အခန်း ၄၈
Vol. 5 Ch. 48
အပိုင်း (၄၈)
မွေးဖွားပြီး တစ်လမျှသာ ရှိသေးသော လျူနျန်လေးကို သူမ၏ မိဘအရင်းအပြင် အဘိုးအိုတို့အဖွဲ့ကပါ မျှော်လင့်ချက်ကြီးစွာ ထားနေကြသည်။
သခင်ကြီးချင်က သူမကို လက်သီးသိုင်းနှင့် ကိုယ်နေဟန်များ သင်ပေးပြီး၊ အဘိုးဝမ်က သေနတ်ကိုင်နည်း သင်ပေးကာ၊ အဘိုးလီက ဓားသိုင်းပညာကို သင်ပြပေးပြီး ဆရာကြီးချန်းကမူ သူမ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယဉ်ကျေးသိမ်မွေ့စေရန် ကူချင်းတီးပြလေသည်...။
အမြဲတမ်း အေးစက်ခက်ထန်ပြီး ဘေးကနေသာ ကြည့်နေတတ်သည့် ယွန်းမြောင်ပင်လျှင် ယနေ့တွင်တော့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့သည်။
သူမသည် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ ‘ကောင်းကင်အဆင့် ကျင့်စဉ်’ ဖြစ်သော [ကြယ်တာရာ ပြောင်းလဲခြင်း ကျင့်စဉ်] ကို လျူနျန်လေး၏ နဖူးဆီသို့ အသာအယာ ပို့လွှတ်ပေးလိုက်သည်။
ဤကျင့်စဉ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အဓိကထားပြီး ကြယ်တာရာများ၏ အလင်းရောင်ကို အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း ဖြစ်သည်။
“ဝုန်း...”
လျူနျန်လေး၏ ခန္ဓာကိုယ်သည် တောက်ပသော နေရောင်ခြည်များကို စုပ်ယူနေသည့် ‘တွင်းနက်ကြီး’ တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ရုတ်တရက် အေးစိမ့်သွားခဲ့လေသည်။
သူမသည် နက်နဲဆန်းကြယ်လှသော ညဏ်အလင်းသိမြင်မှု အခြေအနေထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာပင် အနည်းငယ် ပုံပျက်ရှုံ့တွသွားသလို ခံစားရစေသည်။
သူမသည် တစ်လသားအရွယ်သာ ရှိသေးပြီး ဘာမှနားမလည်သေးသော်လည်း... သိုင်းပညာနှင့် ပတ်သက်လာလျှင်မူ မွေးရာပါ ပါရမီထူးကြောင့် ချက်ချင်းပင် သဘောပေါက်နားလည်သွားခဲ့သည်။
မွေးရာပါ သိုင်းနတ်ဘုရား ခန္ဓာကိုယ်ကား ကြောက်ခမန်းလိလိပင်ဖြစ်သည်...။
မွေးနေ့ပွဲ ပြီးဆုံးသွားချိန်တွင် အားလုံးလည်း စားသောက်ပြီး၍ ဗိုက်ပြည့်ကာ စိတ်ကျေနပ်နေကြပြီ ဖြစ်သည်။
လျူနျန်လေးသည် ထိုဆန်းပြားလှသော အခြေအနေထဲမှ တဖြည်းဖြည်း နိုးထလာခဲ့သည်။
သူမသည် ခြံထဲက လောကတ်ပင်အိုကြီးဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး လေထဲတွင် လက်သီးလေးကို ဝှေ့ယမ်းပြလိုက်သည်။
“ဒုန်း...”
လောကတ်ပင်အိုကြီးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး စိမ်းစိုနေသော လောကတ်သစ်ရွက် နှစ်ရွက်က အောက်သို့ အသာအယာ ကြွေကျလာခဲ့တော့သည်။
ခြံဝင်းကြီးတစ်ခုလုံးသည် ချက်ချင်းပင် လုံးဝ တိတ်ဆိတ်သွားခဲ့ရသည်။
အားလုံး၏ အကြည့်များက ကြွေကျလာသော သစ်ရွက်နှစ်ရွက်ပေါ်တွင် ရပ်တန့်သွားခဲ့ပြီး မှင်တက်သွားကြလေတော့သည်...။
“ဒုတိယအဆင့်...” သခင်ကြီးချင်၏ အသံများ တုန်ရင်နေခဲ့ပြီး လက်ထဲက အရက်ခွက်ပင် လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
“ဘုရားရေ... သူမက အဆင့်တက်သွားပြီလား...” အဘိုးဝမ်၏ လက်ထဲမှ ထမင်းစားတူများက ‘ဂလောက်’ ဟူသော အသံနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျသွားခဲ့သည်။
“ပထမအဆင့်ကနေ ဒုတိယအဆင့်ကို ရောက်ဖို့... မွေးနေ့ပွဲကျင်းပတဲ့ အချိန်လေးပဲ ကြာတယ် ဟုတ်လား...” အဘိုးလီက လျူနျန်လေးကို သရဲတစ္ဆေတစ်ကောင်ကို ကြည့်သကဲ့သို့ ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
“ကြောက်စရာကောင်းလိုက်တာ... တကယ် ကြောက်စရာကောင်းလွနိးတယ်...” အဘိုးကျန်းက ခေါင်းကို ခါယမ်းရင်း - “ငါ့တစ်သက်လုံး ကျင့်ကြံလာတာတောင် နျန်နျန်လေးရဲ့ ထိုးထွင်းသိမြင်မှုကို မမီပါလား...”
အမြဲတမ်း အေးစက်လှသော ယွန်းမြောင်၏ မျက်နှာတွင်ပင် အံ့ဩတုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ထင်ဟပ်လာခဲ့သည်။
သူမ သင်ပေးလိုက်သည်က စစ်မှန်သော ကောင်းကင်အဆင့် ခန္ဓာကိုယ်ကျင့်စဉ် [ကြယ်တာရာ ပြောင်းလဲခြင်း ကျင့်စဉ်] ဖြစ်သည်။
စုချင်းရွှယ်ကဲ့သို့ ရှားပါးလှသော ပါရမီရှင်ပင်လျှင် ဤကျင့်စဉ်ကို နားလည်ရန် တစ်နာရီခန့် အချိန်ယူခဲ့ရသည်။
ထို့ပြင် စုချင်းရွှယ် သင်ယူစဉ်က အသက်ငါးနှစ် ရှိနေပြီ ဖြစ်သည်။
သို့သော် လျူနျန်လေးမှာမူ တစ်လသားအရွယ်သာ ရှိသေးပြီး စကားပင် မပြောတတ်သေးချေ၊ ထိုမျှမက ထမင်းတစ်နပ်စားသည့် အချိန်လေးအတွင်းမှာတင် နားလည်သဘောပေါက်သွားခဲ့သည် မဟုတ်ပါလား...။
ဤမျှလောက်အထိ ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်မားခြင်းက တကယ့်ကို အံ့မခန်း ဆန်းကြယ်လွန်းလှသည်။
“ချင်းရွှယ်... မင်း တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်လေးတစ်ယောက်ကို မွေးဖွားပေးလိုက်တာပဲ...”
ယွန်းမြောင်သည် ချစ်ခင်မြတ်နိုးစိတ်များကို မထိန်းနိုင်တော့ဘဲ လျူနျန်လေး၏ ဖောင်းအိနေသော ပါးပြင်လေးကို အသာအယာ ဆွဲဖျစ်လိုက်ရင်း - “သေချာကျင့်ကြံနော်... နောင်ကျရင် သမီးလေးက မေမေထက်တောင် ပိုပြီး အစွမ်းထက်လာမှာ သေချာတယ်...”
စုချင်းရွှယ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သမီးဖြစ်သူကို ပွေ့ချီလိုက်ပြီး ပါးကို နမ်းလိုက်ကာ - “နျန်နျန်လေးက တော်လိုက်တာ... ဒါပေမဲ့ မေမေ့ကို ကျော်ဖြတ်ဖို့ကတော့ အဲလောက် မလွယ်ဘူးနော်...”
သူမ၏ ရင်ထဲတွင် အရှုံးမပေးချင်သော ပြိုင်ဆိုင်လိုစိတ်ကလေးက အနည်းငယ် ထကြွလာခဲ့သည်။
မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကို အလွယ်တကူ ကျော်တက်ခွင့် ပေးလို့ ဘယ်ဖြစ်မလဲ...။
“ခဲအို... အခုထက်ပိုပြီး ကြိုးစားမကျင့်ကြံရင်တော့ နျန်နျန်လေးက မကြာခင် ခဲအိုကို ကျော်တက်သွားတော့မယ်နော်...” စုယွီမော့က လျူယွမ်၏ လက်မောင်းကို ဘေးကနေ တွန်းလိုက်ရင်း မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လျူယွမ်က အေးအေးဆေးဆေးပင် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ကာ - “တကယ်တော့... ငါ နေ့တိုင်း ကြိုးစားနေတာပါ...”
စုယွီမော့က မျက်လုံးကို အပေါ်ပင့်တင်ကာ မယုံကြည်သလို ကြည့်လိုက်ပြီး - “မဖြစ်နိုင်တာ... ကျွန်မ ဒီကိုရောက်တာ တစ်နှစ်နီးပါး ရှိပြီ၊ ခဲအို သိုင်းပညာကို အလေးအနက် လေ့ကျင့်နေတာ တစ်ခါမှ မမြင်ဖူးဘူး...”
“ဟုတ်လို့လား...”
လျူယွမ်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြုံးလိုက်သည်။
သူသည် လောကတ်ပင်အိုကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ လက်သီးတစ်ချက် အသာအယာ ပစ်သွင်းလိုက်သည်။
“ဝုန်း...”
လောကတ်ပင်အိုကြီးဆီမှ တိုးညှင်းပြီး ပြင်းထန်သော တုန်ခါသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သစ်ရွက်များ တရှဲရှဲ မြည်ဟည်းသွားကာ လောကတ်သစ်ရွက် ငါးရွက်တိတိ မြေပြင်ပေါ်သို့ ကြွေကျလာခဲ့တော့သည်...။
စားပွဲတစ်ခုလုံးသည် တစ်ဖန်ပြန်၍ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သေမင်းတမျှ တိတ်ဆိတ်သွားခဲ့ပြန်သည်။
စုယွီမော့၏ ပါးစပ်မှာ အံ့ဩလွန်းသဖြင့် ‘O’ ပုံသဏ္ဌာန် ဝိုင်းစက်သွားခဲ့ပြီး မျက်လုံးများပင် ပြူးထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။
သခင်ကြီးချင်က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း - “တော်လိုက်တဲ့ကောင်လေး... သူက စတုတ္ထအဆင့်ကနေ ပဉ္စမအဆင့်ကို ချိုးဖျက်ပြီး တက်လှမ်းသွားပြီပဲ...။ ဒါ... သိုင်းသူရဲကောင်း အလယ်အလတ်အဆင့်ပဲ...”
အဘိုးကျန်းက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် - “ကြည့်ရတာ... ဒီကောင်လေးက လုံးဝ ပျက်စီးသွားတာတော့ မဟုတ်သေးပါဘူး...၊ ပြန်ပြီး ပျိုးထောင်ပေးလို့ ရပါသေးတယ်...”
“ခဲအို... ခဲအိုက ဘယ်တုန်းက ပဉ္စမအဆင့်ကို ရောက်သွားတာလဲ...။ ဒါ မဖြစ်နိုင်တာ...” စုယွီမော့က ဝေခွဲမရစွာဖြင့် အော်ဟစ်လိုက်သည်။
“ခုနတင် ခဲအိုက စတုတ္ထအဆင့်မှာပဲ ရှိနေသေးတာလေ...”
“ဒါ အတုအယောင် မဟုတ်လား...”
“ဒီသစ်ပင်က ခဲအိုကို မတရားအမှတ်ပေးပြီး ဝိုင်းလိမ်ပေးနေတာလို့ ကျွန်မ သံသယရှိတယ်...”
သူမသည် စည်းမျဉ်းကို သဘောပေါက်ထားပြီး ဖြစ်သည် - ဤလောကတ်ပင်အိုကြီးသည် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို တိုင်းတာနိုင်ပြီး ထွက်လာသော သစ်ရွက်အရေအတွက်သည် ထိုလူ၏ အဆင့်ကို ဖော်ပြခြင်း ဖြစ်သည်။
အဘိုးလီက ခေါင်းခါလျက် - “လောကတ်ပင်အိုကြီးက ဘယ်တော့မှ မလိမ်ဘူး။ ယွမ်အာက တကယ်ပဲ ပဉ္စမအဆင့် သိုင်းသူရဲကောင်း ဖြစ်နေပြီ၊ ကြည့်ရတာ သူက တိတ်တဆိတ် ကြိုးစားလေ့ကျင့်နေခဲ့တာပဲ...”
“ဒါပေမဲ့ ခဲအိုက ဘာမှ မလုပ်ဘဲ နေနေတာကို...” စုယွီမော့မှာ လုံးဝကို ဇဝေဇဝါ ဖြစ်နေခဲ့သည်။
“ယွီမော့... နင့်ခဲအိုကို အတင်းမစွပ်စွဲပါနဲ့...” စုချင်းရွှယ်က လျှောက်လာရင်း တည်ကြည်လေးနက်စွာဖြင့် - “သူ နေ့တိုင်း ညဘက်တွေမှာ ဘယ်လောက်တောင် ကြိုးစားအားထုတ်လဲဆိုတာ... မမကိုယ်တိုင် သက်သေခံနိုင်တယ်...”
စုယွီမော့မှာ လုံးဝ မှင်တက်သွားခဲ့ရသည်။
ငါ့ မှတ်ဉာဏ်တွေများ ပျောက်ဆုံးနေတာလား...။
ဘာလို့ ခဲအို ကြိုးစားနေတာကို အားလုံးက သိပြီး ငါတစ်ယောက်တည်း မသိရတာလဲ...။
သူမက အကူအညီတောင်းခံသည့် အကြည့်များဖြင့် ယွန်းမြောင်ကို လှမ်းကြည့်လိုက်ရာ ယွန်းမြောင်သည်လည်း မျက်မှောင်ကုတ်ထားသည်ကို တွေ့လိုက်ရသည်။
‘ဒီကောင်လေးက ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံနေတာလဲ...’
‘ဒါ... နှစ်ကိုယ်တူ ကျင့်စဥ်များလား...’
ယွန်းမြောင် စိတ်ထဲတွင် တွေးတောနေမိသည်။
လျူယွမ်သည် သူမ၏တပည့် စုချင်းရွှယ်၏ အကူအညီဖြင့် ကျင့်ကြံခြင်းအဆင့်ကို တိတ်တဆိတ် မြှင့်တင်နေခြင်း ဖြစ်နိုင်သည်ဟု သူမ သံသယဝင်မိလိုက်သည်။
သို့သော်လည်း ထိုကျင့်စဉ်မျိုးသည် ကျင့်ကြံခြင်းအဆင့် တူညီသောလူနှစ်ဦး စွမ်းအင်ချင်း ထိန်းညှိပြီး အပြန်အလှန် တိုးတက်စေရန်အတွက်သာ သင့်တော်ခြင်း ဖြစ်သည်။
အကယ်၍ လူနှစ်ဦး၏ အဆင့်အတန်းက အလွန်ကွာခြားလွန်းပါက တစ်ယောက်သည် စွမ်းအင်အဆုတ်ယုတ်ခံရပြီး လုံးဝ ကုန်ခမ်းသွားရမည် ဖြစ်သည်။
စုချင်းရွှယ်က နတ်ဘုရားမတစ်ပါး ဖြစ်ပြီး လျူယွမ်က သာမန်လူသား ဖြစ်သည်။ နတ်ဘုရားနှင့် လူသားတို့၏ ခြားနားချက်ကြောင့် ထိုကျင့်စဉ်ကို ကျင့်ကြံရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။
သူ့မှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေတာလဲ...။
ယွန်းမြောင် တွေးလေလေ ပိုပြီး ဝေခွဲမရလေဖြစ်ကာ... သူမ၏ တာအိုနှလုံးသားကိုပင် တုန်လှုပ်စေနိုင်သည့် ရူးသွပ်သော အတွေးတစ်ခု ဝင်လာခဲ့သည်။
သူမ မည်သို့ပင် တွက်ချက်ပါစေ ကျိုးကြောင်းဆီလျော်သော အဖြေတစ်ခုကို ရှာမတွေ့နိုင်ဘဲ... လမ်းပျောက်နေသကဲ့သို့ ခံစားနေရသည်။
“ငါ မှားသွားတာလား...။ သူက တကယ်ပဲ ချင်းရွှယ်နဲ့ ထိုက်တန်တာလား...”
ယွန်းမြောင်၏ စိတ်များ စတင်တုန်လှုပ်လာခဲ့သော်လည်း အဖြေကို မတွက်ချက်နိုင်သဖြင့် ခန့်မှန်းချက်အပေါ်တွင်သာ မှီခိုနေရသည်။
ဒီအရာကို အတည်ပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ... ဒုတိယမြောက် ကလေးပင် ဖြစ်သည်...။
အကယ်၍ လျူယွမ်က စုချင်းရွှယ်ကို နောက်ထပ် ကိုယ်ဝန်ရအောင် လုပ်နိုင်ဦးမည်ဆိုပါက... သူသည် သာမန်လူမဟုတ်ကြောင်း သက်သေပြရန် လုံလောက်ပေလိမ့်မည်။
တစ်ကြိမ်ဆိုလျှင် ကံကြောင့်သာဖြစ်ပြီး နှစ်ကြိမ်ဆိုလျှင်တော့ ခွန်အားအစစ်အမှန်ကို ပြသခြင်းပင် ဖြစ်သည်။
“မဖြစ်ဘူး... မဖြစ်ဘူး...၊ ချင်းရွှယ်ကို နောက်ထပ် ကလေး မွေးခိုင်းလို့ မရဘူး...”
ယွန်းမြောင်သည် သူမ၏တပည့်ကို နောက်ထပ် ကိုယ်ဝန်မရစေချင်တော့ချေ။
သူမ၏တပည့် ‘အဆုံးမဲ့ကောင်းကင်ဘုံ’ သို့ ပြန်သွားသည့် အချိန်တွင် ကလေးနှစ်ယောက်မိခင် မဟုတ်ဘဲ သန့်ရှင်းသော နတ်ဘုရားမတစ်ပါးအဖြစ်သာ ရှိနေစေချင်သည်။
အမှန်တော့ လျူယွမ် အဆင့်တက်နိုင်ခဲ့ခြင်းမှာ သမီးဖြစ်သူ၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်သည်။
သမီးဖြစ်သူက နှစ်ဆင့် ချိုးဖျက်ကာ အဆင့်တက်လှမ်းနိုင်ခဲ့သည်။
ဒါကလည်း မျိုးရိုးဗီဇ ဆင့်ကဲပြောင်းလဲခြင်း အောက်တွင် အကျုံးဝင်နေသည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်က ဖခင်ဖြစ်သူထံသို့ တုံ့ပြန်မှု ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဤအတောအတွင်း သူ၏ ဘီလီယံနှင့်ချီသော မျိုးရိုးဗီဇများက ဆက်တိုက် ပြောင်းလဲနေခဲ့ပြီး လုံလောက်သော ခွန်အားများကို စုဆောင်းထားပြီး ဖြစ်သည်။
ယနေ့တွင် သမီးဖြစ်သူ၏ အဆင့်တက်မှုနှင့်အတူ လျူယွမ်သည်လည်း သဘာဝအတိုင်း သူ၏ အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
မွေးနေ့ပွဲ ပြီးဆုံးသွားပြီးနောက် ယွန်းမြောင်သည် စိုးရိမ်ပူပန်မှုများစွာဖြင့် သူမ၏ ကျင့်ကြံရာနေရာသို့ ပြန်သွားခဲ့သည်။
ထို့နောက် အဘွားစွန်းက ကျောက်စိမ်းပုလင်း အသေးလေးနှစ်လုံးကို လျူယွမ်နှင့် စုချင်းရွှယ်တို့ထံသို့ ကမ်းပေးလိုက်ရင်း ပြုံးလျက် ပြောလိုက်သည် -
“ဒါက အချင်းကနေ ဖော်စပ်ထားတဲ့ [လျှို့ဝှက်ဆန်းကြယ် အနှစ်သာရ ပြန်လည်ဆုံစည်းခြင်း ဆေးလုံး] ပဲ။ ဒါက ခန္ဓာကိုယ်ရဲ့ အခြေခံကို ခိုင်မာစေပြီး အသက်ရှူစွမ်းအင်ကို အားဖြည့်ပေးသလို သွေးလေကိုလည်း အလွန် ကောင်းမွန်စေတယ်။ ပုလင်းအမည်းရောင်ထဲက ‘လျှို့ဝှက်ဆေးလုံး’ ကို ချင်းရွှယ် သောက်ပြီး၊ ပုလင်းအဖြူရောင်ထဲက ‘အနှစ်သာရဆေးလုံး’ ကို ယွမ်အာ သောက်ရမယ်။ မမှားစေနဲ့ဦးနော်...”
“ကျေးဇူးတင်ပါတယ် အဘွားစွန်း...” ဇနီးမောင်နှံနှစ်ဦးက ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ကြသည်။
လက်ထဲက ဆေးလုံးများကို ကြည့်ရင်း လျူယွမ်က တွေးမိသည် - “ဘာလို့ အရောင်တွေ ကွဲနေတာလဲ...။ ကြည့်ရတာလည်း ဝိညာဉ်အဖြူအမည်းတွေလိုပဲ...”
ထို့နောက် သူတို့နှစ်ဦးသည် သမီးဖြစ်သူကို ချီကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြသည်။
စုယွီမော့ကတော့ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်လာခဲ့ပြီး ခဲအိုတို့နှင့်အတူ ဂိမ်းဆော့မည်ဟု ဇွတ်ပူဆာနေကာ... အထူးသဖြင့် သုံးယောက်တွဲ Rank ပွဲ ဆော့ချင်နေခဲ့သည်။
သို့သော်လည်း လျူယွမ်က သူမကို ချက်ချင်း ငြင်းပယ်လိုက်လေသည် -
“နင့် မမနဲ့ ငါနဲ့က နှစ်ယောက်တွဲ ဆော့မှာ။ နင်က အခန်းထဲပြန်ပြီး တစ်ယောက်တည်း Solo ဆော့ချေ...”
“ဒုန်း...” ခနဲ အသံနှင့်အတူ တံခါးကြီးက စုယွီမော့၏ ရှေ့တွင် ပိတ်သွားခဲ့တော့သည်။
သူမသည် ပိတ်သွားသော တံခါးကို စိုက်ကြည့်ရင်း မကျေမနပ်ဖြင့် ခြေဆောင့်လိုက်မိတော့သည်။ သူမ၏ မမကို... ခဲအိုက တစ်ဦးတည်း သိမ်းပိုက်လိုက်ပြန်ပြီ ဖြစ်သည်။