အခန်း ၄၃
Vol. 5 Ch. 43
အပိုင်း (၄၃)
“ချင်းရွှယ်... ဆရာ မင်းကလေးကို သွားကြည့်လိုက်ဦးမယ်”
ယွန်းမြောင်သည် ထိုနှစ်ယောက်၏ ချစ်ကြည်နူးမှုကို ဆက်၍ မကြည့်နိုင်တော့ချေ။
ထိုအကောင် လျူယွမ်မှာ နှာခေါင်းလေးကိုဆိတ်၊ ခါးလေးဖက်နှင့် ထိုအမူအရာများ လုပ်ပြနေသည်မှာ သူမကို ဒေါသတွေဖြင့် အံကြိတ်မိစေသည်။
စုချင်းရွှယ်မှာ သူမ၏ အသည်းစွဲ တပည့်မလေး မဟုတ်ပါလား။
ဖြူစင်သန့်ရှင်းပြီး စက္ကူဖြူတစ်ချပ်လို အပြစ်ကင်းစင်သူလေး ဖြစ်သည်။
သူမကိုယ်တိုင်ပင် တစ်သက်လုံး ယောက်ျားတစ်ယောက်၏ လက်ဖျားနှင့်မျှ မထိခဲ့ဖူးချေ။
‘သေစမ်း... ငါကိုယ်တိုင် မျက်စိအောက်မှာ ပြုစုပျိုးထောင်လာခဲ့တဲ့ တပည့်မလေးကို ဒီကောင်က အလကားရသလို နှိုက်စားသွားတာပေါ့'
ယွန်းမြောင်မှာ ဒေါသအဟုန်ဖြင့် တောက်လောင်နေခဲ့ပြီ ဖြစ်သည်။ သူမသည် လျူယွမ်ကို ဝါးမြိုမတတ် စိုက်ကြည့်နေပြီး ထိုနေရာတင် ချက်ချင်း သတ်ပစ်ချင်စိတ် ပေါက်နေခဲ့သည်။
သို့သော်လည်း ယွန်းမြောင်မှာ အောင့်အည်းသည်းခံရုံမှတစ်ပါး မတတ်နိုင်ချေ။ သူမသည် လျူယွမ်ကို ဘာမှလုပ်နိုင်စွမ်း မရှိပေ။
ဤခြံဝင်းအိုကြီးက တကယ့်ကို ထူးဆန်းလွန်းလှသည်။ သူမ၏ ဆန်းကြယ်သော စွမ်းအားများအားလုံး ပျက်ပြယ်သွားပြီး တိုက်ခိုက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရုံးချင်း ပြိုင်ရုံသာ ကျန်တော့သည်။
အကျိုးအကြောင်းကို သေသေချာချာ မသိရသေးသဖြင့် ယွန်းမြောင်လည်း စိတ်လောပြီး မလှုပ်ရှားဝံ့ချေ။
သူမ ရှေ့သို့ တစ်လှမ်းတိုးရန် ပြင်လိုက်စဉ် ခြေဗလာလေးများက ကြမ်းပြင်နှင့် ထိမိသွားပြီး တစ်ကိုယ်လုံး စိမ့်ခနဲ တုန်ရီသွားခဲ့သည်။
ကြမ်းပြင်မှာ မှန်တစ်ချပ်အလား ပြောင်လက်နေသော်လည်း နတ်ဘုရားမတစ်ပါး၏ အမြင်အာရုံအရ ထိုကြမ်းပြင်ပေါ်တွင် မရေမတွက်နိုင်သော သေးငယ်လှသည့် ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများ ကပ်ငြိပွားများနေသည်ကို အတိုင်းသား မြင်တွေ့နေရသည်။
ဒါက ကောင်းကင်ဘုံက လာသူများ၏ စွမ်းရည်ဖြစ်ပြီး မော်လီကျူးအဆင့်အထိကိုပင် သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်ခြင်းပင် ဖြစ်သည်။
သူမသည် စိတ်မသက်မသာဖြစ်မှုကို အောင့်အည်းလိုက်ပြီး သူမ၏ သိုလှောင်ရတနာမှ သန့်ရှင်းသော ချည်ထိုးဖိနပ်နှင့် ခြေအိတ်တစ်စုံကို ထုတ်ယူလိုက်သည်။
နူးညံ့သော ခြေဖဝါးလေးများကို တင်းကျပ်စွာ စွပ်လိုက်ခါမှ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားတော့သည်။
ထို့နောက် ယွန်းမြောင်က ရေချိုးခန်းဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။
"မောင်... ကျွန်မ သမီးလေးကို အရင် ရေချိုးပေးလိုက်ဦးမယ်"
စုချင်းရွှယ်က ခေါက်ဆွဲစားချင်စိတ်ကို ခဏမေ့ထားပြီး တူကို ချလိုက်သည်။ သမီးလေးက ရေချိုးကန်ထဲမှာ ရှိနေသေးသည် မဟုတ်ပါလား။
ညီမဖြစ်သူ စုယွီမော့က ကူညီပေးနေသည်ဆိုသော်လည်း စုချင်းရွှယ်အနေဖြင့် ကလေးငယ်ကို ရေချိုးပေးရန် လူတစ်ယောက် ထပ်လိုမည်ကို စိုးရိမ်နေဆဲ ဖြစ်သည်။
"မိန်းမ... မင်း အရင်စားနှင့်၊ မောင် သွားကူလိုက်မယ်" လျူယွမ်က မီးဖိုချောင်သုံး အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ယွန်းမြောင်၏ နောက်ကနေ ရေချိုးခန်းထဲသို့ လိုက်ဝင်သွားခဲ့သည်။
ရေချိုးခန်းထဲတွင် စုယွီမော့က သမီးလေး လျူနျန်၏ ကျောပြင်လေးကို အူတူတူအတတဖြင့် ပွတ်သပ်ပေးနေသည်။
သူမကတော့ ခုနက အချိန်ကာလ ရပ်တန့်သွားသည်ကို လုံးဝ သိရှိပုံမရပေ။ ဘာပဲဖြစ်ဖြစ် အချိန်ရပ်တန့်ခြင်းက စက္ကန့်ပိုင်းမျှသာ ဖြစ်ပြီး ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါး မဟုတ်ပါက ရိပ်မိရန် အလွန်ခက်ခဲပေသည်။
"အန်တီယွန်း... အန်တီယွန်း..."
ယွန်းမြောင် ဝင်လာသည်ကို မြင်သောအခါ စုယွီမော့မှာ ကြောင်ကိုမြင်သော ကြွက်တစ်ကောင်အလား နောက်သို့ လန့်ဆုတ်သွားပြီး မျက်ဝန်းများထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်သွားသည်။
သူမသည် ဤအမျိုးသမီးကို အနည်းငယ် ကြောက်ရွံ့မိသည်။ အဘယ်ကြောင့်ဆိုသော် ယွန်းမြောင်က သူမ၏ မိထွေးဖြစ်ရန် အမြဲ ကြိုးပမ်းခဲ့ပြီး နှစ်ပေါင်းများစွာ ဖခင်ဖြစ်သူ စုကျန့်နန်၏ ဘေးတွင် ရှိနေခဲ့သဖြင့် လူကြီးတစ်ယောက်လို ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ယခုတစ်ကြိမ် လူ့လောကထဲသို့ ခိုးဆင်းလာခြင်းကို ယွန်းမြောင်က ကွက်တိ မိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဖခင် စုကျန့်နန်ကို သွားတိုင်ပါက သူမ သေချာပေါက် အကျယ်ချုပ်ခံရပြီး ဒူးထောက်ပြစ်ဒဏ် ပေးခံရပေလိမ့်မည် ဖြစ်သည်။
ယွန်းမြောင်က သူမကို စိုက်ကြည့်လိုက်ကာ -
"ယွီမော့... နင် တော်တော် သတ္တိကောင်းနေပါလား။ ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရှိဘဲ လူ့လောကထဲကို ခိုးဆင်းရဲတယ်ပေါ့"
"ကျွန်မ... ကျွန်မ မမကို လွမ်းလို့ပါ..." စုယွီမော့က မဝံ့မရဲ ဆင်ခြေပေးလိုက်သည်။
ယွန်းမြောင်က နှာခေါင်းရှုံ့လိုက်ပြီး "နင်က ဆော့ချင်လွန်းလို့ပါ! သိုင်းပညာအကယ်ဒမီက အိမ်စာတွေရော ပြီးပြီလား။ ဓားသိုင်းကျင့်စဉ်ကော လေ့ကျင့်ပြီးပြီလား။ 'အမြင့်မြတ်ဆုံးသော နှလုံးသားကျင့်စဥ်' ရော အလွတ်ရပြီလား"
ဆက်တိုက်ထွက်လာသော မေးခွန်းများကြောင့် စုယွီမော့မှာ ခေါင်းကို ပို၍ ငုံ့သွားခဲ့ရသည်။
သူမသည် ထိတ်လန့်တကြားဖြင့် လျူယွမ်၏ နောက်ကွယ်သို့ ပြေးဝင်ကာ သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး ခေါင်းလေးတစ်ဝက် ပြူထွက်လျက် သနားစဖွယ် လှမ်းကြည့်ကာ - “ခဲအို... ဒီမိန်းမက တော်တော် စကားများတာပဲ" ဟု ကပ်တိုင်လိုက်သည်။
လျူယွမ်က သူမကို ကျောပိုးအနောက်တွင် အမြန်ဝှက်ပေးလိုက်ပြီး ယွန်းမြောင်ကို ပြုံးပြကာ - "ဆရာ... ယွီမော့က ကလေးပဲ ရှိသေးတာ၊ သိပ်ပြီးတော့လည်း ကြပ်မတ်စရာ မလိုပါဘူး" ဟု ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွန်းမြောင်မှာ ပို၍ပင် ဒေါသထွက်သွားရသည်။
ကောင်းပြီလေ...
စုယွီမော့တောင် သူ့ကို ဒီလောက် ကပ်နေရတယ်ပေါ့။
ဒီကောင်က အစ်မဖြစ်သူကိုတင် မကဘူး၊ ညီမဖြစ်သူကိုပါ မျက်စိကျနေတာလား။
"ယွီမော့... ငါ့ဆီမှာ သိုင်းပညာစာမေးပွဲအတွက် ငါးနှစ်စာ မေးခွန်းဟောင်းတွေနဲ့ သုံးနှစ်စာ လေ့ကျင့်ခန်းစာအုပ်တွေ ရှိတယ်။ ခဏနေရင် နင် စာကျက်ဖို့ ပေးမယ်" လျူယွမ်က ခယ်မဖြစ်သူကို ဤကဲ့သို့ ကိစ္စရပ်များတွင် အာရုံမဝင်စားစေချင်သဖြင့် စကားလွှဲလိုက်သည်။
စုယွီမော့က လက်ညှိုးလေး ထောင်ကာ အံကြိတ်ရင်း - “ခဲအို... ညစ်ပတ်တယ်" ဟု ရန်တွေ့လိုက်သည်။
လျူယွမ်က သူမကို ဂရုမစိုက်တော့ဘဲ သမီးလေး နျန်နျန်ကို ရေချိုးပေးရန် ပြင်ဆင်လိုက်သည်။
ယွန်းမြောင်၏ အကြည့်များက ကလေးငယ် လျူနျန်ထံသို့ ကျရောက်သွားခဲ့ပြီး ကြည့်လေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်သည်။
'မွေးရာပါ နတ်ဘုရား သွေးမျိုးဆက်၊ မွေးရာပါ နတ်မျက်စိ ပိုင်ရှင်၊ ကြီးမားတဲ့ ကံတရားတွေက ဝန်းရံနေတာပဲ'
ဒီကလေးရဲ့ ပါရမီက ချင်းရွှယ်ထက်တောင် အဆပေါင်းများစွာ သာလွန်နေလေသည်။
"ချင်းရွှယ်..." ယွန်းမြောင်၏ လေသံက မသိမသာ နူးညံ့သွားပြီး "နျန်နျန်ကို 'အဆုံးမဲ့ ကောင်းကင်ဘုံ' ကို သေချာပေါက် ခေါ်သွားရမယ်။ သူမရဲ့ ပါရမီနဲ့ဆိုရင် နည်းနည်းလောက် ပျိုးထောင်ပေးရုံနဲ့ အနာဂတ်က အတိုင်းအဆမရှိ ဖြစ်လာမှာ။ ကောင်းကင်ဘုံရဲ့ နတ်ဘုရားမအသစ် ဖြစ်လာမှာ သေချာတယ်"
လျူနျန်သည် ‘အဆုံးမဲ့ ကောင်းကင်ဘုံ' ဟူသော စကားလုံးကို နားလည်သွားသည့်အလား စိတ်လှုပ်ရှားသွားပြီး နှုတ်ခမ်းလေး တုန်ကာ ဝါးခနဲ ငိုချလိုက်တော့သည်။
"အို... လိမ္မာတယ် နျန်နျန်လေးရယ်..."
လျူယွမ်က သမီးလေး၏ ကျောပြင်ကို သာသာလေး ပုတ်ပေးလိုက်ရာ ကလေးငယ်မှာ ချက်ချင်းပင် တိတ်သွားပြီး ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့သည်။
စုချင်းရွှယ်က ခေါင်းခါလိုက်ပြီး ပြတ်သားသော သဘောထားဖြင့် - "ဆရာ... ကျွန်မ နျန်နျန်ကို အဆုံးမဲ့ ကောင်းကင်ဘုံကို လွှတ်ဖို့ အစီအစဉ် မရှိဘူး" ဟု ငြင်းဆန်လိုက်သည်။
"ဘာလို့လဲ" ယွန်းမြောင်မှာ အလောတကြီးဖြင့် “အဆုံးမဲ့ ကောင်းကင်ဘုံရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ ပတ်ဝန်းကျင်က ဒီနေရာထက် အဆပေါင်း ရာချီ၊ ထောင်ချီ သာလွန်နေတယ်။ ဒီလို နုံချာတဲ့ လောကငယ်လေးထဲမှာ ထားခဲ့ရင် သူမရဲ့ တိုးတက်မှုကို ပိတ်ပင်လိုက်သလို ဖြစ်လိမ့်မယ်"
"ကျွန်မ ဂရုမစိုက်ဘူး" စုချင်းရွှယ်က လျူယွမ်ကို လှမ်းကြည့်လိုက်ပြီး မျက်ဝန်းများထဲတွင် နူးညံ့မှုနှင့် ခိုင်မာမှုများ လွှမ်းမိုးလျက် - "ကျွန်မတို့ မိသားစုလေး ထာဝရ အတူတူ နေရရင် ရပြီ"
ယွန်းမြောင်မှာ ချက်ချင်းပင် နားလည်သွားခဲ့သည်။
ပြဿနာရဲ့ အရင်းအမြစ်က လျူယွမ်ပဲ ဖြစ်နေဆဲ ဖြစ်သည်။
သူမသည် စုချင်းရွှယ်ကို ရေချိုးခန်းအပြင်ဘက်သို့ ဆွဲထုတ်လာခဲ့ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည် - "မင်းက လျူယွမ်ကို မခွဲနိုင်ဘူးဆိုရင်လည်း သူ့ကိုပါ အဆုံးမဲ့ ကောင်းကင်ဘုံကို တစ်ခါတည်း ခေါ်သွားလို့ ရတာပဲ"
စုချင်းရွှယ်၏ မျက်ဝန်းများ ဝင်းပသွားပြီး - "ဆရာ... ကျွန်မ ဖေဖေက လျူယွမ်ကို လက်ခံပါ့မလား"
ယွန်းမြောင်က ခက်ခဲဟန်ဖြင့် - "ဒါက... လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ စဉ်းစားကြည့်လေ၊ မင်းက ခိုးပြီး လက်ထပ်ထားရုံတင်မကဘူး၊ ကလေးတောင် ရနေပြီ။ အကယ်၍ မင်းအဖေ သိသွားရင် လျူယွမ်ကို ချက်ချင်း သတ်ပစ်ချင်မှာ သေချာတယ်"
ထိုစကားကို ကြားရသောအခါ စုချင်းရွှယ်၏ မျက်နှာလေး ဖြူလျော်သွားပြီး - "ဒါဆိုရင်တော့ ကျွန်မ သူ့ကို လုံးဝ ခေါ်မသွားရဲဘူး"
အဆုံးမဲ့ ကောင်းကင်ဘုံတွင် နတ်ဘုရားများ ဝန်းရံနေသဖြင့် ကမ္ဘာမြေထက် အဆပေါင်း သောင်းချီ ပိုမို အန္တရာယ်များသည်။
ကမ္ဘာမြေပေါ်တွင် လျူယွမ်မှာ လေးစားရသော ဌာနခွဲမှူးတစ်ယောက် ဖြစ်သော်လည်း အဆုံးမဲ့ ကောင်းကင်ဘုံသို့ ရောက်လျှင် ဇနီးဖြစ်သူ၏ အရှိန်အဝါကို မှီခိုရသူတစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။
သူမအနေဖြင့် သူ့ကို ခဏတာ ကာကွယ်ပေးနိုင်သော်လည်း ကွယ်ရာက လုပ်ကြံမည့် အန္တရာယ်များကိုတော့ မကာကွယ်နိုင်မည်ကို စိုးရိမ်မိသည်
ယွန်းမြောင်က အခွင့်အရေးကို မြင်သည်နှင့် ဖျောင်းဖျစကား ဆိုလိုက်သည် - "ငါ မင်းအဖေကို သေသေချာချာ နားချပေးမယ်၊ အချိန်တန်ရင် သူ လက်ခံလာမှာပါ။ ဒါပေမဲ့ အခုတော့ ငါနဲ့အတူ အရင် လိုက်ပြန်ခဲ့ရမယ်"
ဘာပဲဖြစ်ဖြစ်... စုချင်းရွှယ်ကို အရင်ဆုံး လှည့်စားပြီး ခေါ်သွားရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူမသည် စုကျန့်နန်ကို တစ်ရက်အတွင်း လူခေါ်လာခဲ့မည်ဟု ကတိပေးခဲ့သောကြောင့် ဖြစ်သည်။
ယခုဆိုလျှင် နှစ်နာရီမျှသာ အချိန်ကျန်တော့သည်။
စုချင်းရွှယ်က ဝေခွဲမရဖြစ်စွာဖြင့် - "ဆရာ... ကျွန်မ..."
"မရဘူး" ယွန်းမြောင်၏ သဘောထားက ငြင်းဆန်ရန် လမ်းမရှိပေ။
"ချင်းရွှယ်... မင်း အိမ်ကနေ ထွက်လာတာ လေးရက်ရှိပြီ"
"မင်း အရင်က တစ်ညတောင်မှ အပြင်မှာ မအိပ်ဖူးဘူး၊ အခုတော့ လေးရက်အပြည့် ရှိနေပြီ။ မင်းအဖေ တော်တော်လေးကို စိတ်ပူနေတာ၊ အနည်းဆုံးတော့ ပြန်လာပြီး အန္တရာယ်မရှိကြောင်း သတင်းပို့သင့်တယ် မဟုတ်လား"
စုချင်းရွှယ်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး - "ဒါပေမဲ့ ကျွန်မ... လျူယွမ်ကိုလည်း မခွဲနိုင်ဘူး၊ နျန်နျန်လေးကိုလည်း မခွဲနိုင်ဘူး၊ သမီးလေးက မွေးကာစပဲ ရှိသေးတာ..."
‘အချစ်ရူးနေတာပဲ၊ ဘယ်လိုမှ ကယ်လို့ မရတော့ဘူး'
ယွန်းမြောင်မှာ စိတ်ပူသွားခဲ့ရလေသည်။
အရင်က လိမ္မာလှတဲ့ တပည့်မလေးက အခုတော့ ဖခင်ဖြစ်သူကိုတောင် ပစ်ပယ်ထားချင်နေပြီ ဖြစ်သည်။
"ချင်းရွှယ်... မင်း သေသေချာချာ စဉ်းစားစမ်း။ မင်းသာ ပြန်မလိုက်ရင် မင်းအဖေ ကိုယ်တိုင် လာလိမ့်မယ်။ အဲဒီအချိန်ကျလို့ အမှန်တရားကို သိသွားရင် သူက လျူယွမ်ကို တကယ် သတ်ပစ်လိမ့်မယ်"
"ကျွန်မ သူ့ကို ကာကွယ်မှာပေါ့"
"မင်းက ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ" ယွန်းမြောင်က စိတ်မကောင်းစွာဖြင့် အော်လိုက်သည် "ဒီကိစ္စကြောင့် မင်းနဲ့ မင်းအဖေ ရန်သူတွေ ဖြစ်သွားတာကို ငါ မမြင်ချင်ဘူး။ ငါ့စကားကို နားထောင်ပြီး အရင် ပြန်လိုက်ခဲ့၊ မင်းအဖေရဲ့ ဒေါသကို အရင် လျှော့ခိုင်းလိုက်။ ပြီးမှ မင်း ပြန်လာပြီး နျန်နျန်နဲ့ လျူယွမ်ကိုပါ အဆုံးမဲ့ ကောင်းကင်ဘုံကို ခေါ်သွားလို့ ရတာပဲ"
စုချင်းရွှယ် သက်ပြင်းချလိုက်မိသည်။ သူမ မပြန်ဘဲ နေ၍မရကြောင်း သိလိုက်ပြီ ဖြစ်သည်။
ဖခင်ဖြစ်သူ၏ အကျင့်ကို သူမ အသိဆုံး ဖြစ်သည်။ အကယ်၍ ဖခင်ဖြစ်သူသာ အဆုံးမဲ့ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းလာပါက ပြဿနာများ ပိုမို ကြီးထွားလာနိုင်ပြီး ဤကမ္ဘာမြေပေါ်က သက်ရှိ ဘီလီယံပေါင်းများစွာပါ ဒုက္ခရောက်ကုန်ပေလိမ့်မည်။
"ဆရာ... ကျွန်မ ဆရာနဲ့အတူ ပြန်လိုက်ခဲ့ပါ့မယ်" သူမ နောက်ဆုံးတွင်တော့ အလျှော့ပေးလိုက်ရပြီး "ဒါပေမဲ့ ကျွန်မကို နောက်ထပ် တစ်ရက်လောက်တော့ အချိန်ပေးပါဦး"
အဆုံးမဲ့ ကောင်းကင်ဘုံ၏ တစ်ရက်သည် လူ့လောက၏ တစ်နှစ်နှင့် ညီမျှသည်။
သူမသည် ခင်ပွန်းဖြစ်သူ၊ သမီးဖြစ်သူတို့နှင့်အတူ နောက်ထပ် တစ်နှစ်လောက် အချိန်ဖြုန်းချင်သေးသည်။
ယွန်းမြောင်က သူမ တပည့်မလေး၏ မခွဲနိုင်မခွာရက် ဖြစ်နေမှုကို မြင်သောအခါ စိတ်ပျော့သွားခဲ့လေသည်။
စုချင်းရွှယ်အနေဖြင့် ပြန်လိုက်ရန် သဘောတူသည်ကိုပင် အတော်လေး လိမ္မာသည်ဟု ဆိုရပေမည်။
"ကောင်းပြီ... ငါ နောက်ထပ် တစ်ရက် စောင့်ပေးမယ်" ယွန်းမြောင်က လေးနက်စွာ ပြောလိုက်သည် - "ဒါက နောက်ဆုံး သတ်မှတ်ချက်ပဲ၊ ငါ့ကို လိမ်လို့ မရဘူးနော်"
"ဟုတ်ကဲ့" စုချင်းရွှယ်က ခေါင်းကို လေးနက်စွာ ငြိမ့်ပြလိုက်သည်။
ထိုအချိန်တွင် လျူယွမ်က သမီးလေးကို ရေချိုးပေးပြီးသွားပြီ ဖြစ်၍ နူးညံ့သော ပဝါတစ်ခုဖြင့် သုတ်ပေးကာ ချစ်စရာကောင်းသော ဂွမ်းအကျီလေး ဝတ်ဆင်ပေးပြီး ချီထွက်လာခဲ့သည်။
"စကားပြောလို့ ပြီးကြပြီလား။ လာပါဦး... ငါတို့ သမီးလေးကို ကြည့်စမ်း၊ တကယ့်ကို ချစ်စရာလေး မဟုတ်ဘူးလား" လျူယွမ်က သမီးလေး နျန်နျန်ကို စုချင်းရွှယ်၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
ကလေးထံမှ နို့နံ့လေးနှင့် ရေချိုးဆပ်ပြာနံ့လေး မွှေးပျံ့နေပြီး တကယ့်ကို အသည်းယားစရာ ကောင်းလှသည်။
ယွန်းမြောင်က ထိုပျော်ရွှင်စရာ မိသားစု သုံးယောက်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။
'ငါ့တပည့်မလေးက မိခင်တစ်ယောက်ရဲ့ စိတ်တွေ ပိုပြီး ပြင်းထန်လာပြီပဲ'
'မိသားစုဆိုတာ သူမရဲ့ ကျင့်ကြံခြင်းလမ်းစဉ်အတွက် အနှောင့်အယှက်တစ်ခု ဖြစ်လာလိမ့်မယ်'
'ငါကိုယ်တိုင် လျူယွမ်ကို မသတ်ရင်တောင်မှ ဒီကောင်ရဲ့ သက်တမ်းက ပုစဉ်းရင်ကွဲလို တိုတောင်းလှတယ်၊ စုချင်းရွှယ်ထက် အသက်ရှည်မှာ မဟုတ်ဘူး'
'အဲဒီအချိန်ကျရင်လည်း သေခွဲခွဲရဦးမှာပဲ'
'ဒါ့အပြင် အချစ်ဆိုတာကလည်း တစ်နေ့နေ့တော့ ငြီးငွေ့သွားကြမှာပဲ'
'ဒီဇနီးမောင်နှံက လက်ထပ်တာ သုံးနှစ်ပဲ ရှိသေးတော့ အသစ်အဆန်း ဖြစ်နေကြသေးတာပေါ့'
'နောက်ပိုင်းကျရင်ရော...'
'ဆယ်နှစ်၊ အနှစ်တစ်ရာ၊ နှစ်ပေါင်းငါးရာ...'
'နေ့တိုင်း ဒီမျက်နှာတစ်ခုတည်းကိုပဲ မြင်နေရရင် တစ်နေ့နေ့တော့ ကွာရှင်းကြမှာ သေချာတယ်'
ယွန်းမြောင်က ထိုနှစ်ယောက်၏ အနာဂတ်ကို စိတ်ထဲကနေ တိတ်တဆိတ် တွက်ချက်လိုက်ပြီး လျူယွမ်က သူမတပည့်၏ ကျင့်ကြံခြင်း တိုးတက်မှုကို မထိခိုက်စေရန် သေချာပေါက် တားဆီးရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။