← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အပိုင်း (၄၉)

​အခန်းထဲသို့ ရောက်သောအခါ စုချင်းရွှယ်သည် သမီးဖြစ်သူကို ပထမဆုံး နို့တိုက်ပြီး အိပ်ပျော်အောင် ချော့သိပ်လိုက်လေသည်။ ထို့နောက် ပုခက်၏ အသံလုံစနစ်ကို ဖွင့်ပေးလိုက်သည်။

​ သူမသည် စားပွဲပေါ်က အဖြူရောင်ပုလင်းကို လှမ်းယူကာ ဖွင့်လိုက်ရာ မွှေးပျံ့လှသော ဆေးရနံ့တစ်ခုက လွင့်ပျံလာခဲ့သည်။

​ သူမက ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

​ မျိုချခါနီး ဆဲဆဲတွင်မှ မည်သည့်အရောင်ကို သောက်ရမည်လဲဆိုသည်ကို မေ့သွားသဖြင့် လျူယွမ်ကို လှမ်းမေးလိုက်၏။ “ယောက်ျား... အဘွားစွန်း ပြောသွားတာ ကျွန်မတို့နှစ်ယောက် ဘယ်သူက ဘယ်အရောင် သောက်ရမှာလဲ မှတ်မိသေးလား...”

​ လျူယွမ်က သမီးဖြစ်သူကို စောင်သေချာခြုံပေးရင်း - “မိန်းမက ပုလင်းအမည်းထဲက လျှို့ဝှက်ဆေးလုံးကို သောက်ရမှာ၊ မောင်က ပုလင်းအဖြူထဲက အနှစ်သာရဆေးလုံးကို သောက်ရမှာလေ...”

​ “အယ်... ဒါဆို ကျွန်မ ဆေးမှားသောက်မိတော့မလို့ပဲ၊ တော်သေးတယ် မျိုမချမိလို့...”

​ စုချင်းရွှယ်သည် စိတ်ကူးတစ်ခု ရသွားဟန်ဖြင့် လျူယွမ်အနားသို့ လျှောက်သွားကာ သူ၏နှုတ်ခမ်းကို တိုက်ရိုက် နမ်းလိုက်တော့သည်။

​ ဆေးလုံးက ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် လျူယွမ်သည် နွေးထွေးပြီး သက်သောင့်သက်သာရှိသော ခံစားချက်တစ်ခုသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။

​ “အရသာ ဘယ်လိုလဲ...” စုချင်းရွှယ်၏ မျက်လုံးများက တောက်ပနေပြီး ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခု ရှိနေခဲ့သည်။

​ “အင်း... တကယ့်ကို အားပြည့်စေတယ်...”

​ စကားပင် ဆုံးအောင်မပြောရသေးခင်မှာတင် စုချင်းရွှယ်က သူ၏လက်ကို ဆွဲကိုင်ကာ အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားခဲ့လေသည်။

​ “ယောက်ျား... CD (Cool Down) က ပြည့်သွားပြီနော်...”

​ ညဉ့်နက်သန်းခေါင်ယံအချိန်...

​ ထိုနေရာသည် သက်ရှိဟူသမျှ ရှင်သန်နိုင်စွမ်းမရှိသော နေရာဖြစ်၏။

​ အရိုင်းမြေထဲတွင် လူသေအရိုးဖြူများ ပြန့်ကျဲနေပြီး မိုင်ထောင်ချီအတွင်း ကြက်တွန်သံပင် မကြားရချေ။

​ ဤနေရာသည် ရှေးယခင်ကတည်းက စစ်တလင်းပြင်တစ်ခု ဖြစ်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြချေ။

​ ဘွဲ့ထူးဂုဏ်ထူးများ ရရှိမည့် အောင်ပွဲခံဂုဏ်သရေကို မပြောနှင့်ဦး... စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုဆိုသည်မှာ ရဲဘော်ရဲဘက် ထောင်သောင်းချီသောသူတို့၏ အရိုးစုများပေါ်တွင် တည်ဆောက်ထားရခြင်း မဟုတ်ပါလား။

​ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ကာ တိုက်ပွဲပေါင်း ရာချီ ဆင်နွှဲခဲ့ကြပြီး လိုလန်ပြည်နယ်ကို မသိမ်းပိုက်နိုင်သရွေ့တော့ ပြန်လာကြလိမ့်မည် မဟုတ်ချေ...

​ တစ်ချိန်တည်းမှာပင်...

​ ညကောင်းကင်ယံ၌ တောက်ပနေသော လပြည့်ဝန်းကြီးသည် ငွေရောင်အလင်းတန်းများကို တိတ်တဆိတ် ဖြာကျစေလျက် ရှိသည်။

​ လမျက်နှာပြင်ပေါ်တွင် အလင်းတန်းများသည် ပြဒါးရည်များကဲ့သို့ စီးဆင်းနေပြီး တဖြည်းဖြည်းချင်းပင် အေးစက်ခက်ထန်လှသော ဧရာမ မျက်လုံးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့တော့သည်...။

​ ထိုမျက်လုံးကြီးက လှုပ်ရှားသွားပြီး... သူ၏ အကြည့်များက ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖြတ်သန်းကြည့်ရှုလိုက်သည်။

​ တောင်တန်းများ၊ မြို့ပြများ... ဘာတစ်ခုမျှ ဖုံးကွယ်ထား၍ မရဘဲ တစ်ခုခုကို လိုက်လံရှာဖွေနေသကဲ့သို့ ရှိနေသည်။

​ နောက်ဆုံးတွင်တော့ ထိုအကြည့်သည် လင်အန်းမြို့ဟောင်းလမ်းထဲက ခြံဝင်းကြီးတစ်ခုဆီသို့ ကျရောက်သွားခဲ့တော့သည်။

​ခွေးအိမ်လေးထဲတွင်မူ...

​ ဖုန်မှုန့်တစ်စ၊ အညစ်အကြေး တစ်ပွင့်မျှမရှိဘဲ ညစ်ပတ်မှုဟူသမျှ ကင်းစင်ကာ စင်ကြယ်သန့်ရှင်းနေခဲ့သည်။

​ လေထဲတွင် လွင့်မျောလျက် ကျင့်ကြံနေသော ယွန်းမြောင်သည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်မိသည်။

​ သူမ၏ ခန္ဓာကိုယ်လေး တုန်ခါသွားခဲ့ပြီး မိမိအား တိတ်တဆိတ် စောင်းငဲ့ကြည့်နေသည့် ရင်းနှီးလှသော ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

​ ဒါ... ငါ့ရဲ့ စီနီယာအစ်ကိုကြီး 'စုကျန့်နန်' ပဲ...

​ သူ ကိုယ်တိုင်ကိုယ်ကျ ရောက်မလာသော်လည်း 'ကောင်းကင်မျက်လုံး'ကို အသုံးပြု၍ ဤလောကထဲသို့ ကြည့်ရှုနေခြင်း ဖြစ်သည်။

​ ပြောစရာပင် မလိုချေ... သူသည် သူမကို ကြည့်ရန် ရောက်လာခြင်း မဟုတ်ပေ။

​ သူ့သမီးဖြစ်သူ စုချင်းရွှယ်ကို လိုက်လံ ရှာဖွေနေခြင်းသာ ဖြစ်သည်။

​ သို့သော်လည်း ဤခြံဝင်းကြီး၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားပြီးဖြစ်၍ သူ ဘာမှမမြင်ရချေ။

​ တီဗီဖန်သားပြင်ကြီးမှာ မည်းမှောင်နေသကဲ့သို့ပင် မြင်နေရလေသည်။

​ “ယွန်းမြောင်... ငါ ဘာလို့ ချင်းရွှယ်ကို မမြင်ရတာလဲ။ သူမ ဘာလုပ်နေတာလဲ...”

​ လေထုထဲကနေ မှေးမှိန်ဆန်းကြယ်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယွန်းမြောင်တစ်ယောက်တည်းသာ ကြားနိုင်လေသည်။

​ ယွန်းမြောင်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့ပြီး ခေါင်းပင် ကိုက်ချင်လာသလို ခံစားလိုက်ရသည်။

​ သူမသည် ခြံဝင်း၏ ဖုန်းရွှေ စွမ်းအင်ကို ချက်ချင်းပင် မြှင့်တင်လိုက်ပြီး စုကျန့်နန် တစ်စုံတစ်ရာ ထူးဆန်းသည်ကို မမြင်မိစေရန် အကာအကွယ်နှစ်ထပ်ဖြင့် ပိတ်ဆို့လိုက်လေသည်။

​ ထို့နောက် ကောင်းကင်ယံ၌ မျက်လုံးကြီးကဲ့သို့ ဖြစ်နေသော လမင်းကြီးကို ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း ယွန်းမြောင်က ပြန်လည် ဖြေကြားလိုက်သည် -

“စီနီယာအစ်ကို... ဆက်မကြည့်နဲ့တော့၊ ချင်းရွှယ်က ခြံထဲမှာ မရှိဘူး...”

​ သူမသည် စုကျန့်နန် တစ်စုံတစ်ခုကို ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် တည်ငြိမ်အေးစက်နေသော မျက်နှာထားကို အတတ်နိုင်ဆုံး ထိန်းထားလိုက်ရသည်။

​ 'ငါ တကယ် အပြစ်လုပ်နေမိတာပဲ...'

​ 'ငါ ဘယ်လိုလုပ်ပြီး ကင်းစောင့်ပေးရတဲ့သူ ဖြစ်သွားတာလဲ...'

​ “ချင်းရွှယ် ဘယ်မှာလဲ...”

​ ဝိညာဉ်အသံကြီးတစ်ခုက ယွန်းမြောင်၏ စိတ်ဝိညာဉ်အထိ တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့သည်။

​ ညကောင်းကင်ယံရှိ တောက်ပသော လပြည့်ဝန်းကြီးသည် တဖြည်းဖြည်းချင်းပင် စိုးရိမ်ဖွယ်ကောင်းသော သွေးရောင်အလင်းတန်းများဖြင့် လွှမ်းခြုံလာခဲ့တော့သည်။

​ လရောင်သည် သွေးကဲ့သို့ နီရဲလာခဲ့ပြီး သွေးကြောများ ပြည့်နှက်နေသော မျက်လုံးကြီးတစ်ခုနှင့် တူလှသည်။

​ “စီနီယာ... အစ်ကို ကောင်းကင်မျက်လုံးကို အသုံးလွန်နေပြီ...” ယွန်းမြောင်၏ လေသံထဲတွင် စိုးရိမ်ပူပန်မှုအချို့ ပါဝင်နေသည်။

​ “အစ်ကိုကြီးက ဗြဟ္မာနဲ့ တိုက်ပွဲတုန်းက တတိယမျက်လုံးကို ထိခိုက်ထားပြီးသားလေ။ ဒီလိုသာ ဆက်ပြီး အသုံးလွန်နေရင်တော့ တကယ် မျက်စိကွယ်သွားလိမ့်မယ်...”

​ သို့သော်လည်း စုကျန့်နန်က သူမ၏ စိုးရိမ်မှုကို ဂရုမစိုက်ဘဲ ထပ်မံ၍သာ မေးမြန်းလိုက်သည် -

“ချင်းရွှယ် ဘယ်မှာလဲ...”

​ “ တံခါးပိတ် ကျင့်ကြံနေတယ် ...” ယွန်းမြောင်က ချက်ချင်းပင် ဖြေလိုက်ပြီး အကြောင်းပြချက်တစ်ခုကို လုပ်ကြံဖန်တီးလိုက်ရသည်။

​ သူမသည် စုချင်းရွှယ်က ခုတင်ပေါ်တွင် သာမန်လူသားတစ်ယောက်နှင့် ပျော်ပါးနေသည်ကို စုကျန့်နန်အား ဘယ်လိုမှ ပေးမမြင်ရဲချေ။

​ ထိုမြင်ကွင်းကိုသာ မြင်လိုက်ရပါက စုကျန့်နန်တစ်ယောက် ဒေါသအမျက်ချောင်းချောင်း ထွက်ပြီး ထိုနေရာတင် မျက်စိ ကွယ်သွားနိုင်ချေ ရှိသည်။

​ “ချင်းရွှယ်က သွေးမိစ္ဆာဧကရာဇ်ကို အနိုင်ယူပြီးကတည်းက သူမရဲ့ ကျင့်ကြံခြင်းအဆင့်က ၁၀ ဆင့်မြောက်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလေ။ အခု သူမက ၁၁ ဆင့်မြောက်ကို ချိုးဖျက်နိုင်ဖို့အတွက် ဒီကမ္ဘာငယ်လေးထဲမှာ တစ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံဖို့ ကြိုးစားနေတာပါ...”

​ ဤအကြောင်းပြချက်က လုံးဝ ညာနေခြင်းတော့ မဟုတ်ချေ။

​ တစ်ဝက်က အမှန်ဖြစ်ပြီး တစ်ဝက်က အလိမ်အညာသာ ဖြစ်သည်။

​ စုချင်းရွှယ်သည် ကျင့်ကြံခြင်းအဆင့် ချိုးဖျက်ရန် နီးစပ်နေသည်မှာ အမှန်ပင် ဖြစ်သော်လည်း... တံခါးပိတ် ကျင့်ကြံနေသည် ဆိုခြင်းမှာမူ လိမ်ညာခြင်း ဖြစ်သည်။

​ “သူမက တကယ့်ကို ငါ့ရဲ့ သမီးပီသပါပေတယ်...”

​ စုကျန့်နန်၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ထွက်ပေါ်လာခဲ့သော်လည်း မကြာမီမှာပင် စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး - “ဒါဆို... ချင်းရွှယ်က ‘အဆုံးမဲ့ကောင်းကင်ဘုံ’ ကို ပြန်လာဖို့ ပုံမှန်ထက် တစ်ရက် နောက်ကျသွားမှာပေါ့...”

​ သူသည် ယွန်းမြောင်နှင့် သဘောတူညီချက်ရယူထားပြီး တစ်ရက်အတွင်း သမီးဖြစ်သူကို ပြန်ခေါ်လာရန် ပြောထားခဲ့ခြင်း ဖြစ်သည်။

​ သို့သော်လည်း အချိန်တန်သည့်တိုင် လူရိပ်လူခြေမမြင်ရသဖြင့် ‘ကောင်းကင်မျက်လုံး’ ကို အသုံးပြု၍ လှမ်းကြည့်ခြင်း ဖြစ်သည်။

​ သူမ၏ သမီးဖြစ်သူက ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်သည့် ရတနာကို ဝတ်ဆင်ထားသော်လည်း ယွန်းမြောင်ကမူ ဝတ်ဆင်မထားသဖြင့် ယွန်းမြောင်ရှိရာနေရာကို ခြေရာခံမိသွားခြင်း ဖြစ်သည်။

​ “ဟုတ်ပါတယ် စီနီယာအစ်ကို...” ယွန်းမြောင် စကားများများ မပြောရဲတော့ချေ၊ စကားများများပြောလေ အမှားပါလေဖြစ်ပြီး စုကျန့်နန် တစ်စုံတစ်ခုကို ရိပ်မိသွားမည်ကို စိုးရိမ်နေမိသည်။

​ “ဒီတစ်ကြိမ်တော့ နောက်ထပ် မနှောင့်နှေးနဲ့တော့...” စုကျန့်နန်၏ လေသံက တည်ကြည်လေးနက်သွားပြီး နောက်ဆုံးသတိပေးချက်ကို ထုတ်ပြန်လိုက်သည် -

“မင်းလည်း သိပါတယ်... ချင်းရွှယ်က သူမရဲ့ အမေ ‘ယိုကွမ်း' ရဲ့ နတ်ဘုရားတာဝန်ကို ဆက်ခံထားရသူ ဖြစ်ပြီး သက်ရှိ တားမြစ်နယ်မြေရဲ့ ဝင်ပေါက်ဖြစ်တဲ့ [သော့ခလောက်] ဖြစ်လာမှာမို့... ဘယ်လိုမှ အထိခိုက်ခံလို့ မရဘူးဆိုတာကို...”

​ စုကျန့်နန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း - “ငါ [ အမှောင်ထု] ကို စောင့်ကြည့်နေခဲ့တာ... ထိုအရာတွေက စတင်လှုပ်ရှားနေပြီ။ ချင်းရွှယ်ကို အမြန်ဆုံး အိမ်ပြန်ခေါ်လာခဲ့ပါ၊ မဟုတ်ရင် ဒီကမ္ဘာကြီး ပျက်စီးသွားလိမ့်မယ်...”

​ သူသည် ‘ကောင်းကင်မျက်လုံး’ ကို သမီးဖြစ်သူကို ရှာဖွေရန်သာမက စကြဝဠာ၏ အစွန်းအဖျားက ထူးဆန်းသော လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက်ပါ အသုံးပြုနေခြင်း ဖြစ်သည်။

​ “စိတ်ချပါ စီနီယာအစ်ကို...” ယွန်းမြောင်က လေးနက်စွာဖြင့် ကတိပေးလိုက်သည် - “ကျွန်မ ချင်းရွှယ်ကို ဘေးကင်းကင်းနဲ့ အိမ်ကို အရောက်ခေါ်လာခဲ့ပါ့မယ်...”

​ သွေးရောင်လမင်းကြီးသည် ခြံဝင်းဆီသို့ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှ မမြင်ရသဖြင့်... စုကျန့်နန်သည် သူ၏ တတိယမျက်လုံးကို ပိတ်လိုက်တော့သည်။

​ 'ကောင်းပြီလေ... ငါ နောက်ထပ် တစ်ရက်ပဲ စောင့်လိုက်မယ်...'

​ သူသည် သူ၏ ဂျူနီယာညီမလေး ယွန်းမြောင်၏ လုပ်ပုံကိုင်ပုံကို ယုံကြည်ဆဲ ဖြစ်သည်။

​ လရောင်သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

​ ယွန်းမြောင်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိတော့သည်။

​ တကယ့်ကို သီသီလေး လွတ်သွားခဲ့တာပဲ...။

​ တော်သေးတယ်၊ အိပ်ရာထဲက မြင်ကွင်းကို အာရုံမခံမိသွားလို့...။

​ တတ်နိုင်သမျှတော့ လျှို့ဝှက်ထားရမည် ဖြစ်သည်။

​ သူမသည် သူမ၏တပည့် စုချင်းရွှယ်၏ အိမ်ထောင်ရေးကိစ္စကြောင့် စီနီယာအစ်ကိုကြီး စုကျန့်နန်၏ စိတ်နှလုံး တုန်လှုပ်ချောက်ချားသွားမည်ကို လုံးဝ မလိုလားချေ။

​ အမှန်တော့... ယွန်းမြောင်သည် စုကျန့်နန်ကို သဘောကျနေပြီး... သူ၏ ဝန်ထုပ်ဝန်ပိုးများကို အတူတကွ မျှဝေထမ်းဆောင်ပေးချင်နေသူ ဖြစ်သည်။

All Chapters