← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အပိုင်း (၄၇)

​စုချင်းရွှယ် စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။

​ သူမအနေဖြင့် ငွေကြေးကို ဂရုမစိုက်ဟု ဆိုသော်လည်း သာမန်လူသားများအတွက်မူ နှစ်ထရီလီယံဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ကိန်းဂဏန်းကြီး မဟုတ်ပါလား။

​ “ယူထားလိုက်ပါ...”

​ လျူယွမ်က ပြုံးလျက် ခေါင်းညိတ်ပြကာ နက်ရွှေရောင်ကတ်ကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

​ စုချင်းရွှယ်ကတော့ တွန့်ဆုတ်နေဆဲ ဖြစ်ကာ - “ဒါပေမဲ့ ကျွန်မ ဒီပိုက်ဆံကို လက်ခံလိုက်ရင်... သူတို့အတွက် အလုပ်လုပ်ပေးရတော့မှာလား”

​ သူမက ဉာဏ်ကောင်းသည်ဆိုသော်လည်း လောကီလူသားတို့၏ နိုင်ငံရေးအရှုပ်အထွေးများနှင့် အစိုးရဌာနများ၏ အတွင်းရေးကိုမူ နားမလည်သေးချေ။

​ လျူယွမ်က ဇနီးချောလေး၏ လှပသော နှာခေါင်းချွန်လေးကို အသာအယာ ဆွဲဖျစ်လိုက်ပြီး သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ -

​“သူတို့က နှစ်ထရီလီယံလောက်လေးနဲ့ ငါ့ရဲ့ အသည်းဦးဇနီးချောလေးကို အသက်နဲ့ရင်းပြီး အလုပ်အကျွေးပြုခိုင်းမလို့လား... အိပ်မက်မက်နေကြတာပဲ”

​ “အသည်းဦး” ဟူသော စကားလုံးကြောင့် စုချင်းရွှယ်မှာ ရင်ထဲတွင် လှိုက်ခနဲ ဝမ်းသာသွားပြီး နှုတ်ခမ်းထောင့်လေးများက မထိန်းနိုင်ဘဲ ပြုံးယောင်သန်းသွားခဲ့သည်။

​ ဒါပေါ့...။

​ ပိုက်ဆံရှိရင် သရဲကိုတောင် ကြိတ်ဆုံလည်ခိုင်းလို့ရတယ် ဆိုပေမဲ့... သူမလို မြင့်မြတ်တဲ့ နတ်ဘုရားမတစ်ပါးကို စေခိုင်းဖို့ကျတော့ ဒီလောက်နဲ့ ဘယ်လိုမှ မလုံလောက်ဘူးလေ။

​ “မောင်... မောင်ပြောတဲ့အတိုင်းပဲ လုပ်မယ်နော်...”

​ သို့သော်လည်း သူမက စူးစမ်းချင်စိတ်ဖြင့် - “ဒါနဲ့... အစိုးရက ဒီပိုက်ဆံတွေ ပေးတာ ဘာသဘောလဲဟင်။ တကယ်ပဲ သမီးလေးမွေးတာကို ဂုဏ်ပြုတဲ့ လက်ဆောင်အစစ်အမှန်လား”

​ “ဒါပေါ့... သေချာတာပေါ့” လျူယွမ်က ခေါင်းညိတ်ရင်း - “မိန်းမ….မင်း ဘာမှလုပ်ပေးနေစရာ မလိုဘူး။ ဒီပိုက်ဆံကို စိုးရိမ်စိတ်မရှိဘဲ အေးအေးဆေးဆေး လက်ခံလိုက်ရုံနဲ့တင် သူတို့အတွက် လုံလောက်နေပြီ”

​ “အကယ်လို့ မိန်းမသာ ဒါကို လက်မခံရင်သာ သူတို့တွေ ထိတ်လန့်တုန်လှုပ်ပြီးတော့ ဒီထက်ပိုများတဲ့ ပမာဏတွေနဲ့ ထပ်ခါထပ်ခါ လာတောင်းပန်နေကြဦးမှာ”

​ စုချင်းရွှယ်က နားလည်သလိုလိုဖြင့် - “ဪ... ဒါကို လူမိုက်တွေ ပြောပြောနေတဲ့ ‘ဆက်ကြေး’ လို့ ခေါ်တာပေါ့”

​ “အဲဒါက အတွေးကျဉ်းမြောင်းလွန်းတဲ့ စကားပဲ” လျူယွမ်က ခေါင်းခါလျက် ရယ်မောကာ - “ဒါကို ‘အခွန်’ လို့ ခေါ်တယ်”

​ သို့သော်လည်း ဤအခွန်က သူတို့ဘာသာသူတို့ စိတ်အေးချမ်းသာမှု ရရှိရန်အတွက် လိုလိုလားလား လာရောက်ပေးဆောင်ကြခြင်း ဖြစ်သည်။

​ စုချင်းရွှယ် သဘောပေါက်သွားခဲ့လေသည်။

​ သူမသည် နက်ရွှေရောင်ကတ်ကို သမီးဖြစ်သူ၏ ရှေ့တွင် ဝှေ့ယမ်းပြရင်း ပြုံးလိုက်ကာ -

​“နျန်နျန်လေး... တွေ့လား၊ ဒါက သမီးလေးရဲ့ နောင်ရေးအတွက် မုန့်ဖိုးတွေပေါ့”

​ “မေမေက သမီးလေးအတွက် အရင်သိမ်းထားပေးမယ်၊ ကြီးလာမှ ပြန်ပေးမယ်နော်...”

​ မွေးဖွားပြီး နှစ်ရက်မျှသာ ရှိသေးသော လျူနျန်လေးကမူ ဤအရာများကို နားမလည်နိုင်ရှာချေ။ သူမ၏ ဝိုင်းစက်နက်မှောင်သော မျက်လုံးကြီးများက မိခင်ဖြစ်သူ၏ ရင်ဘတ်ဆီသို့သာ စူးစိုက်ကြည့်နေပြီး...

​နှုတ်ခမ်းလေးထဲမှ သွားရည်များက တစ်ဖန် ပြန်လည်စီးကျလာပြန်သည်။

​

​ ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။

​ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး မုပိုင်အတွက်မူ တစ်ရက်တစ်ရက် ကုန်ဆုံးရသည်မှာ အနှစ်တစ်ထောင်ခန့် ကြာမြင့်နေသကဲ့သို့ ခံစားနေရသည်။

​ သူသည် လျူယွမ်က ရုတ်တရက် ရောက်လာပြီး ထိုနက်ရွှေရောင်ကတ်ကို ပြန်လာပေးမည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။ အကယ်၍ ပြန်ပေးလာပါက နတ်ဘုရားမ စုချင်းရွှယ်သည် သူတို့ပေးသော ပမာဏကို စိတ်ကျေနပ်မှုမရှိဟု အဓိပ္ပာယ်ရပေတော့မည်။

​ ထို့ကြောင့် နေ့စဉ်နေ့တိုင်း မဟာမိတ်အစိုးရရုံး၏ အစည်းအဝေးခန်းမထဲတွင် ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများသည် အချိန်မှန် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။

​ ထိုအစည်းအဝေး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မုပိုင်ကို စစ်ဆေးမေးမြန်းရန်သာ ဖြစ်သည်။

​ “အဘိုးကြီးမု... မင်း အဲဒီလူနဲ့ အဆက်အသွယ် ရပြီလား၊ ငါတို့ကို အမှန်အတိုင်း ပြောစမ်းပါဦး”

​ “ငါလည်း စိတ်ပူလွန်းလို့ ဆံပင်တွေတောင် ဖြူကုန်ပြီ” မုပိုင်က ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

​ ဘေးနားရှိ လူတစ်ယောက်က ခေါင်းခါရင်း - “မင်း ဆံပင်က မူလကတည်းက ဖြူနေတာပဲလေ”

​ မုပိုင်က ထိုလူကို စိုက်ကြည့်ကာ - “ဒါပေမဲ့ အခုက ထိပ်ပါ ပြောင်တော့မလို့ ဖြစ်နေပြီကွ။ ဒီအတိုင်းသာ ဆက်သွားရင် ကျုပ် ကတုံးဖြစ်တော့မယ်။ တစ်လတောင် ရှိသွားပြီ... မစ္စစုဘက်က ဘာလှုပ်ရှားမှုမှ မရှိတာဆိုတော့ ငါတို့ပေးတဲ့ နှစ်ထရီလီယံကို သူမ သဘောတူလက်ခံလိုက်ပြီ ထင်တယ်”

​ “ဟုတ်တာပေါ့... သူမက ငါတို့ကို ကာကွယ်မပေးရင်တောင်မှ... အနည်းဆုံးတော့ အရင်က နတ်ဘုရားအိုကြီးထက်စာရင် စိတ်ကျေနပ်အောင် ထားရတာ ပိုလွယ်တာပေါ့”

​ “ဟုတ်ပ... အဲဒီနတ်ဘုရားတွေတုန်းကဆိုရင် နေ့တိုင်း သူတို့ကျင့်ကြံဖို့အတွက် အစွမ်းထက်တဲ့ အမျိုးသမီးတွေကို ‘ကျင့်ကြံဖော်’ အဖြစ် တောင်းဆိုနေကြတာ။ ဒါပေမဲ့ မစ္စစုကျတော့ ခင်ပွန်းတစ်ယောက်ရှိရင်တင် လုံလောက်နေပြီ”

​ “ရဲဘော် လျူယွမ်ကတော့ ငါတို့ကမ္ဘာဂြိုဟ်ပေါ်က ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ မျိုးပွားခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်တဲ့ ကြီးမားတဲ့ အကျိုးပြုမှုကို စွမ်းဆောင်ပေးခဲ့တာပဲ။ ကျုပ်အနေနဲ့ သူ့ကို ‘နိုင်ငံတော် ဂုဏ်ထူးဆောင်တံဆိပ်’ ချီးမြှင့်ဖို့ အဆိုပြုတယ်”

​ “အားလုံးက ကန့်ကွက်သူမရှိ သဘောတူတယ်...။ အခုဆို သူက ခေါင်းဆောင်ပြီးရင် ဒုတိယအာဏာအရှိဆုံး လူပဲ”

​ မုပိုင်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး - “ရဲဘော် လျူယွမ်က ကျုပ်တို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ ဌာနခွဲမှူး တစ်ယောက်ဖြစ်တာမို့လို့... နောင်ကျရင် ကျုပ်တို့ရဲ့ (၁၂) ခုမြောက် ဗျူရိုတစ်ခုလုံးကို လူဝင်မှုကြီးကြပ်ရေးဗျူရိုကပဲ ဦးဆောင်ဖို့ အဆိုပြုတယ်...”

​ ထိုအခါ ပြည်သူ့ရေးရာဗျူရို ညွှန်ကြားရေးမှူးက ချက်ချင်းပင် ထရပ်ကာ ကန့်ကွက်လေတော့သည် -

​“နေဦး... ကျုပ်တို့ ပြည်သူ့ရေးရာဗျူရိုကလည်း စုချင်းရွှယ်ကို အိမ်ထောင်ရေးလက်မှတ် ထုတ်ပေးထားတာပဲ။ ဒါဆို ကျုပ်တို့က ပထမနေရာမှာ ရှိသင့်တာ မဟုတ်ဘူးလား”

​ အခြားဗျူရိုအကြီးအကဲများအကြား အငြင်းပွားမှုများ ရှိနေသော်လည်း... လူဝင်မှုကြီးကြပ်ရေးဗျူရိုနှင့် ပြည်သူ့ရေးရာဗျူရိုတို့မှာမူ ယခင်ကထက် အရှိန်အဝါ သိသိသာသာ တက်လာခဲ့ကြလေသည်။

​

​ ခြံဝင်းကြီးထဲတွင် နွေးထွေးသော နေရောင်ခြည်များ ဖြာကျနေခဲ့သည်။

​ ယနေ့သည် သမီးငယ်လေး လျူနျန်၏ တစ်လပြည့် မွေးနေ့ ဖြစ်သည်။

​ လျူယွမ်က ခြံထဲတွင် ခမ်းနားကြီးကျယ်သော မွေးနေ့ပွဲလေးတစ်ခု ပြင်ဆင်ထားသော်လည်း အပြင်လူများကိုမူ မဖိတ်ကြားခဲ့ချေ။ ခြံထဲရှိ အငြိမ်းစား အဘိုးအို၊ အဘွားအိုများနှင့်သာ ပျော်ပျော်ပါးပါး ဆင်နွှဲကြခြင်း ဖြစ်သည်။

​ ခယ်မဖြစ်သူ စုယွီမော့လည်း ရောက်ရှိနေခဲ့သည်။

​ ခွေးအိမ်ထဲတွင် တစ်လတိတိ တရားထိုင်အောင်းနေခဲ့သော ဆရာသခင် ယွန်းမြောင်ပင်လျှင် ယနေ့တွင် ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီဖြစ်သည်။

​ သူမသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်... သူမ၏ မြင့်မြတ်၍ အေးစက်လှသော နတ်ဘုရားမအသွင်ကို ပြန်လည်ဆောင်ထားဆဲ ဖြစ်သည်။

​ လျူယွမ်က သူမ၏ ပါးကို ရိုက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍မူ သူမ လုံးဝမေ့လျော့သွားခဲ့ပုံရသည်။

​ သို့သော်လည်း သူမ၏ အကြည့်များက လျူယွမ်ထံသို့ မတော်တဆ ကျရောက်သွားသည့် အခါတိုင်းတွင်မူ... ရင်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာရမြဲ ဖြစ်သည်။

​ ယွန်းမြောင်က ဤခံစားချက်ကို သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်က ‘ကိုယ်တွင်းနတ်ဆိုး’ ဟုသာ သတ်မှတ်လိုက်ပြီး...

​မတတ်သာသည့်အဆုံး သူမ၏ အကြည့်များကို တပည့်ဖြစ်သူထံသို့သာ လွှဲပြောင်းလိုက်ရတော့သည်။

​ စုချင်းရွှယ်သည် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် နို့နှစ်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။

​ သူမ၏ နက်မှောင်သော ဆံနွယ်ရှည်များကို ကျစ်ဆံမြီး ကျစ်ထားသဖြင့် ဖြူဝင်းနုနယ်သော လည်တိုင်လေးက ပေါ်လွင်နေခဲ့သည်။ မျက်နှာတွင် မိတ်ကပ်မရှိသော်လည်း ကြွေရုပ်လေးကဲ့သို့ ချောမွတ်နေလေသည်။

​ တစ်လတာ မိခင်နို့တိုက်ကျွေးပြီးနောက်မှာတောင်မှ... သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပိုမိုစွင့်ကားလာခဲ့သည်။

​ သူမ၏ မူလ ဖြူစင်အပြစ်ကင်းသော အငွေ့အသက်များအပြင်... ယခုအခါတွင်မူ ဆွဲဆောင်မှုရှိပြီး ရင့်ကျက်သော အိမ်ထောင်ရှင်မတစ်ဦး၏ အလှတရားနှင့် မိခင်မေတ္တာအရောင်အဝါများက ထွက်ပေါ်နေခဲ့ပြီဖြစ်သည်။

​ “ဟူး... ချင်းရွှယ်ကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာပြီပဲ...”

​ ယွန်းမြောင် စိတ်ထဲတွင် မတတ်သာမှုနှင့် နှမြောတသမှုများ ဖြစ်ပေါ်နေမိသည်။

​ လွန်ခဲ့သည့်ရက်များက သူမ တရားထိုင်ရင်း အဓိက ခွဲခြမ်းစိတ်ဖြာနေခဲ့သည့်အရာမှာ - သာမန်လူသားတစ်ဦးဖြစ်သော လျူယွမ်သည် မည်ကဲ့သို့သော နည်းလမ်းဖြင့် မျိုးရိုးဗီဇဆိုင်ရာ အတားအဆီးများကို ကျော်ဖြတ်ကာ ချင်းရွှယ်ကို ကိုယ်ဝန်ရစေခဲ့သနည်း ဟူသောအချက်ပင် ဖြစ်သည်။

​ နောက်ဆုံးတွင်တော့ မည်သည့်အဖြေမှ ရှာမရခဲ့ဘဲ ‘ကံတရား’ ကြောင့်သာဟု ကောက်ချက်ချလိုက်ရသည်။

​ ထို့အပြင်... စုချင်းရွှယ်၏ မျိုးပွားနိုင်စွမ်းကလည်း အလွန်အမင်း မြင့်မားလွန်းလှသည်။

​ ဒါတင်မကသေးဘဲ... ဤမွေးကင်းစ ကလေးမလေးသည်လည်း ကောင်းကင်နှင့် မြေကမ္ဘာ၏ စည်းကို ဖြတ်ကျော်ကာ လူ့လောကသို့ ရောက်ရှိလာနိုင်ခဲ့ခြင်းကြောင့် တကယ့်ကို ကံကောင်းလှသည်ဟု ဆိုရပေမည်။

​ “နျန်နျန်လေး... ဘိုးဘိုးတို့ ဘွားဘွားတို့ကို စစ်တပ် လက်သီးသိုင်းတစ်ကွက်လောက် ပြလိုက်ပါဦး...”

​ စုချင်းရွှယ်က ပြုံးလျက် သမီးဖြစ်သူကို မြေပြင်ပေါ်သို့ ချပေးလိုက်ပြီး ကိုယ်ဟန်အနေအထားတစ်ခုကို ပြသလိုက်သည်။

​ ဒိုင်ပါဝတ်ထားသော လျူနျန်လေးသည် မြေပြင်ပေါ်သို့ ရောက်သည်နှင့် လက်သီးလေးများကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာဖြင့် ကခုန်တော့သည်။

​ သူမသည် မွေးကင်းစ ကလေးငယ်လေးအသွင် ရှိသော်လည်း... သူမ၏ လှုပ်ရှားမှုတိုင်းက အားမာန်အပြည့်နှင့် သွက်လက်လှပေသည်။

​ တစ်လသားအရွယ်သာ ရှိသေးသော်လည်း သူမသည် ပြေးနိုင်၊ လွှားနိုင်နေပြီဖြစ်ပြီး... လေထဲတွင် ခန္ဓာကိုယ်ကို လှပစွာ လှည့်ပြကာ တည်ငြိမ်စွာ ဆင်းသက်ပြနိုင်သည့်အပြင် လက်ချောင်းတစ်ချောင်းတည်းဖြင့် ဂျွမ်းထိုးမှောက်ခုံ ရပ်ပြလိုက်သေးသည်။

​ “ဟိုက်...”

​ ထိုကလေးငယ်လေးက အသံခပ်စူးစူးလေးဖြင့် အော်ဟစ်လိုက်ရင်း ခြံထဲက လောကတ်ပင်အိုကြီးဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

​ လေပြင်းတစ်ချက်က ဖြတ်သန်းသွားပြီး မာကျောလှသော သစ်ခေါက်ကြီးကို သွားရောက်ရိုက်ခတ်မိသွားသည်။

​ ထူထဲလှသော သစ်ပင်စည်ကြီးမှာ ရုတ်တရက် တုန်ခါသွားခဲ့ပြီး သစ်ရွက်တစ်ရွက်က လွင့်စင်ကာ အောက်သို့ ကြွေကျလာခဲ့တော့သည်။

​ “ကောင်းတယ်...”

​ ခြံဝင်းကြီးတစ်ခုလုံးတွင် သောင်းသောင်းဖျဖျ လက်ခုပ်သံများ ချက်ချင်း ဆူညံသွားခဲ့သည်။

​ “ဘုရားရေ...” သခင်ကြီးချင်က အံ့ဩလွန်းသဖြင့် စကားပင် မဆိုနိုင်တော့ဘဲ - “ဒီလို အားမာန်မျိုး... ဒီလို လက်သီးဆန္ဒမျိုး... နျန်နျန်လေးက တစ်လပဲ ရှိသေးတာကို သိုင်းပညာရဲ့ ‘ပထမအဆင့် သိုင်းပညာရှင်’ ဖြစ်နေပြီပဲ”

​ လောကတ်ပင်အိုကြီး၏ သစ်ခေါက်မှာ အလွန်မာကျောလှသည့်အတွက် သူကဲ့သို့ သိုင်းဂိုဏ်းချုပ်ကြီးများပင် တစ်ခါတစ်ရံမှသာ လာရောက်လေ့ကျင့်လေ့ရှိသည်။

​ လျူနျန်လေးကမူ တစ်လသားအရွယ်ဖြင့် သစ်ပင်ကြီးကို တုန်ခါစေပြီး သစ်ရွက်ကို ကြွေကျစေခဲ့ရာ... သူမသည် စစ်မှန်သော ပထမအဆင့် သိုင်းပညာရှင်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

​ “နျန်နျန်လေးရဲ့ ပါရမီနဲ့ သိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှုကတော့... သိုင်းပညာအတွက် မွေးဖွားလာတဲ့ ပါရမီရှင်လေးပဲ” အဘိုးလီက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း မျက်လုံးများ တောက်ပလျက် ချီးကျူးလိုက်သည်။

​ “ဒါက သိုင်းပညာတင် မကသေးဘူး...” အဘိုးကျန်းက လေးနက်သော အမူအရာဖြင့် - “သူမရဲ့ အသက်ရှူစနစ်ကို ကြည့်လိုက်ဦး... သဘာဝတရားကြီးရဲ့ စည်းချက်နဲ့ တစ်သားတည်း ဖြစ်နေတယ်။ ဒါက သေချာပေါက် ‘မွေးရာပါ အခြေခံ အသက်ရှူကျင့်စဉ်’ ပဲ”

​ ဆရာကြီးချန်းက သူမ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း - “ဒီလို မိန်းကလေးမျိုးက... ကောင်းကင်ဘုံမှာပဲ ရှိသင့်တာ...”

​ အဘိုးချန်ကလည်း လျူနျန်၏ လှုပ်ရှားမှုများကို စိုက်ကြည့်ရင်း အံ့ဩတကြီးဖြင့် - “ခြေလှမ်းတိုင်းက ကြယ်တာရာတွေအတိုင်း လှုပ်ရှားနေပြီး ကြာပန်းတွေ ပွင့်နေသလိုပဲ... နျန်နျန်လေးက အစီအရင်မှာလည်း ပါရမီပါတာပဲ”

​ အဘိုးဝမ်ကလည်း ချီးကျူးစကားဆိုလိုက်သည် - “ကောင်းတယ်... နျန်နျန်လေး၊ သမီးလေး နည်းနည်းကြီးလာရင် ဘိုးဘိုးက စနိုက်ပါပစ်နည်း သင်ပေးမယ်... ဒါဆို မူကြိုကျောင်းကို စနိုက်ပါရိုင်ဖယ်ကြီး ကိုင်ပြီး သွားလို့ရပြီ”

​ အဘိုးကျိုးကမူ ဘာမှမပြောဘဲ ဒိုင်ယာရီစာအုပ်ကို တိတ်တဆိတ် ထုတ်ယူကာ ကလေးငယ်များအတွက် သင့်တော်မည့် ‘မှော်ရတနာ လက်နက်’ တစ်ခုကို စတင်ပုံဖော် ရေးဆွဲနေခဲ့ပြီ ဖြစ်သည်။

​ အငြိမ်းစား အဘိုးအိုကြီးများအဖွဲ့က လျူယွမ်ကို တစ်လှည့်၊ လျူနျန်ကို တစ်လှည့် ကြည့်လိုက်ကြသည်။ သူတို့အနေဖြင့် သိုင်းသူရဲကောင်း ဖြစ်နေပြီဖြစ်သော လျူယွမ်ကို သိုင်းပညာသင်ပေးရန် မမျှော်လင့်တော့ဘဲ... နောင်ကျရင် လျူနျန်လေးကိုသာ အဓိကထား၍ အစွမ်းကုန် ပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။

​ “ယွမ်အာ... နောင်ကျရင် ချင်းရွှယ်နဲ့အတူ အကောင့်သစ်တွေ အများကြီး ထပ်ဖန်တီးဦး”

​ လျူယွမ်က - “ကျွန်တော်ကတော့ ဘော့စ်တွေကို သတ်ပြီး အဆင့်တက်နေတာဆိုတော့... နိုင်တာ ရှုံးတာတွေက အရေးမကြီးပါဘူး”

​ စုချင်းရွှယ်ကမူ သူတို့နှစ်ဦး တကယ်ပဲ ဂိမ်းအကြောင်း ပြောနေကြသည်ဟု ထင်မှတ်ကာ ဝင်ပြောလိုက်သည် -

​ “မောင်... ခဏနေကျရင် ဂိမ်းတူတူဆော့ရအောင်နော်... ကျွန်မ မောင့်ကို Rank တင်ပေးမယ်”

​ ဂိမ်းဆော့မည့်အကြောင်း ကြားလိုက်ရသဖြင့် စုယွီမော့၏ ကလေးဆန်သော စိတ်က ကြွလာခဲ့ပြီး - “မမ... ကျွန်မလည်း ပါမယ်... ကျွန်မ မမကို Support လုပ်ပေးမယ်”

​ စုချင်းရွှယ်က ခေါင်းညိတ်ပြလိုက်ပြီး ဘေးနားတွင် တိတ်ဆိတ်နေသော သူမ၏ဆရာ ယွန်းမြောင်ကို လှမ်းကြည့်လိုက်သည်။

​ အကယ်၍ ဆရာသခင်ပါ အတူတူ ဆော့ကစားနိုင်လျှင် အလွန်ကောင်းမည်ဖြစ်သည်။

​ သို့သော်လည်း မဖြစ်နိုင်မှန်း သူမ သိနေသည်...။ သူမ၏ ဆရာမှာ ကျင့်ကြံခြင်းမှလွဲ၍ အခြား မည်သည့် ဖျော်ဖြေရေးကိုမှ စိတ်ဝင်စားသူ မဟုတ်ချေ။

​ စုချင်းရွှယ်ကိုယ်တိုင်လည်း ‘အဆုံးမဲ့ကောင်းကင်ဘုံ’ တွင် ရှိစဉ်က ထိုကဲ့သို့ပင် နေထိုင်ခဲ့ရသည်။

​ လျူယွမ်နှင့် တွေ့ဆုံပြီးနောက်ပိုင်းမှသာ သူမ၏ မူလ ပင်ကိုယ်စိတ်ရင်းများက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

​ “မင်းအတွက်ကတော့ တစ်ယောက်တည်း ဆော့တာက ပိုပြီး သင့်တော်တယ်... ဒါမှ မင်းတစ်ယောက်တည်း အတွေ့အကြုံတွေကို အပြည့်အဝ ခံစားရမှာ”

​ လျူယွမ်က ခယ်မဖြစ်သူ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သဖြင့် စုယွီမော့မှာ နှုတ်ခမ်းလေးစူကာ စုချင်းရွှယ်၏ လက်မောင်းကို လှုပ်ခါရင်း - “မမ... ခဲအိုကို ကြည့်ဦး... သူက မမကို တစ်ယောက်တည်း သိမ်းပိုက်ထားပြီး ကျွန်မနဲ့ ပေးမဆော့ဘူး”

​ “ဟူး... ငါ့ရဲ့ အဓိကတပည့်လည်း... ပျက်စီးသွားပြီပဲ...”

​ ယွန်းမြောင်ကတော့ သူမ၏ တပည့်ဖြစ်သူအပေါ် တဖြည်းဖြည်း စိတ်ပျက်အားလျော့လာမိသည်။

​ သူမ၏ အကြည့်များက လျူနျန်လေးထံသို့ ကျရောက်သွားသောအခါတွင်မူ ချစ်ခင်မြတ်နိုးစိတ်များကို မဖုံးကွယ်နိုင်တော့ချေ။

​ ဤမျှ ကောင်းမွန်လှသော ပါရမီရှင်... သူမ၏ သွေးမျိုးရိုး၊ ပင်ကိုယ်စွမ်းရည်နှင့် ဉာဏ်ပညာတို့မှာ အလွန်ပင် ရှားပါးလှပေသည်။

​ နှမြောစရာကောင်းတာက... ငါ သူမကို တပည့်အဖြစ် လက်ခံလို့ မရတာပဲ...။

​ ယွန်းမြောင် ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

​ “သူမက ချင်းရွှယ်ရဲ့ သမီးဖြစ်တဲ့အတွက် အကယ်လို့ ငါသာ သူမကို တပည့်အဖြစ် လက်ခံလိုက်ရင်... သူမက ချင်းရွှယ်ရဲ့ ဂျူနီယာ ဖြစ်သွားလိမ့်မယ်”

​ ဒါဆိုရင် မျိုးဆက်အဆင့်အတန်းတွေ အကုန် ရှုပ်ထွေးကုန်တော့မည် ဖြစ်သည်။

​ သူမက ချင်းရွှယ်ကို “မေမေ” ဟု ခေါ်ရမည်လော သို့မဟုတ် “ဆရာတူအစ်မကြီး” ဟု ခေါ်ရမည်လော..။

​ မတတ်သာသည့်အဆုံး ယွန်းမြောင်မှာ လျူနျန်လေးကို “ဆရာဘွားဘွား” ဟူသော အဆင့်အတန်းဖြင့်သာ သိုင်းပညာများကို လမ်းညွှန်ပေးရန် ဆုံးဖြတ်လိုက်သည်။

​ “နျန်နျန်လေး... ဒီကိုလာဦး၊ ဆရာဘွားဘွားက သမီးလေးကို ‘ကောင်းကင်အဆင့် ကျင့်စဉ်’ တစ်ခု သင်ပေးမယ်...”

​ ယွန်းမြောင်က သူမ၏ စွမ်းအင်စီးဆင်းမှုနည်းလမ်းကို တိုက်ရိုက် အသုံးပြု၍ သင်ကြားပေးလိုက်သည်။

​ လျူယွမ်လည်း တားဆီးခြင်း မပြုခဲ့ချေ... သူသည်လည်း သမီးဖြစ်သူအား သိုင်းပညာရပ်များစွာကို တတ်မြောက်စေချင်သည် မဟုတ်ပါလား။

​ တစ်လသားအရွယ်ဖြင့် ပြင်ပသိုင်းပညာများကို တတ်မြောက်ကာ ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာခြင်းက တကယ့်ကို ထူးခြားဆန်းကြယ်လှသည်။

​ လျူယွမ်ကိုယ်တိုင်ပင်လျှင် သိုင်းပညာတက္ကသိုလ် တက်ရောက်နေသည့် အချိန်ကျမှသာ ပထမအဆင့် သိုင်းပညာရှင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

​ ထိုသို့ဖြစ်ခြင်းကပင်... သူ၏ သိုင်းပညာပါရမီက အတော်အတန် ကောင်းမွန်နေ၍ ဖြစ်သည်။

​ ဤသိုင်းပညာရှင် လမ်းစဉ်ကို လျှော့မတွက်သင့်ပေ။ သိုင်းပညာရှင်တစ်ယောက်ဖြစ်လာပါက ပုဂ္ဂလိကကုမ္ပဏီကြီးများတွင် လစာမြင့်မြင့်ရနိုင်သလို အစိုးရဌာနများတွင်လည်း အထူးခံစားခွင့်များ ရရှိနိုင်ကြသည်။

​ အချို့လူများမှာမူ... သူတို့၏ တစ်သက်တာလုံးတွင် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးပင် ဖြစ်မလာနိုင်ကြချေ။

​ ဤအရာက ပါရမီမပါသော သာမန်လူသားတို့၏ သဘာဝကျလှသော လူ့ဘဝပင် ဖြစ်သည်။

​ လောကတွင် ပါရမီရှင်ဆိုသည်မှာ အနည်းငယ်သာရှိပြီး လူအများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။

​ သို့သော်... လျူနျန်လေးမှာမူ မွေးကင်းစကတည်းက နတ်ဘုရားအနွယ်ဝင် သွေးမျိုးဆက်ပါလာပြီး ကောင်းကင်မျက်စိကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

​ လျူယွမ်အနေဖြင့် နောင်တစ်ချိန်တွင် သူ၏သမီးငယ်လေး မည်မျှအထိ တောက်ပလာမည်ကို ကြိုတင်မြင်ယောင်နေခဲ့ပြီ ဖြစ်သည်။

​“ငါ့ရဲ့ သမီးလေးကတော့... ဧကရာဇ်တစ်ပါး ဖြစ်လာမယ့် အရည်အချင်းတွေနဲ့ ပြည့်စုံနေတာပဲ...”

All Chapters