရတာကိုပဲ ကျေးဇူးတင်ရတော့မယ်"

​ လူငယ်တစ်ယောက်ကမူ ဤကမ္ဘာပျက်ကပ် မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး သူ၏ WeChat ပေါ်သို့ တင်ရန် ဖုန်းကို မြှောက်လိုက်ရုံ ရှိသေးသည်။

​ နောက်တစ်စက္ကန့်တွင်မူ သူ၏ လက်ညှိုးမှာ ဓာတ်ပုံရိုက်သည့် ခလုတ်ပေါ်တွင်တင် ရပ်တန့်သွားခဲ့သည်။

​ ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ထိုအခိုက်အတန့်တွင်တင် အေးခဲသွားခဲ့ကြရလေသည်။

​ ရယ်မောသံ၊ ငိုယိုသံ၊ အော်ဟစ်သံ...

​ ကြောက်ရွံ့မှု၊ စူးစမ်းမှု၊ သံသယ...

​ လူအားလုံးနှင့် အရာဝတ္ထုအားလုံးသည် ထာဝရအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

​ အစိုးရရုံးခန်း၊ အစည်းအဝေးခန်းမ...

​ လူဝင်မှုကြီးကြပ်ရေးဗျူရိုညွှန်ကြားရေးမှူး မုပိုင်နှင့် အဆင့်မြင့် ဗျူရိုညွှန်ကြားရေးမှူးအချို့သည် အစည်းအဝေး ပြုလုပ်နေကြဆဲ ဖြစ်ပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများ ရှိနေဆဲပင် ဖြစ်သည်။

​ "ဒါက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ နတ်ဘုရားတစ်ပါးကို... အဲဒီလိုမျိုး အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်လိုက်တာကတော့"

​ "ဒီလောကရဲ့ စနစ်ကြီးကတော့ မကြာခင်မှာ အကြီးအကျယ် ပြောင်းလဲတော့မှာပဲ။ ငါတို့ အဲဒီ အမျိုးသမီး နတ်ဘုရားကို အမြန်ဆုံး ရှာဖွေပြီး နတ်ဘုရားအိုကြီးရဲ့ ရာထူးကို ဆက်ခံဖို့နဲ့ ဒီလောကကြီးကို အုပ်ချုပ်ပေးဖို့ တောင်းဆိုရမယ်"

​ "မင်းက သူ့ကို သွားဖိတ်မလို့လား။ ငါကတော့ မရဲဘူးနော်။ သူမ ဘယ်လောက်အထိ ရက်စက်လဲဆိုတာ မင်းမမြင်ဘူးလား"

​ "ငါလည်း မသွားရဲဘူး..."

​ နောက်ဆုံးတွင်မူ အားလုံး၏ အကြည့်များက မုပိုင်ထံသို့ ရောက်ရှိသွားခဲ့ကြသည် - "ညွှန်ကြားရေးမှူး မုပိုင်... ကြားရသလောက်ဆိုရင် အဲဒီနတ်ဘုရားမက ခင်ဗျားရဲ့ ဌာနခွဲမှူးတစ်ယောက်ရဲ့ မိန်းမဆို"

​ မုပိုင်က လက်ထဲက ဖန်ခွက်ကို မကာ ခါးသက်သက် ပြုံးလိုက်ပြီး ရေနွေးတစ်ငုံပင် မသောက်ရသေးခင်မှာတင် အေးခဲသွားခဲ့ရသည်။

​ ဖန်ခွက်နှုတ်ခမ်းဝမှ ထွက်ပေါ်နေသော ရေနွေးငွေ့များမှာ လေထုထဲတွင် ခဲနေခဲ့ကာ အဖြူရောင် မြူခိုးများအဖြစ် တည်ရှိနေခဲ့သည်။

​ သူ့ဘေးတွင်မူ ဘဏ္ဍာရေးဗျူရိုညွှန်ကြားရေးမှူးက စိတ်လှုပ်ရှားစွာဖြင့် စားပွဲကို လက်သီးဖြင့် ထုလိုက်သည့် ပုံစံအတိုင်း လက်ဖဝါးမှာ စားပွဲထက်တွင် လွင့်နေခဲ့သည်။

​ သူ့မျက်နှာချင်းဆိုင်တွင်မူ အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဗျူရိုညွှန်ကြားရေးမှူးက မြေပုံကို လက်ညှိုးထိုးပြနေရင်း ပါးစပ်ကြီး အဟောင်းသားဖြင့် သူ၏ ဝါကျင့်ကျင့် သွားကြီးများကို ပေါ်လွင်စေခဲ့သည်။

​ "အတွေးတစ်ခုက ကမ္ဘာတည်သရွေ့..."

​ အေးစက်ပြီး ကရုဏာကင်းမဲ့လှသော နတ်ဘုရားမတစ်ပါး၏ အသံသည် ကမ္ဘာမြေတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့လေသည်။

​ နောက်တစ်စက္ကန့်တွင်မူ အချိန်ကာလကြီးတစ်ခုလုံး လုံးဝ ဥဿုံ ရပ်တန့်သွားခဲ့လေသည်။

​ ယွန်းမြောက်သည် ကောင်းကင်ထက်မှနေ၍ လေဟာနယ်ကို နင်းခြေကာ ဆင်းသက်လာခဲ့သည်။

​ သူမသည် တိမ်တိုက်ပုံစံများ ပါရှိသည့် လမင်းအလား ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကြီးများမှာ နောက်ကျောသို့ ဝဲကျနေခဲ့ကာ သူမ၏ အေးစက်လှသော အရှိန်အဝါကြောင့် ဤလောကမှ လူသားတစ်ယောက် မဟုတ်သကဲ့သို့ ခံစားရစေသည်။

​ သူမသည် ခြေဗလာဖြင့် လျှောက်လှမ်းလာခဲ့ပြီး ဆင်စွယ်အလား ဖြူဝင်းနေသော ခြေဖဝါးလေးများမှာ တောက်ပနေခဲ့ကာ ခြေလှမ်းတိုင်းတွင် နှင်းကြာပန်းများ ပွင့်လန်းလာခဲ့သော်လည်း မည်သည့်အခါမျှ မြေပြင်သို့ မထိချေ။

​ ၎င်းက သဘာဝတရားကြီးအတိုင်း အေးစက်တည်ငြိမ်ခြင်းနှင့် မြင့်မြတ်ခြင်းတို့၏ ပြယုဂ်ပင် ဖြစ်လေသည်။

​ သူမက မြေပြင်ပေါ်ရှိ ဧရာမ အက်ကွဲကြောင်းကြီးကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းက သူမ၏ တပည့်ဖြစ်သူ စုချင်းရွှယ်၏ လက်ရာ ဖြစ်ပေသည်။

​ "ချင်းရွှယ်က ကလေးမွေးပြီးပြီးချင်းမှာ ဒီလောက်အထိ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်တာက ငါ့ရဲ့ ခန့်မှန်းချက်ထက် ကျော်လွန်နေခဲ့ပြီပဲ။ သူမက အဆင့်တစ်ဆယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီး မကြာခင်မှာ အဆင့်တက်နိုင်တော့မှာပဲ"

​ ယွန်းမြောက်မှာ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမ ကိုယ်တိုင် သင်ကြားပေးခဲ့သည့် တပည့်ပီသပေသည်။

​ "ဟန့်... နတ်ဘုရားနှစ်ပါးက လူသားတစ်ယောက် ဖြစ်တဲ့ လျူယွမ်ကိုတောင် မသတ်နိုင်ကြဘူး။ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်ကုန်ပြီ"

​ သူမမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရသည်။ သူမ၏ တွက်ချက်မှုများအရ လျူယွမ်သည် သေရမည် ဖြစ်သည်။

​ နတ်ဘုရားအိုကြီးက ခင်ပွန်းသည်ကို သတ်ပြီး ဇနီးကို လုယူသွားခဲ့ခြင်း၊ သို့မဟုတ် စုချင်းရွှယ်နှင့် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လျူယွမ်ကို သတ်ပစ်လိုက်ခြင်းမျိုး ဖြစ်ရပေမည်။

​ သို့မဟုတ်ပါက လျူယွမ်သည် သွေးမိစ္ဆာဧကရာဇ်၏ လက်မှ သမီးဖြစ်သူကို ကာကွယ်ပေးရင်း သေဆုံးသွားခဲ့ရမည် ဖြစ်သည်။

​ ဤဇာတ်ညွှန်းနှစ်ခုလုံးမှာ သူမက စကြဝဠာ၏ အကျိုးအကြောင်းတရားများပေါ်တွင် အခြေခံ၍ တွက်ချက်ထားခဲ့ခြင်း ဖြစ်သည်။

​ လျူယွမ် သေဆုံးသွားမှသာ စုချင်းရွှယ်သည် သူမနှင့်အတူ အဆုံးမဲ့ကောင်းကင်ဘုံသို့ လိုက်ပါရန် သဘောတူမည် ဖြစ်သည်။

​ သို့သော်လည်း ယွန်းမြောင် မထင်မှတ်ထားခဲ့သည်မှာ သူမ၏ အကြံအစည်များ အားလုံး ကြားထဲမှ လျူယွမ်က ဘာဒဏ်ရာမှမရဘဲ လွတ်မြောက်သွားခဲ့ခြင်းပင် ဖြစ်သည်။

​ "ငါ တစ်ခုတည်း လွဲချော်သွားခဲ့တာက... ချင်းရွှယ်ရဲ့ ကလေးမှာ တတိယမျက်လုံး ရှိနေတာကိုပဲ။ ဒါက ငါ့ရဲ့ နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်နေခဲ့တယ်"

​ "ဒီမိန်းကလေးက ဒီလောက ကောင်းကင်ဘုံရဲ့ ကန့်သတ်ချက်အောက်မှာ မရှိဘူး။ သူမက အကျိုးအကြောင်းတရားတွေကို ကျော်လွန်နေခဲ့ပြီပဲ။ ကြည့်ရတာ သူမရဲ့ နောက်ခံက တကယ့်ကို ကြောက်စရာကောင်းပုံရတယ်"

​ သူမ၏ စစ်မှန်သော နောက်ခံကိုတော့ ယွန်းမြောင်ပင် မသိနိုင်ချေ။

​ ထို့ကြောင့် သူကိုယ်တိုင် လာရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူမတွင် အသုံးချစရာ နယ်ရုပ်များ မရှိတော့သဖြင့် ကိုယ်တိုင် လှုပ်ရှားရတော့မည် ဖြစ်သည်။

​ အကြွင်းမဲ့ စိတ်ချရစေရန်အတွက် သူမသည် သူမ၏ အမြင့်ဆုံး ကျင့်စဉ်ဖြစ်သည့် [အတွေးတစ်ခုက ကမ္ဘာတည်သရွေ့] ကို အသုံးပြုကာ ဤလောက၏ အချိန်စီးဆင်းမှုကို ရပ်တန့်ပစ်လိုက်ခြင်း ဖြစ်သည်။

​ ယခုအချိန်တွင်မူ မည်သူမျှ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

​ ယွန်းမြောင်မှာ အင်မတန် တည်ငြိမ်အေးချမ်းမှုကို ခံစားလိုက်ရသည်။ သူမက အချိန်ကာလကြီး ရပ်တန့်သွားသည့် အခိုက်အတန့်ကို အလွန် သဘောကျပေသည်။

​ သူမက ခြံဝင်းထဲသို့ လွင့်မျောကာ ဝင်ရောက်လာခဲ့ပြီး သူမ၏ ခြေဖဝါးလေးများမှာ ဖုန်မှုန့်လေးတစ်ခုမျှပင် မပေကျံခဲ့ချေ။

​ "ဒီလို နုံချာလှတဲ့ နေရာက ဘာကောင်းလို့လဲ။ အဆုံးမဲ့ ကောင်းကင်ဘုံက စုမိသားစုနဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းလှတယ်။ ချင်းရွှယ်က ဘာလို့ ဒီနေရာကို သဘောကျနေရတာလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး"

​ ယွန်းမြောင်၏ မျက်ဝန်းထဲတွင် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေခဲ့ပြီး သူမ၏ ဖြူစင်သော ခန္ဓာကိုယ် ညစ်ပတ်သွားမည်ကို စိုးရိမ်သဖြင့် မြေပြင်ပေါ်သို့ ခြေချရန်ပင် မလိုလားချေ။

​ သူမ၏ အကြည့်များက ခြံဝင်းထဲတွင် ရှိနေကြသော အငြိမ်းစား အဘိုးအိုများထံသို့ ရောက်ရှိသွားခဲ့ရာ သက်မဲ့ အရာဝတ္ထုများကို ကြည့်နေသကဲ့သို့ပင် ဖြစ်သည်။

​ "ပုရွက်ဆိတ်တစ်စုပဲ... မင်းတို့တွေက အများကြီး သိနေခဲ့ကြပြီ"

​ သူမ၏ မျက်ဝန်းထဲတွင် မည်သည့် ခံစားချက်မျှ မရှိတော့ချေ - "ချင်းရွှယ် ဒီနေရာကနေ ထွက်သွားတာနဲ့... မင်းတို့တွေ အားလုံး... သေရမယ်"

​ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ရီသွားခဲ့သည်။

​ သူမကဲ့သို့ သန့်ရှင်းမှုကို အစွဲအလမ်းကြီးသူ တစ်ယောက်အတွက်မူ ဤနေရာက သူမကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

​ သူမ၏ တပည့်သာ မရှိပါက ဤနေရာသို့ ခြေတစ်လှမ်းပင် ချချင်မည် မဟုတ်ချေ။

​ စုချင်းရွှယ်၏ အခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့ပြီးနောက်...

​ ယွန်းမြောင်သည် ဖြူစင်သော ပိုးပုဝါလေးဖြင့် တံခါးကို မထိတထိ ကိုင်တွယ်ကာ အသာအယာ တွန်းဖွင့်လိုက်သည်။

​ အိမ်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်မှောင်များ ပိုမို ကြုတ်သွားခဲ့ရသည် -

​"အခန်းတစ်ခုလုံးက အညတရ အရာတွေနဲ့ ပြည့်နှက်နေတာပဲ"

​ "ချင်းရွှယ်ကတော့ တကယ့်ကို ဒုက္ခရောက်ခဲ့ရှာတာပဲ"

​ "ဘာမှမဟုတ်တာတွေနဲ့ အချိန်ဖြုန်းနေတာက စိတ်ဓာတ်ကို ပျက်ပြားစေတယ်"

​ သူမက နေရာတွင်တင် အေးခဲနေခဲ့သည့် စုချင်းရွှယ်၏ ဘေးနားသို့ လွင့်မျောကာ သွားလိုက်ပြီးနောက် လက်ညှိုးလေးဖြင့် တပည့်ဖြစ်သူ၏ ကြောက်ရွံ့နေသော ပါးပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည် -

​"မင်း... စုမိသားစုရဲ့ သမီးကောင်းလေး၊ အဆုံးမဲ့ ကောင်းကင်ဘုံရဲ့ သန့်စင်တဲ့ အလင်းနတ်သမီးလေးက... ယောက်ျားတစ်ယောက်အတွက်နဲ့ အိမ်ပြန်ဖို့ ငြင်းဆန်နေတယ်ပေါ့လေ။ တကယ့်ကို အချစ်ရူးမလေးပဲ"

​ "ဆရာတစ်ယောက်အနေနဲ့... ငါ မင်းအတွက် ဒီပြဿနာရဲ့ အမြစ်ကို ဖြတ်တောက်ပစ်ပေးမယ်"

​ သူမက ဖြည်းညှင်းစွာ လှည့်လိုက်ပြီး မီးဖိုချောင်ဘက်သို့ တိတ်တဆိတ် လွင့်မျောကာ သွားခဲ့လေတော့သည်။

​ ထိုအချိန်မှာတင်...

​ မီးဖိုချောင်ထဲမှနေ၍ ပျင်းရိပျင်းတွဲ အသံတစ်သံ ထွက်ပေါ်လာခဲ့သည် -

​"မိန်းမ... ခေါက်ဆွဲ ပြုတ်လို့ပြီးပြီ။ လာစားတော့လေ"

​ လျူယွမ်သည် မွှေးပျံ့လှသော ကြက်ဥခေါက်ဆွဲတစ်ပန်းကန်ကို ကိုင်ထားရင်း အသံကြားသဖြင့် သူ့မိန်းမ ရောက်လာပြီဟု ထင်မှတ်လိုက်ခြင်း ဖြစ်သည်။

​ သူက ခေါင်းလှည့်ကြည့်လိုက်ရာ စုချင်းရွှယ်အစား စိမ်းသက်သက်ဖြစ်နေသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသဖြင့် အံ့ဩသွားခဲ့သည်။

​ သူမသည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ခါးအထိ ရှည်လျားသော ဆံပင်များ ရှိနေကာ အပြင်လောကတွင် မရှိနိုင်လောက်အောင် လှပလွန်းလှပြီး သူမ၏ အရှိန်အဝါမှာ ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

​ လျူယွမ်က မျက်မှောင်ကြုတ်လိုက်မိပြီး သူမကို အထက်အောက် အကဲခတ်ကြည့်လိုက်ရင်း -

​"အလှလေး... မင်းက ဘယ်သူလဲ"

​ "ပိုင်ရှင်ကို ခွင့်မတောင်းဘဲ အိမ်ထဲကို ဒီတိုင်း ဝင်လာတာက တရားမဝင်ဘူးဆိုတာ မသိဘူးလား"

​ ငြိမ်သက်ခြင်း....

​ သေခြင်းတရားကဲ့သို့ ငြိမ်သက်ခြင်း...

​ ထာဝရ အေးခဲနေပုံရသည့် ယွန်းမြောင်၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့ရလေပြီ ဖြစ်သည်။

​ လောကအတွင်းရှိ သက်ရှိအားလုံးကို မထီမဲ့မြင်ပြုတတ်သော ထိုမျက်ဝန်းအစုံထဲတွင် ထိတ်လန့်တကြား ဖြစ်မှုများနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့ရသည် -

​"မ... မဖြစ်နိုင်တာ”

​ "သူ... သူက ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်နေရတာလဲ"

​ "ငါက ဒီလောကရဲ့ အချိန်ကာလကို ရပ်တန့်ထားခဲ့တာလေ"

​ "နတ်ဘုရားတွေတောင် နေရာမှာတင် အေးခဲနေခဲ့ရတာကို... သူက သာမန်လူသားတစ်ယောက်ပဲ ဖြစ်ရက်နဲ့ ဘယ်လိုနည်းနဲ့ အချိန်ရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်နေရတာလဲ"

​ "သူက ဘယ်သူလဲ... သူက တကယ်ပဲ ဘယ်လိုလူစားမျိုးလဲ"

All Chapters