← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အပိုင်း (၄၆)

​“မောင်... ကျွန်မရဲ့ လက်ရှိ ခန္ဓာကိုယ် တည်ဆောက်ပုံအရ ရွေးချယ်စရာ မရှိလို့ပါ”

​ စုချင်းရွှယ်က အခြေအနေတစ်ခုလုံးကို စာတစ်ကြောင်းတည်းဖြင့် အတိုချုပ်၍ ရှင်းပြလိုက်သည်။

​ ထို့ကြောင့် လျူယွမ်၏ မျိုးရိုးဗီဇတွေက မည်မျှပင် ကြိုးစားပါစေ၊ သူတို့၏ ဆင့်ကဲပြောင်းလဲမှုက မည်မျှပင် ထူးခြားဆန်းပြားနေပါစေဦးတော့... သူမတွင် ကိုယ်ဝန်ရလာရန်မှာ မဖြစ်နိုင်ခြေ။

​ အနည်းဆုံး တစ်လလောက်တော့ စောင့်ဆိုင်းရပေဦးမည်။

​ ဒါကို သာမန်အားဖြင့် ‘မီးနေသည်ကာလ’ ဟု ခေါ်ဆိုကြသည်။

​ “သဘောပေါက်ပြီ... မီးနီပြနေတဲ့ ကာလပေါ့” လျူယွမ်က ချက်ချင်းပင် နားလည်သွားခဲ့သည်။

​ စုချင်းရွှယ်သည် သူမ၏ သွယ်လျသော လက်ချောင်းလေးများကို ဆန့်ထုတ်ကာ ခင်ပွန်းဖြစ်သူ၏ နှုတ်ခမ်းထောင့်တွင် ပေကျံ‌နေသော နို့ကွက်လေးများကို အသာအယာ သုတ်ပေးလိုက်သည်။

​ ထို့နောက် သူ့ကို ကုတင်ပေါ်မှ ဆွဲခေါ်ကာ ကလေးပုခတ်ဆီသို့ အတူတူ လျှောက်လှမ်းသွားပြီး အိပ်မောကျနေသော သမီးငယ်လေးကို ငေးကြည့်လိုက်ကြသည်။

​ “မနေ့ညက နျန်နျန်လေးက နည်းနည်းလေးမှ မငိုဘူး၊ ဂျီလည်း မကျဘူးနော်... တကယ့်ကို လိမ္မာလွန်းတယ်”

​ စုချင်းရွှယ်၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။

​ သူမသည် နာမည်ကြီး ကလေးပြုစုစောင့်ရှောက်ရေး စာအုပ်အချို့ကို ဖတ်ဖူးထားပြီး ထိုစာအုပ်များထဲတွင် မွေးကင်းစကလေးငယ်များသည် ဂျီကျတတ်ကြောင်း ရေးသားထားသည်။

​ သို့သော် သူမ၏ သမီးလေးကမူ ထိုစာအုပ်များထဲကအတိုင်း လုံးဝ မဟုတ်ချေ။

​ လျူယွမ်က အနီးသို့ ကိုင်းညွတ်ကာ သမီးလေး၏ ပါးပြင်ကို နမ်းရှုပ်လိုက်ပြီး - “ငါတို့ နျန်နျန်လေးက အမြဲတမ်း ကလေးလိမ္မာလေး ဖြစ်နေပုံရတယ်”

​ “ဒါတင်မကသေးဘူးနော်...” စုချင်းရွှယ်က သမီးဖြစ်သူ၏ အိပ်ပျော်နေသော ပုံစံကို ညွှန်ပြရင်း - “ဟော... ကြည့်လိုက်ဦး”

​ လျူယွမ် ဂရုတစိုက် ကြည့်လိုက်မိသောအခါ... သမီးငယ်လေး၏ ဖြူဝင်းနုနယ်သော ခြေဖဝါးလေးနှစ်ဖက်သည် တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် ဖြစ်နေပြီး ဒူးနှစ်ဖက်က သဘာဝအတိုင်း ကားယားလေး ရှိနေကာ လက်ကလေးနှစ်ဖက်ကိုတော့ ချက်ပေါ်တွင် ပူးကပ်တင်ထားသည်ကို မြင်လိုက်ရသည်။ သူမ၏ အသက်ရှူသံက ရှည်လျားပြီး တည်ငြိမ်နေကာ ခန္ဓာကိုယ်တွင်းရှိ သွေးနှင့် ချီစွမ်းအင်များက အလိုအလျောက် လှည့်ပတ်စီးဆင်းနေပြီး အလွန်ပင် ပြည့်ဝနေခဲ့သည်။

​ “ဘုရားရေ….။ နျန်နျန်လေးက အိပ်ပျော်နေရင်းနဲ့ အလိုအလျောက် ကျင့်ကြံနေတာလား” လျူယွမ်က အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

​ ဤပုံစံသည် သေချာပေါက် ဆန်းကြယ်လှသော အသက်ရှူစနစ် ကျင့်စဉ်တစ်ခု ဖြစ်နေသည်။

​ စုချင်းရွှယ်က ခေါင်းညိတ်ပြလိုက်ရာ မျက်ဝန်းထဲတွင် ဂုဏ်ယူရိပ်များဖြင့် - “ဒါက [မွေးရာပါ အခြေခံ သန္ဓေသား အသက်ရှူ ကျင့်စဉ်] ပဲ။ ကျွန်မ သူမကို တစ်ခါမှ မသင်ပေးရသေးဘူး၊ သူမဘာသာသူမ သိနားလည်သွားတာပဲ ဖြစ်ရမယ်။ ကျွန်မတို့ သမီးလေးရဲ့ သိုင်းပညာပါရမီနဲ့ အသိဉာဏ်က တကယ့်ကို အံ့မခန်းပဲ”

​ လျူယွမ်လည်း သမီးဖြစ်သူကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်တော့ချေ - “ငါတို့ သမီးလေးကတော့ သူများတွေရဲ့ ပန်းတိုင်ရောက်ခါနီး အမှတ်ကိုမှ သူ့ရဲ့ စမှတ်အဖြစ် သတ်မှတ်ပြီး မွေးဖွားလာတာပဲ”

​

​ ခြံဝင်းကြီး၏ အပြင်ဘက်ရှိ လမ်းကြားလေးထဲတွင်...

​ ယဲ့ချိုးဟုန်သည် တစ်ရက်နှင့် တစ်ညတိုင်တိုင် စောင့်ကြည့်နေခဲ့သည်။

​ သူသည် အတွင်းသို့ ဝင်ရောက်ကာ သူ၏မိတ်ဆွေကောင်း လျူယွမ်နှင့် လျူယွမ်၏ မွေးကင်းစသမီးလေးကို သွားရောက်ကြည့်ရှုချင်သော်လည်း ဝင်ရန် သတ္တိမရှိ ဖြစ်နေပုံရသည်။

​ “အဆုံးမဲ့ ကောင်းကင်ဘုံရဲ့ အရှင်သခင် ‘ယွန်းမြောင်’ က လောကစည်းကို ကိုယ်တိုင် ဖြတ်ကျော်လာတာဆိုတော့ သေချာပေါက် စုချင်းရွှယ်ကို မိဘအိမ် ပြန်ခေါ်ဖို့ လာတာနေမှာ...” အဘိုးကြီးမို၏ အသံက သူ့စိတ်အာရုံထဲတွင် ပဲ့တင်ထပ်လာသည်။

​ “ဒါပေမဲ့ သူမ အထဲဝင်သွားတာ တစ်ရက်နဲ့တစ်ည ရှိနေပြီလေ၊ ဘာလို့ ဘာသံမှ ထွက်မလာရတာလဲ” ယဲ့ချိုးဟုန်မှာ ဝေခွဲမရဖြစ်နေသည်။

​ “ဒါကို ငါလည်းပဲ ထူးဆန်းနေတာ” အဘိုးကြီးမိုက တွေးတောရင်း ပြောလိုက်သည် - “သူမ စပြီး ပေါ်လာတုန်းက ဒီဂြိုဟ်တစ်ခုလုံးရဲ့ အချိန်ကို ရပ်တန့်ပစ်ဖို့ [ထာဝရစိတ်အာရုံ] ကို သုံးခဲ့တာပဲ။ တကယ်ဆိုရင် အဲဒီအချိန်အတွင်းမှာ သူမ လုပ်ချင်တာ အကုန်လုပ်လို့ ရနေတာပဲကို”

​ ယဲ့ချိုးဟုန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ - “သူမ... သူမက အချိန်ရပ်တန့်ထားတဲ့ အခွင့်အရေးကို သုံးပြီး ကျွန်တော့်ကို တစ်ခုခု မဟုတ်တာ လုပ်သွားတာမျိုးတော့ မဟုတ်ပါဘူးနော်”

​ အဘိုးကြီးမိုတစ်ယောက် ဆွံ့အသွားပြီး - “မင်း အပြာကားတွေ ကြည့်တာ များနေပြီ ထင်တယ်”

​ “ဒါပေမဲ့ သူမ တကယ်ပဲ ဘာမှမလုပ်ခဲ့ဘူး၊ ပြီးတော့ အချိန်ရပ်တန့်မှုကိုလည်း ပြန်ရုပ်သိမ်းပေးခဲ့တယ်။ မင်း အဲဒါကိုပဲ ကျေးဇူးတင်လိုက်စမ်းပါ၊ မဟုတ်ရင် သူမရဲ့ စွမ်းအားနဲ့ဆိုရင် ဒီကမ္ဘာပေါ်က သန်းပေါင်းများစွာသော လူတွေကို တစ်ခဏချင်း အမှုန့်ခြေပစ်လို့ ရတယ်”

​ “ကျွန်တော် တကယ် ကံကောင်းလို့ နောက်ထပ်တစ်ရက် အသက်ရှင်ခွင့်ရတာပဲ” ယဲ့ချိုးဟုန်က တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။

​ အဘိုးကြီးမိုက - “လျှောက်ပြောမနေနဲ့တော့၊ အထဲဝင်ဖို့ နည်းလမ်း ရှာရအောင်။ အဲဒီ ကလေးမလေးက တကယ်ပဲ ဗြဟ္မာအရှင်သခင်ရဲ့ ဝင်စားတဲ့သူ ဟုတ်၊ မဟုတ် ငါ့မျက်စိနဲ့ သေသေချာချာ မြင်ချင်တယ်”

​ “မလောပါနဲ့ဗျာ” ယဲ့ချိုးဟုန်က စိတ်ချင်း ဆက်သွယ်ကာ ပြန်ပြောလိုက်သည် - “ခင်ဗျား ပြောပြချက်အရဆိုရင် ဗြဟ္မာအရှင်သခင်နဲ့ အဆုံးမဲ့ကောင်းကင်ဘုံက ရန်သူတွေ မဟုတ်ဘူးလား။ အကယ်လို့ ယွန်းမြောင်သာ ဒါကို သိသွားရင် ခင်ဗျားရယ်၊ ကျွန်တော်ရယ်၊ ဟောဒီက ကလေးမလေးရယ် အားလုံး သွားပြီပဲ”

​ ထိုအချိန်တွင်... နောက်ကျောဘက်မှ လက်တစ်ဖက်က ယဲ့ချိုးဟုန်၏ ပုခုံးကို လာရောက်ပုတ်လိုက်လေသည်။

​ သူမှာ လန့်ဖျပ်သွားကာ ချက်ချင်းပင် လှည့်ကြည့်လိုက်မိသည်။

​ “ညွှန်ကြားရေးမှူး... ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ” ပေါ်လာသူမှာ မုပိုင် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ချိုးဟုန်၏ နှလုံးသားမှာ လည်ပင်းဝအထိ တက်ဆို့သွားခဲ့ရသည်။

​ မုပိုင်က - “အဲဒါ ငါက မင်းကို မေးရမယ့် စကားပဲ။ မင်းကော ဒီနားမှာ ဘာတွေ ခိုးကြောင်ခိုးဝှက် လာလုပ်နေတာလဲ...၊ ပြီးတော့ ဒီလမ်းကြားထဲမှာ ရပ်နေတာ တစ်ရက်နဲ့ တစ်ည ရှိပြီ၊ မင်း ခြေထောက်တွေ မညောင်းဘူးလား”

​ မုပိုင်က မျက်မှောင်ကုတ်လျက် သံသယမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

​ ယဲ့ချိုးဟုန်သည် ရုတ်တရက် အဖြေရှာမရသဖြင့် အကြံရခက်သွားကာ ခေါင်းကို ကုတ်ရင်း ခြောက်ကပ်ကပ် ရယ်မောလိုက်ရသည် - “ဟဲဟဲဟဲ... ညွှန်ကြားရေးမှူးကလည်း၊ ကျွန်တော်က လျူယွမ်ရဲ့ သမီးလေးမွေးတာကို လာဂုဏ်ပြုတာပါ။ ဒါပေမဲ့ လက်ဆောင်ကိစ္စ စဉ်းစားလို့မရသေးတာနဲ့ ဝင်ဖို့ တွန့်ဆုတ်နေလို့ပါ”

​“မင်းလည်း ငါတွေးသလိုပဲ တွေးနေတာကိုး”

​ ဒီနေ့ မုပိုင် ရောက်လာရခြင်းက အစိုးရဌာနအသီးသီးက ဝန်ကြီးတွေရဲ့ တောင်းဆိုမှုကြောင့် ဖြစ်သည်။ သူတို့က စုချင်းရွှယ်ထံ လာရောက်ပြီး ညှိနှိုင်းဆွေးနွေးကာ သူမအနေဖြင့် ယခင်နတ်ဘုရားအိုကြီးရဲ့နေရာတွင် အစားထိုးဝင်ရောက်ပြီး ကမ္ဘာဂြိုဟ်ကို ဆက်လက်စောင့်ရှောက်ပေးဖို့ မျှော်လင့်နေကြခြင်းဖြစ်သည်။

​ သာမန်လူသားတွေအတွက်တော့ နတ်ဘုရားတွေနဲ့ ဆက်ဆံရတယ်ဆိုတာဟာ အမြတ်ထုတ်ခံရဖို့နဲ့ သူတို့ကျင့်ကြံဖို့အတွက် အသုံးချခံ သယံဇာတတွေ ဖြစ်သွားရုံသက်သက်သာ ရှိသော်လည်း...

​ နတ်ဘုရားတွေရဲ့ အကာအကွယ်မရှိတဲ့ ကမ္ဘာငယ်လေးတစ်ခုဟာဆိုရင်လည်း အချိန်မရွေး လွယ်လွယ်ကူကူ ပျက်စီးသွားနိုင်ခြေ ရှိနေပြန်သည်။

​ “ညွှန်ကြားရေးမှူး... ကျွန်တော်တို့ အတူတူဝင်ရအောင်လေ” ယဲ့ချိုးဟုန်က ဖားယားသည့်အမူအရာဖြင့် ကပ်မေးလိုက်သည်။

​ ဘာပဲပြောပြော မုပိုင်က သိုင်းဂိုဏ်းချုပ်အဆင့် သိုင်းပညာရှင်ကြီးတစ်ဦး မဟုတ်ပါလား။

​ “မင်း ကလေးမွေးနေ့အတွက် လက်ဆောင်ငွေ ဘယ်လောက်ထည့်ဖို့ စိတ်ကူးထားလဲ” မုပိုင်က ရုတ်တရက် မေးလိုက်သည်။

​ ယဲ့ချိုးဟုန် ခတ္တမျှ တွေးတောလိုက်ပြီး - “ပြီးခဲ့တဲ့အကြိမ်က ထောက်ပံ့ရေးဌာနက အစ်ကိုကြီးရှောင်း ကလေးမွေးတုန်းက လျူယွမ်က တစ်ထောင်ထည့်တာ။ ကျွန်တော်ကတော့ သူနဲ့ ခင်တာဆိုတော့ သုံးထောင်လောက်ဆိုရင် အတော်ပဲ ထင်တယ်”

​ မုပိုင်က ဘာမှပြန်မပြောဘဲ ခေါင်းသာငြိတ်ပြလိုက်ပြီး၊ ရှေ့ကနေ အရင်လျှောက်နှင့်ရန် လက်ဟန်ပြလိုက်သည်။

​ သူတို့နှစ်ဦး ခြံဝင်းကြီးထဲသို့ ခြေချလိုက်ကြသည်။

​ ခြံထဲက အကြီးအကဲတွေအားလုံးက သူတို့ကို မြင်ဖူးကြသဖြင့် လျူယွမ်ရဲ့ အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်မှန်း တန်းသိကြသည်။

​ “ဟော... ညွှန်ကြားရေးမှူးမုပိုင်နဲ့ ဌာနမှူးရဲ ပါလား၊ လာကြလေ” ဒုတိယသခင်ကြီးချင်က လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။

​ အဘွားစွန်းကလည်း ပြုံးလျက် ခေါင်းညိတ်ပြကာ - “ယွမ်အာနဲ့ ချင်းရွှယ်ဆီ လာတာမလား။ အထဲကို ကြွပါဦး” ဟု ဖိတ်ခေါ်လိုက်သည်။

​ ယဲ့ချိုးဟုန်ကလည်း လျူယွမ် သမီးလေးမွေးတယ်ဆိုလို့ လာကြည့်တာဖြစ်ကြောင်း ချက်ချင်းပင် ယဉ်ကျေးစွာ ပြန်လည်ဖြေကြားလိုက်သည်။

​ ထိုအချိန်တွင်ပင်... ဧည့်ခန်းထဲ၌ ရှိနေသော စုချင်းရွှယ်သည် ရုတ်တရက် ရိပ်မိသွားကာ - “မောင်... မောင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရောက်လာပြီ ထင်တယ်”

​ နောက်တစ်စက္ကန့်တွင်တော့ လျူယွမ် ဘာမှပြန်မပြောနိုင်ခင်မှာတင်...

​ သူမသည် အိပ်ခန်းထဲရှိ ကုတင်ထက်သို့ ရုတ်ချည်း ရောက်ရှိသွားခဲ့ပြီး၊ ခပ်ပွပွ ညအိပ်အင်္ကျီတစ်စုံကိုပင် လဲလှယ်ဝတ်ဆင်ထားပြီးသား ဖြစ်နေသည်။ သူမ၏ မျက်နှာထက်တွင် သွေးရောင် လုံးဝမရှိတော့ဘဲ နှုတ်ခမ်းများပါ ဖြူဖျော့နေခဲ့ရာ... ကြည့်ရသည်မှာ ကလေးမွေးပြီးခါစ မီးနေသည် အပြင်းအထန် နာလန်ထူနေရသည့် ပုံစံအတိုင်းပင် ဖြစ်သည်။

​ လျူယွမ်မှာ ကြည့်ရင်းနှင့် ခပ်ပြုံးပြုံး ဖြစ်သွားကာ - “မောင့်ရဲ့ ချစ်ဇနီးလေးကတော့ တကယ့်ကို သရုပ်ဆောင် ကောင်းလွန်းတာပဲ”

​ သူမ၏ သရုပ်ဆောင်ချက်များက နာမည်ကြီး မင်းသမီးတွေထက်ပင် သာလွန်နေသည်ဟု ဆိုရမည်။

​ သို့သော်လည်း သူက လှည့်စားမှုကို မဖော်ကောင်ဘဲ၊ ဇနီးဖြစ်သူအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည့် သဘောဖြင့် “OK” ဟု အချက်ပြလိုက်သည်။

​ စုချင်းရွှယ်ကတော့ စိတ်ကျေနပ်သွားပုံဖြင့် မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်သည်။

​ယဲ့ချိုးဟုန်နှင့် မုပိုင်တို့ အခန်းထဲသို့ ဝင်လာကြရာတွင် နှစ်ဦးစလုံးမှာ စိုးရိမ်စိတ်များကြောင့် အတော်လေး စိတ်မသက်မသာ ဖြစ်နေကြသည်။

​ အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက်...

​ “ဌာနမှူးယဲ့ ၊ ညွှန်ကြားရေးမှူးမုပိုင်... ဒါက ကျွန်တော့်သမီးလေး နျန်နျန်လေ” လျူယွမ်က ကလေးပုခတ်ထဲက လျူနျန်လေးကို သူတို့အား ပြသလိုက်သည်။

​ နျန်နျန်လေးကတော့ နို့သီးတုလေးကို တပြွတ်ပြွတ် စုပ်နေလေသည်။

​ သူမ၏ မျက်ဝန်းထဲက ပြောင်းလဲလှုပ်ရှားနေသော အလင်းတန်းများမှာ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ သာမန်မျက်လုံးလေးများအတိုင်းပင် မြင်တွေ့ရသည်။

​ မုပိုင်ကတော့ မည်သည့်မူမမှန်မှုကိုမှ သတိမပြုမိချေ။ သူ၏ အဓိကရည်ရွယ်ချက်မှာ စုချင်းရွှယ်နှင့် စကားပြောရန်သာ ဖြစ်သည်။

​ ပွင့်ဟနေသော အိပ်ခန်းတံခါးမှတစ်ဆင့် ကုတင်ပေါ်တွင် လှဲလျောင်းနေသော စုချင်းရွှယ်ကို လှမ်းမြင်လိုက်ရသောအခါ မုပိုင်က စိတ်ထဲမှ ရေရွတ်လိုက်မိသည် - “ ဘုရားရေ”

​ သူမက လက်ဝါးတစ်ချက်တည်းနှင့် ဂြိုဟ်တစ်ခုလုံးကို အမှုန့်ခြေပစ်နိုင်သည့် နတ်ဘုရားမတစ်ပါး ဖြစ်ပါလျက်နှင့် အခုတော့ နေမကောင်းသည့် မီးနေသည်မိန်းမငယ်လေး ‘လင်းတိုင်ယွီ’ အလား သရုပ်ဆောင်နေသည် မဟုတ်ပါလား။

​ ဒါက မုပိုင်ကို လုံးဝ ဆွံ့အသွားစေခဲ့သည်။

​ စုချင်းရွှယ်၏ သဘောထားကတော့ ရှင်းလင်းလှသည်... သူမက မိသားစုကိုသာ ကာကွယ်ချင်ပြီး အစိုးရနှင့် ပတ်သက်ဆက်နွှယ်ခြင်း မရှိလိုချေ။

​ “မစ္စစု... ကောင်းကောင်း အနားယူလိုက်ပါဦး”

​ မုပိုင်က သူ၏အိတ်ကပ်ထဲမှ တစ်ထောင်တန် အထပ်လိုက်ကြီးကို ထုတ်ယူကာ လျူယွမ်ထံ ကမ်းပေးလိုက်ရင်း - “ဒါက နျန်နျန်လေးအတွက် ကျုပ်ရဲ့ လက်ဆောင်ပါ”

​ ယဲ့ချိုးဟုန်တစ်ယောက် မျက်လုံးပြူးသွားခဲ့သည်... ထိုပိုက်ဆံအုပ်၏ အထူအရဆိုလျှင် အနည်းဆုံး တစ်သိန်းလောက် ရှိရပေမည်။

​ မဖြစ်နိုင်တာ ညွှန်ကြားရေးမှူးရာ... ခင်ဗျားပဲ သုံးထောင်ထည့်မယ်လို့ ကတိပေးပြီးတော့ အခုကျမှ ဘာလို့ တစ်သိန်းကြီးတောင် ပေးနေရတာလဲ။

​ ဒါက သူ့ကို မျက်နှာပျက်စေသည် မဟုတ်ပါလား။ သူက အိတ်ကပ်ထဲက သုံးထောင်ကို စမ်းကြည့်ရင်း အပြင်ထုတ်ရမလို, မထုတ်ရမလိုဖြင့် အကြံရခက်နေခဲ့သည်။

​ ထိုအချိန်တွင်ပင် သူ၏ စိတ်ဝိညာဥ်ထဲက အဘိုးအိုကြီးကမူ ရင်ထဲတွင် အတိုင်းထက်အလွန် ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

​ “ဒီကလေးမလေးက တကယ်ပဲ ဗြဟ္မာအရှင်သခင် ဝင်စားတဲ့သူပဲ။ ဘုရားရေ... ဒီအစေခံအိုကြီး နောက်ဆုံးတော့ အရှင်သခင်ကို ပြန်တွေ့ပြီ” အဘိုးမိုက မျက်ရည်အဝိုင်းသားဖြင့် ဆိုလိုက်သည်။

​ ယဲ့ချိုးဟုန်က - “ဘာလို့ အဲဒီလို ပြောတာလဲ”

​ အဘိုးကြီးမိုက - “အရှင်သခင်က တစ်ချိန်တုန်းက ဒီအစေခံအိုကြီးရဲ့ ဝိညာဉ်ထဲမှာ အမှတ်အသားတစ်ခု ချန်ထားခဲ့ဖူးတယ်။ အကယ်လို့ အရှင်သခင်နဲ့ ပြန်တွေ့ရင် ဒီအမှတ်အသားက အာရုံခံမိလိမ့်မယ်... ဒါ လုံးဝ မမှားနိုင်ဘူး။ မြန်မြန်... ဘိုးဘေးကြီးကို ဦးချလိုက်စမ်း”

​ ယဲ့ချိုးဟုန် - “...”

​ သူကတော့ သွားရောက်မပတ်သက်ဝံ့ချေ။ ထိုကလေးမလေးက ကြည့်ရသည်မှာ လုံးဝ သာမန်အတိုင်းဖြစ်ပြီး၊ အကယ်၍ အတိတ်ဘဝ ရှိခဲ့သည့်တိုင် သူမ မှတ်မိလိမ့်မည် မဟုတ်ချေ။

​ သူမ၏ လက်ရှိ အဆင့်အတန်းမှာ လျူယွမ်၏ သမီး ဖြစ်ပြီး၊ ဟို ‘ဗြဟ္မာအရှင်သခင်’ ဆိုတာကြီး မဟုတ်ပေ။

​ “ဒါက ငါ့ရဲ့ စေတနာ အနည်းငယ်မို့လို့ နည်းတယ်လို့တော့ သဘောမထားပါနဲ့” ယဲ့ချိုးဟုန်က အံကြိတ်ကာ အိတ်ကပ်ထဲက သုံးထောင်ကို ထုတ်ပေးလိုက်သည်။

​ “မဟုတ်တာ... ဒါတောင် အများကြီး ရှိလှပါပြီ” လျူယွမ်က ပြုံးလျက် လက်ခံလိုက်လေသည်။

​ယဲ့ချိုးဟုန်ပေးသည့် လက်ဆောင်က ပို၍ သာမန်ဆန်ပြီး မုပိုင်ပေးသည့် လက်ဆောင်ကမူ အလွန်အမင်း များပြားလွန်းနေသည်။

​ လျူယွမ်က မုပိုင်၏ ငွေတစ်သိန်းထဲမှ သုံးထောင် (တစ်ထောင်တန် သုံးရွက်) ကိုသာ ယူလိုက်ပြီး ကျန်ရှိသည့် အထပ်လိုက်ကြီးကိုမူ ပြန်လည်တွန်းပို့လိုက်လေသည်။

​ “ညွှန်ကြားရေးမှူး... ခင်ဗျားရဲ့ စေတနာကို ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက များလွန်းလို့ပါ။ ကျွန်တော်ကတော့ အားလုံးကို တန်းတူပဲ သတ်မှတ်ထားတာမို့လို့ သုံးထောင်ပဲ လက်ခံပါရစေ၊ နောက်ကျရင်လည်း ကျွန်တော့်ဘက်က ဒီအတိုင်းပဲ ပြန်ထည့်လို့ရအောင်လို့ပါ”

​ မုပိုင်က ယဉ်ကျေးသည့်အနေဖြင့် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အိပ်ခန်းထဲမှ စုချင်းရွှယ်၏ အားနည်းလှသော ချောင်းဆိုးသံ နှစ်ချက် ထွက်ပေါ်လာခဲ့သည်။

​ “မောင့်... မောင့်စကားအတိုင်းပဲ... နားထောင်လိုက်ပါ...”

​ မုပိုင်တစ်ယောက် ချက်ချင်းပင် သတ္တိကြောင်သွားခဲ့ရသည်။

​ နတ်ဘုရားမကိုယ်တိုင်က နှုတ်ထွက်စကား မိန့်ကြားလာပြီဖြစ်ရာ လျူယွမ်၏ စကားကိုသာ နားထောင်ရတော့မည် မဟုတ်ပါလား။

​ “ဒါနဲ့... ဒါကတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ အားလုံး စုပေါင်းပြီး ပေးတဲ့ ကလေးမွေးနေ့ လက်ဆောင်ငွေပါ၊ ဒီကတ်ထဲမှာ အားလုံး ထည့်ထားတယ်၊ တစ်ယောက်ကို နှစ်ရာစီနဲ့ စေတနာအနည်းငယ် ထည့်ထားကြတာပါ” မုပိုင်က နက်‌ရွှေရောင်ကတ် တစ်ကတ်ကို ထုတ်ပေးလိုက်ရင်း - “လျှို့ဝှက်နံပါတ်ကတော့ နျန်နျန်လေးရဲ့ မွေးနေ့ပဲ၊ မနေ့က ရက်စွဲပေါ့”

​ လျူယွမ်လည်း ၎င်းကို လက်ခံလိုက်သည်။ သူသည်လည်း လုပ်ဖော်ကိုင်ဖက်များ မင်္ဂလာဆောင်သည့်အခါ သို့မဟုတ် ကလေးမွေးသည့်အခါများတွင် လက်ဆောင်ငွေ ထည့်ဖူးသည်ဖြစ်ရာ ယခုကဲ့သို့ ပြန်လည်လက်ခံခြင်းက သဘာဝကျလှပါသည်။

​ “မစ္စစု... ကောင်းကောင်း အနားယူလိုက်ပါဦးနော်။ ကျွန်တော်တို့ နောက်ထပ် မနှောင့်ယှက်တော့ပါဘူး”

​ မုပိုင်သည် သူလာခဲ့သည့် အဓိက အရေးကြီးကိစ္စကိုပင် မဟဝံ့တော့ဘဲ ယဲ့ချိုးဟုန်ကို ဆွဲကာ အလျင်အမြန်ပင် ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။

​ သူမ၏ သရုပ်ဆောင်မှုကို လိုက်လျောညီထွေဖြစ်အောင် ပူးပေါင်းပေးပြီး အထင်ကြီးစရာ ပုံရိပ်ကောင်းတစ်ခု ချန်ထားရစ်ခဲ့ခြင်းက အခြားအရာအားလုံးထက် ပိုမိုအရေးကြီးကြောင်း သူ ကောင်းကောင်းနားလည်ထားလေသည်။

​ သူတို့နှစ်ဦး ထွက်သွားသည်နှင့် တစ်ပြိုင်နက် စုချင်းရွှယ်သည် စောင်ကို အဝေးသို့ လွှင့်ပစ်လိုက်ကာ ခြေဗလာဖြင့် ဧည့်ခန်းထဲသို့ ပြေးထွက်လာခဲ့တော့သည်။ သူမက နက်ရွှေရောင်ကတ်ကို ကောက်ကိုင်လိုက်ပြီး မျက်နှာထက်တွင် လောဘရိပ်များ ယှက်သန်းလျက် -

​“မောင်... မောင့်ကုမ္ပဏီမှာ အလုပ်လုပ်တဲ့သူ စုစုပေါင်း ဘယ်နှယောက်ရှိလဲ...”

​လျူယွမ်က ခန့်မှန်းတွက်ချက်ကြည့်လိုက်ရင်း - “လူပေါင်း တစ်ထောင်နီးပါးလောက်တော့ ရှိမယ်ထင်တယ်၊ ဒါပေမဲ့ အများစုက မောင်နဲ့ သိပ်မခင်တဲ့သူတွေဆိုတော့ လက်ဆောင်ငွေ ထည့်ကြမှာ မဟုတ်ဘူး”

​ “လူတစ်ထောင်ကို နှစ်ရာနဲ့ မြှောက်ရင်... နှစ်သိန်းတောင်မှပဲ”

​ စုချင်းရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် သူမ၏ဖုန်းထဲက အွန်လိုင်းဘဏ်စနစ်ထဲသို့ ဝင်လိုက်ပြီး သမီးဖြစ်သူ၏ မွေးနေ့ရက်စွဲကို ရိုက်ထည့်လိုက်သည်။

​ သူမသည် မြင့်မြတ်သော မိသားစုနောက်ခံမှ ဆင်းသက်လာသူဖြစ်ပြီး တစ်သက်လုံး ငွေကြေးပြတ်လပ်မှုနှင့် မကြုံဖူးသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူမ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် ရှာဖွေနိုင်ခဲ့ခြင်း မဟုတ်ပါလား။

​ ကလေးမွေးနိုင်ခြင်းကလည်း ကိုယ်ပိုင်အရည်အချင်းတစ်ခုပဲ မဟုတ်ပါလား…

​ “ဒီငွေတွေကို နျန်နျန်လေးအတွက် စုထားပေးမယ်၊ သူမ ကြီးလာတဲ့အခါ ကျရင် ကြိုက်သလို သုံးပစေပေါ့”

​ သူမသည် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် ကြောင်အမ်းသွားခဲ့ရလေသည်။

​ “မောင်... နေပါဦး၊ ဘာလို့ သုညတွေက ဒီလောက်တောင် များနေရတာလဲ...”

​ “တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်...”

​ စုချင်းရွှယ်သည် သုညများကို တစ်လုံးချင်းစီ ရေတွက်နေခဲ့ပြီး ရေတွက်မှု တိုးလာလေလေ သူမ၏ နှလုံးခုန်သံများကလည်း ပိုမိုမြန်ဆန်လာလေလေ ဖြစ်နေသည်။

​ လျူယွမ်ကလည်း အနီးသို့ တိုးကာ လှမ်းကြည့်လိုက်မိသောအခါ... သူပါ ဆွံ့အမှင်သက်သွားခဲ့ရတော့သည်။

​ လက်ကျန်ငွေ - ၂,၀၀၀,၀၀၀,၀၀၀,၀၀၀

​ “နှစ်ထရီလီယံကြီးများတောင်” သူက ထိုကိန်းဂဏန်းကို တွက်ချက်လိုက်မိသည်။

​ “နှစ်ထရီလီယံ ဟုတ်လား” စုချင်းရွှယ်တစ်ယောက် ကြောင်အမ်းသွားကာ - “ဒါ ဘာအဓိပ္ပာယ်လဲ။ ဘာလို့ ဒီလောက်အများကြီး ရှိနေရတာလဲ”

​ သူမသည် အဆုံးမဲ့ကောင်းကင်ဘုံ၏ သန့်စင်သော နတ်ဘုရားမတစ်ပါးဖြစ်ခဲ့ပြီး ငယ်စဉ်ကတည်းက ယခုအချိန်အထိ မည်သည့်စာရင်းထဲတွင်မှ ယခုကဲ့သို့ သုညအမြောက်အမြားကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

​ ဤသာမန်လူသားတို့၏ ငွေကြေးများသည် သူမအတွက် အဓိပ္ပာယ် သိပ်မရှိသော်လည်း၊ ဤမျှ ရှည်လျားလှသော ဂဏန်းတန်းကြီး၏ အမြင်အာရုံ ရိုက်ခတ်မှုကမူ ပြင်းထန်လွန်းလှပေသည်။

​ လျူယွမ်က သက်ပြင်းတစ်ချက်ကို အဝအလင်ချလိုက်ပြီး ဤဘဏ်ကတ်၏ အနောက်ကွယ်က ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

​ “လွယ်လွယ်လေးပါ... ငါတို့ရဲ့ ကမ္ဘာဂြိုဟ်ပေါ်မှာ အခု လူဦးရေ ၁၀ ဘီလီယံ ရှိတယ်။ အကယ်လို့ သူတို့အားလုံးက မင်းကလေးမွေးတဲ့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် တစ်ယောက်ကို နှစ်ရာစီ ထည့်ကြတယ်ဆိုရင် စုစုပေါင်း နှစ်ထရီလီယံ ဖြစ်သွားတာပေါ့”

​ မုပိုင်၏ နောက်ကွယ်တွင် ကမ္ဘာဂြိုဟ်၏ အစိုးရ ရှိနေပြီး၊ ထို့ထက်ပို၍ ကမ္ဘာသူကမ္ဘာသား အားလုံး၏ ဆန္ဒ သဘောထားများလည်း ပါဝင်နေခဲ့သည်။

​ စုချင်းရွှယ်သည် ထိုရှည်လျားလှသော ဂဏန်းတန်းကြီးကို ငေးကြည့်ရင်း -

​“တစ်ကမ္ဘာလုံးက လူအားလုံးက... ကျွန်မ ကလေးမွေးဖွားတာကို ဝိုင်းဝန်းပြီး ဂုဏ်ပြုပေးကြတာလား”

​ သူမက လျူယွမ်ကို စိုးရိမ်စိတ်အနည်းငယ်ဖြင့် မော့ကြည့်လိုက်ပြီး ပြောလိုက်သည် -

​“မောင်... ကျွန်မတို့ ဒီလက်ဆောင်ကို လက်ခံသင့်ရဲ့လား…”

All Chapters