အခန်း ၄၂
Vol. 5 Ch. 42
အပိုင်း (၄၂)
“မင်းရဲ့ မှတ်ပုံတင် ပြစမ်း"
လျူယွမ်က ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း သူခိုးတစ်ယောက်ကို စစ်ဆေးမေးမြန်းနေသည့်အလား မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။
သူမထံမှ ထွက်ပေါ်နေသော လူသားတို့ထက် ထူးကဲလွန်မြတ်သည့် အရှိန်အဝါမှာ ဇနီးဖြစ်သူ စုချင်းရွှယ်နှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။
ထို့အပြင် သူမ၏ ခြေဖဝါးများမှာ မြေပြင်သို့ လုံးဝမထိဘဲ လွင့်ပျံနေသဖြင့် သန့်ရှင်းမှုကို အလွန်အကျွံ အစွဲအလမ်းကြီးသူများ ဖြစ်ရမည်ဖြစ်ပြီး ကောင်းကင်ဘုံက လာသူများလည်း ဖြစ်နိုင်ပေသည်။
သူ့စိတ်ထဲတွင် အတွေးပေါင်းများစွာက လျှပ်စီးကဲ့သို့ ဖြတ်ပြေးနေခဲ့သည်။
ပထမဆုံးအနေဖြင့် တွေ့ဖူးပြီးသားဖြစ်သည့် ယောက္ခမကို စာရင်းထဲမှ ဖယ်ထုတ်ရပေမည်။
ဒါဆိုရင်တော့... ဒီမိန်းမက ငါ့မိန်းမ စုချင်းရွှယ်ရဲ့ ဆရာ ဖြစ်ရပေမည်။
သူမ နာမည်က ဘာတဲ့လဲ...
လျူယွမ်က သူ့ဇနီးနှင့် ခယ်မတို့ ဤအမျိုးသမီး၏ နာမည်ကို ပြောဖူးသည်ကို ပြန်လည် စဉ်းစားလိုက်သည်။
ယွန်းမြောင်...
ယခုကဲ့သို့ အချိန်မျိုးတွင် ရုတ်တရက် အိမ်ထဲသို့ အတင်းအဓမ္မ ဝင်ရောက်လာရသည့် သူမ၏ ရည်ရွယ်ချက်ကိုသာ သူ မသိရခြင်း ဖြစ်သည်။
လျူယွမ်က ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း သူမထံသို့ တစ်လှမ်းချင်းစီ တိုးကပ်သွားခဲ့သည်။
ယွန်းမြောင်၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ တုန်ရီသွားခဲ့လေသည်။
သူမ၏ မျက်နှာထက်တွင် အေးစက်မှုများ ရှိနေဆဲဖြစ်သော်လည်း ရင်ထဲတွင်မူ မုန်တိုင်းထန်နေခဲ့ပြီ ဖြစ်သည်။
မ... မဖြစ်နိုင်တာ။
'အတွေးတစ်ခုက ကမ္ဘာတည်သရွေ့' ကျင့်စဉ်က အချိန်ကာလကို ရပ်တန့်ပစ်နိုင်တာလေ..
ကျင့်စဉ်အဆင့် လေးသာရှိတဲ့ သာမန် ကျင့်ကြံသူတစ်ယောက်က ဘာလို့ အချိန်ရပ်တန့်ခြင်းရဲ့ သက်ရောက်မှုကို မခံရတာလဲ။
ဒါက ယုတ္တိရှိလို့လား။
လုံးဝ ယုတ္တိမရှိပေ။
ယွန်းမြောင်၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားခဲ့ရသည်။ သူမသည် လျူယွမ်၏ ထူးခြားချက်ကို အသည်းအသန် တွက်ချက်ရန် ကြိုးစားလိုက်သော်လည်း သူ၏ထံမှ မည်သည့် ထူးခြားဆန်းပြားမှုကိုမျှ ရှာမတွေ့ခဲ့ချေ။
သူမ၏ အမြင်တွင်မူ သူက ၁၀၀ ရာခိုင်နှုန်း စစ်မှန်သော သာမန်လူသားတစ်ယောက်သာ ဖြစ်သည်။
"ဒါမှမဟုတ်... ဒါမှမဟုတ် ဒီကောင်ရဲ့ စွမ်းအားက ငါ့ထက် အဆပေါင်းများစွာ သာလွန်နေတာလား"
ထိုအတွေးများ စိတ်ထဲသို့ ဝင်လာသည့် အခိုက်အတန့်မှာတင် သူမ ချက်ချင်းပင် ပြန်ဖျောက်ဖျက်ပစ်လိုက်သည်။
မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်တာ။
"ငါ့ထက် စွမ်းအားကြီးတဲ့သူက ဘာလို့ ဒီလို နုံချာလှတဲ့ လောကငယ်လေးထဲမှာ နေထိုင်မှာလဲ။ ဒါတင်မကသေးဘူး... ဒီလို ခြံဝင်းအိုကြီးထဲမှာ နေထိုင်ပါ့မလား"
"ဒီလောက် စွမ်းအားမျိုးရှိရင် ကိုယ်ပိုင် လောကသစ်တစ်ခုကိုတောင် ဖန်တီးပြီး နယ်ပယ်အသစ်တစ်ခုကို ဖွင့်လှစ်ထားရမှာလေ"
"ဒါ့အပြင်... ငါသူ့ရဲ့ နောက်ကြောင်းကို သေသေချာချာ စုံစမ်းထားတာပဲ။ သူက သာမန်လူသား သွေးမျိုးဆက်ပဲရှိတဲ့ လျူမိသားစုရဲ့ မျိုးဆက်ပဲ"
လျူယွမ်က ရှေ့သို့ တစ်လှမ်းတိုးလာလေလေ ယွန်းမြောင်မှာ ပို၍ တုန်လှုပ်ခြောက်ခြားလာလေလေ ဖြစ်သည်။
သူမသည် အလိုလိုနေရင်း နောက်သို့ ဆုတ်မိသွားခဲ့သည်။
အစပိုင်းတွင်မူ သန့်ရှင်းမှုကို အစွဲအလမ်းကြီးသည့် စိတ်ကြောင့် လူသားလောက၏ အညစ်အကြေးများ မပေကျံချင်၍ ဖြစ်သော်လည်း...
မကြာမီမှာပင် ထိုအရာက... ထိတ်လန့်တကြားဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
အချိန်ဘယ်လောက်တောင် ရှိသွားပြီလဲ။
နှစ်ပေါင်းငါးရာ….
သူမသည် ဤမျှလောက်အထိ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
သူမ၏ ရင်ဘတ်ထဲက နှလုံးသားလေးမှာ ထိန်းမနိုင်သိမ်းမရအောင် ခုန်ပေါက်နေခဲ့သည်။
ဒိန်း... ဒိန်း... ဒိန်း... ဟူ၍ ရင်ထဲတွင် သမင်တစ်ကောင် ပြေးလွှားနေသည့်အလား ပြင်းထန်လွန်းလှသည်။
သူမ၏ နှုတ်ခမ်းလွှာများလည်း ခြောက်သွေ့လာခဲ့ရသည်။
ပုံမှန်မဟုတ်သော အပူရှိန်တစ်ခုက သူမ၏ လည်ပင်းတစ်ဝိုက်မှ ပျံ့နှံ့လာခဲ့ပြီး မျက်နှာထက်ရှိ ပါးပြင်လေးများပင် ရဲတက်လာခဲ့ရသည်။
သူမ တိတ်တဆိတ် သဘောကျခဲ့ရသည့် စီနီယာအစ်ကို စုကျန့်နန်နှင့် ရင်ဆိုင်ရစဉ်ကပင် ဤမျှလောက်အထိ ဖိအားမျိုးကို မခံစားခဲ့ရဖူးချေ။
ဆင်စွယ်အလား ဖြူဝင်းနေသော ခြေချောင်းလေးများမှာ ယခုအခါတွင် တင်းကျပ်စွာ စုကပ်သွားခဲ့ကြရသည်။
ဤမျှလောက်အထိ ရင်ခုန်သံမြန်စေပြီး တုန်ရီစေတဲ့ ခံစားချက်က ဘာကြောင့်ပါလိမ့်။
"ငါ... ငါ..."
ယွန်းမြောင်မှာ စကားပင် ထစ်အသွားခဲ့ရသည်။
သူမသည် လျူယွမ်၏ မျက်ဝန်းများကို တည့်တည့်ကြည့်ရန် လုံးဝ မစွမ်းသာတော့ကြောင်း တွေ့ရှိလိုက်ရသည်။
နောက်ဆုံးအကြိမ်အဖြစ် သူမ ဤသို့ စိတ်အခြေအနေ ပျက်ပြားခဲ့ဖူးသည်မှာ လွန်ခဲ့သော နှစ်ပေါင်းငါးရာ... အချစ်ကို စတင်သိတတ်စ မိန်းကလေးဘဝ တုန်းက ဖြစ်သည်။
"ဘာ 'ငါ... ငါ' လဲ။ စကားတောင် အတည်တကျ မပြောနိုင်တော့ဘူး။ ဝမ်းချုပ်နေတာလား"
လျူယွမ်က စိတ်မသက်မသာဖြစ်စွာဖြင့် သူမကို မျက်လုံးပြူးကြည့်လိုက်သည်။
ဒါပဲလား..
ဒါက ငါ့မိန်းမရဲ့ ဆရာပေါ့လေ…
ဟာသလာလုပ်နေတာပဲ….
စကားပြောရင် တုန်တုန်ယင်ယင်ဖြစ်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ပုံပဲ…..
သူက ပွင့်ပွင့်လင်းလင်းပင် - "လာပြီး အူတူတူ အတတတွေ လုပ်မနေနဲ့။ ငြိမ်ငြိမ်ရပ်နေစမ်း... "
ယွန်းမြောင်မှာ အသက်ရှူပင် မှားသွားခဲ့သည်။
သူမ ရုတ်တရက် သွယ်လျသော လက်ညှိုးလေးဖြင့် လျူယွမ်ကို - "နင်... နင်..."
ဟုန်းဟုန်းတောက်လောင်နေသော ဒေါသများက သူမ၏ ရင်ထဲက အနက်ရှိုင်းဆုံးနေရာမှ အရှိန်အဟုန်ဖြင့် တက်လာခဲ့သည်။
နှစ်ပေါင်း ရာချီရှိနေပြီ ဖြစ်သည်။
ဘယ်သူက သူမကို ဒီလို ကြမ်းကြမ်းတမ်းတမ်း ခေါ်ဝံ့လို့လဲ။
သူမကို ဆဲဆိုကြိမ်းမောင်းဖို့ နေနေသာသာ... ကောင်းကင်ဘုံရဲ့ ပါရမီရှင်တွေတောင် သူမကို ရိုရိုသေသေနဲ့ လေးလေးစားစား ပြောဆိုကြရတာ မဟုတ်ဘူးလား။
အဲဒီ မျိုးဆက်သစ်တွေဆိုရင် သူမရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ဖို့ သတ္တိတောင် မရှိကြပေ။
ဒါပေမဲ့ အသက် နှစ်ဆယ်ကျော်လေးသာ ရှိသေးတဲ့ ဒီပုရွက်ဆိတ်က သူမကို စော်ကားဝံ့တယ်ပေါ့လေ။
သို့သော်လည်း...
ထိုဒေါသများ ထွက်ပေါ်လာသည့် အချိန်မှာတင် ပို၍ ဆန်းပြားသော ခံစားချက်တစ်ခုက ရင်ထဲတွင် တိုးဝှေ့လာခဲ့ပြန်သည်။
ထူးဆန်းလိုက်တာ...
သူက ငါ့ကို ဆဲလိုက်တာလေ...
ဘာလို့ ငါ့နှလုံးသားက ပိုပြီး မြန်မြန် ခုန်လာရတာလဲ။
"ငါ့ရဲ့ စိတ်ဓိဋ္ဌာန်ကို လာပြီး မဖျက်ဆီးနဲ့"
ယွန်းမြောင်က အံကို ကြိတ်လိုက်ပြီး သူမ၏ သိုင်းကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။
လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ပြီး စိတ်ထဲမှ မန္တန်ကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။
"ကောင်းကင်ဘုံကိုးထပ်ရဲ့ ဆန်းကြယ်လှတဲ့ ဘေးဒုက္ခအလင်းတန်း"
သို့သော်လည်း... ဘာမှ ဖြစ်မလာခဲ့ချေ။
သူမ၏ စွမ်းအားများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မဟာ ကောင်းကင်ပိတ်ဆို့ လက်ညှိုး"
"အမြင့်မြတ်ဆုံးသော ဓား"
“သံယောဇာဥ်မဲ့ ကျင့်စဉ်"
သူမ ရုတ်တရက် သိရှိသွားခဲ့ရသည်မှာ ဤအမျိုးသားနှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲက သိုင်းကျင့်စဉ်များအားလုံးမှာ လုံးဝ အသုံးမဝင်တော့ခြင်းပင် ဖြစ်သည်။
ဒါဆို သူ့ကို ရင်ဆိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက... လက်ရုံးချင်း ပြိုင်ရမှာလား။
သူမလို မြင့်မြတ်တဲ့ နတ်ဘုရားမက ညစ်ပတ်လှတဲ့ သာမန်လူသားတစ်ယောက်နဲ့ လက်ရုံးချင်း ပြိုင်ရမယ် ဟုတ်လား။
ယွန်းမြောင်၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထောင်ထလာခဲ့ပြီး အလွန် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
သူမ၏ ဝမ်းချုပ်နေသကဲ့သို့ အမူအရာကို ကြည့်ပြီး လျူယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် - "ပြောစမ်း။ မင်းရဲ့ မှတ်ပုံတင်ပြ။ ငါ့ကို လက်ပါအောင် မလုပ်နဲ့"
"နင်... နင် ဝေးဝေးမှာ နေစမ်း"
လျူယွမ်၏ အနိုင်ကျင့်တတ်သော အရှိန်အဝါအောက်တွင် ယွန်းမြောင်မှာ တုန်တုန်ယင်ယင်ဖြင့် နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားခဲ့ရပြီး အသက်ရှူများ မြန်ဆန်လာခဲ့သည်။
နောက်ဆုံးတွင်မူ သူမ၏ နောက်ကျောက နံရံနှင့် ဒုန်းခနဲ ဆောင့်မိသွားခဲ့တော့သည်။
နောက်ဆုတ်စရာ လမ်းမရှိတော့ချေ။
ဒီအမျိုးသား... သူ့ရဲ့ လွှမ်းမိုးလွန်းလှတဲ့ အရှိန်အဝါက သူမကို အသက်ရှူရ ခက်ခဲစေသည်။
ဘာလုပ်ရမလဲ။ ငါ ဘာလုပ်ရမလဲ….
ယွန်းမြောင်၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ ဒီနေရာက ထူးဆန်းလွန်းလှသဖြင့် အရင်ဆုံး ထွက်ခွာသွားရမည် ဖြစ်သည်။
သူမက နံရံကို ဖောက်ထွက်ရန် ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။
သူမ ပျံသန်းရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ချေ။
ပို၍ ကြောက်စရာကောင်းသည်မှာ အချိန်ရပ်တန့်ခြင်း ကျင့်စဉ်က ပျက်ပြယ်သွားခြင်းပင် ဖြစ်သည်။
အချိန်ကာလက ပုံမှန်အတိုင်း ပြန်လည် စီးဆင်းလာခဲ့ပြီဖြစ်သည်...
ထို့ပြင်...
မြေဆွဲအား၏ သက်ရောက်မှုက သူမအပေါ်သို့ ကျရောက်လာခဲ့ပြီး နှစ်ပေါင်း ရာချီ လေထဲတွင် ဝဲပျံနေခဲ့သော ဆင်စွယ်ရောင် ခြေဖဝါးလေးများမှာ ကြမ်းပြင်ပေါ်သို့ ဖတ်ခနဲ သက်ဆင်းသွားခဲ့ရသည်။
ကြမ်းပြင်က ဖုန်မှုန့် ကင်းစင်နေသော်လည်း သူမအတွက်မူ ရွှံ့နွံတွင်းထဲသို့ ခြေချမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"အား... ငါ့ရဲ့ စင်ကြယ်တဲ့ ခန္ဓာကိုယ်လေး... ညစ်ပတ်သွားပြီ"
ခြေချောင်းလေးတိုင်း၊ အရေပြားတိုင်းက အသည်းအသန် ငြင်းဆန်နေခဲ့ကြသည်။
ယွန်းမြောင်က သူမ၏ စိတ်မသက်မသာဖြစ်မှုကို အောင့်အည်းကာ သာမန်လူသားတစ်ယောက်ကို နတ်ဘုရားတစ်ပါး၏ အစွမ်းကို ပြရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်မှာတင်...
"ဆရာ... ရောက်လာပြီလား"
စုချင်းရွှယ်သည် ရေချိုးခန်းထဲမှ မီးဖိုချောင်ထဲသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ ထောင့်ပိတ်ခြင်းကို ခံနေရသော ဆရာဖြစ်သူကို ကွက်တိ မြင်တွေ့လိုက်ရသည်။
သူမက ယွန်းမြောင်၏ ရှေ့တွင် ချက်ချင်း ကာဆီးလိုက်ပြီး လျူယွမ်ကို နောက်ကွယ်တွင် ဝှက်ထားလိုက်သည်။ လျူယွမ်တွင် ဒဏ်ရာ တစ်စုံတစ်ရာ မရရှိသည်ကို မြင်တွေ့ရမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
ခုနက ဘာဖြစ်သွားတာလဲ
စုချင်းရွှယ်သည် အချိန်ကာလ ရပ်တန့်နေစဉ်အတွင်း မည်သည့်အရာကိုမျှ မသိရှိနိုင်ခဲ့ချေ။
သူမ နာရီကို လှမ်းကြည့်လိုက်ရာ အချိန်ရပ်တန့်သွားခဲ့သည့် အခိုက်အတန့်အတိုင်းပင် ရှိသေးသည်ကို တွေ့လိုက်ရသည်။
စက္ကန့်ပိုင်းမျှသာ ကွာခြားခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်သည် ထာဝရ ဖြစ်သကဲ့သို့ ထိုအတောအတွင်း အရာများစွာလည်း ဖြစ်ပျက်သွားနိုင်ပေသည်။
စုချင်းရွှယ်က ခင်ပွန်းသည်၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း သေသေချာချာ အကဲခတ်လိုက်သည်။
ခြံဝင်းထဲက အဘိုးအိုများအားလုံးသည်လည်း မိမိတို့ အလုပ်များကို လုပ်ဆောင်နေကြဆဲ ဖြစ်ပြီး တစ်ယောက်မှ ပျောက်ဆုံးမသွားခဲ့ချေ။
လင်အန်းမြို့က မြို့ခံလူထုကြီးသည်လည်း ပုံမှန်အတိုင်းပင် ရှိနေကြသည်။
သူမ နောက်ဆုံးတွင်တော့ သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။
သူမ အတွေးလွန်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်၊ ဆရာဖြစ်သူက အပြစ်မဲ့သူများကို အကြောင်းမဲ့ သတ်ဖြတ်မည့်သူ မဟုတ်ချေ။
"မိန်းမ... သူမက တကယ်ပဲ မင်းရဲ့ ဆရာလား" လျူယွမ်က မသိနားမလည်ဟန်ဖြင့် အံ့ဩသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ်... သူ ခုနက တော်တော်လေး ဆဲဆိုမိသွားခဲ့သည်။ သူမက အကြီးအကဲ ဖြစ်နေခဲ့သဖြင့် နားလည်မှုလွဲခြင်းအဖြစ် ဟန်ဆောင်ရမည် ဖြစ်သည်။
စုချင်းရွှယ်က ခေါင်းငြိမ့်ပြလိုက်ပြီး ယွန်းမြောင်အား လေးနက်စွာ မိတ်ဆက်ပေးလိုက်သည် - "ဆရာ... ဒါက ကျွန်မရဲ့... ခင်ပွန်းပါ"
"ငါ သိပြီးပြီ"
ယွန်းမြောင်က သူမ၏ ရင်ထဲက မုန်တိုင်းများကို အတင်းအဓမ္မ ဖိနှိပ်လိုက်ပြီး တည်ငြိမ်နေဟန် ဆောင်လိုက်သည်။
အစီအစဉ် ပျက်ပြားသွားခဲ့သော်လည်း တပည့်ဖြစ်သူ၏ ရှေ့တွင် ဆရာတစ်ယောက်၏ သိက္ခာကိုတော့ အကျမခံနိုင်ချေ။
"လက်ထပ်တာပဲလေ... ဘာမှ ထူးဆန်းတာ မဟုတ်ပါဘူး။ မင်းတို့ အသက်အရွယ်က အချစ်ကို စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုတာ ငါ နားလည်ပါတယ်"
"အရင်က ကြုံဖူးတဲ့သူတစ်ယောက်အနေနဲ့ ငါ မင်းတို့ကို နားလည်ပါတယ်”
သူမ၏ အဖြေမှာ အပြစ်ပြောစရာမရှိဘဲ ကြင်နာတတ်ပြီး သဘောကောင်းသော အမူအရာကို ပြသနေခဲ့သည်။
၎င်းက စုချင်းရွှယ်၏ သဘောကျမှုကို ရရှိစေမည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူမက ဆရာဖြစ်သူကို ပိုမို ယုံကြည်လာပေလိမ့်မည် ဖြစ်သည်။
စုချင်းရွှယ်သည် တကယ့်ကို စိတ်လှုပ်ရှားသွားခဲ့ရသည်။ ဆရာဖြစ်သူက ဤမျှလောက်အထိ နားလည်ပေးနိုင်ပြီး သူမ၏ အိမ်ထောင်ရေးအပေါ် ဒေါသမထွက်ဘဲ နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"တကယ်လား" လျူယွမ်ကလည်း အလျှော့မပေးဘဲ မေးမြန်းလိုက်သည် - "ဆရာ... အရင်က လက်ထပ်ဖူးလို့လား"
အမြဲတမ်း အေးစက်တည်ငြိမ်နေခဲ့သော ယွန်းမြောင်၏ မျက်နှာထက်တွင် ရှက်ရွံ့မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှု အမူအရာများ ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
၎င်းက ဒဏ်ရာဟောင်းကို ပြန်ဆွလိုက်သကဲ့သို့ ဖြစ်ပြီး သူမ မပြောချင်ဆုံးအရာကို တမင်တကာ လာရောက် ပြောဆိုနေခြင်း ဖြစ်သည်။
"ငါ ဘယ်တုန်းကမှ လက်မထပ်ခဲ့ဖူးဘူး" ယွန်းမြောင်က လိမ်မပြောချင်သဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် - "ဒါပေမဲ့ ဘယ်သူက အချစ်ရေးနဲ့ မကြုံဖူးလို့လဲ"
"ဆရာ... အချစ်ရေးကို ဘယ်နှစ်ခါလောက် ဖြတ်သန်းခဲ့ဖူးလဲ" လျူယွမ်က စပ်စုတတ်သော ပုံစံဖြင့် မေးလိုက်သည်။
ယွန်းမြောင်မှာ အကျပ်ရိုက်သွားခဲ့ရသည်။
တစ်ခါပဲလို့ ပြောရင်လည်း နည်းလွန်းလှပြီး သူမကို ဆွဲဆောင်မှုမရှိသလို ဖြစ်စေမည် ဖြစ်သည်။
အများကြီးလို့ ပြောရင်လည်း သိက္ခာကျစရာ ဖြစ်ပေလိမ့်မည်။
တကယ်တော့... သူမ ဘယ်သူနဲ့မှ တွဲခဲ့ဖူးခြင်း မရှိချေ။
သို့သော်လည်း ပြောပြီးသား စကားက သွန်ပြီးသားရေ ဖြစ်သဖြင့် ပြန်လည် ရုပ်သိမ်း၍ မရနိုင်တော့ချေ။
၎င်းကို မြင်တွေ့လိုက်ရသဖြင့် စုချင်းရွှယ်က လျူယွမ်၏ ခါးကို ချက်ချင်းပင် အသာအယာ ဆိတ်လိုက်ပြီး ဆက်မမေးရန် အချက်ပြလိုက်သည်။
သူမ၏ ဆရာမှာ ခုခံမှုများ ကျိုးပျက်နေခဲ့ပြီ ဖြစ်သည်။
ဆရာသာ ဒေါသထွက်ပြီး အရှက်ရသွားခဲ့ရင် မလွယ်ချေ။
လျူယွမ်က ပြုံးလိုက်ပြီး လေထုထဲက ယွန်းမြောင်ထံမှ ထွက်ပေါ်နေသော အေးစက်မှုကိုလည်း ခံစားလိုက်မိသည်။ သူက ခေါက်ဆွဲပန်းကန်ကို ကမ်းပေးလိုက်ရင်း - "ဆရာ... ကျွန်တော် ချက်ထားတဲ့ ခေါက်ဆွဲလေး နည်းနည်းလောက် သုံးဆောင်ကြည့်မလား"
ယွန်းမြောင်က အလိုလိုနေရင်း တံတွေးမြိုချမိလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် ခေါက်ဆွဲက တကယ့်ကို မွှေးပျံ့လှသည်။
သူမသာ ဤမျှလောက် မာနမကြီးပါက တကယ်ကို မြည်းစမ်းကြည့်ချင်မိသည်။
"ဆရာက နှစ်ပေါင်း ရာချီ အစာမစားဘဲ နေလာခဲ့တာ၊ သေချာပေါက် စားမှာ မဟုတ်ဘူး" စုချင်းရွှယ်က လျူယွမ်၏ လက်ထဲမှ ခေါက်ဆွဲပန်းကန်ကို ချက်ချင်း လုယူလိုက်ပြီး - “ကျွန်မပဲ စားလိုက်မယ်"
“မောင်က အားနာလို့ ကမ်းလှမ်းလိုက်တာကို မိန်းမက အတည်ယူလိုက်တာပဲ။ ဒါက မိန်းမအတွက် သီးသန့် ချက်ထားတာပါ" လျူယွမ်က ဇနီးဖြစ်သူ၏ နှာခေါင်းလေးကို ကြင်နာစွာဖြင့် ဆိတ်လိုက်ရင်း - "အမြန်စားတော့၊ မဟုတ်ရင် ခေါက်ဆွဲတွေ ပွပြီး အရသာ မရှိဘဲ နေလိမ့်မယ်"
ယွန်းမြောင် : "..."