← Chapters

တိုက်ပွဲ (၃)

Vol. 6 Ch. 289

တိုက်ပွဲ (၃)

Vol. 6 Ch. 289

ကောင်းကင်ပေါ်ကနေ ကြောက်မယ်ဖွယ်ကောင်းတဲ့ ဓားအဟုန်ကြီး ဆင်းသက်လာခဲ့ပြီ။ လေထုဟာ ပေါက်ကွဲထွက်လာပြီး တော်လဲသံကြီးတစ်ခုဟာ တိုက်ပွဲမြေပြင်ကို ဖုံးလွှမ်းသွားခဲ့တော့တာပေါ့။ ​မြို့တံတိုင်းကြီးဟာ ပင်လယ်လှိုင်းတွေရဲ့ရိုက်ခတ်မှုကို ခံရတော့မယ့် လှေငယ်လေးလိုပဲ။ ဓားအဟုန်ပင်လယ် အလယ်မှာ အချိန်မရွေးနစ်မြုပ်သွားတော့မယ့် ကျွန်းမျောလေးလိုလို။

“အို တယ်ရာ၊ ဟက် အန်နီးမက် မစ်ဆားရပ် တဲရပ်။”

အယ်မာက မှော်နှင်တံကို မြှောက်လိုက်ပြီ။ သူ့လည်ဆွဲက အရောင် တဖြတ်ဖြတ်တောက်ပကာ မီးပြတိုက်တစ်စင်းလို ရပ်တည်လို့။ တံတိုင်းကြီးရဲ့မျှော်စင်တွေမှာ အသင့်ရှိနေတဲ့ ကျောင်းခြောက်ကျောင်း ဆီနိတ်တာတွေဟာလည်းပဲ သူတို့ရဲ့မှော်နှင်တံတွေကို မြောက်လိုက်ကြတာပေါ့။

“အို ဖလန်မီ အီသယ်ရာ ၊ ဟက် အန်နီးမက် မစ်ဆားရပ် တဲရပ်။”

“အို အန်းမစ် အိုရှင်းနစ်၊ ဟက် အန်နီးမက် မစ်ဆားရပ် တဲရပ်။”

“အို မန်းညပ် ဗန်းတပ်၊ ဟက် အန်နီးမက် မစ်ဆားရပ် တဲရပ်။”

အဆင့်တူစွမ်းအားလေးခုက ကောင်းကင်ပေါ်ကို ထိုးတပ်သွားတယ်။ မီး၊ ရေ၊ လေ၊ မြေ အလင်းစွမ်းအား လေးခုဟာ ကောင်းကင်မှာ​စုဆုံမိပြီး အိုလံပစ်တောင်ကြီးရဲ့ ပုံရိပ်ဖြစ်ပေါ်လာခဲ့ပါပြီ။ ပင့်သက်တစ်ချက် ရှိုက်စာအကြာ ဓားအဟုန်နဲ့နတ်တောင်ကြီး တိုက်မိလေတော့တယ်။

ဘုန်း...

ဓားအဟုန်က တောင်ကြီးကိုထိမိပြီး အရပ်ရှစ်မျက်နှာကို စွမ်းအင်လှိုင်းဂယက်တွေအဖြစ် ပြိုကွဲလွင့်စင်ကာ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါပေမဲ့ အယ်မာက သူ့ဝမ်းဗိုက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာပေါ်မှာ နာကျင်တဲ့အမူအရာ ပေါ်လာတယ်။ ဂျော်ဒန်က သူ့ကို ဘေးကနေ ဖေးမ ထားရတာပေါ့။ အယ်မာက ပေါင်နှစ်ချောင်းကို ပူးကပ်ထားပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။

“နင်ရူးနေတာလား၊ အဲဒီဆီနိတ်တာတွေရဲ့စွမ်းအားနဲ့ နင်နဲ့အဆင့်တူ မှော်မန္တန်တွေကို ထုတ်ဖော်ဖို့မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာ....”

ဂျော်ဒန့်အထင်အမြင်ကို အယ်ဒါက ဂရုမစိုက်ဘဲ ကောင်းကင်ပေါ်က သွေးနီကြယ်ကိုကြည့်လိုက်တယ်။ ဆက်တိုက် ထပ်မတိုက်သေးဘဲ အကဲခတ်နေသေးပုံပဲ။ တစ်ဖက်မှာတော့ အယ်မာက တုန်ရီနေရင်းကနေပဲ လေသံတိုးတိုးနဲ့ ပြောလိုက်လေရဲ့။

“နင်ထင်တာ မမှားဘူး။ ငါက မြို့တံတိုင်းရဲ့အစီအရင် တွေကနေတစ်ဆင့် ငါ့ခန္ဓာကိုယ်ကို ကြားခံအဖြစ်သုံးပြီး မြေကျောင်းတော်လည်ဆွဲရဲ့မှော်စွမ်းအင်တွေကို သူတို့ဆီပေးပို့နေတာ။”

အယ်မာက တံတိုင်းပြင်ပမှာတိုက်ခိုက်နေတဲ့ အယ်ဒါတွေကို အခြေအနေကြည့်တယ်။ သူတို့တွေ ဆုတ်ပြေးနေပေမဲ့ မြို့ဆီကိုရောက်ဖို့ အတော်လိုသေးတယ်။ တခြားတစ်ဖက်မှာ ဒီအပြင်ရောက်နေတဲ့အယ်ဒါတွေက ဘုရားကျောင်း အဓိကတပ်ဖွဲ့တွေကို အချိန်ဆွဲပေးထားသလိုဖြစ်နေပြီး မြို့ကို တိုက်ခိုက်နေသူက သီယာတစ်ယောက်တည်းပါ။ ဒါကြောင့် အားလုံး တရစပ် ဝိုင်းတိုက်ခိုက်ခံနေရတာ ထက်တော့ တော်သေးတယ်။

အယ်မာက သွေးနီရောင်ကြယ်ကို ကြည့်လိုက်ပြန်တယ်။ ထပ်ပြီး လှုပ်ရှားလာနေပြန်ပြီ။ အယ်မာက ဂျော်ဒန်ရဲ့ လက်ထဲက ရုန်းထွက်လိုက်ပြီး ရှေ့ကိုဆက်လျှောက်တယ်။ သူ့မျက်လုံးထဲမှာ အတိတ်က ရင်ဆိုင်ခဲ့ဖူးတဲ့ အင်အားကြီး ရန်သူတွေရဲ့ပုံရိပ်တွေကို ပြန်မြင်ယောင်လို့ပေါ့။

ကသောင်းကနင်းဆီနိတ်တာ ရော့ဝဲလ်။

ဓားသူတော်စင် ဆားဗီးရပ်။

အခုတော့ ကြယ်ဖြူ သီယာ။

“ငါက ပိုပိုပြီးသန်မာလာပေမဲ့ ငါ့ရန်သူတွေရှေ့မှာ အမြဲတမ်း ကြွက်တစ်ကောင်လို ဖြစ်နေခဲ့တယ်။ ဒါက ကံကြမ္မာပဲလား။”

အယ်မာရဲ့ခြေလှမ်းတွေက ယိုင်နဲ့လို့။ “ငါကြောက်နေတယ်... ဒါပေမဲ့... ငါအမြဲတမ်း ရှင်သန်ခဲ့တာပဲ မဟုတ်လား။”

အယ်မာက မှော်နှင်တံကို နောက်တစ်ခါမြှောက်လိုက်တယ်။ သွေးနီရောင်ကြယ်ကြီးကတော့ ဧရာမရှေးဟောင်းလေးကို ထုတ်လိုက်ပြီး အစစ်အမှန်လှံတံကို မြားအဖြစ်သုံးနေပါပြီ။ ဂျော်ဒန်က စိုးရိမ်တကြီးနဲ့လှမ်းအော်တယ်။

“ငါတို့ ဆုတ်ခွာမယ်ဆိုရင် မီနိုင်သေးတယ်။ ဒီမြို့ကို ထားခဲ့ကြစို့။”

ဒါပေမဲ့ အယ်မာကတော့ သူ့ကို စောင်းငဲ့ကာ ပုံမှန်အတိုင်း ပြောလိုက်တယ်။

“ငါက ဥရောပတစ်ခုလုံးကို ကာကွယ်ပေးရမယ့် ကောင်မရှင်နာလေ။ ငါထွက်ပြေးသွားမယ်ဆိုရင် တခြားသူတွေက ဘယ်လိုလုပ်မှာလဲ။”

အိုလံပီယာတောင်ကြီးက နောက်တစ်ကြိမ်ထွက်လာတယ်။ ဒါပေမဲ့အရင်ကထက် မှေးမှိန်သွားပြီ။ သွေးနီကြယ်ကတော့ မီးတောက်မီးလျံလိုတောက်ပနေတဲ့ အရှိန်အဝါတွေနဲ့လှံကို ပစ်လွှတ်လိုက်တယ်။

ဘုန်း....

ဖရောက်....

သဘာဝစွမ်းအင်လေးမျိုးနဲ့ပြုလုပ်ထားတဲ့ တောင်ပုံရိပ်ဟာ အစစ်အမှန်လှံလိုမျိုး အထွတ်အမြတ်ရတနာတစ်ခုကို တားဆီးဖို့ကျရှုံးခဲ့တယ်။ လှံတံဟာ အကာအရံကို တွင်းဖောက်လာခဲ့ပြီး အယ်မာရှေ့တည့်တည့် တိုးဝင်လာခဲ့ပါပြီ။ ပေတစ်ရာအောက်အရောက်မှာတော့ အယ်မာရဲ့လည်ဆွဲက အစွမ်းကုန်လင်းလတ်လာပြီး သက်တံရောင် အကာအကွယ်တစ်ခုကို ဖန်တီးပေးတယ်။

ခလွမ်း...

ဒါပေမဲ့ အရှိန်အဟုန်နဲ့တိုးဝင်လာတဲ့ အစစ်အမှန်လှံရှေ့မှာ မှန်တစ်ချပ်လိုသာ တစ်စစီကြွေကျသွားလေရဲ့။ လှံဟာ အယ်မာကို ထိုးဖောက်လုနီးနီးအထိ နီးကပ်လာခဲ့ပြီ။ အဲဒီ အချိန်မှာပဲ လူတစ်ရပ်ထက်ကြီးမားတဲ့ အမွှေးပွဝက်ဝံရုပ် တစ်ရုပ်က အယ်မာရှေ့မှာ ပေါ်လာပြီး အယ်မာကို ဘေးကိုတွန်းပို့လိုက်တယ်။

ဖောက်....

အစစ်အမှန်လှံဟာ အမွှေးပွရုပ်ကိုသာ ထိမှန်သွားခဲ့ပြီး အယ်မာကတော့ အနာတရမဖြစ်ခဲ့ဘူး။ အယ်မာက ဟန်ချက်ကို ထိန်းလိုက်ရင်း သူ့ကိုကယ်ခဲ့တဲ့ဝက်ဝံနဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ဂျော်ဒန်ဟာ စမတ်နာရီတစ်လုံးကို ဝတ်ဆင်ထားခဲ့ပြီး သူ့ကို ပြုံးပြလို့။ သူယူလာတဲ့ သတ္တုသေတ္တာကြီးက ပွင့်သွားခဲ့ပြီဖြစ်ပြီး အတွင်းထဲကနေ တစ်စုံတစ်ယောက် လမ်းလျှောက် ထွက်လာခဲ့တယ်။

ဂူး....

အသိဉာဏ်မဲ့စွာ ညည်းညူလိုက်တဲ့အသံကို အယ်မာ ကြားရတယ်။ လေထုထဲမှာ ရင်ခွဲရုံသုံး ဖော်မလင်နံတွေ တထောင်းထောင်းထနေပြီး စည်းချက်မကျတဲ့ ဒေါက်ဖိနပ်သံကို လည်းကြားနေရပြီ။ အတွင်းထဲက ထွက်လာတဲ့အရာက ကျိန်းသေပေါက် လူမဟုတ်ဘူး။

ထူးခြားတဲ့ ခရမ်းရောင်ဂုတ်ဝဲဆံပင်နဲ့ ရင်းနှီးနေတဲ့ မျက်နှာကို အယ်မာမြင်လိုက်ရပေမဲ့ အဲဒီမိန်းကလေးရဲ့ အသားအရေက သွေးမရှိသလိုမျိုး ဖြူဖျော့လို့နေတယ်။ ချက်ပေါ်နေတဲ့ အနက်ရောင် သားရေမျက်လှည့်ဆရာမ ဝတ်စုံကိုဝတ်ဆင်ထားပြီး ဘောင်းဘီတိုနဲ့ပါ။

တစ်ကိုယ်လုံးမှာ ချုပ်ရာစပ်ရာတွေ ပြည့်နှက်နေပြီး မျက်လုံးအိမ်တွေက ဘယ်နေရာကိုမှ စူးစိုက်ကြည့်နေပုံ မရဘဲကျယ်ပြန့်လို့။ အယ်မာ အဲဒီမိန်းကလေးကို ချက်ချင်း မှတ်မိသွားတယ်။

“အဲဒါက... ဘန်နီမဟုတ်လား။ သေပြီးသား လူတစ်ယောက်ကို နင်ဘာလုပ်လိုက်တာလဲ။” အယ်မာ မှတ်မိနေသေးတယ်။ အင်နာနာက ဘန်နီကိုသတ်ပြီးနောက် နက်ဆန်က အခင်းဖြစ်ပွားရာကို ရှင်းလင်းဖို့အတွက် EUOC ကို လွှဲပေးခဲ့တာ။ ဘန်နီရဲ့အသက်မဲ့ခန္ဓာကိုယ်က တစ်နည်းနည်းနဲ့ ဒီသုတေသန ဌာနမှူးဆီရောက်သွားပုံပဲ။

အယ်မာရဲ့စကားကိုကြားတော့ ဂျော်ဒန်ရဲ့မျက်နှာပေါ်မှာ သရုပ်ပျက်နေတဲ့ အပြုံးပေါ်လာခဲ့တယ်။ အဲဒီနောက်တော့ သူက လက်တွေ့ကျကျ အဖြေတစ်ခုကိုပေးလိုက်လေရဲ့။

“ငါလုပ်ရတဲ့ သုတေသနက နတ်တစ်ပိုင်းအတုတွေကို ဖန်တီးတာလေ။ သေဆုံးသွားတဲ့ နတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ကိုတောင် ကလေးတွေရဲ့ကိုယ်ထဲ ထည့်ပြီး စမ်းသပ်ခဲ့သေးတာ။

လူသေတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပြန်လှုပ်ရှားလာအောင် လုပ်တာက ဘာမှမပြောပလောက်ဘူးမဟုတ်လား။”

ဂျော်ဒန်ရဲ့အကြည့်က ပြောပြီးပြီးချင်း ကောင်းကင်ပေါ်က ဆင်းသက်လာနေပြီဖြစ်တဲ့ ကြယ်နီကြီးဆီ ရောက်သွားတယ်။ ကံကောင်းတာက တံတိုင်းအပြင်ဘက် ရောက်နေခဲ့တဲ့ အယ်ဒါတွေလည်း အယ်မာကို ကာကွယ်ဖို့ ပြန်ရောက်လာခဲ့ပါပြီ။

“အယ်မာ၊ နင် ဘာမှမဖြစ်ဘူး မဟုတ်လား။”

ရိုစယ်လီယာက အယ်မာရှေ့မှာ ပိတ်ရပ်လိုက်ရင်းနဲ့ ပြောပါတယ်။ နောက်ဆုံး သူလည်း လမ်းလျှောက်နေတဲ့ အလောင်းကောင်ကို သတိထားမိသွားပြီ။

“ဒါက ဘာကြီးလဲ။”

“ အမှောင်ကျောင်းတော်ရဲ့ရုပ်သေးအလောင်း နည်းစနစ်တွေကနေ ဖန်တီးထားတဲ့ ရှေးအယ်ဒါအဆင့် ရုပ်သေးအလောင်းလေ။ နည်းစနစ်က သိပ်မပြည့်စုံလို့ ညမင်းသားရဲ့ရုပ်သေးတွေလိုမျိုး ဝိညာဥ် ရှိမနေပေမဲ့ပေါ့။”

ဒီစမ်းသပ်မှုတွေက ကျင့်ဝတ်နဲ့ကိုက်ညီရဲ့လားဆိုရင် မကိုက်ညီဘူး။ အလုပ်ဖြစ်လားဆိုရင် အလုပ်ဖြစ်တယ်။ တစ်ဖက်မှာလည်း ဂျော်ဒန်ဆိုတာက အယ်မာလိုမျိုး ကျင့်ဝတ်၊ တာဝန်ဝတ္တရားနဲ့ သူငယ်ချင်းဆိုတာတွေ ထည့်တွက်နေမယ့်သူမျိုး မဟုတ်ပေဘူး။

“ဒီတစ်ခေါက်တော့ မင်းငါ့အပေါ် အကြွေးတင်သွားပြီနော်။ ကောင်မရှင်နာ...”

ဂျော်ဒန်က အပိုစကားတွေမပြောတော့ဘဲ နာရီကိုနှိပ်ပြီး အမိန့်ပေးလိုက်တယ်။ ဘန်နီကတော့ သူ့ဂျာကင်ထဲကနေ ဖဲထုတ်တစ်ထုတ်ကို ထုတ်လိုက်ပြီး ဖဲချပ်တွေကို ဖြန့်ချလိုက်ပါပြီ။

အယ်ဒါအဆင့်ရှိတဲ့ ဂျက်၊ ကင်း၊ ကွင်းတွေနဲ့ အဆင့်နိမ့် ဖဲချပ်စစ်သားတွေက သီယာဆီကို ပြေးဝင်သွားခဲ့ပြီး မြူခိုးတွေကလည်း မြို့ကြီးတစ်မြို့လုံးကို စတင် ဖုံးလွှမ်းလာခဲ့တယ်။

“တိုက်ရိုက်အမိန့်ပဲ။ အယ်ဒါတွေနဲ့ ငါတို့က ဘုရားကျောင်းကို ရင်ဆိုင်ဖို့ နေခဲ့မယ်။ ဆီနိတ်တာနဲ့အောက် အဖွဲ့ဝင်တွေက မြို့ထဲမှာ ကျန်နေသေးတဲ့ အရပ်သားတွေကို ခေါ်ထုတ်သွားကြတော့။”

အယ်မာက မြူတွေထဲကို ဆုတ်ခွာရင်း အမိန့်ပေးတယ်။ ရိုစယ်လီယာ၊ ရှားလော့ခ်၊ ခရစ်စတိုဖာနဲ့ ရီဆာတို့လည်း ကြောင်အ မနေတော့ဘဲ မြူတောထဲကို တိုးဝင်ခဲ့တယ်။ သီယာက လက်ထဲမှာ ကိုင်ထားတဲ့ဓားနဲ့ ဓားချက်တွေကို ထုတ်ဖော်နေခဲ့ပေမဲ့ မြူက သူတို့ကို ကာကွယ်ပေးထားတဲ့ အတွက်ကြောင့်မလို့ ဘေးလွတ်ရာမှာ နေရုံပဲ။

ဂျော်ဒန်ကတော့ မြူခိုးတွေကြားထဲမှာ လှည့်ပတ်သွားရင်း အယ်ဒါတွေဆီကို စမတ်မျက်မှန်တစ်ခုစီ ကမ်းပေးတယ်။

“ဒါတွေကို မင်းတို့တပ်ထားလိုက်။ မြူတွေထဲမှာ ထွင်းဖောက်ပြီးမြင်ရလိမ့်မယ်။ ဘန်နီက သူ့ရဲ့အထွတ်အထိပ်အချိန်မှာ သီယာကိုမယှဥ်နိုင်ပေမဲ့ နယ်မြေအမျိုးအစားပဲ။ ငါတို့သူ့ကိုသုံးပြီးတော့ ဗျူဟာမြောက် တိုက်စစ်တွေ ဖော်ဆောင်လို့ရတယ်။”

....

အဲဒီနောက်တော့ ဗီယက်နာတိုက်ပွဲရဲ့ဒုတိယအကြော့ စတင်တယ်။

EUOC နဲ့ မဟာမိတ်လက်ရွေးစင်တွေက မြူတောထဲမှာ ပုန်းကွယ်နေကြပြီး ဘုရားကျောင်းဘက်က လက်ရွေးစင်တွေလည်း မကြောက်မရွံနဲ့ မြို့ထဲကိုက ဝင်လာကြတယ်။

လမ်းမတစ်ခုပေါ်မှာ သီယာက လေထုထဲမှာမျောလွင့်နေပြီး မျက်လုံးကို မှိတ်ထားကာ အကြားအာရုံကိုပဲ အာရုံပြုပြီးလှုပ်ရှားဖို့ ကြိုးစားနေတယ်။

လေကျောင်း အယ်ဒါဖြစ်တဲ့ ရှားလော့ခ်ကတော့ အသံတိတ်မန္တန်ကိုသုံးပြီး ခြေသံ ဘယ်သူမှမကြားစေဖို့ စီမံလိုက်ပြီး သီယာနောက်ကို ကပ်လိုက်။ မနီးမဝေးကို ရောက်တော့မှ လေဓားသွားတွေကို ထုတ်ဖော်လိုက်တာပေါ့။

ကလန်....

ဗျူဟာက ပိရိကခဲ့ပေမဲ့ သီယာရဲ့ခန္ဓာကိုယ်က သတ္တုလိုမျိုး မာကျောနေခဲ့လေရဲ့။ လေဓားတွေက ဒီအတိုင်း ပျက်ပြယ်သွားပြီး သီယာကိုယ်တိုင်ကတော့ အစစ်အမှန် လှံကိုကိုင်ကာ လက်ပြန်ပစ်ခတ်လိုက်တယ်။

“သေစမ်း....” ရှားလော့ခ် ကျိန်ဆဲလိုက်ပြီး ဘေးကို ရှောင်ရတယ်။ ဒါပေမဲ့ လှံက ပဲ့ထိန်းဒုံးကျည်လိုမျိုး ပြန်လှည့်လာတဲ့အတွက် အတောင်ဖွင့်ပြီး အားကုန် ဆုတ်ပြေးပြေးရပြီ။ နောက်ဆုံး ဖဲချပ်စစ်သား တစ်ယောက်က ကြားဝင်ခံပြီး အသေခံပေးတော့မှ လွတ်မြောက်သွားခဲ့လေရဲ့။

‘အဗျာဟန်ရဲ့ခန္ဓာကိုယ်ရှိနေသမျှ သူ့ကိုသတ်လို့မရဘူး။ ဒီအစီအစဥ်ကို လက်လွှတ်ပြီး တခြားသူတွေကို အာရုံစိုက်ကြစို့။' ရှားလော့ခ်က မြူတောနက်ထဲကို တိုးဝင်နေရင်းကနေ တခြားသူတွေကို သတင်းပို့လိုက်တယ်။

...

တခြားတစ်ဖက်။

တပ်မှူးဩစတင်းက အဆောက်အဦတစ်ခုရဲ့ဝရန်တာမှာ ပြေးနေရင်းကနေ အသံတချို့ကြားလိုက်ရတဲ့ အခန်းကို ဆွဲဖွင့်ပြီး အလင်းမြားတွေပစ်လိုက်တယ်။ ဒါပေမဲ့ အထဲမှာ ဘာမှရှိမနေတဲ့အတွက် အခန်းထဲဝင်ပြီး စူးစမ်းတဲ့အချိန် ကြမ်းပြင်က ရေပြင်အဖြစ်ကို ပြောင်းလဲသွားခဲ့လေရဲ့။

“သေစမ်း... “

ရုတ်တရက်ဖြစ်တဲ့အတွက် ဩစတင်းရေထဲပြုတ်ကျတယ်။ မှော်ပညာကိုသုံးပြီး ရေပြင်ထက်ကို ပြန်တက်လာခဲ့ပေမဲ့ မျက်နှာကျက်ကို ကြမ်းခင်းလိုအသုံးပြုပြီး ရပ်နေခဲ့တဲ့ သွေးမရှိဖြူဖျော့နေတဲ့မျက်နှာနဲ့ ဘန်နီကို မျက်နှာချင်း ဆိုင်မိတော့တာပဲ။

“မဟုတ်ဘူး....”

ဩစတင်းက ထွက်ပြေးဖို့ကြိုးစားပေမဲ့ ဘန်နီက မျက်နှာကျက်ပေါ်ကနေ ခုန်ချပြီး ဩစတင်းရဲ့ပခုံးပေါ်ကို ခုန်အုပ်တယ်။ ဩစတင်းဟာ အေးစက်တဲ့အထိအတွေ့ကို ခံစားလိုက်ရတဲ့အတွက် ဇောချွေးတွေ ပြန်လာခဲ့ပြီ။

ရုန်းကန်ရင်း အကူအညီတောင်းဖို့ကြိုးစားခဲ့ပေမဲ့ ဘန်နီက သူ့ပါးစပ်ကို လက်ဝါးနဲ့အုပ်ထားခဲ့တယ်။ ဓာတုဗေဒဆေးရဲ့ ဆိုးဝါးတဲ့အနံအသက်တွေကြောင့် သူမေ့မျောလုနီးနီးပဲ။

ဘန်နီကတော့ ရုပ်သေးကြိုးတွေကို အသုံးပြုပြီး ဩစတင်းရဲ့ခြေလက်တွေကို စတင်ရစ်ပတ် နေပါပြီ။

ခရစ်စတိုဖာကတော့ ရေထဲကနေ ခေါင်းပြူထွက်လာပြီး ခေါင်းညိတ်လိုက်တယ်။

“တစ်ယောက်ရပြီ....”

All Chapters