← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အပိုင်း (၅၀)

​‘အဆုံးမဲ့ကောင်းကင်ဘုံ’... စုမိသားစု တည်ရှိရာနေရာ……

​ အမိုးပေါ်ရှိ အုတ်ကြွပ်ပြားများက အလင်းပြန်ကာ ဝင်းလက်တောက်ပနေပြီး၊ အဆောက်အအုံတိုင်လုံးကြီးများကိုမူ နတ်ဘုရားသတ္တုများဖြင့် တည်ဆောက်ထားလေသည်။

​ မြူခိုးများ ရစ်ဆိုင်းနေသော အဆောက်အအုံ အမြင့်ကြီးများကြားတွင် နတ်ကြိုးကြာငှက်များက ပျော်မြူးစွာ ပျံသန်းနေကြ၏။

​ အပေါ်ဆုံးထပ်တွင်….

​ စုကျန့်နန်သည် ငွေကြိုးများဖြင့် တိမ်တိုက်ပုံစံနှင့် ကြယ်တာရာမြေပုံများကို ပန်းထိုးထားသည့် ဝတ်ရုံနက်ကြီးကို ဝတ်ဆင်ကာ သူ၏ စားပွဲနောက်တွင် ထိုင်နေခဲ့သည်။

​ စုမိသားစုသည် ‘အဆုံးမဲ့ကောင်းကင်ဘုံ’ ၏ စီးပွားရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားပြီး... ထိုလုပ်ငန်းများထဲတွင် လေထဲ၌ လွင့်မျောနေသော အင်မော်တယ်တောင်တန်းများပေါ်က အိမ်ခြံမြေလုပ်ငန်း၊ ကောင်းကင်အဆင့် ကျင့်စဉ်များ၏ မူပိုင်ခွင့်လုပ်ငန်း၊ ဆေးလုံးများ သုတေသနပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ထို့အပြင် ကြယ်တာရာ သားရဲတိရစ္ဆာန်များ မွေးမြူရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ စသည်တို့ ပါဝင်သည်။

​ စုမိသားစု၏ ခေါင်း‌ဆောင်တစ်ယောက်အနေဖြင့် သူသည် နေ့စဉ်နှင့်အမျှ အလုပ်ကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်းနေရ၏။

​ ထို့အပြင် သူသည် အဆုံးမဲ့ကောင်းကင်ဘုံတစ်ခုလုံး၏ အရှင်သခင်၊ အမြင့်မြတ်ဆုံးသော အုပ်စိုးသူလည်း ဖြစ်သေးသည်။

​ ထိုမျှလောက်အထိ အလုပ်များလွန်း၍သာ သမီးဖြစ်သူကို သွားခေါ်ရန် သူ၏ ဂျူနီယာညီမလေး ယွန်းမြောင်ကို ကိုယ်စားလွှတ်လိုက်ရခြင်း မဟုတ်ပါလား။

​ စုကျန့်နန်သည် နီရဲနေသော သူ၏မျက်လုံးများကို ပွတ်သပ်ရင်း... ထိခိုက်ထားသော သူ၏ တတိယမျက်လုံးကို ပြန်လည်ကုစားရန်အတွက် မျက်စိလေ့ကျင့်ခန်းကို ကျွမ်းကျင်စွာ ပြုလုပ်လိုက်လေသည်။

​ “နတ်ဘုရားအရှင်သခင်... ရဲမိသားစုရဲ့ အဘိုးကြီးရဲက မြေးဖြစ်သူကို ခေါ်ပြီး တောင်းရမ်းကမ်းလှမ်းဖို့ ရောက်နေပါတယ်၊ ထွက်တွေ့ချင်လား အရှင်...”

​ အမျိုးသမီးအတွင်းရေးမှူးလေးသည် ဆွဲဆောင်မှုရှိသော လေသံဖြင့် ဝင်လာကာ သတင်းပို့လိုက်သည်။

​ စုကျန့်နန် မျက်ခုံးတစ်ချက် ပင့်သွားခဲ့သည်။

​ ရဲမိသားစုသည် ‘အဆုံးမဲ့ကောင်းကင်ဘုံ’ တွင် စုမိသားစုပြီးလျှင် ဒုတိယအင်အားအကြီးဆုံး မိသားစုကြီး ဖြစ်သည်။

​ ရဲထျန်ကျွင်း၏ မြေးဖြစ်သူ ‘ရဲချန်’ သည် ယခုမျိုးဆက်၏ ရဲမိသားစုထဲတွင် အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်ပြီး... သူ၏သမီးဖြစ်သူ စုချင်းရွှယ်ကို တစိုက်မတ်မတ် လိုက်လံပိုးပန်းနေခဲ့သူ ဖြစ်သည်။

​ စုကျန့်နန် ထိုအကြောင်းကို သိသည်၊ ထိုစဉ်က ထိုကောင်လေးကို ထိုးကြိတ်ပြီးတောင် ဆုံးမခဲ့ဖူးသေးသည်။

​ သို့သော်လည်း ရဲချန်က လက်မလျှော့ခဲ့ချေ။

​ မိသားစုနှစ်ခု လက်ထပ်ထိမ်းမြားခြင်းက တကယ်တော့ အင်အားချင်း ပူးပေါင်းခြင်းဖြစ်ပြီး ရှောင်လွှဲ၍မရနိုင်သော အခြေအနေတစ်ခုလည်း ဖြစ်သည်။

​ “ထွက်တွေ့မယ်လေ...” စုကျန့်နန်က စဉ်းစားတွေးတောရင်း ပြောလိုက်သည် - “ချင်းရွှယ်ရဲ့ အိမ်ထောင်ရေးကိုလည်း မကြာခင် ဆုံးဖြတ်ရတော့မှာပဲ။ ငါ အရင်ဆုံး စိစစ်ပေးထားလိုက်မယ်၊ သူမ ပြန်ရောက်လာတဲ့အခါကျမှ သူမ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ...”

​ သူသည် ရဲချန်ကို အခွင့်အရေးတစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။

​ သူ့သမီးလေးက အရွယ်ရောက်နေပြီမို့ သူမကို စောင့်ရှောက်ပေးမည့်သူ တစ်ယောက်တော့ လိုအပ်ပေလိမ့်မည် ဖြစ်သည်။

​ အကယ်၍ ရဲချန်သာ သွေးမိစ္ဆာဧကရာဇ်ကို သွားရောက်နှိမ်နင်းမည့် ချင်းရွှယ်၏ လူ့လောကခရီးစဉ်တွင် အဖော်အဖြစ် လိုက်ပါသွားခဲ့ပါက အရာအားလုံးက ပိုမိုချောမွေ့သွားနိုင်ပြီး... အိမ်ပြန်ဖို့ လေးရက်တောင် နောက်ကျနေမည် မဟုတ်ချေ။

​ ဧည့်ခန်းဆောင်တွင်…

​ စုကျန့်နန်သည် မိမိရှေ့တွင် ရှိနေသော ရဲချန်ကို ကြည့်ကာ အတန်ငယ် အံ့သြသွားခဲ့သည်။

​ ယခင်က ရွှေဝါရောင် ဆံပင်များဖြင့် ပေါ့ပျက်ပျက်နေတတ်သော ထိုကောင်လေးသည် ယခုမူ ဆံပင်ကို နက်မှောင်သော အရောင် ပြန်ဆိုးထားပြီး... အမြင်ကတ်စရာကောင်းသော ခေတ်ပေါ်ဖက်ရှင်များအစား စမတ်ကျလှသော ဝတ်စုံကို စနစ်တကျ ဝတ်ဆင်ထားလေသည်။

​ 'အရင်ကတော့ သူ့ကိုကြည့်ရင် အမြင်ကတ်စရာကြီးလို့ ထင်ခဲ့တာ၊ ဒီနေ့ ကြည့်ရတာတော့... ဟေး... တော်တော်လေး တည်ငြိမ်တဲ့ ပုံစံ ပေါက်နေတာပဲ...'

​ “မင်း မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံပြီး အဆင့် ၁၀ ရဲ့ အထွတ်အထိပ်ကို ရောက်သွားတယ်လို့ ကြားတယ်၊ အခု အဆင့် ၁၁ ကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား...” စုကျန့်နန်က ရေနွေးကြမ်းကို တစ်ငုံသောက်ရင်း စိတ်မပါသလို မေးလိုက်သည်။

​ “ဟုတ်ပါတယ် ဦးလေး...” ရဲချန်သည် ကျောကို မတ်မတ်ဆန့်ကာ ရဲရင့်သော မျက်လုံးများဖြင့် ကြည့်ရင်း - “ကျွန်တော် ချင်းရွှယ်ကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို ဦးလေးကို သက်သေပြပါ့မယ်...”

​ “ဒီကောင်လေး... အရိုက်ခံချင်နေတာပဲ...” စုကျန့်နန် မျက်မှောင်ကုတ်သွားပြီး လက်ကို မြှောက်ကာ ရွယ်လိုက်သည်။

​ ကာကွယ်မယ် ဟုတ်လား...

​ ငါ့သမီးက မင်းရဲ့ ကာကွယ်မှုကို မလိုဘူးကွ၊ ကောင်စုတ်လေး...

​ မင်းက ငါ့သမီးရဲ့ အလှအပကိုပဲ မက်မောနေတာပဲ နေမှာ...

​ ရဲချန်သည် တစ်လှမ်းမျှ နောက်မဆုတ်ဘဲ စုကျန့်နန်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေခဲ့သည်။

​ သူသည် စုချင်းရွှယ်ကို ရချင်ပါက... သူမ၏ အဖေဖြစ်သူ အတားအဆီးကို အရင်ဆုံး ကျော်ဖြတ်ရမည်ဆိုတာကို သိနေသည်။

​ “နတ်ဘုရားအရှင်သခင်... စိတ်လျှော့ပါဦး...”

​ ရဲချန်၏အဘိုးဖြစ်သူ၊ ရဲမိသားစု၏ ခေါင်းဆောင်အဟောင်းက ကြားထဲကနေ အမြန် ဝင်ရောက် ဖြန်ဖြေပေးလိုက်ရသည်။

​ သူကိုယ်တိုင်ကလည်း ရွှေဝါရောင် ဆံပင်များ ရှိနေပြီး ပြုံးဖြီးဖြီးဖြင့် - “ကျွန်တော့်မြေးက ချင်းရွှယ်ကို တကယ် သဘောကျတာပါ။ သူတို့နှစ်ယောက်ကို ချိန်းတွေ့ပေးလိုက်ရင် မကောင်းဘူးလား။ သံယောဇဉ်ဆိုတာ အချိန်ပေး စကားပြောကြရင်းနဲ့ တည်ဆောက်ယူရတာပဲလေ...”

​ စုကျန့်နန်က လက်ကို ပြန်ချလိုက်ပြီး - “ချင်းရွှယ်က အခုတလော အိမ်မှာ မရှိဘူး...”

​ “အိမ်မှာ မရှိဘူး ဟုတ်လား...” ရဲထျန်ကျွင်းက အံ့သြတုန်လှုပ်စွာဖြင့် အော်လိုက်သည် - “မင်းက သူမကို အပြင်မှာ ညအိပ်ညနေ ခွင့်ပြုလိုက်တာလား။ ဒါ... ဒါက မကြုံစဖူး ထူးဆန်းလိုက်တာ...”

​ “သူမရဲ့ ဆရာ... ယွန်းမြောင် လည်း အတူတူ ရှိနေတယ်...”

​ “ဒါဆိုလည်း တော်သေးတာပေါ့...”

​ “ရဲချန်...” စုကျန့်နန်က ထိုလူငယ်ကို ကြည့်ကာ - “ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့။ ချင်းရွှယ်က မနက်ဖြန် အိမ်ပြန်ရောက်လိမ့်မယ်၊ အဲဒီကျရင် မင်း ဘယ်လို ကြိုးစားမလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ မင်းသာ သူမရဲ့ နှလုံးသားကို ရအောင် ယူနိုင်ရင်တော့... မင်းတို့ရဲ့ အိမ်ထောင်ရေးကို ငါ သဘောတူပေးမယ်...”

​ ရဲချန်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး - “ဦးလေးစု... ကျွန်တော့်ကို ဒီလို အခွင့်အရေး ပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် ဦးလေးကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး...”

​ “ငါ မင်းကို မျှော်လင့်ချက် ထားပေးလိုက်တယ်...” စုကျန့်နန်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သတိပေးစကား ပြောလိုက်သည် - “ဆံပင်ကို တိုတိုညှပ်၊ ခေတ်ပေါ်အဝတ်အစားတွေ သိပ်မဝတ်နဲ့။ ချင်းရွှယ်က ရိုးရိုးအေးအေးနဲ့ လူရိုးလူဖြောင့်တွေကို ပိုသဘောကျတတ်တယ်...”

​ “ဟုတ်ကဲ့ပါ... ကျွန်တော် အခုပဲ သွားပြီး ပြင်ဆင်လိုက်ပါ့မယ်...” ရဲချန်တစ်ယောက် လူသစ်စိတ်သစ် ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။

​ “အင်း... သွန်သင်ရလွယ်သားပဲ...” စုကျန့်နန်သည် ရဲချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း... ထိုကောင်လေးသည် ယခင်ကလို လေလွင့်နေသော သူဌေးသား အပျော်အပါးမက်သူ မဟုတ်တော့သည့်အတွက် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့တော့သည်။

​ ရဲထျန်ကျွင်းက အနားသို့ တိုးကပ်လာပြီး ပြုံးလျက် - “အရှင်... ဒီလောကမှာ ချင်းရွှယ်ရဲ့ အကြောင်းကို အရှင်ထက် ပိုသိတဲ့သူ မရှိပါဘူး။ အရှင့်ရဲ့ လမ်းညွှန်မှုရှိရင်တော့ ကျွန်တော့်မြေးက ချင်းရွှယ်ရဲ့ နှလုံးသားကို သေချာပေါက် ရနိုင်မှာပါ။ ကျေးဇူးတင်ပါတယ်ဗျာ...”

​ သူ နားလည်လိုက်သည်က.. စုကျန့်နန်သည်လည်း မိသားစုချင်း မဟာမိတ်ဖွဲ့ရန် စိတ်ကူးရှိနေကြောင်းပဲ ဖြစ်သည်။

​ “ကျေးဇူးတင်ဖို့ မလိုပါဘူး...” စုကျန့်နန်က လက်ဝှေ့ယမ်းပြလိုက်ရင်း - “ငါ့သမီးကို မင်းတို့ ရဲမိသားစုဆီ ပေးစားဖို့ ငါ သဘောမတူရသေးဘူးနော်။ အရာအားလုံးက ရဲချန်ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်တယ်...”

​ ရဲထျန်ကျွင်းက သူ့ကို ဆွဲခေါ်ရင်း - “လာပါ... ကျွန်တော်တို့ သွားပြီး တစ်ခွက်လောက် သောက်ကြရအောင်...”

​ “မသောက်တော့ဘူး...” စုကျန့်နန်က ခေါင်းခါလိုက်ပြီး - “နောက်နှစ်ရက်ဆို ချင်းရွှယ်အမေရဲ့ ကွယ်လွန်ခြင်း အထိမ်းအမှတ်နေ့ ရောက်တော့မှာမို့... ငါ အရက် ဖြတ်ထားတယ်...”

​ ရဲမိသားစု အဘိုးနှင့်မြေးကို လိုက်ပို့ပြီးနောက်... စုကျန့်နန်က သူ၏ အမျိုးသမီး အတွင်းရေးမှူးကို ညွှန်ကြားလိုက်သည် -

​“သားကြီး ‘စုဟောင်’ ကို နယ်ခြားစစ်မြေပြင်ကနေ ချက်ချင်း ပြန်ခေါ်လိုက်...”

​ နှစ်စဉ် ဤအချိန်မျိုးတွင် မိသားစုဝင်အားလုံး ‘ယိုကွမ်း’ ၏ ဂူဗိမာန်ရှေ့၌ စုံစည်းကြရစမြဲ ဖြစ်သည်။

​ “နတ်ဘုရားအရှင်သခင်... သခင်လေးက ပြန်ရောက်နေပါပြီရှင့်...” အမျိုးသမီး အတွင်းရေးမှူးက ရိုသေစွာ ပြန်ဖြေလိုက်သည်။

​ စုကျန့်နန်မှာ အံ့အားသင့်သွားခဲ့ပြီး - “ဒီကလေးကတော့... ပြန်ရောက်တာတောင် ငါ့ဆီ အရင် လာမတွေ့ဘူး...”

​ အတွင်းရေးမှူးလေးက တိုးညင်းစွာဖြင့် - “သူက ချင်းရွှယ်ဆီ သွားရှာတာ မတွေ့လို့... အခု အရက်တွေ အလွန်အကျွံ သောက်ပြီး... တစ်ကမ္ဘာလုံးကို လိုက်ရှာနေပါတယ်အရှင်...”

​ စုကျန့်နန် သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း စိတ်တော့မဆိုးခဲ့ချေ။

​ သူ၏ သားကြီး ‘စုဟောင်’ သည် ဖခင်ဖြစ်သူအပေါ် အေးစက်စက် ဆက်ဆံတတ်သော်လည်း... ညီမဖြစ်သူ ချင်းရွှယ်အပေါ်တွင်မူ အလွန်အမင်း အလိုလိုက်ကာ ကြင်နာတတ်သူ ဖြစ်သည်။

​ သူ၏ ညီမလေးသာ လိုချင်မည်ဆိုလျှင်... ကောင်းကင်က ကြယ်ပွင့်ကိုပင် ဆွတ်ခူးပေးမည့်သူမျိုး ဖြစ်သည်။

All Chapters